no

Font
Theme

ထာဝရအကျဉ်းသား


မွန်းတည့်ချိန်တွင် ဝင်စတန်က ဟန်တာ၏ဖုန်းကို တစ်ချက်မြည်ရုံမျှဖြင့် ချက်ချင်းကိုင်လိုက်သည်။


သူ တံခါးမှထွက်လာခဲ့လိုက်သည်။ ခေါ်ဆိုသူမှာ အသင်း၏အာဟာရဗေဒပညာရှင်ထံမှ ဖြစ်၏။


"ဟန်တာလေး.. မင်း နေ့လယ်စာစားဖို့ ဆင်းမလာသေးဘူးပေါ့။ မင်း အချိန်မှန်မှန်စားမှဖြစ်မယ်။ မဟုတ်လို့ကတော့ ပြိုင်ပွဲတွင်းကြီး မင်း လဲကျသွားလိမ့်မယ်ကွ။ နားလည်လား"


"တောင်းပန်ပါတယ်။ ကျွန်တော် သူ့အတွက် စားစရာလာယူလိုက်ပါ့မယ်"


အေးစက်သော်လည်း ယဉ်ကျေးသိမ်မွေ့မှုရှိသည့်အသံတစ်သံ ထွက်ပေါ်လာလေရာ အာဟာရဗေဒပညာရှင်ခမျာ ခဏတာမျှ အသိစိတ်လွတ်သွားရသည်။


"ဟိုဟာ... မင်းဘယ်သူလဲဆိုတာသိလို့ရမလား"


ဤအသံမှာ အဖွဲ့ထဲမှ လူတစ်ယောက်ယောက်၏အသံနှင့် မတူသည်မှာ သေချာပေါက်ပင်။


"ကျွန်တော်က ဝင်စတန်ပါ"


"…အိုး..ဘုရားရေ မင်းက ဝင်စတန်လား။ ဖယ်ရာရီက ဝင်စတန်ပေါ့"


"ဟုတ်ပါတယ်"


"ဘုရားရေ.. မင်း နေ့လယ်စာစားပြီးပြီလား။ မင်းအတွက်ရော ငါပြင်ထားပေးဖို့လိုသေးလား"


အာဟာရဗေဒပညာရှင်ခမျာ စိတ်လှုပ်ရှားသွားရသည်။ ဟန်တာ့အပေါ်ထားသော ဝင်စတန်၏အမြင်မှာ သိပ်မဆိုးလှကြောင်း သူ(မ)ကြားသိထားပြီးဖြစ်သော်ငြား ဟန်တာ၏အခန်းထဲမှာ သူတကယ်ရှိနေလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။


နေပါဦး..ဝင်စတန်က ဟန်တာ့အခန်းထဲမှာရှိနေတယ်ဆိုရင် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုတွေကို ဖလှယ်ရမဲ့အစား ဒီကလေးက ဘာလို့အိပ်ပျော်သွားရတာလဲ....


"အဆင်မပြေမဖြစ်ဘူးဆိုရင်တော့ ကျေးဇူးတင်ပါတယ်"


ဝင်စတန်၏အဖြေက အာဟာရဗေဒပညာရှင်အား ဝမ်းမြောက်ဝမ်းသာဖြစ်သွားစေသည်။


ဘုရားရေ... အံ့သြစရာပဲ ဝင်စတန်က သူတို့ပြင်ဆင်ထားတဲ့ အာဟာရဖြည့်အစားအသောက်ကို စားချင်တာတဲ့လေ...


ဝင်စတန်က နေ့လယ်စာအမြောက်အများကို ယူရန်အတွက် စားသောက်ဆိုင်သို့ ဆင်းလာလိုက်သောအခါ နေ့လယ်စာစားပြီးသွားသော အသင်းတစ်ခုလုံးလည်း အံ့အားသင့်သွားကြလေသည်။


"ဟို..ဟန်တာရောအဆင်ပြေရဲ့လား"


နည်းဗျူဟာလေ့လာသုံးသပ်သူတစ်ဦးက စိုးရိမ်ပူပန်စွာ မေးခွန်းထုတ်လာလေသည်။ 

"သူနေကောင်းပါတယ်။ အိပ်နေလို့ပါ"


ဝင်စတန်က ထိုသို့ပြန်ပြောပြီးနောက် မားကပ်စ်ဘက်ကို လှည့်လိုက်သည်။


မားကပ်စ်ကလည်း သူနှင့်လက်ဆွဲနှုတ်ဆက်ဖို့ မတ်တတ်ထရပ်လိုက်ချေသည်။ အဆုံးတွင် ဝင်စတန်၏စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီး သူတို့အသင်းတွင်ပါဝင်ရန် ဆန္ဒရှိလာခြင်းမျိုးလည်း ဖြစ်နိုင်လေမလား။


"မစ္စတာမားကပ်စ်.. Silverstone မှာ ဟန်တာပြိုင်ရမဲ့ပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြံဥာဏ်လေးတစ်ခုပေးချင်ပါတယ်"


အကယ်၍ မားကပ်စ်၏အသင်းကို အကြံဉာဏ်လာပေးသူမှာ ဝင်စတန်မဟုတ်ဘဲ အခြားအသင်းတစ်ခုခုမှ ကစားသမားတစ်ယောက်ဖြစ်ပါက အခြားသူများကို မောက်မောက်မာမာဖြင့်အရှက်ခွဲတတ်သည့် သွေးနားထင်ရောက်နေသူတစ်ယောက်ဟုသာ လူတိုင်းထင်မိကြပေလိမ့်မည်။


သို့သော် ဝင်စတန်၏မျက်နှာထက်တွင် မလိုလားအပ်သောအမူအရာတစ်ခုမှမရှိဘဲ သူ့လေသံကလည်းတည်ငြိမ်အေးဆေးပြီး သမာသမတ်ကျလေသည်။ ထိုအစား မည်သူမှ အဆိုးမြင်စိတ်ကိုမခံစားရစေရန် သူစွမ်းဆောင်ခဲ့သည်။


"ရတာပေါ့"


"ဟန်တာ့ရဲ့နည်းပညာကျွမ်းကျင်မှုနဲ့ ခင်ဗျားတို့ကားရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် သူက သုံးကြိမ်ကားရပ်နားဖို့သင့်တော်တယ်။ တကယ်လို့ နောက်ဆုံးဆယ်ပတ်မှာ ဒေါ်နယ်လ်နဲ့ပန်နီကို ကျော်တက်ဖို့ သူအခွင့်အရေးရခဲ့ရင် လေးကြိမ်မြောက်ကားရပ်နားတာလည်း ဘာပြဿနာမှမရှိဘူး"


ဝင်စတန်၏စကားကြောင့် မားကပ်စ်ခမျာ အံ့အားသင့်သွားရလေသည်။ 


"မင်းပြောနေတာက... ဟန်တာက Sauber အသင်းရဲ့ဒေါ်နယ်လ်နဲ့ Renault အသင်းရဲ့ပန်နီကို ကျော်တက်နိုင်တယ်ပေါ့"


မားကပ်စ်၏အမူအရာမှာ 'ဒါက စိတ်ကူးယဉ်ဆန်လွန်းနေတယ်'ဟု ဖော်ပြနေသည့်အလားပင်။


ဟန်တာ့အနေနှင့် ယခင်ပွဲစဉ်များတွင် အဆင့်ခြောက်နေရာ၌ ရပ်တည်နိုင်ခြင်းက တစ်သင်းလုံး၏စံချိန်ကို ချိုးနိုင်ခဲ့သည်။


သို့သော် သူ့အနေနှင့် နောက်ထပ်စံချိန်ထပ်ချိုးဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။ သူသာ Silverstone ၏ ထိပ်တန်းဆယ်ယောက်နေရာတွင် ဆက်ရပ်တည်နေနိုင်လျှင်ပင် မားကပ်စ်အဖို့ ဝမ်းမြောက်နေရမည်ဖြစ်၏။


"ဒါပေါ့။ သူလုပ်နိုင်တယ်"


ပြီးစီးသွားသည့်အခါ ဝင်စတန်က ပန်းကန်ကိုသယ်ပြီး ထွက်လာခဲ့လိုက်သည်။


တစ်ဖက်တွင်မူ မားကပ်စ်က သူ့ဘေးနားရှိ နည်းပညာဒါရိုက်တာကို ခပ်ဆိတ်ဆိတ်ကြည့်နေမိသည်။


နည်းပညာဒါရိုက်တာကတော့ ပခုံးတွန့်ပြလေသည်။


"ဟန်တာသာ ဖယ်ရာရီကိုမောင်းရင် အဲ့ဒါကဖြစ်နိုင်မလားပဲ"


"ဟေ့.. ငါတို့ ဒီနှစ် ဖယ်ရာရီအင်ဂျင်တွေသုံးနေတာပါနော်။ ဟုတ်ပြီလား"


"ဒါဆို အခွင့်အရေးရှိသေးတာလား"


ဟန်တာတစ်ယောက် အစားအသောက်များ၏ရနံ့ကြောင့် နိုးလာသည်။


သူမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ခုတင်ဘေးမှာထိုင်နေသည့် ဝင်စတန်ကိုတွေ့လိုက်ရသည်။


"ဟေး... ကျွန်တော်အိပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ"


"နှစ်နာရီ"


"အိုး... ဒီနေ့လယ်စာကို အသင်းကပြင်ပေးထားတာလား"


“အင်း”


"ဒါကိုခင်ဗျားသွားယူပေးထားတာလား"


"အင်း"


ထိုအခိုက်အတန့်မှာ ဖြစ်သွားကြမည့် ကျန်အသင်းသားများ၏အမူအရာကို ဟန်တာ ခန့်မှန်းကြည့်နိုင်သည်။


"လာစားလေ။ အရသာရှိလောက်မှာ”


ဟန်တာလည်း ဝင်စတန်လှမ်းပေးလာသောပန်းကန်ကို ကိုင်လိုက်ပြီးနောက် အနည်းငယ်အံ့သြမှင်တက်သွားရသည်။


ဘယ်လိုပြောရပါ့.. ဝင်စတန့်လိုမျိုး ရှေးရိုးဆန်တဲ့လူတစ်ယောက်က တခြားလူနဲ့အတူ အိပ်ယာပေါ်မှာစားတတ်တဲ့ အကျင့်ရှိမှာမဟုတ်လောက်ဘူးမလား...


ဟန်တာ ပါးစပ်ထဲသို့ အစားအသောက်များထိုးသွပ်ရင်း သူ့ကို ချောင်းမကြည့်ဘဲမနေနိုင်ပေ။


သူ စပါကတီကို ကော်ခပ်နေစဉ် သူ့လက်ချောင်းနှင့်လက်ကောက်ဝတ်၏လှုပ်ရှားမှုမှာ အလွန်ကြော့မော့တင့်တယ်လှသည်။ ထို့ပြင် နှုတ်ခမ်းဝဆီသို့ စပါကတီကိုသယ်လာချိန်မှာလည်း ငိုက်စိုက်ကျနေသည့် သူ့မျက်ခုံးအစုံမှာ အလွန်ပြေပြစ်လှသည်။ ဟန်တာ့မှ အကြည့်ပင်မလွှဲနိုင်ခဲ့ချေ။


"ဘာကြည့်နေတာလဲ"


ဝင်စတန်က မော့ကြည့်လာသည်။


သူတို့သည် မူလက အလွန်နီးနီးကပ်ကပ်ထိုင်နေခြင်းဖြစ်သောကြောင့် ဝင်စတန်၏မျက်လုံးများကိုလည်း သူမြင်နေရသည်။ ဟန်တာ၏နှလုံးသားအတွင်းနက်နက်ထဲဝယ် အကြောင်းပြချက်မရှိပါဘဲ ဖော်ပြ၍မစွမ်းသာသော တုန်လှုပ်ချောက်ချားမှုလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။ 


"ခင်ဗျားရဲ့ပန်းကန်ထဲမှာကျတော့ ဂျာမန်ဝက်အူချောင်းတွေရှိပြီး ကျွန်တော်ကျတော့ဘာလို့မရှိတာလဲ"


ဟန်တာ အကြောင်းပြချက်တစ်ခုကို အမှတ်တမဲ့ရှာတွေ့လိုက်သည်။


"အာဟာရဗေဒပညာရှင်ပြောတာတော့ မင်းက ဂျာမန်ဝက်အူချောင်းတွေကိုမုန်းတယ်ဆို" 


"ဒါပေမဲ့ ဒီနေ့တော့ သိပ်မဆိုးဘူးပဲ"


ဝင်စတန်က ဘာတစ်ခွန်းမှမပြောဘဲ ခက်ရင်းဖြင့် အပိုင်းသေးသေးလေးတစ်ခုလှီးဖြတ်ပြီး ဟန်တာ့နှုတ်ခမ်းနားသို့ ပို့ပေးလိုက်သည်။


“ဒါဆို မြည်းကြည့်လေ"


ဟန်တာ၏ သေးငယ်သောနှလုံးသားလေးဟာ အကြောင်းပြချက်မရှိ တုန်လှုပ်သွားရသည်။ သူ ဝက်အူချောင်းကိုမျိုချရန်အတွက် ခေါင်းငုံ့လိုက်သည်။


ဝင်စတန်ကတော့ ကညွတ်နှင့်ပါစတာကို ထိုးကော်ကာ သူ့ပါးစပ်ထဲထည့်လိုက်ပြီး မတိုင်မီက သူ့ခက်ရင်းကို ဟန်တာထိတွေ့ခဲ့သည့်အကြောင်းကိုမူ လျစ်လျူရှူထားလိုက်ချေသည်။


"ကောင်းတယ်ထင်တာပဲ။ နောက်တစ်ဖဲ့ပေးလို့ရမလား"


တစ်ဖက်လူက သူ့အား ထပ်ကျွေးလေမလားဆိုသည်ကို ဟန်တာသိချင်မိသည်။


တကယ်တမ်းတွင်မူ အရသာ သိပ်မရှိလှချေ။


"ကိုယ့်ဘာသာယူစား"ဟု ဝင်စတန်က ပြန်ဖြေလာသည်။


ဟန်တာခမျာ စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။


သူ့ဘာသာယူစားရမယ်ဆိုရင် ဒီလိုထူးဆန်းတဲ့အရာကြီးကို ဘာလို့စားမှာတဲ့လဲ...


"ပြောပါဦး..ကျွန်တော် ထိပ်ဆုံးခြောက်ယောက်နေရာကိုဝင်ဖို့ ခင်ဗျား ဘယ်လိုအားပေးဖို့ စီစဉ်ထားလဲ"


ဟန်တာက သူ့ပန်းကန်ပြားကိုချလိုက်ပြီး ဝင်စတန့်ကို မျှော်လင့်တကြီး ကြည့်လိုက်မိသည်။


တစ်ဖက်လူကား အမူအရာနည်းနည်းပင် မပြောင်းသွားပေ။


"ဆဋ္ဌမနေရာရဖို့ သေချာနေပြီမဟုတ်ဘူးလား"


"ခင်ဗျားက ကျွန်တော့်ကိုတကယ်ယုံကြည်မှုရှိတာလား။ ဒါမှမဟုတ် ဒီတိုင်းဝတ်ကျေတန်းကျေလုပ်နေတာလား"


"မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကို ကိုယ် ဘယ်တော့မှဝတ်ကျေတန်းကျေမလုပ်ဘူး"


အဆုံးတွင် ဝင်စတန်က ဟန်တာ့ကိုမော့ကြည့်လာသည်။


ယိမ်းယိုင်နေသော အထွတ်အထိပ်ကို ထောက်ပံ့ပေးထားသည့်အတွက် ဆူပူအုံကြွရန်အကြောင်းမရှိပေ။


“ဒါက ကျွန်တော် လန်ဒန်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာပဲ…”


"ကိုယ်သိတယ်။ မင်း ထိပ်ဆုံးခြောက်ယောက်ထဲဝင်ရင် ကိုယ် မင်းကို လန်ဒန်အနှံ့လိုက်ပို့ပေးမယ်။ မင်းဘယ်သွားချင်လဲ"


ဟုတ်သားပဲ။ ဝင်စတန်က ဗြိတိန်သားကိုး...


"London Eye လေ။ ကမ္ဘာပျက်ကပ်ရုပ်ရှင်တွေထဲမှာဆိုရင် London Eye ကြီး ပြိုလဲကျနေတဲ့ဇာတ်ကွက်တစ်ခုတော့ အမြဲပါတယ်"


“အဲ့ဒါက ကမ္ဘာ့စတုတ္ထနေရာမှာရှိတဲ့ ချားရထားတစ်ခုပဲ။ တစ်ပတ်ပြည့်ဖို့ မိနစ်သုံးဆယ်ကြာတယ်။ ဒါပေမဲ့ ၁၀ မိနစ်တောင်မကြာဘူး ပျင်းသွားမှာ"


ဝင်စတန်က ဘာမှမထူးခြားဟန်ဖြင့် ရှင်းပြလေသည်။


"အင်း.. ခင်ဗျားပြောတဲ့ပုံက ကျွန်တော့်အကြောင်းပဲကောင်းကောင်းသိနေသလိုနဲ့"


“ဟုတ်တယ်လေ။ အဲဒီအချိန်ကျရင် မင်း အိပ်ငိုက်လာပြီး မိန်းမတွေရဲ့ရိုမန့်ဆိုတာကို နားမလည်နိုင်ဘူးလို့ ပြောလာလိမ့်မယ်"


ဝင်စတန်က ပန်းကန်ပြားကိုဘေးချထားလိုက်ပြီး မေးစေ့ကိုမော်ထားလိုက်သည်။


ထိုစိတ်နေသဘောထားမှာ ဟန်တာ၏အကြိုက်ကို အထင်အမြင်သေးနေသည်မှာ သေချာလှသည်။


"ဟေး.. ချန်ပီယံဆုပြိုင်ပွဲပြီးရင် ခင်ဗျားချစ်ရတဲ့သူကို London Eye ဆီကို လည်ပတ်ကြည့်ရှုဖို့ခေါ်လာလို့ရတယ်လို့ မတွေးဖူးဘူးလား။ ခင်ဗျား သူ့ကိုပွေ့ဖက်ပြီး နမ်းလို့လည်းရတယ်လေ။ ဆိုတော့ ဘာလို့ပျင်းရမှာလဲ”


"ကိုယ်နားလည်ပြီ။ မိနစ်သုံးဆယ်ဆိုတာက ချစ်မှုရေးရာတွေလုပ်ဖို့လုံလောက်တဲ့အချိန်ပဲ"


ဟန်တာ့ခမျာ သူ့စပါကတီများကိုပင် ထွေးထုတ်လုမိမတတ်ပင်။


“ဝင်စတန်.. ခင်ဗျားသတ္တိရှိရင် ခင်ဗျားကိုအင်တာဗျူးတဲ့ မီဒီယာတွေအကုန်လုံးကို ဒီအတိုင်းပဲပြန်ပြောလိုက်လေ" 


"ရတာပေါ့။ ဒါပေမဲ့ မင်းပေးတဲ့အကြောင်းပြချက်က လုံလောက်တဲ့အတွက် London Eye ကိုကြည့်ဖို့ မင်းကို ကိုယ်လိုက်ပို့ပေးနိုင်ပါတယ်။ တခြားဘယ်နေရာကိုသွားချင်သေးလဲ" 


"လန်ဒန်မျှော်စင်"


"အဲဒါက အကျဉ်းသားတွေကိုချုပ်နှောင်ထားတဲ့နေရာလေ"


"အထဲမှာ တကယ်ပဲမှောင်မည်းနေတာလား"


"ပုံမှန်ပါပဲ"


"ကျွန်တော်သာ ဘုရင်ဖြစ်ခဲ့ရင် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ကျွန်တော်ဘာလုပ်မလဲဆိုတာခန့်မှန်းကြည့်"


ဟန်တာက ရယ်မောလိုက်လေရာ သူ့ပန်းကန်ပြားမှာ ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။ ဝင်စတန်က အိပ်ရာအစွန်ဘက်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားရင်း ကျန်တစ်ဖက်က ပန်းကန်ပြားအောက်ခြေကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ 


"မင်းဘာလုပ်ဖို့စီစဉ်ထားလဲ"


ဤအနေအထားတွင် ဝင်စတန့်အနေနှင့် ဟန်တာ၏မျက်လုံးများကို အောက်ဘက်မှမော့ကြည့်နိုင်လေသည်။ 


သူ၏ထွက်သက်ဝင်သက်က ဟန်တာ၏နှုတ်ခမ်းများကိုဖြတ်ကျော်သွားပြီး သွားကြားအက်ကွဲကြောင်းများမှတစ်ဆင့် စိမ့်ဝင်သွားသည့်တိုင် သူ့လျှာဖျားကိုထိမိတော့မည့်အချိန်တွင် ပျောက်ကွယ်သွားချေသည်။


"ကျွန်တော် ခင်ဗျားကို လန်ဒန်မျှော်စင်မှာ အကျဉ်းချထားမယ်။ ခင်ဗျားကို ကျွန်တော့်ရဲ့ထာဝရအကျဉ်းသားအဖြစ် သတ်မှတ်မယ်"


ဟန်တာလည်း သူရူးသွပ်သွားသလို ခံစားလိုက်ရသည်။ သူဘာကြောင့် ယခုလိုစကားမျိုးပြောနေမိမှန်းလည်း မသိပေ။


မူလတုန်းက သူပြောချင်သည်မှာ လန်ဒန်မျှော်စင်ကို ကလေးများ အခမဲ့ဆော့ကစားနိုင်သည့် ချင်းနံ့သင်းသည့်ပေါင်မုန့်အိမ်အဖြစ် အလှဆင်မည်ဟုပင်။


သို့သော် ဝင်စတန်က သူ့အနားသို့ ပိုမိုနီးကပ်လာသည့်အခါ သူ့လျှာဖျား၊ သူ့အသံကြိုးများနှင့် သူ့ဦးနှောက်ကပင် သူ့အပိုင်မဟုတ်တော့သလို ခံစားရသည်။ 


သူ အလွန်အမင်းစိတ်လှုပ်ရှားနေခြင်း မရှိသော်လည်း ဝင်စတန်၏အေးတိအေးစက်နိုင်သောဟာသများကို တွေးကြည့်လိုက်မိသောအခါ ထိုအရာက ဘာမှမဟုတ်တော့ကြောင်း သူခံစားလိုက်ရသည်။ 


"ကောင်းပြီလေ"


ဝင်စတန်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။


“ကောင်းပြီ… ဘာကောင်းတာလဲ"


ကျွန်တော်နဲ့အတူ လန်ဒန်မျှော်စင်ကို သွားလည်ဖို့လား။ ဒါမှမဟုတ် ကျွန်တော့်ရဲ့အကျဉ်းသားဖြစ်ဖို့လား...


ကျွန်တော့်ကို သံသယတွေနဲ့မထားခဲ့ပါနဲ့။ မေးတာကိုဖြေပေးပါ..


သူ့မေးခွန်းကိုဖြေရမည့်အစား ဝင်စတန်က စကားလမ်းကြောင်းလွှဲလိုက်ပြီး "တခြားဘယ်နေရာသွားဦးမလဲ"ဟု မေးလာလေသည်။


ထားလိုက်ပါတော့... ဝင်စတန်က သူ့ကို ဘယ်တော့မှအဖြေပေးမည်မဟုတ်။


"Eton ကောလိပ်... လန်ဒန်နဲ့တအားဝေးလား။ ခင်ဗျားရဲ့အနက်ရောင်ဖယ်ရာရီကို မောင်းသွားရင်ရော"


လမ်းတစ်လျှောက်မှာလည်း သူမောင်းကြည့်လို့ရသည်။


"မင်းက စာလေ့လာချင်တဲ့လူမဟုတ်ဘူးလေ"


ဝင်စတန်၏ဆိုလိုရင်းမှာ ဟန်တာသည် ဂုဏ်သတင်းကြီးသောကျောင်းများကို တောင့်တတတ်သူမဟုတ်သောကြောင့် Eton ကောလိပ်သို့ သွားရောက်လည်ပတ်ရန်အတွက် အဘယ်ကြောင့်အဝေးကြီးကိုသွားချင်ရလေသလဲဟုပင်။


"ဟေး.. အရင်တုန်းက အဲ့ဒါက မင်းမျိုးမင်းနွယ်တွေတက်တဲ့ကျောင်းလေ။ တော်ဝင်ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်ဖို့အတွက် အဲဒီကိုသွားတာ သွားလို့မရဘူးလား"


“ဒါဆို မသွားနဲ့”


ဝင်စတန်က ပြန်ဖြေလိုက်ချေသည်။


"ဘာလို့လဲ"


"အိုး..."


ဟန်တာခမျာ ကြောင်အသွားရလေသည်။


"ခင်ဗျားမှာ တော်ဝင်မြင့်မြတ်တဲ့အငွေ့အသက်မျိုးရှိတယ်လို့ လူတော်တော်များများက မှတ်ချက်ပေးကြတာ မဆန်းပါဘူး။ ခင်ဗျားက တော်ဝင်ပညာရေးကို သင်ယူခဲ့ရတာကိုး”


လက်တွေ့တွင် Eton ကောလိပ်သည် ၎င်း၏ လွန်ကဲမှုမှလွဲ၍ မည်သို့သော ဖိနှိပ်မှုအငွေ့အသက်မျိုးရှိသည်ကို သူမြင်ချင်သည်။ နီပေါ၏အိမ်ရှေ့မင်းကို ရူးသွပ်စေရန်၊ မရိုးသားသောအလုပ်တွင်ပါဝင်သည့် Baron Brocket3 နှင့် သူ၏ရတနာများကို လုယက်မှုအတုလုပ်ခြင်းဖြင့် လှည့်စားမှုကျူးလွန်ခဲ့သော Darius Guppy 4 ကို ပညာပေးရန်အတွက် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။


၎င်း၏ဂုဏ်သတင်းကျော်ကြားမှုကလွဲပြီး Eton ကောလိပ်တွင် မည်မျှအထိတင်းကျပ်သော ပတ်ဝန်းကျင်မျိုးရှိလေသလဲဆိုသည်ကို သူသိချင်မိသည်။ ဤနေရာမှာ နီပေါအိမ်ရှေ့စံမင်းသားကို ရူးသွပ်သွားအောင်လုပ်ခဲ့ပြီး မကောင်းမှုဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ခဲ့သော ဘာရွန်ဘရိုကတ်နှင့် ရတနာများကိုအတုလုပ်ကာ လိမ်လည်မှုကျူးလွန်ခဲ့သည့် ဒဲရီးယပ်စ်ဂူပီတို့ ပညာသင်ကြားရာနေရာလည်းဖြစ်၏။


ဝင်စတန်က အေးအေးလူလူဆိုလာချေသည်။


"မင်းရဲ့စိတ်နှလုံးထဲမှာ မင်းမျိုးမင်းနွယ်တွေနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်ကို တကယ်တွေ့ကြုံခံစားချင်လို့မဟုတ်ဘဲ တော်ဝင်ပညာရေးလို့ခေါ်တဲ့အရာကို လှောင်ရယ်နေတာမဟုတ်လား" 


ဟန်တာခမျာ အနည်းငယ်ဆို့နင့်သွားရလေသည်။ 


ထို့နောက် ရုတ်တရက်ဆိုသလို အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည်။


ဘာကြောင့်များ ဝင်စတန်ဗန်က သူ့ကို နားအလည်ဆုံးလူတစ်ယောက် ဖြစ်နေရလေသလဲ။


"ဟေး.. အရင်တုန်းက ကျွန်တော်ဆဲတာကို ခင်ဗျား ဘယ်တုန်းကကကြားဖူးတာလဲဆိုတာ ပြောမပြရသေးဘူးနော်။ အဲ့ဒီစကားသုံးခွန်းကို ကျွန်တော်ပြောတယ်ဆိုတာ ခင်ဗျားဘယ်တုန်းကကြားခဲ့တာလဲ"


ဟန်တာလည်း နောက်ဆုံးမှာတော့ ဤကိစ္စကို နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။


"အရင်ဘဝတုန်းကလေ"


"လုပ်ပြန်ပြီ။ အရင်ဘဝတုန်းကတဲ့။ ခင်ဗျားရဲ့အဖြေက တအားပြီးစလွယ်နိုင်တာပဲ"


ဟန်တာ ရုတ်တရက်စိတ်ဝင်စားသွားရသည်။ တစ်ခါတစ်ရံတွင် ဝင်စတန်က တစ်စုံတစ်ခုကိုဝန်ခံပြောဆိုနေပုံပေါက်သည်ဟု သူခံစားမိသည်။ ဒွိဟဖြစ်စေသော အေးတိအေးစက်နိုင်လှသည့် သူ့ဟာသများကလည်း လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်တို့ ကိန်းအောင်းနေချေသည်။ ယခင်ဘဝအကြောင်းမှာ အမှန်တကယ်ပင်စစ်မှန်သည်ဆိုပါက ဤအကြောင်းအရာကို ဆက်ပြောကြည့်လိုက်မည်။ ထိုအခါ ဤလူ ဘာများဆက်ပြောလာလေမလဲဆိုသည်ကို စောင့်ကြည့်ရမည်။


"ဟုတ်ပြီလေ။ ခင်ဗျား ကျွန်တော့်ကိုပြောပြ။ အရင်ဘဝတုန်းက ကျွန်တော်ဆဲတာကို ခင်ဗျားဘယ်အချိန်တုန်းကကြားခဲ့တာလဲ"


ဟန်တာ ဒူးထောက်ထားလျက် တစ်ဖက်လူကို စိတ်ဝင်တစားကြည့်နေလိုက်သည်။



စာရေးသူမှာပြောစရာရှိပါတယ်


ကြက်ဥကြော်နေရင်း...


ဝင်စတန် : ကိုယ်က အစကတည်းက မင်းရဲ့ထာဝရအကျဉ်းသားပါပဲ။ ဒါပေမဲ့ ကိုယ့်လွတ်လပ်ခွင့်ကို ပျောက်ဆုံးသွားစေခဲ့တဲ့နေရာကတော့ လန်ဒန်မျှော်စင်မဟုတ်ဘူး


ဟန်တာ : ဒါဆို ဘယ်နေရာလဲ


ဝင်စတန် : ဒီနေရာလေ


ဟန်တာ : သောက်ကျိုးနည်း... ခင်ဗျား ဘယ်ကိုလာထိနေတာလဲ


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment