no

Font
Theme

မင်း L ဆိုဒ်မလိုပါဘူး (၂)


ဟန်တာ ဈေးဝယ်ခြင်းကိုသယ်ပြီး ပိုက်ဆံချေဖို့သွားရင်း စိတ်သက်သာရာရသွားချေသည်။ 


ပိတ်ရက်ဖြစ်သည့်အတွက် စူပါမားကတ်ကို လူအမြောက်အများလာရောက်ကြသည်။ ထို့ကြောင့် ဟန်တာတစ်ယောက် သူ့ဖုန်းကိုထုတ်၍ ဂိမ်းကစားလေတော့သည်။


ဂိမ်းကစားနေရင်းဖြင့် သူ့အရှေ့ရှိလူတန်းကြီးကိုလည်း စောင့်ကြည့်နေပြီး သူ့ဈေးဝယ်ခြင်းကိုတွန်းရန်အတွက်မူ သူ့ခြေထောက်ကိုသုံးလိုက်သည်။ 


ဆယ်မိနစ်ကြာသော် သူ ပိုက်ဆံချေဖို့ အချိန်ကျလာချေသည်။


သူ့အကြွေးဝယ်ကတ်ကို ကတ်ဖြတ်လိုက်ချိန်တွင် ဈေးဝယ်ကောင်တာမှ ကတ်၏သတ်မှတ်နှုန်းထားထက် ကျော်လွန်နေပြီဖြစ်ကြောင်း အသိပေးလာလေသည်။


ထိုအဓိပ္ပာယ်မှာ သူ့ပိုက်ဆံအကုန် သူသုံးပစ်လိုက်မိပြီဟူသောသဘောပင်။


ဟန်တာ ခေါင်းတကုတ်ကုတ်လုပ်ရင်း အဆုံးမှာတော့ သူ့အကအဖွဲ့ထဲရှိ ဘော်ဒါများအတွက် ဝယ်ပေးခဲ့သော အသံချဲ့စက်နှင့် ထိုမတိုင်ခင်က ပေးချေခဲ့သော သူ့အိမ်ငှားခကိုပါ သတိရလိုက်မိတော့သည်။ ထို့နောက်တွင်မူ ပြိုင်ပွဲရှိသေးသောကြောင့် ငွေချေဖို့ မေ့လျော့သွားခဲ့ဟန်တူ၏။


"ဒီလိုဆိုရင် ဒိန်ချဉ်ကလွဲရင် တခြားဟာတွေအကုန်မယူတော့ဘူး"


ဟန်တာလည်း တံခါးဘဲလ်ခေါက်ရာမှရရှိခဲ့သော ဆယ်ဒေါ်လာကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ 


ဤအခိုက်အတန့်ဝယ် အခန်းလွတ်ထဲတွင် ပဲ့တင်ထပ်နေသော သတ္တုသံအလား အေးစက်စက်နိုင်လှသည့် အသံတစ်သံက သူ့အနောက်နားဆီမှ ထွက်ပေါ်လာချေသည်။ 



"အဲ့ဒီအတွင်းခံဘူးကလွဲရင် ကျွန်တော်ပဲ ကျန်တာအကုန်ရှင်းလိုက်ပါ့မယ်"


ဟန်တာ၏ပခုံးနှစ်ဖက် တောင့်ခဲသွားရလေသည်။ သူလှည့်ကြည့်လိုက်သည့်အခါ ဝင်စတန်က သူ့အနောက်တည့်တည့်တွင် ရပ်နေလေကြောင်း သတိထားလိုက်မိသည်။


သူကတော့ ဟန်မပျက်ပင် လက်ဆန့်ပြီး ဟန်တာ၏ပခုံးကိုပုတ်ကာ သူ့အကြွေးဝယ်ကတ်ကိုထုတ်၍ ဈေးဝယ်ကောင်တာဆီသို့ လှမ်းပေးလိုက်သည်။ ထိုသို့လုပ်နေရင်းဖြင့် သူ့ရင်ဘတ်က ဟန်တာ၏ကျောပေါ်သို့ ညင်သာစွာပိကျလာချေသည်။


ဤခံစားချက်မှာ အနောက်မှ ပွေ့ဖက်ခံလိုက်ရသည့်အလားပင်။


ဤအခြေအနေမှာ ဘယ်လိုအခြေအနေမျိုးလေလဲ။ ဝင်စတန်က ဘယ်အချိန်ကများ သူ့အနောက်တွင် ပေါ်လာရလေသလဲ။


ခဏနေပါဦး...


သူတို့က တန်းစီနေခဲ့ကြခြင်းဖြစ်လေရာ သူတန်းစီပြီးသိပ်မကြာခင်မှာပင် ဝင်စတနိကလည်း ငွေချေဖို့ရောက်လာခြင်းမဟုတ်လား။


ငွေရှင်းကောင်တာအများကြီးရှိသည့်ကြားက သူဟာ ဘာကြောင့်များ သူရှိသည့်လူတန်းကိုမှ လာတန်းရလေသလဲ။


ပုံမှန်အခြေအနေမျိုးတွင်သာဆိုပါက နောက်များကျလျှင် ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်းမပြောခင် ကျေးဇူးတင်စကားကို ဦးစွာပြောသင့်ကြောင်း ဟန်တာသိသည်။ သို့သော် အသံထွက်လာချိန်မှာမူ သူ့နှုတ်ဖျားကထွက်လာသောစကားမှာ...


"ခင်ဗျား အတွင်းခံဘူးကို ဘာလို့ဖယ်ထုတ်လိုက်တာလဲ"


သူတို့ပတ်ပတ်လည်ရှိ လူများမှာ ကွက်ကြည့်ကွက်ကြည့်လုပ်လာကြပြီး ငွေရှင်းကောင်တာရှိ အမျိုးသမီး၏မျက်နှာပင် နီမြန်းသွားလေသည်။


သို့သော် ဟန်တာကတော့ သူပြောလိုက်သောစကားအတွက် နောင်တမရမိချေ။


ယခုသာ သူ အဖြေမသိရပါက အိမ်ပြန်ရောက်သည့်အခါ ထိုအကြောင်းကို မတွေးဘဲနေနိုင်လိမ့်မည်မဟုတ်။


"မတော်လို့လေ"


ဝင်စတန်၏အသံကား အေးဆေးတည်ငြိမ်လှသည်။


"အမ်.. ဘာလို့မတော်တာလဲ"


"မင်းက M ဆိုဒ်ဝတ်တာလေ။ L ဆိုဒ်မှမဟုတ်တာ"


ဝင်စတန်က ထိုသို့ပြန်ဖြေလာသည်။ သူ့အသံမှာ ယုံကြည်မှုတို့ပြည့်လျှံလွန်းနေသဖြင့် သူ့စကားကို အခြားသူများက အမှုမဲ့အမှတ်မဲ့ဖြင့် ယုံကြည်မိသွားကြသည်။


"ဒီလိုပဲဖြစ်သင့်တာ"ဟု ပြောနေဟန်တူသော တစ်ဖက်လူ၏အမူအရာကိုမြင်သော် ဟန်တာ၏နှလုံးသားလေးခမျာ အလေးအပင်တစ်ခုခုနှင့် ထုရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။


"L ဆိုဒ်မဟုတ်ဘူး"ဆိုသည်မှာ ဘာအဓိပ္ပာယ်လဲ။ သူက သိသိသာသာပင်သေးနေသည်ဟု ဆိုခြင်းလေလား။


ငလူး...


ဤတစ်ပတ်အတွင်းမှာပင် သူ့ညီလေးနှင့်ပတ်သက်ပြီး ကောလာဟလများထွက်နေသည်မှာ ဤတစ်ခါနှင့်ဆိုလျှင် သုံးကြိမ်ရှိသွားလေပြီ။ 


"ဒီကုန်ကြမ်းနဲ့လုပ်ထားတဲ့အတွင်းခံတွေက ကျယ်တာတော်တော်မြန်တယ်"


"ဪ"


ထိုအခိုက်အတန့်လေးတွင် သူ အဖတ်ဆည်လိုက်နိုင်သလို ခံစားလိုက်ရသည်။ 


ဝင်စတန်က သူ့ညီလေးကိုသေးသည်ဟု ပြောနေခြင်းမဟုတ်ပါဘဲ ဤအတွင်းခံ၏ကုန်ကြမ်းက အရည်အသွေးမကောင်းကြောင်း ပြောနေသလို ဖြစ်သွားချေသည်။ 


"ကျေးဇူးပါ။ ကျွန်တော် နောက်တစ်ခေါက်ကျရင် ပြန်ဆပ်ပါ့မယ်"


ဟန်တာလည်း သူ့ပစ္စည်းအိတ်ကိုသယ်၍ မသွားခင် လက်ဝှေ့ယမ်းပြလိုက်သည်။


ထိုသို့မဟုတ်ပါက ထိုနေရာမှာပင် ဝင်စတန် ငွေချေပြီးသည့်အချိန်အထိ ရပ်စောင့်နေပြီး အတွင်းခံကို ဘယ်ကုန်ကြမ်းဖြင့် လုပ်ထားသလဲဆိုသည်ကို အသေးစိတ်ဆွေးနွေးနေရမည်လား။


ပစ္စည်းထုပ်ကို လွှဲယမ်းရင်း အိမ်ပြန်လာသည့်လမ်းမှာ ဟန်တာတစ်ယောက် မိုးပေါ်ကိုမော့ကြည့်၍ သက်ပြင်းချမိသည်။


အဆုံးတွင်မူ သူ ဘာအတွင်းခံမှ မဝယ်နိုင်ခဲ့ချေ။ ယခုည သူ ဘာသွားဝတ်ရလေမလဲ။ ကျန်အတွင်းခံများကလည်း မလျှော်ရသေးပေ။


ထို့ပြင် ယခုအပတ်ထဲကျင်းပမည့် ပရဟိတညစာစားပွဲကလည်း ခေါင်းခြောက်ချင်စရာပင်။


သူဝတ်ရမည့် အနောက်တိုင်းဝတ်စုံလည်း မရှိပေ။


ဟန်တာခမျာ အိမ်ပြန်ပြီး သူ့အဝတ်ဗီရိုကိုမွှေနှောက်ရှာဖွေပြီးနောက် အခမ်းအနားဝတ်စုံတစ်စုံကို ရှာဖွေတွေ့ရှိခဲ့သည်။ စမ်းဝတ်ကြည့်လိုက်သောအခါ သူ့ပုံစံက သိုသိုသိပ်သိပ်နိုင်လွန်းလှသဖြင့် အလွန်တရာစိတ်ကျေနပ်နေလေတော့သည်။ 


ခဏလေးနေပါဦး...


ပရဟိတညစာစားပွဲကို ဖယ်ရာရီက ဦးစီးကျင်းပခြင်းဖြစ်သည်ဖြစ်ရာ ဝင်စတန်လည်း သေချာပေါက်တက်ရောက်မည်သာ။ ထိုသို့ဆိုပါက သူ့ပိုက်ဆံကိုပြန်ပေးလိုက်သင့်လား။


ဘယ်လောက်ပါလိမ့်...


မမှတ်မိဘူး ရှိပါစေတော့....


ဗန်ဝင်စတန်၏ နှစ်စဉ်ဝင်ငွေယူရိုတစ်သန်းဖြင့်ဆိုလျှင် သူ့အတွက် ကုန်စုံပစ္စည်းအနည်းငယ် ဝယ်ပေးရသည့်ကိစ္စကို စိတ်ထဲထားလိမ့်မည်မဟုတ်ချေ။


ပိတ်ရက်ကိုရောက်သော် ဟန်တာတစ်ယောက် ညစာစားပွဲတက်ရန်အတွက် သူ့ဂျစ်ကားလေးကိုမောင်းပြီး တန်ဖိုးကြီးဟိုတယ်ရှေ့တွင် ရပ်လိုက်သည်။


အများစုက ညနေပွဲတက်ဝတ်စုံဝတ်ဆင်ထားကြပြီး ကြယ်ပွင့်များအလား တောက်ပလွန်းလှသည့် အဖိုးတန်ကားများကို ယူလာကြသည်။ ထိုနာမည်ကြီးပုဂ္ဂိုလ်များက ကားသော့ကို ဧည့်ကြိုထံတွင်အပ်၍ ဟိုတယ်ထဲကို ကြော့ကြော့မော့မော့လေးဝင်သွားကြလေသည်။


••••


စာရေးသူမှာ ပြောစရာရှိပါတယ်


သူတို့၏အားလပ်ချိန်အတွင်း၌...


ဟန်တာ : စပိန်ဗိုလ်လုပွဲမှာတုန်းက ပွဲပြီးသွားတော့ ခင်ဗျား ဘာလို့ သန့်စင်ခန်းထဲကိုရောက်လာတာလဲ


ဝင်စတန် : ဘာလို့လဲဆိုတော့ အရင်ဘဝတုန်းက မင်းရဲ့အသင်းဖော်တစ်ယောက်က မင်းကို သန့်စင်ခန်းထဲမှာ ဆော်ပလော်တီးခဲ့ဖူးတယ်ဆိုပြီးပြောခဲ့လို့လေ


ဟန်တာ : ချီးပဲ.. ဒါဆိုလည်း ခင်ဗျား ကျွန်တော့်ကိုပါခေါ်သွားသင့်တယ်လေ။ ကျွန်တော် သန့်စင်ခန်းထဲကထွက်လာတော့ ပန်ဒါပုံပေါက်သွားတဲ့အထိ အထိုးခံလိုက်ရပါတယ်ဆို


ဝင်စတန် : အရင်ဘဝတုန်းက မင်းကိုယ်မင်း အရမ်းသနားဖို့ကောင်းတယ်လို့ပြောတုန်းက မင်း သူ့ကိုဘာလုပ်ခဲ့လဲဆိုတာကို ကိုယ်လည်းမသိဘူးလေ


ဟန်တာ : သောက်ကျိုးနည်း.. ခင်ဗျားပြောတာ ဘာသဘောလဲ


ဝင်စတန် : ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပြန်လာမှာပဲလေ


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment