no

Font
Theme

ညင်သာတာကြိုက်လား ကြမ်းတာကြိုက်လား (၂)


လုပ်ပြန်ပြီ….


ဤကဲ့သို့မနှစ်သက်ဖွယ်ကောင်းသောဟာသမျိုးက မီဒီယာနှင့် F1 အသိုင်းအဝိုင်းတစ်ခုလုံး၏ရှေ့မှောက်ရှိ သူ့စရိုက်နှင့် မကိုက်ညီလှပေ။


"ခင်ဗျားက ဗန်ဝင်စတန်ရောဟုတ်ရဲ့လား"


ဟန်တာခမျာ ခေါင်းလေးငဲ့စောင်းလျက် မေးလိုက်မိလေသည်။


"ဟုတ်တာပေါ့"


"ဒါဆိုရင် ခင်ဗျား အခုလေးတင်ပြောလိုက်တဲ့စကားတွေကို ကျွန်တော်သာ အသံသွင်းစက်နဲ့အသံသွင်းထားလိုက်ရင်…"


"နောက်တစ်ခေါက် မင်းလိုအပ်တယ်ဆိုရင်ပြောလေ..ကိုယ် တစ်ခုယူလာခဲ့ပေးမယ်"


"ခင်ဗျား ပါးစပ်ပိတ်ပြီး ကျောက်ရုပ်လိုနေနေလိုက်တာ ပိုကောင်းမယ်ထင်တယ်"


"ရတာပေါ့ နောက်တစ်ခေါက်ကျရင်လေ"


ဝင်စတန်က ကားကို ကားပြိုင်ကွင်းထဲတွင် သတ်မှတ်ထားသောနေရာကို မောင်းလာလိုက်သည်။


"ဟေး.. ခင်ဗျား တကယ်ပဲဒီနေရာမှာကားမောင်းမလို့လား"


"ဖယ်ရာရီက ဘယ်အရှိန်လောက်မှာ ပေါက်ကွဲသွားမလဲဆိုတာ မင်းမသိချင်ဘူးလား"


ဟန်တာလည်း သူ့ခေါင်းသူဆုပ်ကိုင်ရင်း အံ့အားသင့်စွာပြောလိုက်သည်။


"ခင်ဗျား အခုမူလစရိုက်ကနေ သွေဖယ်နေတယ်ဆိုတာကို သိရဲ့လား"


"ဒါကမှ ကိုယ့်ရဲ့တကယ့်ပုံစံပါ"


"ကောင်းပြီလေ… ခင်ဗျားရဲ့ဖယ်ရာရီပေါက်ကွဲသွားမှာမကြောက်ဘူးဆိုရင် ကျွန်တော်ကလည်းမောင်းနိုင်တာပေါ့…"


သူ့ဘက်က နှုတ်ဟလိုက်သည်နှင့် ဝင်စတန်က အချိန်မဆိုင်းဘဲ ဂီယာပြောင်းလိုက်လေသည်။ ထို့နောက် အင်ဂျင်သံဆူညံသွားပြီး ပြိုင်ကားလေးကလည်း မောင်းထွက်သွားလေတော့သည်။


ဟန်တာ၏နောက်စေ့မှာ ခေါင်းမှီနှင့်တိုက်မိလုနီးပါးပင်။


F1 ပြိုင်ပွဲတစ်ပွဲစာသည် ရိုလာကိုစတာ အခါငါးဆယ်စီးရသည်နှင့် အလားသဏ္ဌာန်တူ၏။


ယုတ္တိကျကျပြောရမည်ဆိုပါက ဟန်တာ ကြောက်ရွံ့မနေသင့်ပေ။ သို့သော် အရိုင်းဆန်ပြီး အထိန်းအကွပ်မဲ့သော ဝင်စတန်၏ကားမောင်းစကေးကြောင့် ကားကွေ့လိုက်တိုင်း ဟန်တာ့ခမျာ ကားမှန်နှင့်မျက်နှာရိုက်မိတော့မတတ်ပင်။


ယခုလည်း တစ်ဖက်ကိုကွေ့ရပြန်ပေဦးမည်။ ဟန်တာ၏ခန္ဓာကိုယ်မှာ ဝင်စတန်ဆီသို့ ကူကယ်ရာမဲ့စွာယိုင်ကျနေပြီး သူ့ခေါင်းကတော့ တစ်ဖက်လူ၏ပခုံးထက်သို့ ဖိကပ်မိတော့မတတ်ပင်။


အချိန်ခရီးသွားလှိုဏ်ဂူထဲသို့ ရောက်လာသည့်အလား ဟန်တာလည်း ထိုအခါမှသာ ပြိုင်ကွင်းတစ်ခုလုံးက လင်းထိန်နေခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ ထိုအလင်းရောင်များဟာ ဖယ်ရာရီ၏ရှေ့မီးနှင့် ဝင်စတန်၏အရှိန်ကြောင့် ထင်ယောင်ထင်မှားဖြစ်နေခြင်းသာ။


ခေါင်းဆောင်းလည်းမပါသလို အကာအကွယ်လည်းမပါသဖြင့် ဟန်တာ၏မျက်နှာကို လေက သည်းကြီးမည်းကြီးတွန်းတိုက်လျက်ရှိရာ အသက်ရှူရန်ပင် ခက်ခဲလှသည်။


ဤကားမောင်းနည်းမှာ ဤကား၏အကန့်အသတ်ကို စူးစမ်းခြင်းမဟုတ်ပါဘဲ ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးနေခြင်းသက်သက်သာဖြစ်၏။


သူ ကားဒိုင်ခွက်ဘောင်ပေါ်ကို တစ်ချက်ငဲ့ကြည့်လိုက်သောအခါ သူ့နှလုံးသားဟာ ရင်ဘတ်ထဲမှ ထွက်ကျလာတော့မလို ခံစားလိုက်ရသည်။ အကြောင်းမှာ သူတို့၏အရှိန်မှာ ကုမ္ပဏီမှသတ်မှတ်ပေးထားသော ကန့်သတ်ချက်ကို များစွာကျော်လွန်နေသောကြောင့်ပင်။


သုံးပတ်မောင်းအပြီးတွင် ဝင်စတန်က ကားကိုအရှိန်လျှော့ပြီး ထိုးရပ်လိုက်သည်။ ဟန်တာကား ကြက်သေသေပြီး မလှုပ်မယှက်သာ။


"မင်း ဘာတွေတွေးနေတာလဲ"


တရားခံကတော့ အလွန်တည်ငြိမ်နေချေသည်။


ဟန်တာခမျာ ဘာမှပြန်မပြောမိပေ။


နောက်ဆုံးတစ်ပတ်တုန်းက ကားက ပြေးလမ်းပေါ်မှချော်ထွက်၍ အတားအဆီးများကိုဝင်တိုက်မိပြီး လေအိတ်များထွက်လာပြီဟုပင် ထင်လိုက်မိသည်။


"စိတ်မပူပါနဲ့။ ဒီအရှိန်က F1 ကိုမကျော်နိုင်ပါဘူး"


ဝင်စတန်က သူ့ခါးပတ်ကိုဖြုတ်လိုက်ပြီး ဟန်တာဘက်သို့လှည့်လာသည်။


ထိုအခိုက်အတန့်လေးတွင် မြို့ထဲမှာ သူတို့မောင်းခဲ့စဉ်တုန်းက ကားမောင်းဟန်မှာ စင်စစ်လုံခြုံလှကြောင်း သဘောပေါက်လိုက်လေတော့သည်။


‌ပြေးလမ်းထက်ရှိအရှိန်ကိုမူ 'ရူးသွပ်ခြင်း'ဟု ခေါ်သည်။


လူတစ်ယောက်တွင် ဤမျှကွာခြားလှသော စရိုက်နှစ်မျိုး မည်သို့ပေါင်းစပ်ထားသလဲဆိုသည်ကို သူနားမလည်နိုင်ပေ။


ဝင်စတန်၏ဆံပင်စများမှာ လေကြောင့် ရှုပ်ပွနေပြီး အင်္ကျီကော်လံကလည်း ပွင့်ဟနေသည်မှာ ကြာချေပြီ။ သူ့နက်ခ်တိုင်ကလည်း ပွင့်ဟနေသော လည်တိုင်ထက်တွင် လျော့တိလျော့ရဲပြေကျနေလေသည်။


ထိန်းမနိုင်သိမ်းမရပါပဲလား…


ဤစကားလုံးမှာ သူ့အားဖော်ပြဖို့ ဟန်တာတွေးလိုက်မိသည့် တစ်ခုတည်းသောနာမဝိသေသနပင်။


"အသက်ပြင်းပြင်းရှူ။ မင်းရဲ့ဦးနှောက်ကိုထိန်းချုပ်ပြီး လေကိုလျှာဆီကိုပို့လိုက်။ အခုပြောတော့… မင်း ကြောက်လား"


ဝင်စတန်၏အသံမှာ နွေးထွေးပြီးတည်ငြိမ်လှသည်။


"မကြောက်ပါဘူး"


သူ့အသံထဲတွင် ဟန်တာ သူ့ကိုယ်သူရှာတွေ့လိုက်ရဟန်ပင်။


"မကြောက်ဘူးဆိုရင် ဘာတွေတွေးနေတာလဲ"


"ကျွန်တော့်ဆံပင်…ရှုပ်ပွနေလား"


ဝင်စတန်က မေးစေ့ကိုမော်ထားသော်လည်း ဟန်တာကတော့ တစ်ဖက်လူရယ်နေလေကြောင်း ရှင်းရှင်းလင်းလင်းမြင်နေရသည်။


သူ့လက်ချောင်းများက ဟန်တာ၏နားရွက်တစ်ဝိုက် ကူးလူးဖြတ်သန်းရင်း သူ့ဆံပင်များကို သပ်ရပ်အောင်ပြုပြင်ပေးနေလေသည်။


"အခုအဆင်ပြေသွားပြီ"


ဧည့်ခံပွဲတုန်းက သူခံစားခဲ့ရသည့် ထူးဆန်းလှသောရင်းနှီးကျွမ်းဝင်မှုဟာ ရှင်းပြရခက်စွာ တစ်ဖန်မြင့်တက်လာပြန်လေသည်။ 


သူတို့နှစ်ယောက်သားက အချင်းချင်းသိကျွမ်းထားသည်မှာ ကြာလှနေပြီဟု ဟန်တာ့စိတ်ထဲယုံကြည်နေမိသည်။ သို့သော် သူကတော့ မမှတ်မိချေ။


"ဟေး.. လူယုတ်မာ.. ခင်ဗျား ပြေးလမ်းပေါ်က မီးတွေကိုလည်းမဖွင့်ဘူး။ ကျွန်တော်တို့ ပြေးလမ်းပေါ်ကချော်ထွက်သွားရင် ဘယ်လိုလုပ်မလဲ"


"ကိုယ် ဒီပြေးလမ်းပေါ်မှာမောင်းလာတာ အကြိမ်ပေါင်းမနည်းတော့ဘူး"


သူသွယ်ဝိုက်ညွှန်းဆိုချင်သည့် သဘောကတော့ 'သူ မျက်လုံးမှိတ်ထားလျှင်ပင် ပြဿနာမရှိ'ဟူသော အဓိပ္ပာယ်ပင်။


"ကောင်းပြီလေ"


"F1 ပြေးလမ်းပေါ်မှာရောပဲ"


"ဘာကိုလဲ"


"မင်းက ပြေးလမ်းပေါ်မှာ အရမ်းကြမ်းတာ"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment