no

Font
Theme

မင်းဘောင်းဘီဇစ် ပွင့်နေတယ် (၂)


သူက ဟန်တာဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။


"မင်း ဘောင်းဘီဇစ်ပွင့်နေတယ်"


"ဟင်.. ဘာ"


ဟန်တာကား သတိပြန်ဝင်မလာသေးပေ။


တစ်ဖက်လူက ထပ်ပြောမလာဘဲ တိုက်ရိုက်သာ လက်မြှောက်လိုက်လေသည်။ လက်ချောင်းထိပ်ဖျားလေးများက ဟန်တာ၏ဂျင်းဘောင်းဘီဇစ်နှင့် ထိမိသွားချိန်ဝယ် တစ်ဖက်လူ၏ အားနေသောလက်တစ်ဖက်က သူ၏အထိခိုက်မခံနိုင်ဆုံးနေရာကို ညင်သာစွာဖိထားကြောင်း ခံစားလိုက်ရသည်။


ဘောင်းဘီဇစ်ဆွဲလိုက်သောအသံကြောင့် ဟန်တာ၏နှလုံးသားထဲ ပွတ်တိုက်မှုလေးတစ်ခုဖြစ်ပွားသွားရသည်။


ဝင်စတန်က သူ့ခေါင်းကို အသာအယာလှည့်သွားပြီး မျက်တောင်ကို အောက်စိုက်ချထားလေသည်။ အချိန်စီးဆင်းမှု နှေးကွေးသွားဟန်တူပြီး ဟန်တာ၏စိတ်အစဉ်မှာလည်း လုံးဝဗလာကျင်းသွားရသည်။


ထို့နောက်တွင်မူ မတိုင်မီကစကားပြောဆိုမှုမှာ လုံးဝမဖြစ်ခဲ့ဖူးသည့်အလား တစ်ဖက်လူက အသံတစ်သံမျှပင်မထွက်ပါဘဲ လှည့်ထွက်သွားခဲ့သည်။


စက္ကန့်အနည်းငယ်ကြာသော် မက်ဂရက်ဒီကမေးခွန်းထုတ်လာလေသည်။


"မင်း ဗန်ဝင်စတန်နဲ့ ဘယ်အချိန်ကတည်းက ဒီလောက်ရင်းနှီးသွားတာလဲ" 


ဟန်တာခမျာ တွေဝေမိန်းမောစွာဖြင့် ခေါင်းကိုခါယမ်းပြလိုက်လေသည်။


"ဒီနေ့မှ ပထမဆုံးစကားပြောဖူးတာပဲ"


"တကယ်ကြီးလား"


မက်ဂရက်ဒီ၏မျက်နှာမှာ ဘေးဘက်သို့လှည့်သွားပြီး မျက်နှာအမူအရာကလည်း နောက်တစ်ကြိမ်ဆိုးဝါးသွားရလေတော့သည်။


ဟန်တာလည်း နောက်ဆုံးတော့ လှည့်ပြေးပါတော့သည်။


"အီဗန်ဟန်တာ.. ငါ မင်းလည်ပင်းကိုချိုးပစ်မယ်"


သို့ဖြစ်လေရာ ပန်ဒါမျက်ဝန်းတစ်စုံဖြစ်သည်အထိ အထိုးခံခဲ့ရသောကြောင့် နယူးယော့သို့ပြန်သည့် အပြန်လေကြောင်းခရီးစဉ်တွင် ဟန်တာတစ်ယောက် နေကာမျက်မှန်ကို တပ်သွားရသည်။ သူတို့အသင်း၏မန်နေဂျာဖြစ်သူ မားကပ်စ်က သူ့ဘေးတွင်ထိုင်နေချေသည်။


"ဟန်တာ.. မင်းက ဖော်မြူလာဝမ်းကားပြိုင်ပွဲကိုဝင်တာ မကြာသေးလို့ အသားမကျသေးဘူးဆိုတာ ငါသိပါတယ်။ မင်း အခုထိ ပွဲစဉ်သုံးခုပဲပြိုင်ရသေးတယ်။ မင်းရှေ့ဆက်လျှောက်ရမဲ့လမ်းက အရှည်ကြီးရှိသေးတယ်။ ဒီတော့ စိတ်ဓာတ်ကိုမြှင့်တင်ထားမယ်။ ဟုတ်ပြီလား"


မားကပ်စ်က ဆို၏။


စိတ်ဓာတ်ကိုမြှင့်တင်ရမှာတဲ့လား….သူ့စိတ်ဓာတ်ကို ဘယ်လိုမြှင့်တင်ရမလဲ…


နမူနာကြည့်ရအောင် ကိုယ်စားစိတ်ဓာတ်မြှင့်တင်ပေးရင်ရော ဘယ်လိုလဲ…


"မာဂရက်ဒီက ခင်ဗျားကိုပြောပြီးသွားပြီဆိုတာ ကျွန်တော်သိတယ်။ သူနဲ့ကျွန်တော်က နှစ်ယောက်တည်းက တစ်ယောက်ပဲရှိလို့ရမှာ။ သူရှိရင် ကျွန်တော်ရှိလို့မရဘူး။ ကျွန်တော်ရှိရင်လည်း သူရှိလို့မရဘူး။ ဖြစ်ခဲ့တာတွေက သူ့နောက်မှာရှိနေတဲ့ ဒက်ကိုဗီကို ကျွန်တော်ပိတ်မတားပေးနိုင်ခဲ့လို့ပဲ"


"နားထောင် ဟန်တာ… စဉ်းစားကြည့်လိုက်။ နှစ်တိုင်းနှစ်တိုင်း F1 ကိုဝင်ဖို့စိတ်အားထက်သန်တဲ့ ပြိုင်ကားမောင်းသမားတွေမှ အများကြီးပဲ။ ဒါပေမဲ့ အကုန်လုံးထဲကမှ ငါတို့တွေက မင်းကိုဘာလို့ရွေးချယ်ခဲ့တာလဲ။ ငါတို့အသင်းက မင်းရဲ့လုပ်နိုင်စွမ်းကို ယုံကြည်လို့ပေါ့။ ဒက်ကိုဗီက နာမည်ကြီးလူသစ်တစ်ယောက်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်းမှာလည်း မင်းအားသန်တဲ့နေရာဆိုတာ ရှိတာပဲလေ။ မင်း အာရုံပိုစိုက်ပြီး အကုန်ပေးဆပ်…"


"ကျွန်တော်က ဈေးပေါလို့မဟုတ်ဘူးလား"


ဟန်တာ ခေါင်းမော့ကြည့်လိုက်သော်လည်း နေကာမျက်မှန်ကိုတော့ မချွတ်လိုက်ချေ။


"ဘာ"


မားကပ်စ်ကတော့ ဘယ်ဆီဘယ်ဝယ်က ထွက်လာမှန်းမသိရသည့် ဟန်တာ့ထံမှ ရုတ်တရက်ဆန်သောစကားလုံးများ၏ သွယ်ဝိုက်ညွှန်းဆိုမှုကို နားမလည်ပေ။


"ခင်ဗျားတို့တွေ ကျွန်တော့်ကိုရွေးခဲ့တာက အဲ့ဒီနှစ်တုန်းက ကျွန်တော့်ရဲ့ကြေးက ယူရို၂၅၀၀၀၀ ပဲရှိလို့လေ"


မားကပ်စ်ခမျာ ပါးစပ်ကိုဖွင့်လျက် စကားပြောချင်ပါသော်ငြား ပြောစရာစကားရှာမရတော့ချေ။


ဟန်တာက တစ်ဖက်ကိုလှည့်၍ ဆက်အိပ်ပါတော့သည်။


နောက်လာမည့်ပြိုင်ပွဲများတွင် သူဟာ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားအဖြစ်မှ အရန်ခုံတွင်ထိုင်နေရသူဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသည်။

 

ဤအခြေအနေကိုတော့ သူသဘောမတွေ့လှပေ။ အခြားသူများ ယှဉ်ပြိုင်နေကြချိန်မှာ သူကတော့ ထောင့်တစ်နေရာမှာ ဆောင့်ကြောင့်ထိုင်ရင်း ဆေးလိပ်သောက်ကာ မိုဘိုင်းဂိမ်းကစားနေရုံသာ တတ်နိုင်ပေလိမ့်မည်။


ထို့နောက်တွင်မူ သွားဖို့အချိန်ကျလာလျှင် ထွက်သွားရမည်သာ။


မားကပ်စ်ခမျာ သက်ပြင်းချလိုက်မိပြီး အချိန်အတော်ကြာမှ ပြောလာလေသည်။


"ဒီတစ်ပတ်စနေနေ့ကျရင် ဖယ်ရာရီကကျင်းပတဲ့ ပရဟိတညစာစားပွဲတစ်ခုရှိတယ်။ ငါတို့ကိုလည်းဖိတ်ထားတာ... မင်း သွားတက်သင့်တယ်" 


"ကျွန်‌တော် မသွားတာပိုကောင်းမယ်ထင်တယ်။ ဒက်ကိုဗီက အဲ့ဒီကသတင်းထောက်တွေရှေ့မှာ လှောင်ရယ်နေမှာစိုးတယ်"


ဟန်တာက မီဒီယာများနှင့် ပြောဆိုဆက်ဆံရခြင်းကို သဘောမကျကြောင်း မားကပ်စ်သိသောကြောင့် သူ့ကိုစည်းရုံးရန် ကြိုးစားလိုက်သည်။


"အဲ့ဒီကိုသွားပြီး အစားကောင်းနည်းနည်းလောက်စား.. ရှန်ပိန်လည်းနည်းနည်းလောက်သောက်ခဲ့လေ"


"ကျွန်တော် မသောက်တတ်ဘူး"


"အာ.. မင်းက အသက် ၂၁ နှစ်မပြည့်သေးတာကို ငါမေ့သွားတယ်


မားကပ်စ်က ကရုဏာသက်ဟန်ဖြင့် တမင်လုပ်ပြောလာသည်။


"ဒါပေမဲ့ မင်း ကိတ်မုန့်လေးဘာလေးစားပြီး အလှလေးတွေကိုတော့ ငမ်းလို့ရတယ်လေ"


"ကောင်းပြီလေ.. ကျွန်တော်သွားလိုက်မယ်"


ဟန်တာလည်း စိတ်ထဲမှ တိတ်တိတ်လေးသက်ပြင်းချလိုက်ရသည်။ သူသာသဘောမတူပါက မားကပ်စ်က အကြောင်းပြချက်ပေါင်း သုံးရာ့ခြောက်ဆယ်လောက်ပေး၍ စည်းရုံးနေဦးမည်မှာ ကျိန်းသေပေါက်ပင်။


ထွက်လာသမျှအကြံတိုင်းအတွက် တစ်ရေးအိပ်ပြီးစဉ်းစားနေရန်ပင် မလိုချေ။


လေယာဉ်ဆင်းသက်ချိန်တွင် ဟန်တာက သူ့အိတ်ကိုကောက်ကိုင်ပြီး နယူးယော့ရှိ သူ့တိုက်ခန်းလေးဆီသို့ ပြန်လာခဲ့လိုက်သည်။ ပြန်ရောက်သော် သူ့အိတ်ကို ဘေးပစ်ချပြီးနောက် အိပ်ရာပေါ်သို့ လှဲချပစ်လိုက်လေတော့သည်။


သူဟာ တစ်ကိုယ်တည်းသမားပင်။ ပျင်းဖို့ကောင်းလိုက်သည့်ဖြစ်ခြင်း။


ထို့နောက် သူ့ကွန်ပျူတာကိုဖွင့်ပြီး ပြီးခဲ့သည့်ပွဲစဉ်တုန်းက အကြောင်းအရာများကို သာမန်ကာလျှံကာကြည့်လိုက်မိသည်။


ပထမဆုံးတက်လာသည့်လင့်ခ်မှာ ဖယ်ရာရီ၏လူထုဆက်ဆံရေးအသင်းက တင်လိုက်သောပို့စ်ပင်။


ဝင်စတန်က သူတို့အသင်းမန်နေဂျာ၏နံဘေးတွင် ထိုင်နေလေသည်။ သတင်းထောက်အားလုံးနီးပါး၏ မေးခွန်းများက သူ့ကိုသာ ဦးတည်နေခြင်းဖြစ်ပြီး ထိုမေးခွန်းများကို ပြန်ဖြေနေသူကတော့ သူ့မန်နေဂျာသာ။


"ဝင်စတန်ရေ… ဒီပွဲစဉ်မှာ မင်းက "ငါးမန်းဖြူ"လို့လူသိများတဲ့ ဆိုင်ရယ်ရဲ့နောက်ကနေ စက္ကန့်ဝက်ပဲကွာပြီး ပန်းဝင်ခဲ့တယ်နော်။ ချန်ပီယံဆုဆွတ်ခူးရေးအတွက် မင်းက သူ့ရဲ့အကြီးမားဆုံးအတားအဆီးဖြစ်လာလိမ့်မယ်လို့ ထင်လား"


ဤမေးခွန်းကိုမေးသူမှာ နာမည်ကြီးဖော်မြူလာဝမ်းသတင်းထောက် အော်ဒရေဝီလ်ဆန်ပင် ဖြစ်၏။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment