no

Font
Theme

မင်းဘောင်းဘီဇစ် ပွင့်နေတယ် (၁)


"ဟန်တာ ဟန်တာ.. မင်း အခုချက်ချင်းထွက်လာခဲ့စမ်း။ ဒီနေ့ဘာတွေဖြစ်နေတာလဲ။ မင်း ဘာလို့ ဒက်ကိုဗီကို ပိတ်မထားရတာလဲကွ။ ဒါက အသင်းရဲ့နည်းဗျူဟာလေ။ မင်းနားမလည်ဘူးလား"


အော်ဟစ်သံကား သူ့နားစည်ကိုပင် ထိုးဖောက်ပစ်တော့မည့်အလား ထင်မှတ်ရသည်။


အိမ်သာဖုံးပေါ်တွင်ထိုင်နေသော လူငယ်လေးက မျက်ဆန်လှန်လိုက်မိပြီး Anipop ဂိမ်းကစားရန် သူ့ဖုန်းကိုထုတ်ယူလိုက်လေသည်။ ထို့ပြင် သီချင်းပင်ဖွင့်ထားလိုက်သေးသည်။


"ငါမင်းတစ်မိသားစုလုံးကို လုပ်ပစ်မယ်။ အခုချက်ချင်းထွက်ခဲ့စမ်း"


"ငါ့အဖေနဲ့အမေက ဘုရားသခင်နားကိုရောက်သွားပြီ။ မင်း ငါ့တစ်မိသားစုလုံးကိုလုပ်ချင်ရင် မင်းလည်း အဲ့ဒီကိုလိုက်သွားရမှာ"


ဟန်တာဘက်က သာမန်ကာလျှံကာ စကားပြန်လိုက်၏။


"လူယုတ်မာကောင်ကများ..မင်းငှက်ကဖြင့် အမွေးအတောင်တောင်မစုံသေးဘဲနဲ့များ.. တံခါးဖွင့်စမ်း"


ဟန်တာလည်း ခေါင်းစောင်းငဲ့လျက် သူ့မှာ အမွေးအတောင်စုံလင်မှုရှိမရှိ သေချာစဉ်းစားပြီးမှ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။


"ငါ့ငှက်ပေါ်က အမွေးအတောင်က ကောင်းကောင်းမွန်မွန်ပေါက်နေပါတယ်။ ငါဓာတ်ပုံရိုက်ပြီး ပို့လိုက်မယ်ဆိုရင်ရော"


တစ်ခဏတာမျှတိတ်ဆိတ်သွားပြီးနောက် မက်ဂရက်ဒီက တံခါးကို အကြမ်းပတမ်းကန်ဆောင့်ပြီး ယမ်းခါပစ်လိုက်သောကြောင့် ဟန်တာခမျာ ဖုန်းကို အိမ်သာထဲပစ်ချမိတော့မတတ်ဖြစ်သွားရသည်။


"ဟန်တာ.. မင်း ငါ့ကိုမြင်ရင် သောက်ကျိုးနည်းစကားမပြောနိုင်မှာစိုးလို့ အပြင်ထွက်မလာတာမလား"


ဟန်တာလည်း သူ့နှုတ်ခမ်းကို စုရှုံ့လိုက်မိသည်။ ပုံမှန်ဆိုပါက သူ အလွန်အမင်းစိတ်လှုပ်ရှားမှသာ စကားမပြောနိုင်လောက်အောင်ဖြစ်တတ်သည်သာ။ သို့သော် ယခုတော့ဖြင့် ထိုသို့မဟုတ်ပါဘဲ လျှာစွမ်းလျှာစက ထက်နေချေသည်။


"ဟေး မက်ဂရက်ဒီ… အမှန်အတိုင်းပြောရရင် ငါသာ ဒက်ကိုဗီကို ပိတ်ထားနိုင်စွမ်းရှိရင် အခုထိအမှတ်တစ်မှတ်မှမရသေးတဲ့ လူသစ်လေးဖြစ်နေမှာမဟုတ်ဘူး"


ဒက်ကိုဗီသည် ယမန်နှစ်ကကျင်းပသည့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲတွင် ထိပ်ဆုံးလေးယောက်စာရင်းဝင်သူဖြစ်၏။ ပွဲစဉ်သုံးခုသာ ဝင်ပြိုင်ဖူးသောသူ့အနေနှင့် ထိုလူနှင့်ယှဉ်ဖို့ရာမှာ အသီးအရွက်လေးလှီးသလို လွယ်မနေချေ။


ဟန်တာ၏အသံမှာကား ပျင်းတိပျင်းလျော့နိုင်လှပြီး 'မင်းဘာသာအသုံးမကျတာ ငါနဲ့ဘာဆိုင်လို့လဲ'ဟု အဓိပ္ပာယ်ရသည့် အရိပ်အယောင်တို့ ယှက်သန်းနေချေသည်။


မက်ဂရက်ဒီ၏ခေါင်းထက်၌ မီးဟုန်းဟုန်းတောက်သွားပြီး အော်ဟစ်ကြိမ်းမောင်းပါတော့သည်။


"ပြီးခဲ့တဲ့ပွဲစဉ်သုံးခုမှာ မင်း အောင်မှတ်ရအောင်မစွမ်းဆောင်နိုင်ခဲ့လို့ ထွက်တော့မယ်လို့သာ ပြောလိုက်ပါတော့လား"


ဟန်တာ၏မရှိမဲ့ရှိမဲ့မာနလေးတော့ ထိခိုက်သွားရလေပြီ။


ဒီလိုဆိုမှတော့ ငါတို့ အချင်းချင်းနာကျင်ခံစားရအောင် လုပ်လိုက်ကြမလား….


မင်းကို လက်ဆောင်အကြီးကြီးတစ်ခုလောက်ပေးပါရစေ….


အဲ့လိုမှမဟုတ်ရင် ငါ ဒီအိမ်သာခန်းထဲကနေ လုံးဝထွက်နိုင်မှာမဟုတ်လောက်ဘူး။ ငါ့ဖုန်းကလည်း အားကုန်ခါနီးနေပြီ။ Anipop ဂိမ်းကိုလည်း ဆက်ဆော့လို့မရတော့ဘူး….


ဟန်တာလည်း ကြမ်းပြင်ပေါ်ချထားသော ဖျော်ရည်ဘူးကိုကောက်ယူ၍ ဘောင်းဘီဇစ်ကိုဆွဲချကာ အပေါ့သွားချင်ဟန်ဆောင်လိုက်သည်။


"မက်ဂရက်ဒီ.. အပြင်မှာရှိနေတုန်းလား"


ဟန်တာ မဝံ့မရဲမေးခွန်းထုတ်လိုက်သည်။


တုံ့ပြန်မှုအနေနှင့် တံခါးချပ်ကား ပြင်းပြင်းထန်ထန်ကန်ကျောက်ခံလိုက်ရသည်။


"ကောင်စုတ်လေး.. ငါရှိနေတုန်းပဲကွ"


ဟန်တာတစ်ယောက် နားရွက်ကားကားနှင့် နတ်ဆိုးတစ်ကောင်အလား ပြုံးလိုက်လေသည်။ ထို့နောက် အိမ်သာဖုံးပေါ်တွင် မတ်တတ်ရပ်၍ ပုလင်းကို တံခါးရွက်ထိပ်မှ ပစ်ချလိုက်လေတော့သည်။


ပုလင်းကျကွဲသံတစ်ခုထွက်ပေါ်လာပြီးနောက် ရှေ့ဆင့်နောက်ဆင့်မှာပင် သန့်စင်ခန်းကို မြေလှန်ပစ်လိုက်ချင်ဟန်ဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သော မက်ဂရက်ဒီ၏အသံကလည်း အတူတွဲပါလာသည်။ 


"အီဗန်ဟန်တာ.. ငါမင်းကိုသတ်မယ်ကွ"


ဤတစ်ခေါက်မှာတော့ တံခါးက လုံးဝကန်ဖွင့်ခံလိုက်ရသည်။


ဟန်တာကတော့ အံ့ဩမသွားချေ။ တကယ်တမ်းတွင်မူ ဤတံခါးချပ်က တစ်ဖက်လူ၏ဒေါသကို ဤမျှကြာသည်အထိ ထိန်းထားနိုင်သည်ကပင် အံ့ဖွယ်ရာကောင်းနေလေပြီ။


ဒေါသူပုန်ထနေသော မက်ဂရက်ဒီ၏ပခုံးနှစ်ဖက်ကား စိုစွတ်ပြီး စိတ်မကောင်းဖြစ်ချင်စရာကောင်းနေသည်။ သူ့မျက်လုံးအကြည့်များကတော့ ဟန်တာ၏ခန္ဓာကိုယ်ပေါ်၌ ကပ်ငြိနေပြီး သူ့အား အိမ်သာဖုံးပေါ်မှ ဆွဲချပါတော့သည်။ လက်သီးတစ်ချက်က ဟန်တာ၏မျက်နှာထက်သို့ ကျရောက်တော့မည့်ဆဲဆဲတွင် အေးစက်စက်နိုင်လှသော အသံတစ်သံက တံခါးဝနားမှ ရုတ်ခြည်းပေါ်ထွက်လာပေသည်။


"အိမ်သာမသုံးရင်လည်း ထွက်ပေးပါလား"


အပူချိန်မှာ မြန်ဆန်စွာကျဆင်းသွားပြီး နှလုံးသားများကိုပင် အေးခဲသွားစေသည်။


သူ့အသံက ကျယ်လောင်လှသည်မဟုတ်သော်ငြား တစ်ဖက်လူ၏စိတ်အစဉ်ကို ဖိနှိပ်နိုင်စွမ်းရှိသည့်ဖိအားတစ်ရပ် ကိန်းအောင်းနေပေသည်။


မက်ဂရက်ဒီ၏ဒေါသစိတ်မှာလည်း ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့လက်ကို အလျင်အမြန်ပင်လွှတ်ချလိုက်လေရာ ဟန်တာခမျာ သူ့လက်ထဲက ထွက်ပြေးလွတ်မြောက်သွားကာ အန္တရာယ်နယ်မြေ၏အပြင်ဘက်သို့ နောက်ကြောင်းလှည့်သွားလေတော့သည်။


"ဝင်စတန်…"


မက်ဂရက်ဒီအနေနှင့် ဤလူ ဤနေရာမှာပေါ်လာလိမ့်မည်ဟု လုံးဝတွေးမထားမိချေ။


ဝင်စတန်ကတော့ ဘာတစ်ခွန်းမှမဆို။ သူ့အကြည့်ကား ကြမ်းပြင်ထက်ရှိ အရည်များကိုကြည့်ရုံမျှကြည့်၍ လက်ဆေးကန်နားသို့ အေးအေးလူလူလျှောက်သွားနေလေသည်။


ဗန်ဝင်စတန်ကို အနီးကပ်မြင်ဖူးသည်မှာ ဟန်တာအတွက် ပထမဆုံးအကြိမ်ပင်။


ဤအမျိုးသားမှာ သူ့လို အသက် ၁၈ နှစ်အရွယ်တွင် F1 လိုင်စင်ရထားသူဖြစ်၏။ ဖာရာရီသည် အင်္ဂလန်၏ အနာဂတ်သူရဲကောင်းလေးဖြစ်သော ထိုလူနှင့် အမြော်အမြင်ရှိရှိ စာချုပ်ချုပ်ခဲ့လေသည်။ ယမန်နှစ်တုန်းကလည်း သူဟာ လူကြိုက်များခြင်းဟူသောခေါင်းစဉ်အောက်၌ ဒုတိယအဆင့်နေရာတွင် ရပ်တည်ခဲ့သည်။


မြင့်မြတ်လှသော သူ့စိတ်နေစိတ်ထားနှင့်အတူ ချောမောလှသည့် သူ့အသွင်အပြင်ဟာ မရေမတွက်နိုင်သော မိန်းကလေးပရိသတ်များကို ဆွဲဆောင်ခဲ့သည်။ အချို့သောမီဒီယာများက သူ့ကို ဤသို့ပင်ဖော်ပြကြသည်။ 


ဝင်စတန့်တွင် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုမျိုးရှိသည်ဟူ၍…


သူသည် စကားပြောခဲပြီး မီဒီယာများအနေနှင့် ယခင်က သူပြုံးနေသည့် ဓာတ်ပုံလေးတစ်ပုံကိုပင် ရိုက်ယူထားနိုင်ခြင်းမရှိဟန်ပင်။


သူ့အစွမ်းအစရော ရုပ်ရည်ကပါ ထူးချွန်လှသည်ဖြစ်ရာ ဘေးမှာရပ်နေခဲ့ရသော ဟန်တာအဖို့တော့ တိတ်တိတ်လေးသာ မနာလိုဖြစ်နေရသည်။


တစ်ယောက်က ရှင်ဘုရင်လောင်းအဖြစ် မီဒီယာများထံမှ ချီးကျူးခံရသူဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အောက်ခြေအဆင့်မှာရှိနေသော လူသစ်တစ်ယောက်ဖြစ်၏။ သူ့မှာ တည်ဆောက်ထားသော ဂုဏ်သိက္ခာများများစား မရှိကြောင်း သိသော်ငြား ယခုလိုတုံ့ပြန်မှုမျိုးက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ဟန်တာ ရုတ်တရက်ခံစားလိုက်မိသည်။


နေပါဦး….


ယခုအချိန်ကား ရင်နာနေရမည့်အချိန်မဟုတ်ပေ။ ထွက်ပြေးနိုင်မည့် ဤအခွင့်အရေးကိုသာ အရမယူပါက မက်ဂရက်ဒီ၏လက်ချက်ဖြင့် ညစ်ပတ်လှသောအိမ်သာဖုံးပေါ်သို့ သူကိုင်ပေါက်ခံရတော့မည်မှာ ကျိန်းသေပင်။


ဟန်တာတစ်ယောက် ထွက်ပေါက်နားသို့ တိတ်တဆိတ်ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သော်လည်း မက်ဂရက်ဒီကတော့ သူ့ဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာနေပြီဖြစ်၏။


သူတော့ သေပြီ။ အပြင်ရောက်ပါက အသေဆော်ခံရတော့မည်ဖြစ်၏။


သို့သော် ထိုအချိန်ကျလျှင် ဒေါသပြယ်သွားပြီဖြစ်လေရာ တော်သေးသည်ဟုဆိုရပေမည်။


ဤအခိုက်အတန့်လေးတွင် ဝင်စတန်က ရုတ်ခြည်းနှုတ်ဟလာသည်။


"ဟန်တာ"


ရေနွေးထဲသို့ ရေခဲတုံးလေးတစ်တုံး ပြုတ်ကျသွားသည့်အလား ဟန်တာ၏ပခုံးအစုံမှာ တုန်ယင်သွားလေသည်။ ဝင်စတန်က သူ့နာမည်ကို ယခုလိုခေါ်လာလိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးပေ။


သူ နားကြားမှားလိုက်သည်ဟု ထင်လိုက်မိသောကြောင့် ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။ သို့သော် ထိုလေသံနှင့်ပင် သူ့နာမည်ကို နောက်တစ်ခေါက်ခေါ်လာလေသည်။


"ဟန်တာ"


"ခင်ဗျား….ကျွန်တော့်ကိုခေါ်နေတာလား"


ဟန်တာ၏မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်သည်။


ဝင်စတန်က သူ့ကိုကျောပေးထားပြီး မနှေးလွန်းမမြန်လွန်းသောအရှိန်ဖြင့် သူ့လက်ကို တစ်ရှူးဖြင့်သုတ်နေပေသည်။


ပြေးလမ်းအတွင်း၌ ဝင်စတန်၏ရုပ်ရည်သွင်ပြင်မှာ အရပ်ရှည်ပြီး ပိန်သွယ်သွယ်ဖြင့် မြင်ရခဲသည့်ပုံစံမျိုးပင်။ နောက်ကျောပေးထားရုံမျှဖြင့်ပင် ကျယ်ပြန့်လှသော ပခုံးပြင်နှင့် သွယ်လျသောခါးကို မြင်နေရသည်။ သူ့ခြေထောက်တစ်စုံကလည်း တစ်ပါးသူများ မနာလိုအားကျရလောက်သည်အထိ လှပလွန်းချေသည်။


ဟန်တာ တိတ်တဆိတ်ဒေါသထွက်လာရသည်။ ကြမ်းပြင်ထက်၌ အိုင်ထွန်းနေသောအရည်များကို ငေးကြည့်ရင်း ဝင်စတန်တစ်ယောက် ထိုအရည်ပေါ်ကိုတက်နင်းမိဖို့ ရုတ်တရက်မျှော်လင့်လိုက်မိသည်။ ထိုအချိန်ကျလျှင် အမူအရာကင်းမဲ့သော ထိုမျက်နှာက ပေါက်ကွဲသွားလေမလား။


ဝင်စတန်က တစ်ရှူးကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီး လှည့်လာလေသည်။ မတိုင်မီကတည်းက ကြိုတင်တွက်ချက်ထားသည့်အလား သူ့ခြေဖနောင့်ကို ထိုအရည်အိုင်ကြီးနှင့် တစ်စင်တီမီတာအကွာအဝေးထက်ပိုပြီး မနီးကပ်စေခဲ့ပေ။


ဟန်တာတစ်ယောက် ခပ်ကျိတ်ကျိတ် သက်ပြင်းချလိုက်မိချေသည်။


သူ မနင်းလိုက်ဘူးပဲ။ ရှက်ဖို့ကောင်းချက်…


သို့သော် တစ်ဖက်လူက သူ့နာမည်ကို ယခုလေးတင် နှစ်ကြိမ်တိတိခေါ်လိုက်ကြောင်း သူမမေ့သေးပေ။


"ခင်ဗျားတစ်ခုခုလိုအပ်လို့လား"


အမှန်အတိုင်းဆိုရပါလျှင် ဝင်စတန်က သူ့နာမည်ကိုခေါ်လာသဖြင့် ဟန်တာ တော်တော်လေးအံ့ဩသွားခဲ့ရသည်။


သူ့ကို ထိုးဖို့တကဲကဲလုပ်နေသော မက်ဂရက်ဒီလည်း အလွန်ထိတ်လန့်သွားရသည်သာ။


ဝင်စတန်က ခန္ဓာကိုယ်ကိုလှည့်လာပြီး ဟန်တာကို ရေခဲပြာရောင်မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေလေသည်။


သူ့မျက်ဝန်းအနားသတ်လေးများမှာ အလွန်တရာလှပပြီး ပြောမပြနိုင်လောက်အောင် နက်ရှိုင်းပေသည်။ မကြာသေးမီကပင် နာမည်ကြီးအမျိုးသမီးသတင်းထောက်တစ်ယောက်က နောက်ပြောင်ခြင်းတစ်ဝက်ဖြင့် အွန်လိုင်းပေါ်သို့ ဤစာတစ်စောင်တင်ခဲ့သည်မှာလည်း အဆန်းမဟုတ်လှပေ။


"ဗန်ဝင်စတန်နဲ့ သုံးစက္ကန့်ထက်ပိုပြီး အကြည့်ချင်းမဆုံမိစေနဲ့။ မဟုတ်လို့ကတော့ သူ့ကိုကြွေသွားလိမ့်မယ်"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment