ညင်သာတာကြိုက်လား ကြမ်းတာကြိုက်လား (၁)
"အဲ့ဒါက… ကျွန်တော့်ဘာသာပဲပြန်လို့ရပါတယ်"
ဝင်စတန်က ဖုန်းကိုသိမ်းလိုက်လေသည်။ သူ စကားပြောချင်ပါသော်ငြား အာမခံကုမ္ပဏီမှ ဝန်ထမ်းများ ရောက်ချလာချေသည်။
ခပ်မှိန်မှိန်မီးရောင်အောက်ဝယ် သူ့အသွင်အပြင်မှာ အလွန်အမင်းလှပခံ့ညားနေသည့်တိုင် အလွန်တရာလည်းအထီးကျန်ဆန်နေပေသည်။
"သွားရအောင်"
သူက ဟန်တာ့အတွက် ကားတံခါးဖွင့်ပေးလိုက်သည်။
ဟန်တာ သူ့နားရွက်သူထိကိုင်လိုက်မိသည်။
ကောင်းပြီလေ..ဒီအမှိုက်ကောင်လေးက ပါရမီရှင်တစ်ယောက်ရဲ့ကားနဲ့ အိမ်ပြန်ရတော့မှာပေါ့…
မျက်နှာပေါ်တိုက်ခတ်လာသော ညလေညင်းကို ဟန်တာတစ်ယောက် မျက်လုံးမှိတ်ပြီး ခံစားနေမိသည်။ သူ့အနေနှင့် ဝင်စတန်၏ကားမောင်းဟန်နှင့်အတူ ခြေနင်းကလပ်ကို မည်သို့နှယ်ထိန်းချုပ်ပြီး စတီယာရင်ကို မည်သို့နှယ်လှည့်မလဲဆိုသည်ကို အလွန်ပင်စပ်စုချင်မိသည်။
သူ့ကားမောင်းဟန်မှာ အလွန်ညင်သာလှသည်။ ကားရပ်လိုက်သည့်အချိန်နှင့် ကွေ့သည့်အချိန်မျိုးတွင်ပင် သက်သောင့်သက်သာဖြစ်လှသည်။
ဤသက်သောင့်သက်သာရှိမှုမျိုးဟာ ရှင်းပြရခက်သည်။
"ခင်ဗျားရဲ့ကားမောင်းဟန်က…ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ကားမောင်းဟန်လို့ မခံစားရဘူးနော်.."
ဝင်စတန်က သူ့ကိုလှည့်ကြည့်လာပြီး နှုတ်ခမ်းထောင့်စွန်းများကလည်း ကွေးတက်သွားချေသည်။
"မင်း စမ်းကြည့်ချင်လား"
ဘွင်းဘွင်းရှင်းရှင်းနိုင်လှသော အပြုံးမျိုးကို ဤလူ့မျက်နှာထက်တွင် မြင်ရသည်မှာ ဟန်တာအဖို့တော့ ပထမဆုံးအကြိမ်ပင်။ လက်ချောင်းတစ်ချောင်းက သူ့ခန္ဓာကိုယ်ပေါ်ကို တွားတက်လာပြီး ရစ်ပတ်လိမ်ယှက်နေသည့်အလား သူ့နှလုံးသားလေးနှင့် စိတ်အစဉ်မှာ ဝဲဂယက်ထဲ စုပ်ယူခံလိုက်ဟန်တူသည်။ သို့သော် ဝင်စတန်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ တစ်ဖက်ကိုလှည့်သွားလေသည်။
သူ တိတ်တိတ်လေးသက်ပြင်းရှိုက်လိုက်မိသည်။ အဆုံးတွင်မူ ဝင်စတန်က ကင်မရာရှေ့မှာ ဘာကြောင့်မပြုံးရသလဲဆိုသည့် အကြောင်းအရင်းကို ဟန်တာသိလိုက်ချေပြီ။ သူ၏ခပ်ဖွဖွအပြုံးကား ကင်မရာကို အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားစေရုံသာမက မြင်လိုက်ရသူအပေါင်းကိုပါ ရူးသွပ်သွားစေနိုင်သည်။
"မြို့ထဲမှာဆိုတော့ ဖယ်ရာရီကို အဲ့လောက်မြန်မြန်ကြီးမောင်းလို့မှမရတာ…"
ဟန်တာက ပခုံးတွန့်ပြလေသည်။
"ဒါဆိုလည်း မောင်းလို့ရတဲ့နေရာကို သွားကြတာပေါ့"
ဝင်စတန်က စတီယာရင်ကိုလှည့်လိုက်ပြီး ပြိုင်ကွင်းဆီသို့ ဦးတည်မောင်းနှင်လိုက်လေတော့သည်။
"ဟေး… ခင်ဗျား ဘယ်ကိုသွားမလို့လဲ"
"မင်း ကိုယ့်ကိုကြောက်လို့လား"
တစ်ဖက်လူက သူ့အား ခပ်မိုက်မိုက်စိုက်ကြည့်လာသည်။
"ကျွန်တော်က ဘာလို့ကြောက်ရမှာလဲ"
"ကိုယ် မင်းကို တစ်နေရာရာကိုခေါ်သွားပြီး နေ့လားညလားမသိရတဲ့ အမှောင်ခန်းတစ်ခန်းထဲ သော့ပိတ်ထားမှာကိုကြောက်ရမှာလေ။ အဲ့ဒီလိုဆိုရင် ကိုယ်ကလွဲပြီး မင်းကို ဘယ်သူမှတွေ့တော့မှာမဟုတ်ဘူး။ ပြီးရင်တော့ ကိုယ်တို့ရဲ့လက်ကျန်ဘဝတစ်ခုလုံးကို တစ်သက်လုံးအတူတူကုန်ဆုံးရမှာပေါ့"
သူ့အသံကား ခါတိုင်းကဲ့သို့ အေးစက်စက်နိုင်နေသော်လည်း ထိုအေးစက်မှုအောက်တွင် တစ်စုံတစ်ရာက အရူးအမူးလောင်ကျွမ်းနေချေသည်။
သူ့မျက်နှာထက်တွင်မူ အမူအရာစိုးစဉ်းမျှ မရှိပေ။ မတိုင်ခင်က ခပ်ရေးရေးအပြုံးလေးကလည်း ပုံရိပ်ယောင်အလား ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ရက်စက်လှသောဥပေက္ခာပြုခြင်းက နေရာယူထားလေသည်။
ဟန်တာခမျာ အမှုမဲ့အမှတ်မဲ့ဖြင့် တံတွေးမျိုချလိုက်မိပြီး ကားတံခါးလော့ကို စစ်ဆေးရန် လက်ဆန့်ထုတ်လိုက်သည်။
"လော့ချထားပြီးသား။ မင်း ခုန်ချကြည့်လို့တော့ရပါတယ်။ ဒါပေမဲ့ ဒီအရှိန်နဲ့ဆိုရင် ဆယ်ထပ်တိုက်ပေါ်က ခုန်ချလိုက်သလိုမျိုး သေနိုင်ခြေများတယ်"
ဝင်စတန်က တည်ငြိမ်အေးဆေးစွာစကားဆိုလာသည်။
အပြင်ဘက်မှလာသော အလင်းရောင်မှာ မှိန်ဖျော့စပြုလာပြီး လမ်းမထက်တွင်လည်း ကားများ နည်းသည်ထက်နည်းလာလေသည်။
ဝင်စတန်၏ပုံစံမှာ ညင်သာသောရာဇဝတ်မှုတစ်ခု ကျူးလွန်တော့မည့်အလားပင်။ ဟန်တာကမူ သူ၏သားကောင်ဖြစ်ပေ၏။
တစ်ဖက်လူက သူ့အား သတ်လိမ့်မည်မဟုတ်ကြောင်း ဟန်တာသိသော်ငြား အကယ်၍များ ဝင်စတန်က ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်နေပါက ဘယ်လိုလုပ်ရလေမလဲ။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က လမ်းဘေးတွင် လူငယ်တစ်ယောက် ပွန်းပဲ့ရာများနှင့် ဓားဒဏ်ရာပေါင်းများစွာရထားပြီး သေဆုံးနေသည့် သတင်းတစ်ခုကို သူမြင်ထားဖူးသလိုပင်။
"မင်း ကိုယ့်ကိုညင်သာစေချင်လား။ ကြမ်းစေချင်လား"
သူ့အသံကား သူ့ချစ်သူကြင်ဖော်ကိုစကားပြောနေသည့်အလား အလွန်တရာညင်သာလှပေသည်။
သို့သော် သေခြင်းနိမိတ်အလား အလွန်ကြောက်ဖို့လည်းကောင်းလှသည်။
ဟန်တာခမျာ ကျောပြင်ထက် ကြက်သီးတဖြန်းဖြန်းထသွားသည့် ခံစားချက်နှင့်အတူ စကားပြောရန်ပါးစပ်ဟလိုက်ချေသည်။ ဤကဲ့သို့သောကြက်သီးထခြင်းမျိုးက သူ့လျှာကိုပါ အေးခဲသွားစေဟန်ဖြင့် သူ့အား ဆွံ့အသွားအောင် စေစားထားလေသည်။
"ဘာလို့ပြန်မဖြေတာလဲ ဘေဘီ.. မင်း စိတ်မလှုပ်ရှားဘူးလား"
ကားကတော့ အရှိန်အဟုန်ဖြင့် ရှေ့ဆက်သွားနေဆဲသာ။ အနားတွင်လည်း မည်သူတစ်ဦးတစ်ယောက်မှမရှိသဖြင့် ဟန်တာခံစားနေရသော အန္တရာယ်အငွေ့အသက်ကလည်း ပြင်းပြင်းထန်ထန်မြင့်တက်လာရသည်။
လက်ရှိတွင်မူ သူ့အနေနှင့် ကားကိုထိန်းချုပ်နိုင်မည့်အခွင့်အရေးကို အကဲဖြတ်နေပေသည်။
ဥပမာအားဖြင့် ဝင်စတန်ကိုမေ့လဲအောင် ကုပ်ပိုးကိုရိုက်ချပြီး စတီယာရင်ကိုထိန်းချုပ်မှုရယူပြီးပါက သူ့ကိုကန်ထုတ်ကာ အိမ်ပြန်မည်ဖြစ်၏။
မရူးစမ်းပါနဲ့…
ကားကွေ့သည့်အချိန်တွင် ကားမောင်းသူ၏ဦးထုပ်အလေးချိန်အပါအဝင် ဆွဲငင်အားဗဟိုချက်မှာ ၂၄ ကီလိုခန့်ရှိ၏။ ဝင်စတန်၏လည်ပင်းခံနိုင်ရည်အားမှာလည်း သေချာပေါက်မြင့်လောက်သည်ဖြစ်ရာ သူ့အား မေ့လဲအောင် မည်သို့နှယ်ရိုက်ချမည်တဲ့လဲ။
"မင်းဘာလို့ပြန်မဖြေတာလဲ"
ဝင်စတန်၏အသံမှာ မတိုင်ခင်ကထက်ပင် ပိုညင်သာလာချေသည်။
"ကျွန်တော်…ကျွန်တော်…"
ဟန်တာခမျာ ပြန်ဖြေဖို့ပင် ရုန်းကန်နေရသည်။ ဤစိတ္တဇကောင်ကို စိတ်ငြိမ်သွားစေမည့် တစ်စုံတစ်ရာကို သူပြောလိုက်ချင်ပါသော်လည်း ပြောနိုင်ခြင်းမရှိ။
သေလိုက်ပါတော့…
ဤမျှအရေးကြီးသည့် အခိုက်အတန့်တွင် ဘာကြောင့်များ စကားတစ်ခွန်းမျှ ထွက်မလာရလေသလဲ။
"ဘယ်လိုလက်ထိပ်မျိုးကို မင်းသဘောကျလဲ"
“…”
လက်ထိပ်တဲ့လား။ သောက်ကျိုးနည်းကို ဘာလက်ထိပ်လဲ….
"ကြာပွတ်ဆိုရင်ရော။ ထူတာကြိုက်လား..ပါးတာကြိုက်လား"
ဝင်စတန်က ခံစားချက်ကင်းမဲ့သည့် သူ့အသံကို ထပ်သုံးလာသောအခါ မမြင်ရသောလက်တစ်ဖက်က ဟန်တာ၏နှလုံးသားကို ဖျစ်ညှစ်ထားသည့်အလားပင်။
သူ့ကို သတိမေ့အောင်ရိုက်ချလိုက်… သူ့ကို သေချာပေါက်သတိမေ့အောင်လုပ်မှဖြစ်မယ်…
"မင်း ကိုယ့်ကိုပြောမပြဘူးဆိုရင် ကိုယ့်ဘက်ကလည်း မင်းကို ဘယ်လိုအလိုလိုက်ရမလဲဆိုတာ သိမှာမဟုတ်ဘူးနော်"
ဝင်စတန်၏အပြုံးကား ပိုသိသာထင်ရှားလာသော်ငြား ဟန်တာကတော့ဖြင့် သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားနေရလေသည်။
ခင်ဗျား ကျွန်တော့်ကို အလိုလိုက်ဖို့မလိုပါဘူးနော်…
သူ့ဦးနှောက်ရဲ့ဘယ်အပိုင်းကများ ဝက်အူချောင်နေတာပါလိမ့်…
"မင်း ဘာလို့ပြန်မဖြေတာလဲ"
"ခင်ဗျားရဲ့..ဟာသက..မရယ်ရဘူးလို့…ထင်လို့ပါ"
ဟန်တာခမျာ လျှာလိပ်ဖြေနေရင်း အင်အားများကုန်ခန်းသွားရချေသည်။
သူ ထုံ့ပိုင်းထုံ့ပိုင်းဖြစ်နေ၍မရပေ။ သူက စိတ်လှုပ်ရှားသည့်အချိန်မျိုးတွင် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားတတ်ကြောင်း တစ်ဖက်လူကို ပေးသိ၍မဖြစ်ချေ။
"ကိုယ် မင်းကို တကယ်ခြောက်လိုက်မိတာလား"
ကားက ထိုးရပ်သွားလေသည်။ ဝင်စတန်က စတီယာရင်ပေါ် လက်ထောက်၍ ဟန်တာဘက်ကို လှည့်ကြည့်လာသည်။
မတိုင်ခင်က သတ်ဖြတ်လိုသောအရိပ်အယောင်နှင့် ရက်စက်လှသောအပြုံးကား ပျောက်ကွယ်သွားလေပြီ။ သို့သော် သူ့မျက်ဝန်းများကိုတော့ မှေးကျဉ်းထားဆဲပင်။
ထိုအခိုက်အတန့်လေးမှာပင် ဝင်စတန် သူ့အား အရူးလုပ်နေလေကြောင်း သေချာသွားရသည်။
"ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျားရဲ့ဟာသက တကယ်ကိုခပ်ညံ့ညံ့ပဲလို့တွေးနေတာ"
စိတ်ငြိမ်သွားသည့်အခါ သူ့လျှာက လွတ်လပ်စွာလှုပ်ရှားနိုင်သွားပြီး သူ့အသံကလည်း ရှောရှောရှူရှူဖြစ်သွားရပြန်သည်။
"မင်းကမှ ညံ့တာ"
ဝင်စတန်က ပြန်ငြင်းချက်ထုတ်လာသည်။
အတည်ပေါက်ပြောနေသည့် လေသံမဟုတ်သော်ငြား တစ်ဖက်လူ၏စကားများမှာ အမှန်တရားများဟု သူထင်မိဆဲပင်။
"ကျွန်တော်..မဟုတ်ပါဘူး"
ဟန်တာ လေးနက်သည့်အမူအရာဖြင့် သူ့အား ငေးကြည့်လိုက်သည်။
ဤလူယုတ်မာသာ သူ့အား ဘာကြောင့်လျှာလိပ်နေရသလဲဟု မေးလာပါက သူ့အား အတိတ်မေ့သွားသည်အထိ ရိုက်နှက်ပစ်မည်ဖြစ်၏။
"မင်း ' The Mechanic 1' ကိုကြည့်ဖူးလား"
ဝင်စတန်က မေးခွန်းထုတ်လာလေသည်။
"ဘာကြီး? ဇာတ်ကားလား"
"ကိုယ်တို့ရောက်ပြီ"
"ဒါက ဘယ်နေရာလဲ"
"မင်း အရှိန်တင်လို့ရတဲ့နေရာပေါ့"
ဝင်စတန်၏တွေးခေါ်ပုံနည်းစနစ်ကို သူလိုက်မမီတော့ကြောင်း ဟန်တာသိလိုက်ရသည်။
သူ၏ မြန်ဆန်လှသော တွေးခေါ်ပုံနှင့် တုံ့ပြန်မှုများကြောင့် 'Grand Prix' ၌ ထိပ်ဆုံးတွင် နေရာယူနိုင်ခြင်းလေလား…
ဟန်တာလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်မိသည့်အခါ သူတို့ သီးသန့်ကားပြိုင်ကွင်းတစ်ခုသို့ တကယ်ရောက်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ချေသည်။
"ဒါက နယူးယော့မှာရှိတဲ့ ဖယ်ရာရီရဲ့လေ့ကျင့်ရေးပြိုင်ကွင်းလေ"
သေလိုက်ပါတော့….အသင်းကြီးတွေကတော့ အရမ်းအစွမ်းထက်တာပဲ…
ဝင်စတန်က ကတ်ဖြတ်၍ တံခါးဖွင့်လိုက်ပြီးနောက် သူတို့ အထဲကိုဝင်လာခဲ့လိုက်သည်။
"ဟေး.. ခင်ဗျားသေချာရဲ့လား"
ဟန်တာကား စိုးရိမ်ပူပန်လျက်ရှိ၏။
ဝင်စတန်ကသာ ဖယ်ရာရီအသင်းနှင့် သက်ဆိုင်သူဖြစ်ပြီး သူကတော့မဆိုင်ပါချေ။
"ကိုယ်တို့နှစ်ယောက်ပဲရှိတာလေ။ ကိုယ် မင်းကို ဒီနေရာမှာ တစ်ခုခုလုပ်လိုက်မှာကို ကြောက်နေတာလား"
*****
Aurora Novel Translation Team