no

Font
Theme

လက်မလျှော့နဲ့ (၂)


"ဟန်တာ တစ်ထောက်နားတော့မယ်! မြန်မြန်လုပ်ကြ!"


စက်ပြင်ဆရာများအားလုံး စတင်၍ပြေးလွှားခဲ့ကြသည်။


ဟန်တာက ပြီးပြည့်စုံစွာရပ်နားခဲ့ပြီး တုန်လှုပ်ခြောက်ခြားမှုမရှိဘဲ တစ်ထောက်နားရာကနေ ပြန်လည်ထွက်ခွာကာ အမြန်နှုန်းတင်၍ သူ၏အသင်းဖော်လုခ်ကိုကျော်တက်ပြီး ရှစ်နေရာမြောက်ကို ဝင်ရောက်လာခဲ့သည်။


"ဒီကလေး... သူ ခြောက်နေရာမြောက်ကိုမရမချင်း လက်လျှော့မှာမဟုတ်ဘူး!"


"ဒါပေမဲ့ အခုကစပြီး သူ့ရှေ့မှာ ထိပ်တန်းကစားသမားတွေချည်းပဲ။"


ထိုအခိုက်အတန့်တွင် ဟန်တာက Lotus အသင်းမှ အန်ဇိုကို လိုက်နေခဲ့သည်။


အသက်ပြင်းပြင်းရှူကာ ဟန်တာ လွတ်မြောက်နိုင်ကြောင်း သူ့ကိုယ်သူသိပေ၏။


သူ သုံးကြိမ်ဆက်တိုက်ကြိုးစားပြီးနောက် အန်ဇိုကို ကျော်တက်ဖို့လုပ်လာသည်။ သူ၏လှုပ်ရှားမှုက ရဲတင်းသော်လည်း ထက်မြက်နေတုန်းပင်။ အရင်နှစ်က ငါးနေရာမြောက်မှာ အမြီးတစ်ခဲ့သော အန်ဇိုတစ်ယောက် သူ့အနောက်မှ အချိန်မရွေး ထိုးဖောက်ဖို့အသင့်ဖြစ်နေသည့် ချွန်ထက်နေသော ဓားတစ်လက်ကို ခံစားမိနေသည်။


အန်ဇို အသက်ရှူအောင့်ထားမိ၏။ အရင်တစ်ခေါက် ပြိုင်ပွဲအဆုံးသတ်တွင် Sauber မှ ဒေါ်နယ်လ်နှင့် ပြောခဲ့သည့်စကားများကို မှတ်မိနေသေး၏။ ထိုလူက မားကပ်စ်၏အသင်းထဲမှ အီဗန်ဟန်တာကို အထင်မသေးဖို့ ဒေါသတကြီးပြောဆိုခဲ့သည်။ သူ့ဆီက အလိုက်ခံရခြင်းမှာ သူ၏ဦးခေါင်းထက် တံစဥ်ထားထားသော သေမင်းတမန်နှင့် ပခုံးချင်းယှဥ်နေရသလို ကြောက်ရွံမှုကို ခံစားရစေသည်ဟူ၍။


ထိုအချိန်က အန်ဇိုသည် ဒေါ်နယ်လ်တစ်ယောက် ကလေးတစ်ယောက်ဆီကနေ အလိုက်ခံလိုက်ရ၍ မျက်နှာဆယ်ရန်ကြိုးစားနေသည်ဟုတွေးကာ ပြုံးရုံသာပြုံးခဲ့သည်။ သို့သော် ယခုတစ်ခေါက်၌ ထိုကလေးဆီကနေ အလိုက်ခံရပြီး အချိန်မရွေး ရိုက်ချခံရနိုင်သော ဒေါ်နယ်လ်၏ခံစားချက်များကို နားလည်သွားချေပြီ။


နောက်ဆုံး၌ ဟန်တာသည် အကွေ့တစ်ခု၏အလယ်မှာ အန်ဇိုနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ဟန်တာ သူ၏ပြေးလမ်းကို မည်သို့ထိန်းချုပ်ထားမှန်း အန်ဇိုမသိသော်လည်း ထိုစက္ကန့်ပိုင်းလေးအတွင်း၌ ထိုကလေးက သူ့ကိုကျော်တက်သွားပြီး အရှေ့ကိုရောက်ရှိသွားခဲ့သည်!


"သိပ်ကောင်းတယ်- " မားကပ်စ်မှာ ပျော်လွန်းလို့ မျက်ရည်တောင်ကျတော့မည်။


ထိုမြင်ကွင်းကို လေ့လာနေသော မက်ဂရက်ဒီမှာ စကားလေးတစ်ခွန်းတောင် မပြောနိုင်တော့ချေ။


ဆယ်စက္ကန့် သို့မဟုတ် စက္ကန့်ပိုင်းမျှကြာပြီးနောက် ဒေါ်နယ်လ်တစ်ယောက် သူ့အနောက်မှပြိုင်ဘက်သည် အန်ဇိုကနေ ဟန်တာအဖြစ်ပြောင်းလဲသွားကြောင်း တွေ့လိုက်ရပြီး အံကြိတ်လိုက်လေသည်။ ချီးပဲ! ဘာလို့ ဒီကလေးပဲလဲ! မုန်းတယ်ကွာ!


ဟန်တာတစ်ယောက် ဒေါ်နယ်လ်အား ပိတ်ထားလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်နေလျက်။ အရင်တစ်ခေါက်ပြိုင်ပွဲမှာတုန်းက ခင်ဗျားကို မကျော်နိုင်ခဲ့ဘူး၊ ဒီတော့ ဒီတစ်ခေါက် အဆုံးသတ်တဲ့ထိ ကစားကြတာပေါ့!


ဟန်တာ ဒေါ်နယ်လ်အား အပူတပြင်းလိုက်နေပြီး မားကပ်စ်အသင်းမှ ဝန်ထမ်းများတောင် စိတ်လှုပ်ရှားလာကြသည်။


"ကျော်တက်လိုက်! ဟန်တာ! သူ့ကို ကျော်တက်လိုက်!"


"အိုး၊ ကလေးစုတ်! မင်း ဒေါ်နယ်လ်ကို ကျော်တက်လိုက်ရင် ငါ ဒီည မင်းကို တိုင်ပတ်အကကြည့်ဖို့ ခေါ်သွားပေးမယ်!"


"ကျော်ကွာ! ငါတို့ မင်းအတွက် တိုင်ပတ်အကကပြမယ်!"


စိတ်ရှည်စွာဖြင့် တစ်ပတ်ပြီးတစ်ပတ်ပြေးလွှားနေသော်လည်း တက်ကြွစွာဖြင့် ကားများကိုကျော်တက်နေသည့် ဟန်တာ၏စိတ်အခြေအနေကြောင့် ပရိသတ်မှာ လွှမ်းမိုးခံလိုက်ရသည်။


ဟန်တာက ဒေါ်နယ်လ်နှင့် ဘီးချင်းယှဥ်တိုက်လိုက်သည့်အခိုက်အတန့်၌ လူများစွာက ထရပ်ကာ အားပေးခဲ့ကြ၏။


သို့သော် ထောင့်ကနေထွက်သွားသည့် ထိုအခိုက်အတန့်၌ ဟန်တာ၏ညာဘက်အရှေ့တာယာက ပေါက်ကွဲသွားခဲ့သည်!


"ငိုး-" မားကပ်စ်၏မျက်လုံးများ ထွက်ကျလုမတတ်ပင်!


အသင်းထဲရှိ ဝန်ထမ်းများအားလုံးကလည်း လက်မြှောက်ကာ မျက်လုံးများကိုအုပ်လိုက်ကြသည်။


၎င်းတို့အားလုံး ယခုတစ်ကြိမ်၌ ဟန်တာသည် Sauber မှ ဒေါ်နယ်လ်ကို ကျော်တက်နိုင်ရုံသာမက ရှေ့မှာရှိသော ပြိုင်ပွဲဝင်များနှင့် ယှဥ်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြ၏။ ၎င်းတို့လို သေးငယ်သောအသင်းလေးက မလုပ်နိုင်ဘူးဟုယုံကြည်ထားသောအရာကို သူ အောင်မြင်နိုင်ပေလိမ့်မည်။


"အဆုံးသတ်မှာ... ဘုရားသခင်က ငါတို့ကို လောဘကြီးလွန်းတယ်လို့များ ထင်နေသေးတာလားကွာ။"


ပရိသတ်များကလည်း အုံကြွလာပြီး ထိုနှစ်စက္ကန့်လေးအတွင်း နှမြောတသအသံများ၊ နောင်တရသံများ ထွက်ပေါ်လာခဲ့သည်။


ထိုအခိုက်အတန့်တွင် ဟန်တာ၏နှလုံးသားက ငှက်မွှေးလေးလို ပေါ့ပါးသွားပြီး သူ၏အသိစိတ်အားလုံး သူ၏ဦးနှောက်ထဲမှ ထွက်ခွာသွားသလိုနှယ်။


အဆုံးသတ်မှာ..


သူလုပ်ခဲ့တာတွေက...


သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအကုန်လုံး အလဟဿဖြစ်ကုန်ပြီ...


သူ ကျော်တက်ခဲ့သော အန်ဇိုအပါအဝင် သူ့ဘေးနားကနေ ကားများတစ်စီးပြီးတစ်ပြီး ဖြတ်ကျော်သွားသည်ကို ခံစားမိနေသည်။


ဝင်စတန်က သူ့အား ဤအကွေ့မှာစောင့်နေမည်ဟု ပြောခဲ့ဖူး၏။


ယခုလိုပုံစံနှင့် ဝေးသထက်ဝေးလာသော သူ့ကိုယ်သူ ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေမိ၏... သူ မစွန့်လွှတ်နိုင်ဘူး၊ တကယ် လက်မလျှော့လိုက်နိုင်ဘူး!


လုံးဝလက်မလျှော့ဘူး!


ဟန်တာ အံကြိတ်လိုက်သည်။


"သူ့ကို ပြန်လာခိုင်းလိုက်တော့... ဒါက ပြိုင်ပွဲလေးတစ်ခုပဲ။ ငါတို့ ဒီအခြေအနေကို ထိန်းထားနိုင်သရွေ့ နောက်တစ်ခါ ..." မားကပ်စ်က နောင်တရနေပြီးနောက် ယခုအချိန်မှာ စိတ်အပျက်ဆုံးလူက ဟန်တာပဲဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။


"မစ္စတာမားကပ်စ်! ဟန်တာ တစ်ထောက်နားဖို့လာနေပြီ! သူ ဆက်ပြိုင်ချင်နေတယ်!"


ဟန်တာတစ်ယောက် ဘီးသုံးလုံးတည်းနှင့် တစ်ထောက်နားရန်လာနေကြောင်း တွေ့လိုက်ရသည်။


"ဆက်ပြိုင်မယ်လို့ သူပြောတာလား။" မားကပ်စ်က အနည်းငယ် အံ့အားသင့်သွား၏။


သူဆက်ပြိုင်လျှင်တောင် ကျန်သောအပတ်ရေအတွင်း အမှတ်ရဖို့မှာ ခက်ခဲသောကြောင့် သူ၏နေရာက ကျသွားလိမ့်မည်။


"သူ့ကို ဆက်ပြိုင်ခိုင်းလိုက်ပါ။" အခြားသောဝန်ထမ်းများက တညီတညွတ်တည်း ပြောလာကြသည်။


"ကောင်းပြီ! ငါတို့တွေ ဘယ်လောက်တော်လဲဆိုတာကို စောင့်ကြည့်နေတဲ့သူတွေကို ပြလိုက်ကြရအောင်!"


ဟန်တာ နောက်တစ်ထောက် ထွက်ခွာချိန်၌ သူ၏အဆင့်မှာ ၁၄ နေရာသို့ ပြုတ်ကျသွားခဲ့ပြီဖြစ်သော်လည်း ပရိသတ်က သူ့ကို နွေးထွေးစွာလက်ခုပ်တီးကြိုဆိုခဲ့ကြသည်။


လူများက သူ့အား ပြိုင်ပွဲကို အဆုံးသတ်ချင်နေသည်ဟုသာ ထင်နေခဲ့ကြသော်လည်း သူက ကားများကို အရူးအမူး ကျော်တက်ခဲ့ပြန်သည်။


သူက တစ်ပတ်တည်းမှာတင် ပြိုင်ဘက်နှစ်ယောက်ကို ကျော်တက်ခဲ့ပြီး ပရိသတ်အား အံ့သြဘနန်းဖြစ်သွားစေခဲ့၏။


ဟန်တာတစ်ယောက် ပြိုင်ပွဲမှာ သုံးခေါက်နားပြီးနောက် ပြန်လည်ထွက်ခွာလာချိန်၌ သေကြောင်းကြံစည်ရေးမစ်ရှင်လုပ်နေသည့်အလား တုန့်ဆိုင်းမှုမရှိဘဲ နောက်မှလိုက်တော့၏။ ကြည့်ရှုနေသော မားကပ်စ်မှာ ဟန်တာ၏ စွဲမြဲနေသောနှလုံးသားကို ခံစားနိုင်ခဲ့သည်။


ဒီကလေး ဘာအတွက်ကြောင့် လက်မလွှတ်နိုင်ဖြစ်နေရတာလဲ။


__


စာရေးသူမှာ ပြောစရာရှိပါတယ်:


ကြက်ဥကြော်နေရင်း:


ဝင်စတန်: ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် မင်းကို ဂရုတစိုက်နှစ်သိမ့်ပေးမယ်၊ ဒါမှမဟုတ် ဂရုတစိုက်အားပေးနေမယ်။


ဟန်တာ: ဘယ်လိုနှစ်သိမ့်ပေးမှာလဲ။ ဘယ်လိုအားပေးမှာလဲ။


ဝင်စတန်: မင်းရဲ့အရှေ့ပိုင်းကို နှစ်သိမ့်ပေးမယ်၊ မင်းရဲ့အနောက်ပိုင်းကို အားပေးမယ်။


ဟန်တာ: ...


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment