အထင်ကြီးစရာအကောင်းဆုံးကျော်တက်ခြင်း (၁)
၎င်းက ဂုဏ်သိက္ခာကြောင့်ပေလော။ ယခင်ပြိုင်ပွဲများမှ လုပ်ဆောင်ချက်ညံ့ဖျင်းမှုများကြောင့် အကျပ်အတည်းရောက်နေခြင်းကြောင့်ပေလော။ သို့တည်းမဟုတ် အချစ်ကြောင့်ပေလော။
ပရိသတ်များ၏မျက်မှောက်၌ ယခင်က ကျော်တက်ခံခဲ့ရသော Catherham ကစားသမားများသည် ယခုပွဲစဥ်၌ ဒုတိယအကြိမ် ကျော်တက်ခံလိုက်ရပြန်၏!
ပြေလျော့သွားပြီးသားကြိုးက နောက်တစ်ဖန် ပြန်တင်းလာပြီး ပြတ်တောက်သွားမည့်အခိုက်အတန့်ကို စောင့်ဆိုင်းကာ ၎င်း၏လုပ်ဆောင်ရည်တို့ကို ပြသခဲ့သည်။
အဆုံးသတ်တွင် ဟန်တာက ရှစ်နေရာမြောက်ဖြင့်ပန်းဝင်ခဲ့လေသည်။
ဤရလဒ်က ပရိသတ်များအတွက်သာမက မားကပ်စ်၏အသင်းတစ်ခုလုံးအတွက်ပါ ဆန်းကြယ်မှုဖြစ်ခဲ့သည်။
ဟန်တာ နားနေရာသို့ ပြန်မောင်းလာသောအခါ လူတိုင်း စုရုံးလာကြ၏။
"ဒီကောင်စုတ်လေးက တကယ် အံ့ဖွယ်ပဲ! သောက်ရမ်းမိုက်တယ်ကွာ!"
"အတက်အကျတွေ အများကြီးလုပ်ပြသွားတာ! ငါ့နှလုံးသားလေးဆို ကွဲကြေတော့မတတ်ပဲ!"
ထိုအခိုက်အတန့်အတွက် ဟန်တာ မှင်တက်နေမိ၏။
မားကပ်စ်က သူ့ကိုပွေ့ဖက်လိုက်တော့မှသာ ဟန်တာ နှုတ်မှမေးလိုက်သည်။ "ဒီပွဲမှာ ဘယ်သူအနိုင်ရသွားတာလဲ။"
"ဗန်ဝင်စတန်လေ! ပြုစုထားတဲ့အချက်အလက်တွေအရ ဝင်စတန်နဲ့ 'ငါးမန်းဖြူ' ဆိုင်ရယ်တို့ ထောင့်တိုက်ပွဲတွေ ၁၂ ခါတောင် တိုက်ခဲ့ကြတယ်!"
၎င်းတို့အားလုံးမှာ ဟန်တာက ပြိုင်ပွဲရလဒ်များကိုသာ သိချင်နေသည်ဟုယူဆခဲ့သောကြောင့် သူ ရုတ်တရက်ကြီး မျက်ရည်မိုးတွေရွာချလိုက်လိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ချေ။
"ဟေး! ဟန်တာ၊ ဘာဖြစ်လို့လဲ။"
"ဘ...ဘာမှမဖြစ်ဘူး..." ဟန်တာ လက်မြှောက်ကာ မျက်ရည်များသုတ်လိုက်သည်။
အရမ်းတုံးတာပဲ၊ ဘာလို့ငိုရတာလဲ။
"ဘာဖြစ်တာလဲ။ ဟန်တာ?"
ဟန်တာ ယခုအမှတ်များရသည်ကို ပျော်ရွှင်နေသည့်ပုံမပေါ်ကြောင်း မားကပ်စ် သတိထားမိလိုက်သည်။
"ကျွန်တော် အားမရဘူး... မား...မားကပ်စ်၊ ကျွန်တော် အားမရဘူး..."
ဟန်တာ ခေါင်းငုံ့သွားလေသည်။
သူ အပြင်းအထန် ကြိုးစားခဲ့ပြီး အရာအားလုံးကို ပုံအောခဲ့သော်လည်း ထိပ်ဆုံးခြောက်နေရာကိုဝင်ရန် ကျရှုံးနေဆဲပင်။
ယခင်ပွဲစဥ်တုန်းက သူက ဆဌမနေရာနှင့် ဝင်စတန်က ဒုတိယနေရာဖြစ်ရာ နှစ်ဦးသား နီးကပ်နေသယောင်။
သို့သော် ယခုတစ်ကျော့၌ ဝင်စတန်က ချန်ပီယံဖြစ်လာသော်ငြား သူကတော့ နောက်ကိုတောင်ရောက်သွားခဲ့သည်။
ရောမမြို့ကို တစ်ရက်အတွင်း မတည်ဆောက်နိုင်တာမှန်သော်လည်း သူ ဝင်စတန်ပြောသည့် 'နောက်တစ်ကွေ့' ဆိုသောနေရာကို ဘယ်သောအခါမှ ရောက်နိုင်မည်နည်း။
အခိုက်အတန့်တစ်ခုလောက်ထိ လူတိုင်း ငြိမ်ကျသွား၏။
ယခုပွဲစဥ်၌ ဟန်တာကြုံတွေ့ခဲ့ရသော ဆုတ်ယုတ်မှုတိုင်းက အခြားသောပြိုင်ပွဲဝင်များနှင့် ယှဥ်လိုက်လျှင် ၎င်းတို့အတွက် ရိုက်ချက်ပြင်းပေသည်။ တချို့ဆို လက်လျှော့သွားကြလိမ့်မည်။ ခြေစစ်ပွဲ၌ ဆီတိုင်ကီပြဿနာ သို့မဟုတ် မိန်းပွဲ၌ အရေးကြီးနေသောအခိုက်အတန့်၌ တာယာကွဲသောပြဿနာ... သူ့ကိုကြည့်ရသည်မှာ လက်လျှော့ခြင်းဆိုသည်အား နားမလည်သည့်နှယ် ၎င်းတို့၏ မျှော်လင့်ချက်များထက်ကျော်လွန်ပြီး ၎င်းတို့ တစ်ခါမှစိတ်မကူးရဲခဲ့သည့်နေရာတစ်ခုကို အပြေးသွားခဲ့လေသည်။
သို့သော် ယခုလိုအခိုက်အတန့်မျိုးမှာ ဤကောင်စုတ်လေးက ရှုံးနိမ့်သွားသလို ခံစားနေရပုံပင်။
မားကပ်စ် သက်ပြင်းချကာ ဟန်တာ၏ဦးခေါင်းအား သူ၏ရင်ခွင်ထဲ ဖိကပ်ပေးထားလိုက်သည်။
"ကလေး၊ မင်းက အရမ်းငယ်သေးတယ်။ ဘဝထဲမှာပဲဖြစ်ဖြစ်၊ အပြေးလမ်းကြောင်းပေါ်မှာဖြစ်ဖြစ်၊ အားလုံး အတူတူပဲ။ ငါတို့တွေ တချို့ကို အရှုံးနဲ့ရင်ဆိုင်ရနိုင်မယ်၊ ဒါပေမဲ့ အဲ့ဒီနောက်မှာ ငါတို့ ပိုပြီးတော့အနိုင်ရရှိလာလိမ့်မယ်။"
ဟန်တာ မျက်ရည်များသုတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"မားကပ်စ်၊ ကြက်စွပ်ပြုတ်*နဲ့ အဲ့လိုအရာတွေက စိတ်အနှောင့်အယှက်ဖြစ်စေတယ်... အဲ့ဒါက တကယ် အဓိပ္ပာယ်မရှိဘူး။"
(TN/ စိတ်ဝိညာဥ်အတွက်အားပေးစကား)
"အာ... ဟုတ်ပါပြီ။ အဲ့ဒါက မင်းကို နှစ်သိမ့်ပေးနိုင်မလားလို့ပါကွာ။" မားကပ်စ်က ပခုံးတွန့်ပြလိုက်၏။ "နည်းနည်းလောက် ပျော်ပျော်နေစမ်းပါ ဟန်တာရာ။ မင်း အစတုန်းက ဟိုးအောက်ဆုံးမှာရှိနေတာ၊ ပြိုင်ပွဲကို အဆုံးသတ်ဖို့တောင် မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု အမှတ်ရအောင် ယူနိုင်ခဲ့တာပဲလေ။"
"ကျွန်တော် ရေဆာတယ်။" ဟန်တာက မဆီမဆိုင်ပြောလာ၏။
"မြန်မြန်! ရေသောက်လိုက်! မင်းရဲ့ လျှပ်လိုက်အရည်ဓာတ်ကို ဖြည့်လိုက်!"
"ကျွန်တော် ဗိုက်ဆာနေသေးတယ်..."
"တစ်ခုခုစား! မင်းရဲ့ အသားဓာတ်နဲ့ စွမ်းအင်တွေကို ပြန်ဖြည့်လိုက်ကွာ!"
ဒီကလေး ဆူပုတ်မနေဖို့အရေးပဲပေါ့!
ပြိုင်ပွဲပြီးနောက် မီဒီယာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
"ကျွန်တော် မတက်ချင်ဘူး။" ဟန်တာက ချိစ်ဘာဂါစားနေရင်း ပြောလာ၏။
"ဘာလို့လဲ။" မားကပ်စ်က သူ့ဘေးမှာထိုင်နေပြီး အဆက်မပြတ်ခေါင်းငုံ့ထားသော ထိုကောင်လေးကို စောင့်ကြည့်နေခဲ့သည်။ ကြည့်ရတာ သူ စိတ်ပျက်နေတုန်းထင်တယ်။
"ခင်ဗျားသိပါတယ်၊ ကျွန်တော် စိတ်လှုပ်ရှားလာရင် စကားမပြောနိုင်တော့ဘူးလေ။"
မားကပ်စ်က မျက်လုံးလှန်လိုက်၏။ "မင်း ငါ့ကို အရူးမှတ်နေတာလား။ ခြေစစ်ပွဲမှာ ဆီတိုင်ကီပြဿနာဖြစ်တော့ မင်းစိတ်လှုပ်ရှားနေတာကို ဘာလို့မမြင်မိတာပါလိမ့်။ မိန်းပွဲမှာ တာယာကွဲတော့လည်း မင်းစိတ်လှုပ်ရှားနေတယ်လို့ ငါတော့ မမြင်မိပါလား။ မင်းက မိန်းပွဲမှာ လေးခေါက်နားခဲ့တဲ့ တစ်ဦးတည်းသောကစားသမား၊ ဒါက မှတ်တမ်းတစ်ခုပဲ! ထပ်ပြောရရင် မင်းက ကျော်တက်မှုကို အများဆုံးလုပ်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကွ!"
"ကျွန်တော် မသွားချင်ဘူး။"
မီဒီယာက ဝင်စတန် သို့မဟုတ် 'ငါးမန်းဖြူ' ဆိုင်ရယ်တို့ကို အင်တာဗျူးချိန်၌ ကျိုးနွံနေလိမ့်မည်။ သို့သော် သူ့အလှည့်ရောက်လျှင် ၎င်းတို့က အလွန်ထက်မြက်ပြီး ရက်စက်လာနိုင်ပေသည်။
သူ၏အဆင့်က ကံကောင်းသွားခြင်းကြောင့်ဟုတ်မဟုတ်ကို မဖြေချင်သလို မိန်းပွဲ၌ တာယာကွဲသွားပြီး သူ့ပြိုင်ဘက်များက တစ်ပတ်ကျောသွားချိန်အတွင်း ဆက်ပြိုင်ဖို့ဆုံးဖြတ်လိုက်သည့် သူ၏အတွေးများကိုလည်း ခွဲခြမ်းစိတ်ဖြာမပြချင်ပေ။
သူ တကယ်တော့ မည်သည့်အနောက်ကို လိုက်နေခဲ့မှန်း ရှင်းလင်းနေသော်လည်း သူသာ ထိုသို့ထုတ်ပြောလိုက်ပါက လူတိုင်းက သူ့အား ဝါးနိုင်သည့်ပမာဏထက် ပိုကိုက်လိုက်သည်ဟုသာ ထင်လိမ့်မည်ဖြစ်ပြီး ပြက်ရယ်ပြုစရာ ဖြစ်သွားနိုင်သည်။
"ဒါဆို ဝမ်းနည်းနေတဲ့ရုပ်ပဲ ဆက်လုပ်ထား၊ လူထုဆက်ဆံရေးအဖွဲ့နဲ့ငါပဲ မေးခွန်းတွေကို ကိုင်တွယ်လိုက်မယ်။"
"ခင်ဗျားက ကျွန်တော့်ကို အလှပန်းအိုးလုပ်စေချင်နေတာလား။" ဟန်တာက ခေါင်းလေးစောင်းငဲ့ကာ မေးလာသည်။
"ဘာလို့လဲ။ မင်းက အလှပန်းအိုးမဖြစ်ချင်ဘူးလား။" မားကပ်စ်က ရယ်မောလိုက်လေသည်။
"... အလှပန်းအိုးဖြစ်ရတာ ပိုကောင်းပါတယ်။"
ထိုအခိုက်အတန့်တွင် ဝန်ထမ်းတစ်ဦးက ဟန်တာ့ဆီသို့ ကြီးမားသော ပန်းစည်းတစ်စည်းကို လာပို့ပေးခဲ့၏။ "ဟေး! မင်းတော့ ကံတွေပွင့်နေပြီ!"
*****
Aurora Novel Translation Team