no

Font
Theme

အရင်ဆုံးတော့ မင်း ကိုယ့်ကိုသူငယ်ချင်းလိုပဲဆက်ဆံလို့ရတယ် (၁)


"ဘာရယ်.. ဒါပေမဲ့ ကျွန်တော့်အသင်းမန်နေဂျာက ကျွန်တော်က အဲ့လောက်မကြမ်းဘူးလို့ပြောတယ်"


ဟန်တာ ပခုံးတွန့်ပြလိုက်သည်။


"မင်း မြားဘယ်လိုပစ်ရမလဲဆိုတာသိလား။ လေးကြိုးကို အဆုံးထိရောက်အောင်ဆွဲဆန့်လိုက်မယ်ဆိုရင် သူက ရှေ့ကိုပြေးထွက်မသွားတော့ဘူး။ နောက်ဆုံးကျရင် မြားကလည်း အလကားဖြစ်သွားမှာ"


ဝင်စတန်က ကားတံခါးကိုဖွင့်လိုက်ပြီး ဟန်တာ့အနားကို ရောက်လာလေသည်။


"ကိုယ့်ကိုဒီမှာစောင့်နေ။ ပြေးလမ်းပေါ်ကမီးတွေ သွားဖွင့်လိုက်မယ်"


"ဟေး.. ခင်ဗျားရဲ့ဖယ်ရာရီကို ကျွန်တော်မောင်းပြေးသွားမှာ မကြောက်ဘူးလား"


"ယူသွားလိုက်"


ဝင်စတန်က ထိန်းချုပ်ခန်းရှေ့ကို လျှောက်သွားလိုက်ပြီး သာမန်ကာလျှံကာပခုံးတွန့်ပြလာသည်။


"အာ.."


ငါ ဘယ်လိုတောင်မေ့သွားရတာလဲ.. သူ့အဆင့်အတန်းနဲ့ဆိုရင် ဖယ်ရာရီကားတစ်စီးဝယ်ရတာက ကလေးကစားစရာဝယ်ရသလိုပဲနေမှာ...


ခဏနေပါဦး...


သူက ဖယ်ရာရီအသင်းကမဟုတ်လား။ သူ့အနေနှင့် ဤကားအတွက် အခကြေးငွေပေးစရာမလိုခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။


ထိုအကြောင်းကိုတွေးမိပြီး ဟန်တာ၏နှလုံးသားလေး နာကျင်သွားရသည်။


"အိုက်ယား... ဒီလူ့နားမှာနေရတာ ကျန်းမာရေးနဲ့မညီညွတ်ဘူး။ ငါ့ရဲ့ PH လယ်ဗယ်ကို ထိခိုက်စေနိုင်တယ်"


ခပ်ဝေးဝေးဆီမှ ကလစ်တစ်ချက်နှိပ်သံကိုကြားလိုက်ရပြီး မူလတုန်းက မှောင်မည်းနေသောပြိုင်ကားမှာ ဖိတ်ဖိတ်တောက်နေသောအလင်းရောင်ကြောင့် သက်ဝင်လှုပ်ရှားလာပေသည်။


ဟန်တာလည်း ထိုမီးရောင်ကိုကာရန်အတွက် လက်နှစ်ဖက်ကို အလိုလိုမြှောက်ကာလိုက်ပြီး တစ်ဖက်ကိုလှည့်လိုက်သည်။ သူ့အနားသို့ လူတစ်ယောက်လျှောက်လာပြီး မျက်စိကျိန်းဖွယ်အလင်းရောင်များကို ကူကာပေးထားချေသည်။


"ဝင်စတန်.."


"မင်းမောင်းလိုက်"


"ဘာ"


"မင်း တခြားဘာကိုမှစိတ်ပူနေစရာမလိုဘူး။ ပေါက်ကွဲထွက်သွားတဲ့အထိသာ မောင်းပစ်လိုက်"


"ပေါက်ကွဲတဲ့အထိတဲ့လား။ ဒါက ခင်ဗျားကားလေ"


ဟန်တာခမျာ မျက်လုံးအပြူးသားဖြင့် သူ့အား ငေးကြည့်နေမိသည်။


"ဟုတ်တာပေါ့။ ဒါက ကိုယ့်ကားလေ။ ဒီတော့ မင်းစိတ်ပူနေဖို့မလိုဘူး"


ဟန်တာကတော့ ထိုလူ အေးစက်စက်ဟာသတစ်ပုဒ် ထုတ်နေပြန်ပြီဟုတွေးကာ သူ့မျက်ဝန်းထဲကို စိုက်ကြည့်လိုက်သည်။


သို့သော် ဝင်စတန်က အတည်ပေါက်ပြောနေခြင်းပင်။


ရုတ်ခြည်းပင် ဟန်တာလည်း စိတ်လှုပ်ရှားလာရသည်။


"မင်း စိတ်ပူဖို့မလိုဘူး"


ခင်ဗျားပြောတာနော်.. ကျွန်တော် ခင်ဗျားကားကိုဖျက်ဆီးပစ်လိုက်မှ နောင်တရမနေနဲ့...


ဝင်စတန်က ရှေ့ခန်းတွင်နေရာယူလိုက်သည့်အချိန် ဟန်တာက မောင်းသူထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။ သူ ခါးပတ်မပတ်ရသေးခင်မှာပင် ပြိုင်ကားလေးမှာ ရှေ့ကိုပြေးထွက်သွားလေသည်။


ဤလေ့ကျင့်မှုမှာ F1 ပြိုင်ပွဲအတွင်း စတီယာရင်ကိုထိန်းချုပ်ရသည့်ခက်ခဲမှုမျိုးနှင့် ယှဉ်မရသော်လည်း လီဗာကိုဖိနင်းထားရင်း ဂီယာကိုထိန်းချုပ်ကာ သူရည်မှန်းထားသောပန်းတိုင်ကို ကျော်ဖြတ်ရသည့်ခံစားချက်ကြောင့် ဟန်တာ လွန်စွာစိတ်ကျေနပ်အားရနေပေသည်။


နောက်ထပ်အကွေ့တစ်ခုကို ပျံတက်သွားပြီးနောက် သူ အရှိန်ဆက်မြှင့်လိုက်ပြန်သည်။ သူတို့ဆီသို့တိုက်ခတ်လာသောလေဟာ အစိုင်အခဲအတားအဆီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူတို့ကို ပတ်ပတ်လည်မှတွန်းတိုက်ရင်း ကျန်ရစ်နေခဲ့ရှာသည်။


ပြေးလမ်းနှင့် ကားတာရာများများကလည်း လောင်ကျွမ်းမတတ်ပွတ်တိုက်နေချေသည်။ ဟန်တာလည်း ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်မည့်အခိုက်အတန့်လေးကို သူမျှော်လင့်နေမိကြောင်း သိလိုက်ရသည်။


သို့သော် ရုတ်တရက်ဆိုသလို 'ဘန်း'ခနဲမြည်သံကြီးပေါ်လာပြီး တာယာက ကွဲထွက်သွားကာ ကားကလည်း ဘေးဘက်ကိုကွေ့ဝင်သွားပြီး ထိုးရပ်သွားလေတော့သည်။


ဟန်တာကတော့ မတိုင်မီက ပုံရိပ်ယောင်ကိုမဖယ်ရှားနိုင်သေးသည့်အလား စတီယာရင်ကို ဆုပ်ကိုင်ထားဆဲပင်။


ဘေးဘက်မှာတော့ ဝင်စတန်က တိတ်ဆိတ်နေလေသည်။


"မီးခိုးထွက်နေတာထင်တယ်"


ဟန်တာ သူ့ကိုကြည့်လိုက်သည်။


"ဟုတ်တယ်"


တောက်တောက်ပပလရောင်အောက်ဝယ် ဝင်စတန်၏ဘေးတိုက်မျက်နှာအနေအထားမှာ အေးစက်ထက်ရှသောချောက်ကမ်းပါးတစ်ခုအလားပင်။ သူဘာတွေးနေသလဲဆိုသည်ကို ဟန်တာခန့်မှန်း၍မရချေ။


"တကယ်ကြီးပေါက်ကွဲသွားတာပဲ..."


"ကိုယ်မြင်တယ်"


"ကျွန်တော် ခင်ဗျားကိုပြန်လျော်ပေးနိုင်ပါတယ်.."


သူ့နှစ်စဉ်ဝင်ငွေက ဝင်စတန်၏ဝင်ငွေအချိုးနှင့် မယှဉ်နိုင်သော်လည်း ဖယ်ရာရီတစ်စီးစာမျှတော့ တတ်နိုင်ပါသေးသည်။


"မလိုပါဘူးကွာ။ ကိုယ်တို့ကို မြို့ထဲပြန်လိုက်ပို့ပေးဖို့ တစ်ယောက်ယောက်ကိုခေါ်သင့်တယ်လို့တွေးနေတာ"


"အိုး..ဖယ်ရာရီကိုရော ဘယ်လိုလုပ်မလဲ"


"ဒီကအလုပ်သမားတွေဆီမှာ ထားခဲ့လိုက်မယ်"


"ခင်ဗျား မမောင်းတော့ဘူးလား"


"ကိုယ့်မှာ နောက်ထပ်သုံးစီးရှိသေးတယ်"


ဝင်စတန်က တည်တည်ငြိမ်ငြိမ်ပြန်ဖြေလာပြီး ဖုန်းထုတ်ကာ နံပါတ်တစ်ခုကိုခေါ်လိုက်လေသည်။


ဟန်တာခမျာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြောလိုက်ချေသည်။


"ခင်ဗျားရဲ့ကားဂိုဒေါင်က ဘယ်လောက်တောင်ကျယ်တာလဲ"


ဝင်စတန်က သူ့မန်နေဂျာကိုလှမ်းခေါ်လိုက်ပြီဖြစ်ရာ တစ်ဖက်လူကလည်း ယခုအပြေးလာနေပြီဖြစ်၏။


ဖုန်းချလိုက်ပြီးနောက် သူက ဟန်တာ့ဘက်ကိုလှည့်ကြည့်လာပြီး မေးစေ့တပွတ်ပွတ်လုပ်နေချေသည်။


"မင်းကြည့်ချင်လား"


"ဒါပေါ့"


ဂိုဒေါင်လုံးပြည့်ဖယ်ရာရီအတန်းလိုက်မှာ အံ့သြဖို့ကောင်းလိုက်မည့်ဖြစ်ခြင်း....


"မင်းအထဲဝင်လိုက်တာနဲ့ ကိုယ်က ပြန်ထွက်ခွင့်ပေးချင်မှပေးမှာ"


"ဘယ်လို"


"F1 ပြိုင်ပွဲမှာတုန်းကပေါ်လာတဲ့ မင်းရဲ့အကျင့်ဆိုးက ဘာလဲဆိုတာသိလား"


ဟန်တာ တစ်ဖက်လူ၏မျက်ဝန်းထဲကို စိုက်ကြည့်လိုက်မိသည်။ ထိုမျက်ဝန်းများမှာ အလွန်တရာအေးချမ်းလှသော်ငြား ထိုအကြည့်က ဟန်တာကိုကျော်ဖြတ်၍ အဝေးတစ်နေရာကို မျှော်ငေးနေသည့်အလား ဝေးကွာသလိုခံစားနေရသည်။


"ဖိအားတွေကိုလျှော့ချရမယ်"


"အမှန်ပဲ။ ဒီနေ့ခံစားခဲ့ရတဲ့ ခံစားချက်ကိုမှတ်ထား။ ပြေးလမ်းပေါ်ကိုရောက်တဲ့အချိန်ကျရင် မင်းနှလုံးသားရဲ့စေညွှန်ရာနောက်ကိုလိုက်"


ဟန်တာလည်း သူ့ကို မရေရာမှုများနှင့် ငေးကြည့်ရင်း မျက်ဝန်းတို့မှေးကျဉ်းထားလိုက်မိပြီး သူ့အား ရှုထောင့်အမျိုးမျိုးမှ အကဲဖြတ်နေမိသည်။


တစ်မိနစ်နီးပါးကြာပြီးနောက် အဆုံးမှာတော့ ဟန်တာသည်းမခံနိုင်တော့ဘဲ ထုတ်မေးလိုက်တော့သည်။


"ဘာလို့လဲ"


"ဟင်"


"စပိန်ချန်ပီယံပွဲမှာတုန်းက သန့်စင်ခန်းထဲမှာ ခင်ဗျား ကျွန်တော့်နာမည်ကိုခေါ်ခဲ့တယ်လေ။ အဲ့ဒါကြောင့်သာမဟုတ်ရင် မက်ဂရက်ဒီဆီကနေ အမေတောင်မမှတ်မိတော့လောက်အောင် အရိုက်ခံခဲ့ရမှာ"


"ဘယ်လိုပဲဖြစ်ဖြစ် မင်းအရိုက်ခံခဲ့ရတာပဲလို့ ကိုယ်ကြားတယ်။ ဒါပေမဲ့ မင်းရဲ့ပြစ်မှုတွေကလည်း ခွင့်မလွှတ်ချင်စရာကောင်းတာပဲလေ"


"ခွင့်မလွှတ်ချင်စရာကောင်းတယ်တဲ့လား။ ကျွန်တော့်အပြစ်က ခွင့်မလွှတ်ချင်စရာကောင်းတယ်ပေါ့"


"ကိုယ်ပြောတာမှားလို့လား"


ဝင်စတန်က သူ့အား သွေးအေးအေးဖြင့် ငြင်းချက်ထုတ်ပြီး ဟန်တာအား သူလုပ်ခဲ့သည့်အမှားကို မှတ်မိလာစေလိုက်သည်။ ကြည့်ရသည်မှာ ခွင့်မလွှတ်ချင်စရာကောင်းသော အရာတစ်ခုခုကိုလုပ်ခဲ့မိပုံပင်။


"ကောင်းပြီလေ။ အဲ့ဒီကိစ္စကို ဘေးဖယ်ထားလိုက်ရအောင်။ လေလံပွဲမှာတုန်းက ခင်ဗျား ကျွန်တော့်ရဲ့ဘေ့စ်ဘောဦးထုပ်ကိုဝယ်ခဲ့တယ်"


"အဲ့ဒါက မင်းအဖေချန်ထားရစ်ခဲ့တဲ့အရာလေ။ အဲ့ဒီဦးထုပ်ကို မင်းမကြိုက်ဘူးဆိုရင်တောင် တခြားလူတွေဆီက အမှိုက်သရိုက်လိုဆက်ဆံခံရတာကိုတော့ မင်းလိုချင်မှာမဟုတ်ဘူး"


ဟန်တာခမျာ ကြက်သေသေသွားရလေသည်။


"ကျွန်တော့်အဖေပေးခဲ့တဲ့ဦးထုပ်မှန်း ခင်ဗျားဘယ်လိုလုပ်သိလဲ"


"ခန့်မှန်းလိုက်တာလေ"


"ခန့်မှန်းလိုက်တာ.. ဟုတ်လား"


ဟန်တာ၏အမူအရာမှာကား 'ကျွန်တော့်ကိုအရူးများထင်နေလား'ဟူသော သဘောသက်ရောက်ချေသည်။


"ဒါပေါ့"


ဝင်စတန် ခွန်းတုံ့ပြန်လာသော အမူအရာကလည်း 'အဲ့ဒီသဘောပါပဲ'ဟု ပုံရိပ်ထင်နေလေသည်။


"ကောင်းပြီ.. အခုတစ်ခေါက်ကရော.. F1 ပြိုင်ပွဲမှာတုန်းက ကျွန်တော် အမှတ်ဘယ်လောက်ရခဲ့လဲဆိုတာ ဘယ်သူမှဂရုစိုက်တာမဟုတ်ဘူး။ ဒီကမ္ဘာကြီးမှာ ကိုယ့်ထက် သူများကပိုဆိုးဝါးနေတာမြင်ရတာကို သဘောကျတဲ့လူတွေအများကြီးရှိမှန်း ကျွန်တော်သိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်သာ အောက်ဆုံးအဆင့်မှာရှိနေရင် F1 ပြိုင်ပွဲဝင်အများစုက ပျော်ကြတာပေါ့။ ခင်ဗျားကရော… ကျွန်တော့်အားနည်းချက်ကို ခင်ဗျားသိနေတယ်။ ပြီးတော့ ကျွန်တော့်ကိုလေ့ကျင့်ပေးဖို့အတွက် ခင်ဗျားရဲ့ဖယ်ရာရီကိုလည်း စတေးလိုက်သေးတယ်။ ဘာလို့လဲ"


ဟန်တာ သူ့အား စိတ်ရှုပ်ထွေးလေဟန်အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။


ကျေးဇူးပြုပြီး အမှန်အတိုင်းပြောပေးပါ…


မဟုတ်ရင် ကျွန်တော်အိပ်ပျော်နိုင်မှာမဟုတ်တော့ဘူး…


"နံပါတ်တစ်.. မင်းက နောင်အနာဂတ်မှာ ကိုယ့်ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့တစ်ဦးတည်းသောသူမို့လို့ပဲ"


ဟန်တာကတော့ သူ့အား မယုံကြည်နိုင်လေဟန်ဖြင့် ကြည့်နေမိသည်။


ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ခင်ဗျားက ပြေးလမ်းပေါ်မှာ 'ငါးမန်းဖြူ'ဆိုင်ရယ်နဲ့ အချစ်အမုန်းဒွန်တွဲနေတဲ့ ပြိုင်ဘက်ဖြစ်လာဖို့ ကံကြမ္မာကသတ်မှတ်ထားတဲ့လူလေ။ ဒီလိုဒိတ်ဒိတ်ကြဲနာမည်ကြီးတွေကြားထဲ ကျွန်တော့်ကိုဆွဲမထည့်ပါနဲ့။


"နံပါတ်နှစ် ကိုယ်မင်းကိုလုပ်ချင်လို့"


ဤဟာသမှာ အလွန်အေးစက်လွန်းလှသည်။ အမှန်သာဆိုပါက သူ F1 ပြိုင်ပွဲမှ နှုတ်ထွက်ပစ်လိုက်မည်ဖြစ်၏။


"နံပါတ်သုံး… ကိုယ် မင်းနဲ့သူငယ်ချင်းဖြစ်ချင်လို့။ ဘယ်ဟာကအမှန်လို့ မင်းထင်လဲ"


တင်းကျပ်နေသော ဟန်တာ၏စိတ်ခံစားချက်များမှာ ယခုမှသာပြေလျော့သွားလေတော့သည်။ သူ အသိပြန်ဝင်လာသောအခါ သူ့နှလုံးသားထဲတွင် ကျေနပ်မှုအာရုံလေးတစ်ခုက ပေါက်ကွဲထွက်သွားရလေသည်။


ပြဿနာအမျိုးမျိုးခံစားရင်း သူ့ဘေ့စ်ဘောဦးထုပ်ကိုဝယ်ပေးပြီး သူ့အား ကားမောင်းပြိုင်ကွင်းဆီသို့ ခေါ်လာပေးကာ သူ့အား လျှာလိပ်သည်အထိခြောက်လှန့်နေခဲ့ခြင်းများမှာ သူ့ထံမှ အာရုံစိုက်မှုလိုချင်သောကြောင့်လေလား။ ဤအဖြစ်မှာ ဆွံ့အချင်စရာကောင်းလှပေသည်။


"နံပါတ်သုံး ကျွန်တော်နဲ့သူငယ်ချင်းဖြစ်ချင်လို့"


ဟန်တာ သွားပေါ်အောင်ရယ်လိုက်ချေသည်။


"မှားတယ်။ နံပါတ်သုံးကလွဲရင် အကုန်မှန်တယ်"


"ကျေးဇူးပြုပြီး ပေါက်ကရတွေကို အတည်ပေါက်ကြီးပြောနေတာရပ်လိုက်ပါတော့လား"


ဟန်တာခမျာ သူနှင့်ရင်းနှီးဖို့အတွက် ရေကုန်ရေခန်းအားထုတ်နေရရှာသည့် ဝင်စတန်ကမှသာ ပိုချစ်စရာကောင်းဦးမည်ဟုတွေးရင်း ခေါင်းလေးစောင်းငဲ့၍ တစ်ဖက်လူကိုကြည့်လိုက်မိသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment