ဖယ်ရာရီက မင်းနဲ့မသင့်တော်ဘူး (၁)
ဟန်တာ ဖြည်းညင်းစွာလှည့်ကြည့်လိုက်ချိန်ဝယ် ပြိုင်ကားမောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဝင်စတန်က သူ့ဘေးတွင်ရပ်နေသည်ကို မြင်လိုက်ရသည်။
"ခင်ဗျားရဲ့လေ့ကျင့်ရေးပွဲစဉ်က ပြီးသွားပြီလား"
"လေ့ကျင့်ရေးပွဲစဉ်ရဲ့ ပထမအချီကတော့ပြီးပြီ။ နှစ်နာရီခွဲကျရင် ဒုတိယအချီရှိသေးတယ်"
စကားပြောနေရင်း ဝင်စတန်၏အကြည့်မှာ ငိုက်စိုက်ကျသွားသည်။ ထို့နောက် သူက အနည်းငယ်မေးစေ့ကိုမော့၍ ဟန်တာ၏လက်ချောင်းကြားထဲရှိ စီးကရက်ကိုကြည့်လိုက်လေသည်။
"ခင်ဗျား တစ်လိပ်လောက်ယူလာသင့်တာပေါ့... နေပါဦး ခင်ဗျားက စီးကရက်သောက်တယ်ပေါ့"
"သိပ်အများကြီးမဟုတ်ပါဘူး"
"ခင်ဗျား စီးကရက်သောက်နေတဲ့ပုံကို မြင်ယောင်ကြည့်လို့မရဘူး"
"အင်း... မင်း အခုပဲကြည့်ကြည့်လို့ရပြီလေ"
ဟန်တာက လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သောအခါ ဝင်စတန်ကလည်း သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။
အသုံးမကျသောလူနှင့် တော်ဝင်မျိုးနွယ်ဝင်.. ဤအတွေးကား ဟန်တာ့စိတ်ထဲ ချဉ်းနင်းဝင်ရောက်လာသည်။
"ကျွန်တော့်မှာ စီးကရက်တစ်လိပ်ပဲရှိတယ်"
ဟန်တာက မျက်လုံးစွေစောင်း၍ တစ်ဖက်ကိုကြည့်လိုက်သည်။
ယုတ္တိရှိရှိပြောရမည်ဆိုပါက ဝင်စတန်က သူ့အား မိတ်ဆွေဖွဲ့ချင်နေသည်ဆိုလျှင် သူ့ဘက်ကလည်း အရာအားလုံးပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေသင့်သည်။
သို့သော် တစ်ဖက်လူက ဉာဏ်ကြီးရှင်ပင်ဖြစ်စေ အရှုံးသမားပင်ဖြစ်စေ သူငယ်ချင်းဆက်ဆံရေးဆိုသည်မှာ ဟန်တာစိတ်ပူနေသလို ရာထူးဂုဏ်သိမ်အဆင့်များ မရှိပါချေ။ ထို့ကြောင့် ဝင်စတန့်ရှေ့ရောက်သွားလျှင်ပင် သူတို့နှစ်ယောက်လုံးဟာ အဆင့်အတန်းအတူတူပင် ဖြစ်ချေသည်။ သူ့အနေနှင့် အရာအားလုံးပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေမှာမဟုတ်သလို ပြောသမျှနာခံနေမှာလည်းမဟုတ်။
"မင်းက တစ်ဝက်လောက်တောင်သောက်ပြီးသွားပြီဆိုမှတော့ ကိုယ်ကလည်း တစ်ရှိုက်လောက်ပဲဖွာမှာပါ"
ဝင်စတန်၏အသံကား အေးစက်မြဲအေးစက်ဆဲပင်။ သူ့မျက်နှာထက်တွင်လည်း မလိုလားအပ်သောအမူအရာမျိုး လုံးဝမရှိပေ။
"တစ်လိပ်လုံးမလိုချင်တာနဲ့တင် မင်းကိုမျက်နှာသာပေးရာကျနေပြီ"ဟု ပြောနေသည့်အလား။
စိတ်တိုဖို့ကောင်းလိုက်တာ....
သို့သော် မိန်းမကလွဲလျှင် ကောင်းသောအရာများကို သူငယ်ချင်းအချင်းချင်း မျှဝေသင့်ပေသည်။ စီးကရက်သောက်ခြင်းဟာ ကောင်းသောအရာဟု ထည့်တွက်၍တော့မရပေ။
"ကောင်းပြီလေ။ ခင်ဗျားကို တစ်ရှိုက်လောက်ဖွာခွင့်ပေးမယ်"
ဟန်တာ တစ်ဖက်ကိုလှည့်ပြီး လက်ညှိုးနှင့်လက်မကိုသုံး၍ စီးကရက်ကိုညှပ်ယူကာ တစ်ဖက်လူဆီသို့ လှမ်းပေးလိုက်၏။
တစ်ဖက်လူအနေနှင့် စီးကရက်ကိုယူရန်အတွက် လက်အိတ်ချွတ်လိမ့်မည်ဟု သူထင်ထားခြင်းပင်။ သို့သော် မျှော်လင့်မထားစွာဖြင့် ဝင်စတန်၏လက်နှစ်ဖက်စလုံးက ဘေးတွင်ချထားဆဲသာ။ သူက ခေါင်းလေးသာစောင်းငဲ့၍ ဟန်တာရှိရာဆီသို့ ညွတ်ကိုင်းလိုက်လေသည်။
ထိုအခိုက်အတန့်လေးမှာ တစ်ဖက်လူက သူ့အား နမ်းချင်နေသည်ဟူ၍ ဟန်တာထင်ယောင်ထင်မှားဖြစ်သွားရသည်။
ထိုသူ၏နှုတ်ခမ်းအစုံမှာ အနည်းငယ်ပွင့်ဟသွားပြီး စီးကရက်ကိုစုပ်ယူလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဟန်တာ၏လက်ချောင်းများကလည်း ဆေးလိပ်ဖင်စီခံနှင့် နီးကပ်နေလေသည်။
သူ့လျှာဖျားလေးက စီးကရက်ကို အနည်းငယ်တွန်းတိုက်လိုက်ပြီး သိမ်မွေ့သောထိုတွန်းတိုက်မှုလေးက ဟန်တာ၏လက်ချောင်းများကိုပါ ရိုက်ခတ်သွားရသည်။
ထိုစက္ကန့်ပိုင်းလေးအတွင်း၌ ဟန်တာခမျာ စီးကရက်ကို လွှင့်ပစ်မိတော့မတတ်ပင်။
တစ်ဖက်လူဟာ တကယ်ပင် တစ်ရှိုက်မျှသာ ဖွာသွားပြီး ဆေးလိပ်ငွေ့များကို ညင်သာစွာမှုတ်ထုတ်လိုက်သည်။
အမျိုးသားတစ်ယောက်အနေနှင့်ပင် ဤလူက အလွန်ဆွဲဆောင်မှုရှိကြောင်း ဟန်တာဝန်ခံရပေလိမ့်မည်။
"မင်း Gilles Villeneuve ပတ်လမ်းနဲ့ ရင်းနှီးလား"
ဝင်စတန် မေးလိုက်လေသည်။
"အဲ့ဒီအကြောင်းကို ကျွန်တော့်စိတ်ထဲမှာ အခေါက်ပေါင်းများစွာ တွေးဖူးသားပဲ။ ပြီးတော့ အဲ့ဒါကို မျိုးကွဲစက်ကိရိယာထဲမှာတောင် အတွေ့အကြုံယူခဲ့သေးတယ်။ ဒါပေမဲ့ ခင်ဗျားက Grand Prix မှာ ပါဝင်လာတာ သုံးနှစ်တောင်ရှိသွားပြီဆိုတော့ ဒီပတ်လမ်းပေါ်မှာလည်း သုံးခေါက်လောက်ပြေးဖူးပြီးပြီပေါ့ ဟုတ်တယ်မလား။ ကျွန်တော့်မှာတော့ ခင်ဗျားလိုအတွေ့အကြုံမျိုး မရှိသေးဘူး"
ဟန်တာ မျက်ဝန်းအစုံမှေးမှိတ်သည်အထိ ပြုံးလိုက်လေသည်။
"အခု.. မင်းမျက်လုံးကိုမှိတ်ပြီး Gilles Villeneuveရဲ့ ပြေးလမ်းအစမှာရှိနေတယ်လို့ မြင်ယောင်ကြည့်လိုက်"
"ဟင်"
သူ့သံသယများကိုထုတ်မပြနိုင်ခင်မှာပင် ဝင်စတန်၏အေးစက်စက်အကြည့်တို့နှင့် ပက်ပင်းတိုးမိသွားသည်။
အခြားလူများအပေါ် စကားလုံးများမပါဘဲ ထိန်းချုပ်နိုင်ဟန်ရှိသည့် ဤကဲ့သို့သောဖိအားမျိုးမှာ စိတ်မသက်မသာဖြစ်စေလေသည်။
သို့တိုင် ဟန်တာ အလိုလိုမျက်လုံးမှိတ်လိုက်မိ၏။
"ပတ်လမ်းတစ်ခုချင်းစီရဲ့အရှည်က ခန့်မှန်းခြေ ၄.၄ ကီလိုရှိတယ်။ စုစုပေါင်းဆိုရင် ပတ်လမ်း ၇၀ ရှိတယ်။ ဒီတော့ မင်း ထိပ်ဆုံးရှစ်ယောက်နေရာဝင်နိုင်မဲ့ အမှတ်မျိုးတွေရချင်တယ်ဆိုရင် ကိုယ်ပေးချင်တဲ့အကြံကတော့ နှစ်ကြိမ်ရပ်နားတဲ့ဗျူဟာပဲ။ တတိယအကြိမ်ရပ်နားတာက အလကားအချိန်ဖြုန်းတာပဲ။ ပတ်လမ်း ၁၅ ပတ်လောက်မှာ ထိပ်ဆုံး ၁၂ နေရာကိုထိန်းထားနိုင်မယ်ဆိုရင် ပတ်လမ်း ၂၀ ကျရင် တစ်ခေါက်နားလို့ရတယ်။ ထိပ်ဆုံးဆယ်ယောက်နေရာကိုဝင်ဖို့ ပတ်လမ်း ၄၀ ပြည့်တဲ့အထိစောင့်လိုက်။ ဒီလိုဆိုရင်တော့ ပတ်လမ်း ၅၀ မပြည့်ခင်မှာ ဒုတိယတစ်ခေါက် ကားရပ်လို့ရတယ်။ ပန်းတိုင်က အဆင့်ရှစ်ကနေ ခြောက်အတွင်းဝင်အောင်လုပ်ဖို့ပဲ"
ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိသော ဝင်စတန်၏အသံမှာ တည်ငြိမ်အေးဆေးမှုတို့ ကိန်းဝပ်နေချေသည်။
ဟန်တာ့အနေနှင့် တစ်ခုခုပြောရန် မျက်လုံးကိုဖွင့်လိုက်ချင်ပါသော်ငြား ဝင်စတန်က သူ့လက်မောင်းကိုဆန့်ထုတ်၍ မျက်လုံးကိုကာထားလိုက်သည်။
"ကိုယ်မင်းကိုမျက်လုံးမဖွင့်ခိုင်းသေးဘူးနော်"
"အိုကေ ကောင်းပြီလေ"
ဟန်တာလည်း အလျှော့ပေးဟန်ဖြင့် လက်နှစ်ဖက်ကိုမြှောက်ပြလိုက်သည်။
"ပြေးလမ်းရဲ့ပထမအကွေ့မှာ ဒုတိယဂီယာကိုပြောင်းပြီး ထောင့်ချိုးကွေ့နားမှာ အရှိန်လျှော့ချလိုက်။ ဒီနေရာက မင်းဖောက်ထွက်ရမဲ့နေရာပဲ။ ဒါကိုမင်းလုပ်နိုင်ရင်တော့ အရာအားလုံးဖြစ်နိုင်သွားပြီ။ တတိယအကွေ့ကိုမဝင်ခင် အရှိန်တင်လိုက်။ အဲ့ဒါပြီးရင် အကွေ့နားမှာ အရှိန်ပြန်လျှော့။ ဒီနေရာကတော့ ကားတွေကိုကျော်တက်ရမဲ့ အဖိုးတန်နေရာပဲ။ မင်း ယုံကြည်မှုရှိတယ်ဆိုရင် မင်းရှေ့မှာရှိတဲ့ပြိုင်ကားမောင်းသမားတွေကို အနိုင်ယူနိုင်မှာပဲ။ ကားတောင်ပံကို မတိုက်မိစေနဲ့ဦး"
တဂျိန်းဂျိန်းမြည်နေသော အင်ဂျင်သံမှာ ဟန်တာ့အတွေးယာဉ်ကြောများ၏အရှိန်နှင့်အတူ လည်ပတ်နေပြီး တရွှားရွှားလေတိုက်သံတို့နှင့်လည်း လိုက်ဖက်နေလေသည်။
"အခု မင်းက လေးခုမြောက်ထောင့်နဲ့ငါးခုမြောက်ထောင့်မှာ အရှိန်တင်လာခဲ့ပြီးပြီဆိုတော့ နောက်လာမဲ့အပိုင်းက စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာပဲ။ ဒါက ဘယ်ဘက်ကိုကွေ့ရတဲ့လမ်းကျဉ်းလေး.. မင်း မြှင့်ထားတဲ့အရှိန်ကို ၈၅ ကီလိုအောက်အရှိန်လျှော့လိုက်ဖို့လိုတယ်"
ဟန်တာ၏မြင်ကွင်းကား ပိုမိုပြတ်သားလာပြီး ဝင်စတန်၏အသံက သူ့အား ရှင်းရှင်းလင်းလင်းလမ်းပြပေးပြီး အဆုံးမသတ်နိုင်သော သူ့စိတ်ကူးပုံဖော်မှုကို စတင်နိုင်အောင်ကူညီပေးခဲ့သည်။
"ထောင့်ချိုးကွေ့ပြီးသွားရင် တည့်တည့်သာမောင်းထွက်လာခဲ့လိုက်တော့။ အရှိန်ကို ၃၁၀ ကျော်ထိလည်းတင်လို့ရတယ်။ ဒီအပိုင်းကတော့ ကားတွေကိုကျော်တက်ဖို့ အရေးကြီးဆုံးနေရာပဲ။ မင်းရှေ့မှာ ဘယ်ပြိုင်ဘက်ပဲရှိရှိ မင်း သူ့နေရာကိုရအောင်ယူရမယ်"
"ဝင်စတန်.. ဘုရားရေ.. မင်းက ဒီမှာကိုး"
လက်ထောက်အန်နီ၏အသံ ထွက်ပေါ်လာလေသည်။
"ဒုတိယအချီလေ့ကျင့်ရေးပွဲစဉ်က စတော့မှာ"
"အင်း"
သူမတ်တတ်ထရပ်လိုက်ချိန် ဟန်တာကပါ မတ်တတ်လိုက်ရပ်မိသည်။
"ကိုယ် နောက်တစ်ရှိုက်ထပ်ဖွာချင်သေးတယ်"
ဝင်စတန်က ဟန်တာ့အနားသို့ ညွတ်ကိုင်းချလိုက်ချေသည်။
ထိုလူ၏မျက်လုံးများမှာ သူနှင့်အလွန်နီးကပ်နေပြီး ငြိမ်းချမ်းတည်ငြိမ်နေဟန်တူသော်လည်း မုန်တိုင်းမစခင် လေပြည်ပျိုးနေသည့်အလားပင်။
ထူးဆန်းလှသောတိုက်ဆိုင်မှုတစ်ခုကြောင့် ဟန်တာလည်း လက်ကြားထဲညှပ်ကိုင်ထားသော စီးကရက်ကို ဝင်စတန်၏နှုတ်ခမ်းဆီကို ပို့ပေးလိုက်ပြီးနောက် သူ့လျှာဖျားလေးကို ရှင်းလင်းပြတ်သားစွာ စောင့်ကြည့်ကာ တစ်ဖက်လူဆေးလိပ်ရှိုက်ရှူလိုက်သည့် အထိအတွေ့ကို ခံစားနေမိသည်။
"ကျေးဇူးတင်ပါတယ်"
ဝင်စတန်ကျောခိုင်းသွားချိန်၌ ဟန်တာဖွင့်ဟပြောဆိုလိုက်သည်။
ကျွန်တော့်ကို Gilles Villeneuve ပတ်လမ်းပေါ်မှာ မောင်းနှင်ရတဲ့ခံစားချက်မျိုးကို အတွေ့အကြုံရအောင်လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်….
လေ့ကျင့်ရေးပွဲစဉ်၏ တတိယအချီပြီးဆုံးသွားသောအခါ ဟန်တာလည်း အသင်းနှင့်အတူ ဟိုတယ်ဆီသို့ လိုက်လာခဲ့လိုက်သည်။
ထို့နောက် အသင်းလိုက်အစည်းအဝေးလုပ်ကာ မက်ဂရက်ဒီနှင့်လုခ်တို့၏ ပြိုင်ကားမောင်းဗျူဟာကို အာရုံစိုက်ထားကြသည်။
နားထောင်နေရုံသာတတ်နိုင်သော ဟန်တာခမျာ အခေါက်ခေါက်အခါခါသမ်းဝေပစ်လိုက်ချင်သလို ခံစားရသည်။ ထိုအစား သူ့မျက်လုံးများကိုမှိတ်ထားစဉ်က ကားပြိုင်ကွင်းအပေါ် ဝင်စတန် ဝေဖန်ဆန်းစစ်မှုပြုလုပ်ခဲ့သည့်အကြောင်းကို ပြန်ပြောင်းအောက်မေ့နေမိသည်။
သူကိုယ်တိုင် စမ်းမောင်းကြည့်လိုက်ချင်မိသည်။
ထိုအတွေးများက ဟန်တာ၏နှလုံးသားထဲ ခုတ်မောင်းသွားချိန်ဝယ် သူ အနည်းငယ် အံ့ဩမှင်တက်သွားရချေသည်။
*****
Aurora Novel Translation Team