no

Font
Theme

ဒါဆိုရင် ခင်ဗျား ပျောက်ကွယ်မသွားဖို့ ကျွန်တော်တောင်းဆိုချင်တယ် (၂)


မနက်ခင်းစောစောတွင် နှိုးစက်မြည်လာသောအခါ ဟန်တာ အိပ်ရာထဲမှ ထထိုင်လိုက်သည်။


စံသတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ကြည့်ပါက သူ့အိပ်ချိန်က နှစ်နာရီမျှနည်းနေသော်ငြား မျှော်လင့်မထားပါဘဲ တက်ကြွနေလေသည်။


မနက်စာစားပြီးနောက် ပြိုင်ပွဲမစခင် နောက်ဆုံးအစည်းအဝေးတစ်ခု ရှိသေးသည်။


"ဟန်တာ... မင်းက အကောင်းဆုံးကြိုးစားဖို့ပဲလိုတယ်"


အစည်းအဝေးပြီးသွားသည့်နောက် မားကပ်စ်က သူ့အားပြေးဖက်လေသည်။


'အကောင်းဆုံးကြိုးစား'ဟူသောစကားမှာ သူ့တွင် မျှော်လင့်ချက်များများစားစားမရှိဟု သွယ်ဝိုက်ညွှန်းဆိုလိုက်ခြင်းဖြစ်သည်။ သူ့နောက်ဆုံးပွဲစဉ်သုံးခုကလည်း ပြောပလောက်စရာမရှိသဖြင့် သူ့အသင်းဖော်များအကြား အမြင့်ဆုံးအဆင့်ကို ရခဲ့သည့်တိုင် အဓိကပြိုင်ပွဲတွင် သူ့နေရာကိုထိန်းထားနိုင်မည်မဟုတ်ဟုသာ လူတိုင်းကတွေးထားကြသည်။


သူတို့ ဟိုတယ်ကိုပြန်ကြသောအခါ ဓာတ်လှေကားထဲကိုဝင်လိုက်လေရာ မထင်မှတ်ထားဘဲ ဝင်စတန်နှင့် ပက်ပင်းတိုးပါတော့သည်။


သူဟာ ယခင်ကအတိုင်း အမှုမထားလေဟန်အမူအရာနှင့်သာ မားကပစ်နှင့်ဟန်တာကို ခေါင်းဆတ်ရုံဆတ်ပြသည်။


ခန်းမထဲသို့ရောက်သွားသည့်အခါ ဟန်တာတစ်ယောက် ဒုက္ခိတဖြစ်နေရှာသူမက်ဂရက်ဒီကို ဝင်တိုက်မိမတတ်ဖြစ်သွားရသည်။


စိတ်အခြေအနေမကောင်းလှသော မက်ဂရက်ဒီကလည်း အေးတိအေးစက်နိုင်လှသောလှောင်ပြုံးပြုံးလိုက်သည်။


"မင်းကိုကြည့်ရတာ ကိုယ့်ကိုယ်ကိုယ်တအားကျေနပ်နေပုံပဲ"


"ငါ ဘာမှမကျေနပ်ပါဘူး"


ယန်တာခမျာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။


"ကောင်းပြီလေ။ စပိန် Grand Prix ပြိုင်ပွဲတုန်းကကိစ္စက ငါ့အမှားပါ။ ငါ မင်းအတွက်သောက်စရာတစ်ခုသွားယူပြီး မင်းအတွက်ကိုင်ထားပေးမယ်။ ပြီးရင် မင်း ငါ့ခေါင်းပေါ်ကနေ လောင်းချလို့ရတာပေါ့။ မင်းဘယ်လိုထင်လဲ"


ဟန်တာလည်း ယခင်က သူလုပ်ခဲ့သည့် ကတ်သီးကတ်သပ်နိုင်လှသောလုပ်ရပ်များကို ပြန်ဖြေရှင်းရန် ဆုံးဖြတ်ချက်ချလိုက်သော်လည်း မက်ဂရက်ဒီ၏မျက်နှာအမူအရာကတော့ ချက်ချင်းပြောင်းလဲသွားလေသည်။


အရည်အချင်းစစ်ပြိုင်ပွဲတုန်းက ရခဲ့သည့်ရလဒ်ကြောင့် ဟန်တာက ဘဝင်ခိုက်နေပြီး သူ့အား ရန်စရန်အတွက် ထိုအကြောင်းကို အစဖော်လိုက်သည်ဟု သူထင်သွားလေသည်။


"ပုံမှန်ဆိုရင် မင်းက အဆင့် ၁၅ ကနေ ၁၈ အတွင်းမှာပဲရှိတာ။ အဲ့ဒါက ဘာသဘောလဲဆိုရင် အနည်းဆုံးတော့ မင်းရှေ့မှာ ပြိုင်ကားမောင်းသမားခုနစ်ယောက်ကနေ ဆယ်ယောက်လောက်တော့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ အချိန်ကျလာတဲ့အခါ မင်း စကားထစ်သလိုမျိုး ကားကိုမမောင်းမိဖို့ ငါမျှော်လင့်ပါတယ်"


မက်ဂရက်ဒီ၏မျက်နှာထက်မှာ မလိုတမာစိတ်များဖြင့် ပြည့်နှက်နေလေသည်။ ဤသည်မှာ 'အပြန်အလှန်ဒုက္ခပေးခြင်း'ပေတည်း။


"တော်သင့်ပြီ မက်ဂရက်ဒီ။ မင်းရဲ့ခြေကျင်းဝတ် ပြန်သက်သာလာတဲ့အချိန်အထိ စောင့်နေလိုက်။ အဲ့ဒီကျရင် ငါတို့ မင်းကိုဝင်ပြိုင်ခိုင်းမယ်။ ဟန်တာ့ကို ဒီလိုဆက်ဆံစရာမလိုဘူး"


မားကပ်စ်တစ်ယောက် စိတ်မရှည်တော့ပေ။


ဟန်တာက မက်ဂရက်ဒီကို ခွန်းတုံ့ပြန်ဖို့ အစီအစဉ်မရှိချေ။ သူ့မျက်လုံးထဲတွင်မူ ဤသည်မှာ ဟန်ဆောင်မှုသက်သက်သာဖြစ်၏။


"ငါသတိမထားမိဘူးလို့ မင်းထင်နေတာပေါ့။ ညလယ်ခေါင်ကြီး ဖယ်ရာရီအသင်းက ဝင်စတန်နဲ့အတူရှိနေတာလေ။ ဒီနေ့ပြိုင်ပွဲမှာ ဘယ်လိုအနိုင်ယူရမလဲဆိုတာကို သူသင်ပေးခဲ့တာလား။ အဲ့ဒါက လုံးဝအကူအညီဖြစ်မှာမဟုတ်ဘူး။ ဝင်စတန်က မင်းအပေါ် စိတ်ရင်းမှန်တယ်လို့များ တကယ်ကြီးထင်နေတာလား။ မင်းလိုအရှုံးသမားကို ဉာဏ်ကြီးရှင်တစ်ယောက်က ဒီလိုပဲဆက်ဆံတာကွ"


ဟန်တာ့စိတ်ထဲ ရေရွတ်နေမိသည်။


အသက်ကိုဝအောင်ရှူ... စိတ်မတိုလိုက်နဲ့ ဒေါသမထွက်နဲ့...


"မနေ့ညတုန်းက မင်း ဝင်စတန်နဲ့အတူရှိနေခဲ့တာလား။ ဘယ်အချိန်ကလဲ"


မားကပ်စ်လည်း အံ့သြမှင်တက်သွားရလေသည်။


ထိုအချိန်တွင် ဝင်စတန်က ဟန်တာ့နောက်၌ မတ်တတ်ရပ်လိုက်ပေသည်။


ဤမြင်ကွင်းကြောင့် မားကပ်စ်လည်း အလွန်တရာရှက်ပြီး စိတ်လှုပ်ရှားသွားရသည်။


သို့သော် မက်ဂရက်ဒီကတော့ နောက်ပြန်ဆုတ်လိုဟန် ရည်ရွယ်ချက်မရှိပေ။ ဝင်စတန်က သူပြောသည့်စကားများကို နားထောင်နေသည့်အတွက် ပို၍ပင်စိတ်လှုပ်ရှားနေသေးသည်။


"မင်း ဝင်စတန်ကိုဘာပဲပြောပြော သူနဲ့ဘာအကြောင်းပဲဆွေးနွေးဆွေးနွေး... သူက မင်းကိုအောင်မြင်ခွင့်ပေးမယ်လို့ထင်နေတာလား။ တအားမနုံစမ်းပါနဲ့။ အဲ့ဒါက ထိပ်ဆုံးမှာရှိတဲ့လူတစ်ယောက်ရဲ့ သနားကရုဏာသက်သက်ပဲ"


စိတ်မတိုနဲ့ ဟန်တာ... စိတ်မတိုနဲ့...


ဟန်တာခမျာ လက်သီးတင်းတင်းဆုပ်ထားရင်း နှလုံးခုန်နှုန်းကို လျှော့ချရန် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးလိုက်ပါသော်လည်း ထိုသို့မလုပ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။


စိတ်ထိန်းထား ဟန်တာ...


သူ့ကြောင့်နဲ့ ဒေါသမထွက်မိစေနဲ့ ဟန်တာ...


မင်း ဒေါသမထွက်တာကြာပြီပဲ သူ့ကိုရန်စခွင့်မပေးလိုက်နဲ့...


သို့သော် သူသည်းခံလေလေ သည်းခံရပိုခက်ခဲလေလေပင်။


"မင်း ဘာလို့စကားမပြောတာလဲ အထစ်.. ဒါမှမဟုတ် မင်းရဲ့အတွင်းစိတ်ထဲမှာသိပြီးသားမလား။ မင်းနဲ့ဝင်စတန်တို့က ဘယ်လောက်ပဲရင်းနှီးရင်းနှီး မင်းကတော့ အလကားကောင်ပဲဖြစ်နေဦးမှာဆိုတာကိုလေ။ မင်းက ထာဝရအောက်ဆုံးအဆင့်မှာပဲရှိနေမှာ"


သွေးများက သူ့နှလုံးသားထဲမှ ပေါက်ကွဲထွက်လာတော့မလို ခံစားရသည်။


"မင်း..မင်း"


မင်း နောက်တစ်ခွန်းထပ်ပြောလို့ကတော့ ငါ မင်းခေါင်းကို အိမ်သာထဲထိုးထည့်ပစ်မယ်...


ဟန်တာ၏မျက်နှာမှာ တစ်ခဏတွင်းချင်း နီမြန်းသွားရချေသည်။ သူ့လျှာကို အလုပ်ပေးရန်ကြိုးစားပါသော်လည်း တောင့်ခဲနေဆဲသာ။


"မင်း.."


ဟန်တာ ပါးစပ်ဟလိုက်လေသည်။ သို့သော် သူ့ပါးပြင်နှစ်ဖက်ကတော့ တောင့်တင်းနေပြီး မည်သည့်အသံကိုမှမထုတ်လုပ်နိုင်ချေ။


မင်း ငါ့ကိုစော်ကားလို့ရတယ်...


ငါ့မိဘတွေကိုလည်းစော်ကားလို့ရတယ်..ဘာပဲဖြစ်ဖြစ် သူတို့ကြားနိုင်တော့တာမှမဟုတ်တာ...


ဒါပေမဲ့ ဘာလို့ ဒီလိုစကားတွေကို ဝင်စတန်ရဲ့ရှေ့မှာပြောရတာလဲ..


ဟန်တာခမျာ ဝင်စတန့်ကို လှည့်ကြည့်ရန်ပင် မဝံ့ရဲပေ။


ဟန်တာ၏လက်ရှိအခြေအနေကြောင့် မားကပ်စ်လည်း တုန်လှုပ်သွားရလေသည်။ ဟန်တာဒေါသထွက်နေသည်ကို သူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။


ဘေးပတ်ပတ်လည်ရှိလူများကလည်း လှမ်းကြည့်လာကြသည်။ ဤနေရာတစ်ဝိုက်တွင် ဖော်မြူလာဝမ်းလုပ်ငန်းထဲရှိ မီဒီယာများလည်း ရှိနေသေးသည့်အပြင် ပြိုင်ကားမောင်းအသင်းများလည်း ရှိနေသည်သာ။


ဥပမာအားဖြင့်ဆိုရသော် ယခုလေးတင်ဖြတ်လျှောက်သွားသော Sauber အသင်းမှဒေါ်နယ်လ်က ဤမြင်ကွင်းကို စိတ်ဝင်တစားအကဲခတ်နေချေသည်။



စာရေးသူမှာပြောစရာရှိပါတယ်


ကြက်ဥကြော်နေရင်းဖြင့် :


ဟန်တာ : မက်ဂရက်ဒီကြောင့် ကျွန်တော်စိတ်တိုရလွန်းလို့ မြော့မြော့လေးပဲကျန်တော့တယ်.. တကယ်စိတ်တိုတယ်။ တကယ်စိတ်တိုတယ်


ဝင်စတန် : ကိုယ်လည်းတကယ်စိတ်တိုတယ်


ဟန်တာ : ညီအစ်ကိုကောင်းတွေဆိုတာ ဒီလိုတစ်စိတ်တစ်ဝမ်းတည်းဖြစ်နေရမှာ


ဝင်စတန် : ကိုယ်ပြောချင်တာက မင်းကို မြော့မြော့လေးဖြစ်အောင်လုပ်ရမဲ့လူက ကိုယ်ပဲဖြစ်သင့်တာလေ


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment