ကျွန်တော်ငယ်ငယ်တုန်းက အရမ်းထစ်ခဲ့ဖူးတယ် (၁)
"ဟင်..လုခ်ကရောဘယ်လိုလုပ်မလဲ"
"မက်ဂရက်ဒီနဲ့အစားထိုးရမှာ။ အဲ့ဒီကောင်ခြေချော်ပြီး ခြေကျင်းဝတ်လည်သွားလို့"
ဟန်တာကား အကြောင်သားဖြစ်နေရရှာသည်။
"မင်းက ဘာကိုစောင့်နေတာလဲ။ ငါတို့ ပြိုင်ကားမောင်းသမားအစားထိုးခွင့်လျှောက်လွှာတောင်တင်ပြီးပြီ။ မင်း ဒီနေ့အစည်းအဝေးလုပ်တုန်းက သေချာနားမထောင်ခဲ့ဘူးလား"
"နားထောင်တော့ရော ဘာအသုံးဝင်မှာလဲ။ မက်ဂရက်ဒီနဲ့ကျွန်တော်က မတူဘူးလေ"
"တူတူမတူတူ အရေးမပါဘူး.. ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာကြိုးစားပြီးမောင်း.. မင်းက ဘာကိုစောင့်နေသေးတာလဲ။ မြန်မြန်သွားတော့လေ"
မားကပ်စ်၏တံတွေးများမှာ ဟန်တာ့မျက်နှာပေါ်သို့ လာစဉ်တော့မတတ်ပင်။
ဟန်တာက ဝင်စတန့်ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။
တစ်ဖက်လူမှာ တည်ငြိမ်အေးဆေးလွန်းလှသဖြင့် သူလူစားထိုးရမည့်အကြောင်းကို အစကတည်းက သိထားလေသလားဟုပင် သံသယဝင်မိသည်။
"ဟန်တာ"
မားကပ်စ်နှင့်အတူ သွားဟန်ပြင်နေသည့် ဟန်တာ့ကို ဝင်စတန်က ရုတ်ခြည်းခေါ်လိုက်လေသည်။
"ဘာဖြစ်လို့လဲ"
ဟန်တာကလည်း ခြေလှမ်းကိုတုံ့ခနဲရပ်ပြီး လှည့်ကြည့်လာသည်။
"ပြိုင်ကားမောင်းသမားဆိုတာ အသင်းရဲ့အခရာပဲ။ အသင်းထဲမှာရှိတဲ့လူတိုင်းက မင်းနဲ့အတူ ညှိနှိုင်းလုပ်ဆောင်ရမှာ။ မင်းက သူတို့နဲ့ညှိနှိုင်းလုပ်ဆောင်ရမှာမဟုတ်ဘူး"
ထိုအခိုက်အတန့်တွင် ဝင်စတန်၏အထူးထုတ်ကားကို သတ်မှတ်ထားသောအရှိန်ကို ကျော်သည်အထိမောင်းနှင်ခဲ့စဉ်က ခံစားခဲ့ရသည့် စိတ်လှုပ်ရှားမှုကို ဟန်တာပြန်သတိရလိုက်မိသည်။
အမှန်ပင်တည်း။ အခြားလူများ၏ ညွှန်ကြားမှုအတိုင်းလိုက်ပါစီးမြောနေမည့်အစား သူ့ပုံစံလေးအတိုင်း နေခြင်းကမှ ပိုသာပေလိမ့်မည်မဟုတ်လား။
မားကပ်စ်ခမျာ အံ့ဩမှင်တက်သွားရချေသည်။
ဝင်စတန်မှာ စကားတစ်ခွန်းချင်းစီတိုင်းကို ရွှေလိုတန်ဖိုးထားသော စကားနည်းသူတစ်ဦးဖြစ်၏။
သို့သော် ယခုလေးတင် သူက ဟန်တာ့ကို စကားတစ်ခွန်းထက်ပို၍ပြောလိုက်လေသည်။
နေပပါဦး.. သူ ခုနတုန်းက ဟန်တာ့ကို ဘာတွေသင်ပေးနေတာလဲ…
ပြိုင်ကားမောင်းသမားက အသင်းထဲရှိလူများနှင့် ညှိနှိုင်းလုပ်ဆောင်ရမည်မဟုတ်။ အသင်းထဲရှိလူများကသာ ပြိုင်ကားမောင်းသမားနှင့် ညှိနှိုင်းလုပ်ဆောင်ရမည်တဲ့လား။
ထိုကဲ့သို့သော ခေါင်းမာလှသည့်စကားမျိုးဟာ ဝင်စတန်နှင့် လိုက်ဖက်သော်လည်း ဟန်တာနှင့်မူ မလိုက်ဖက်ချေ။
ဟေး… ငါ့ရဲ့ဟန်တာကို လမ်းလွဲသွားအောင် မလုပ်စမ်းပါနဲ့…
ဆရာဝန်တစ်ယောက်ထံမှ ကုသမှုခံယူနေသော ဒေါသူပုန်ထနေပါသည့် မက်ဂရက်ဒီနားမှ ဟန်တာဖြတ်လာရချိန်ဝယ် သူ့အား ကရုဏာသက်ဟန်အကြည့်ဖြင့် မကြည့်ဘဲမနေနိုင်ခဲ့ပေ။
"မင်းက ဘာလာကြည့်နေတာလဲကွ"
ဟန်တာက ပခုံးတွန့်ပြရင်း…
"မင်းရဲ့ခြေချင်းဝတ် ဘယ်လောက်တောင်ဆိုးဆိုးဝါးဝါးရောင်ကိုင်းနေလဲဆိုတာ မြင်ချင်လို့လေ"
"ဘာ"
"မင်း ငါ့ကို ခွေးချေးတစ်ပုံလိုပဲမြင်နေမယ်ဆိုတာ ငါသိပါတယ်။ မင်းရဲ့ကားကိုမောင်းပြီး အဆင့် ၁၆ နေရာ ၁၇ နေရာပဲရတော့မှာဆိုတော့လေ။ အဲ့ဒါက မင်းကိုစော်ကားလိုက်သလိုပဲဆိုတာသိပါတယ်။ ဒါပေမဲ့ အဲ့ဒီတော့ရောဘာဖြစ်လဲ။ မင်းရဲ့ခြေချင်းဝတ် တစ်ပတ်အတွင်း ပြန်မကောင်းလာရင် အင်္ဂလန်ပွဲစဉ်အထိ ငါ မင်းနေရာမှာ အစားထိုးရဦးမှာ။ ငါလည်း ပင်ပန်းရမှာပဲလေ"
"ဘာ.. သွားရဲရင်သွားကြည့်လေ။ ငါ မင်းခေါင်းကိုဖြုတ်လိုက်ရင်ရော ကျေနပ်နေနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"
ဆရာဝန်များအားလုံးက ချက်ချင်းပင် မက်ဂရက်ဒီကိုတားလိုက်ရသည်။
သို့သော် ဟန်တာကတော့ ပခုံးသာတွန့်ပြလျက် အဝေးကိုထွက်သွားလေတော့သည်။
"ဘုရားရေ.. အဲ့ဒီမိစ္ဆာလေးကိုမြင်တိုင်း ငါရိုက်ပစ်ချင်မိတယ်"
တာယာနည်းပညာရှင်များထဲမှတစ်ယောက်က မှတ်ချက်ပေးလာလေသည်။
"အိုင်း.. သူ့အဆင့်က တအားမဆိုးဝါးဖို့မျှော်လင့်မိတယ်"
လူအုပ်ကြီးထဲမှ တကျက်ကျက်ဆွေးနွေးသံများအကြား အရည်အချင်းစစ်ပွဲစဉ်မှာ စတင်လေတော့မည်။
ကောင်းပြီလေ… ဒါကဖော်မြူလာဝမ်းပြိုင်ပွဲမှာ သူနောက်ဆုံးအကြိမ်ဝင်ပြိုင်ရတာမျိုးဖြစ်သွားနိုင်တယ်…
လေ့ကျင့်ရေးပွဲစဉ်တုန်းက ဤပြေးလမ်းပေါ် သူမမောင်းခဲ့ရသော်လည်း အခြားပြေးလမ်းများထက် ဤပြေးလမ်းနှင့် ပိုရင်းနှီးနေလေကြောင်း ဟန်တာသဘောပေါက်လိုက်ချေသည်။
ဝင်စတန်၏အသံမှာ သူ့ခေါင်းထဲရောက်လာသည်။
သူ၏ထီမထင်ဟန်လေသံက ဟန်တာ့ကိုနိုးထလာစေပြီး တည်ငြိမ်အေးဆေးသော သူ့ကိုယ်နေဟန်ထားက ဟန်တာ့ကို ဆုံးဖြတ်ချက်ခိုင်မာစေသည်။
ကျွန်တော် အကောင်းဆုံးအဆင့်နဲ့ တာထွက်ချင်တယ်…
ခင်ဗျားနဲ့အနီးဆုံးအဆင့်ကနေ တာထွက်ချင်တယ်…
ဒါက နောက်ဆုံးအကြိမ်ဆိုရင်တောင်မှပေါ့….
Q1 ပွဲစဉ်အတောအတွင်းမှာ ဘန့်စ်၏'ငါးမန်းဖြူ'ဆိုင်ရယ်က တာထွက်မှာအသာစီးရယူပြီး အရင်ဆုံးပန်းဝင်သွားခဲ့သည်။
ဟန်တာကတော့ လေ့ကျင့်ရေးပွဲစဉ်မှာ သူမပါဝင်ခဲ့ရသည့်တိုင် ပျာယာခတ်ခြင်းအလျဉ်းမရှိဘဲ အချိုးအကွေ့များကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လွယ်လင့်တကူဖြတ်ကျော်သွားချေသည်။ ဟန်တာ ပတ်လမ်းတစ်ပတ်ပြည့်ပြီးနောက် အဆင့်ရှစ်နေရာနှင့် အဆင့်တစ်ဆယ့်နှစ်နေရာကား ရုတ်ခြည်းပြောင်းလဲသွားရလေသည်။
"ဘုရားရေ.. ဟန်တာက ထိပ်ဆုံးဆယ်ယောက်စာရင်းထဲဝင်နေပြီ။ သူ့ရဲ့ပတ်လမ်းကြာချိန်က မက်ဂရက်ဒီထက်တောင် နှစ်စက္ကန့်ပိုမြန်သေးတယ်"
"အခုလောလောဆယ်တော့… ဒီကောင်လေးက အခြေအနေဟန်တယ်..အဆုံးအထိ သူ့အဆင့်ကိုထိန်းထားနိုင်ဖို့ မျှော်လင့်ရမှာပဲ"
Q2 စတင်သောအခါ 'Red Bulls' အသင်းမှ အိုဝင်က အခြားပြိုင်ကားမောင်းသမားများကို ကျော်ဖြတ်၍ ပြိုင်ပွဲတစ်ခုလုံးမှာ ဦးဆောင်နေလေသည်။ ဝင်စတန်ကတော့ အစမှအဆုံးအထိ ဒုတိယနေရာနှင့် တတိယနေရာကြားတွင် ကွာဟချက်ကြီးကြီးမားမားဖြစ်အောင် ထိန်းထားလေသည်။ တစ်ဖက်တွင်မူ ဟန်တာသည် သူ့ရှေ့မှာရှိနေသည့်ပြိုင်ဘက်များကို ကျော်တက်ရင်း ဖြည်းဖြည်းမှန်မှန်ရှေ့ဆက်နေပေသည်။
"အခု အဆင့်ကိုးရနေပြီ.. အခု သွေးမိုးတွေများရွာတော့မှာလား"
Q3 စတင်သောအခါ 'ငါးမန်းဖြူ'ဆိုင်ရယ်က ဝင်စတန်နှင့်အိုဝင်တို့ အနောက်ကကပ်လိုက်လာသည့်ကြားက သူ့နေရာကိုပြန်လည်ရယူကာ ဦးဆောင်နေချေသည်။ ဤအချီတွင် ဆိုင်ရယ်က အမြန်ဆုံးသောအရှိန်ကို စံချိန်တင်ခဲ့ပြန်သည်။
သို့သော် ဟန်တာကတော့ ကားလ်နှင့်ဟန်တို့အကြား ကြားညှပ်နေလေသည်။
အမီလိုက်ဖို့ နည်းနည်းပဲလိုတော့တယ်..နည်းနည်းပဲလိုတော့တယ်…
ဟန်တာက သူ့အရှိန်ကို အကုန်လျှော့ချလိုက်ပြီး ဆိုင်းထိန်းစနစ်ထဲတွင် သိုလှောင်ထားသော တင်းအားများအားလုံးကို လွှတ်ထုတ်လိုက်လေသည်။
နောက်ဆုံးပတ်လမ်း ပြီးခါနီးတွင် ဟန်တာအရှေ့ရှိ ပြိုင်ကားမောင်းသမားတစ်ယောက်က ထိန်းချုပ်မှုလွတ်ထွက်သွားပြီး ကားမှောက်သွားသောအခါ ဟန်တာ့အနေနှင့် ချောချောမွေ့မွေ့ပင် အဆင့်တက်သွားပေသည်။
ကားကို စမှတ်ဆီသို့ပြန်မောင်းလာလိုက်သောအခါ မားကပ်စ်၏စူးစူးရဲရဲအကြည့်ကို ဟန်တာ သတိပြုမိလိုက်သည်။
"ဘာဖြစ်လို့လဲ"
ဟန်တာ သက်ပြင်းရှိုက်လိုက်ချေသည်။
နောက်ဆုံးမှာတော့ အသက်အောင့်ထားမိသည်ကို လွှတ်ထုတ်နိုင်လေပြီ။ သူ ဘယ်လိုအမှားမျိုးလုပ်ခဲ့လုပ်ခဲ့ တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားကထုတ်ပစ်လိုက်မည်ဟုသာ ဆုံးဖြတ်ချက်ချထားသည်။
"ကောင်စုတ်လေး.. နောက်ဆုံးကျမှပဲ မင်း ရလဒ်ကောင်းကောင်းထွက်လာတော့တယ်"
မားကပ်စ်က သူ့ကို ရိုက်ရန်ရွယ်လိုက်သော်ငြား ဟန်တာကတော့ မျက်မှောင်ကြုတ်လျက် ရှောင်လိုက်သည်။
"လုခ်ကရော.. သူ့အဆင့်ကဘယ်လောက်လဲ"
"အဆင့်၁၀"
ဟန်တာ အသက်ရှူထုတ်လိုက်သည်။ လုခ် ထိပ်ဆုံးဆယ်နေရာကို ဝင်လိမ့်မည်ဟု သူထင်မထားချေ။
"ကျွန်တော်ကရော"
"အဆင့် ၈"
"အိုး"
ဟန်တာက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထိုးထည့်၍ လှည့်ကြည့်လိုက်သည်။
သူ့ခမျာ ခြေနှစ်လှမ်းရှေ့တိုးသွားပြီးမှ ရုတ်ခြည်းနောက်ပြန်လှည့်လာလေသည်။
"ကျွန်တော်.. ကျွန်တော်လည်း ထိပ်ဆုံးဆယ်ယောက်ထဲကိုဝင်တယ်ပေါ့"
အေးဆေးတည်ငြိမ်လှသော သူ့ကိုယ်နေဟန်ထားကြောင့် မားကပ်စ်ခမျာ မျက်လုံးထဲမှ မီးပွားများထွက်လာမတတ် ဒေါသူပုန်ထသွားလေသည်။
"အမှန်ပဲကွ။ ဒါက သောက်ကျိုးနည်းကံကောင်းတာလို့ထင်တယ်"
ဟန်တာ မရယ်ဘဲမနေနိုင်လိုက်ချေ။
ပြီးခဲ့သည့်ပွဲစဉ်သုံးခုတုန်းက သူသည် အဆင့် ၁၅ နှင့် ၁၈ ကြားတွင်သာ သံသရာလည်နေခဲ့၏။
ယခုအချိန်အထိ သူတို့အသင်းထဲရှိ ပြိုင်ကားမောင်းသမားများအားလုံးကြားမှာပင် ဤအဆင့်ဟာ အကောင်းဆုံးအဆင့်ဖြစ်ပေသည်။
ပြိုင်ပွဲတွင်း၌ တာထွက်ဘယ်လောက်ကောင်းကောင်း ကားရပ်နားခြင်းကို နှစ်ကြိမ်တိတိသာ လုပ်ဆောင်ဖို့လိုအပ်လေသည်။
ဤသည်မှာ ဝင်စတန်က သူ့အတွက် စီစဉ်ပေးခဲ့သောဗျူဟာပင်။
ပြိုင်ပွဲကို နောက်တစ်နေ့ မနက်ခင်း၌ စတင်မည်ဖြစ်၏။ ထို့ကြောင့် အသင်းတစ်ခုလုံးလည်း ဟိုတယ်ကိုပြန်ရောက်သည်နှင့် အစည်းအဝေးထိုင်ကြရသည်။
မက်ဂရက်ဒီခမျာ ဆရာဝန်၏အကူအညီဖြင့် လာနေရသည်ကိုမြင်သောအခါ ဟန်တာလည်း နားရွက်တကုတ်ကုတ်လုပ်နေမိသည်။
"အခုတော့ မင်းကိုယ်မင်းတအားတွေကျေနပ်နေတယ်ပေါ့လေ အထစ်လေး.. ဒါပေမဲ့လည်း အဆင့်ရှစ်နေရာဆိုတာ ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး"
"ဒါပေါ့။ အခုထိ အရှိန်တောင်မယူရသေးတဲ့ ကစားသမားတွေရှိတယ်ဆိုတာ ငါသိတာပေါ့။ သူတို့သာ အရှိန်စယူပြီဆိုရင် ငါ့ကို တစ်ယောက်ပြီးတစ်ယောက်ကျော်တက်သွားမှာ"
ဟန်တာက မျက်လုံးမှေးကျဉ်း၍ ပြုံးလိုက်လေသည်။ ထို့နောက် ထိုင်နေသည့်မက်ဂရက်ဒီကို စူးစူးရဲရဲငုံ့ကြည့်ပြီး...
"မင်း ငါ့ကို နောက်တစ်ခါ အထစ်လေးလို့ခေါ်ရင် မင်းရဲ့ခြေချင်းဝတ်ကိုချိုးပစ်မယ်"
"မင်း..."
မက်ဂရက်ဒီ ဘာမှမပြောနိုင်ခင်မှာပင် ဟန်တာက ကျောပြန်ဆန့်၍ ထွက်ခွာသွားလေပြီဖြစ်၏။
လမ်းလျှောက်နေရင်းဖြင့် သူ့စိတ်ထဲမှာလည်း တတွတ်တွတ်ပြောနေမိသည်။
'အထစ်လေး'ဆိုတဲ့ ဒီနာမည်ပြောင်ကို မက်ဂရက်ဒီ ဘယ်ကကြားခဲ့လဲမသိဘူး...
မူလတန်းကျောင်းတက်ကတည်းက သူဟာ စိတ်လှုပ်ရှားလာသည်နှင့် စကားထစ်သွားတတ်သည့် အကျင့်ရှိသည်။ ဆရာမများစာမေးသည့်အချိန်ပင်ဖြစ်စေ သူသဘောကျသည့်ကောင်မလေးကို သူ့မွေးနေ့ပွဲလာခဲ့ဖို့ ဖိတ်သည့်အခါပင်ဖြစ်စေ သူ့လျှာမှာ ကြိုးထုံးတစ်ခုအလား ဖြစ်သွားရသည်။
သို့သော် 'အထစ်လေး'ဟူသည့်နာမည်ပြောင်မှာ အလယ်တန်းကျောင်းတက်ချိန်အထိ ပြောစမှတ်တွင်သွားခဲ့သည်။
ထိုအချိန်တုန်းက သူသည် Kart ကားမောင်းပြိုင်ပွဲများကို တစ်ခုပြီးတစ်ခု စတင်ယှဉ်ပြိုင်နေပြီဖြစ်ပြီး အငယ်တန်းပြိုင်ပွဲများတွင် မကြာခဏအနိုင်ရခဲ့သည်။ မကြာခင်မှာပင် စကားထစ်သောကြောင့် သူ့အားရှောင်ဖယ်ရှောင်ဖယ်လုပ်ခဲ့သော မိန်းကလေးများက သူ့အား အာရုံစိုက်မှုပေးလာပြီးနောက် သူလည်း တဖြည်းဖြည်းစကားမထစ်တော့ပေ။
သို့သော် သူ့အား တစ်ယောက်ယောက်က ရန်စလာပါက သူ့လျှာကလိပ်သွားတတ်ဆဲသာ။
*****
Aurora Novel Translation Team