ဒေါ်လာတစ်သန်းတန်အတွင်းခံလား (၂)
"ဟန်တာ? ဒီဘေ့စ်ဘောဦးထုပ်ရဲ့ပိုင်ရှင်လား။ သူနဲ့ဝင်စတန်က ဘယ်လိုပတ်သက်မှုမျိုး ရှိလို့လဲ"
"သူက.. ပွဲစဉ်သုံးခုဝင်ပြိုင်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ တစ်မှတ်မှမရခဲ့ဘူးလေ။ သူ့အဆင့်ကလည်း အောက်ဆုံးမှာ"
"ဒါပေမဲ့ သူက လူငယ်ပြိုင်ကားမောင်းသမားလေ။ အသက် ၁၉ နှစ်ပြည့်ဖို့ တစ်လလိုသေးတယ်လို့ ငါကြားထားတယ်။ သူက တော်တော်လေးချစ်ဖို့ကောင်းတာပဲ"
ဟန်တာကတော့ သူ့မျက်နှာကို အုပ်ကာထားလိုက်ချင်သည်။ သူ့အနေနှင့် အခြားလူများက သူ့ကို F1 ကားမောင်းပြိုင်ပွဲကြောင့်မဟုတ်ဘဲ ဘေ့စ်ဘောဦးထုပ်တစ်လုံးကြောင့် သတိထားမိသွားသည့်နေ့မျိုး ရောက်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။
"ခင်ဗျားရူးနေလား။ ဘေ့စ်ဘောဦးထုပ်လေးတစ်လုံးကို ဒေါ်လာ ၁၀၀၀၀ ပေးဝယ်လိုက်တယ်ပေါ့လေ"
ဝင်စတန်က သူ့ဘေးမှ အေးအေးလူလူလျှောက်သွားပြီး သူကြားရရုံမျှအသံဖြင့် ပြန်ဖြေလာသည်။
"မင်းရဲ့အတွင်းခံသာဆိုရင် ဒေါ်လာတစ်သန်းလောက်သုံးရလည်း ကိစ္စမရှိဘူး"
ထိုလေသံ၏နောက်ကွယ်က စိတ်ခံစားချက်ကို သူ ရှင်းရှင်းလင်းလင်းမရိပ်စားမိသော်လည်း မီးတောက်တစ်ခုက သူ့နှလုံးသားထဲတွင် တမြည့်မြည့်လောင်ကျွမ်းသွားသလိုပင်။
"ဘာ.."
ထွက်ခွာသွားပြီဖြစ်သော ဝင်စတန်၏ပုံရိပ်လေးကို ဟန်တာတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ငေးကြည့်နေမိသည်။
မားကပ်စ်က သူ့ဘေးနားလာရပ်ပြီး သူ့ပခုံးကိုပုတ်လိုက်ချေသည်။
"ဟေး.. မင်း ဝင်စတန်နဲ့တကယ်ကြီးခင်နေတယ်ဆိုတာ ငါမသိခဲ့ဘူး"
"မဟုတ်ဘူး.. ကျွန်တော် သူနဲ့မခင်ပါဘူး.."
"ဒါဆို သူက မင်းရဲ့ဘေ့စ်ဘောဦးထုပ်အတွက် ဘာလို့ပိုက်ဆံအများကြီးသုံးလိုက်ရတာလဲ"
"သူ့မှာ ပိုက်ဆံအများကြီးရှိနေလို့လေ"
ဟန်တာက သူ့ကို ငတုံးတစ်ယောက်လို အကြည့်မျိုးဖြင့် ကြည့်သွားလေသည်။
ဒီလောက်သိသာနေတဲ့မေးခွန်းကို မေးဖို့လိုသေးလို့လား…
ဝင်စတန် ထွက်မသွားခင်ပြောသွားသော စကားများကိုတော့ သာမန်ဟာသတစ်ခုဟုသာ မှတ်ယူလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့တွေ့ဖြစ်ကြသည့် အကြိမ်အရေအတွက်ကို လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်၍ရပေသည်။ ဝင်စတန်သာ စိတ်မှန်သေးသည်ဆိုပါက သူ့အတွင်းခံကို ဒေါ်လာတစ်သန်းပေးပြီး ဝယ်ချင်ပါ့မလား…
သို့သော် ဤသည်မှာ အထင်မှားခြင်းမဟုတ်။ ဗန်ဝင်စတန်က သူ့အား အလွန်အာရုံစိုက်နေဟန်ပင်။
ဤကိစ္စရပ်ကို အချိန်ယူ၍ ဆင်ခြင်တွေးဆပြီးနောက် ဟန်တာလည်း ဤအနောက်တိုင်းဝတ်စုံကို ကြာကြာဝတ်ထားလေလေ သက်သောင့်သက်သာမရှိလေလေဟု ခံစားနေရသည်။
ဧည့်ခံပွဲပြီးဆုံးသွားသောအခါ ဟန်တာ ညလေညင်းကိုခံစားရန်အတွက် သူ့ဂျစ်ကားလေးကိုမောင်းရင်း ထွက်လာခဲ့လိုက်သည်။
နက်ခ်တိုင်ကိုလည်းဖြေပြီး ဘေးကိုပစ်ချထားကာ အဆုံးမှာတော့ တစ်နေ့လုံးသူဖြုတ်ပစ်ချင်နေသော ကော်လံကြယ်သီးကိုပါ ဖြုတ်ပစ်လိုက်သည်။
ဘာကန့်သတ်မှုမှမရှိ။ ဤသည်မှာ ဘဝပင်တည်း။
"လီမွန်ပင်"သီချင်းသံစဉ်ကိုညည်းရင်း ဟန်တာတစ်ယောက် ငြိမ်းချမ်းမှု၏အရသာကို သုံးစက္ကန့်မျှ ခံစားပြီးနောက် ဘန်းခနဲမြည်သံအကျယ်ကြီးကို ကြားလိုက်ရသည်။ ကားက ထိုးရပ်သွားပြီး စက်ခေါင်းအဖုံးဆီမှ မီးခိုးငွေ့များ ထွက်နေလေသည်။
"အာ.."
ဟန်တာ ခေါင်းတကုတ်ကုတ်လုပ်ပြီး သူ့ကားကို ဘေးဘက်၌ကပ်ရပ်လိုက်သည်။ ထို့နောက် သူ့ကားရှေ့ဖုံးကိုဖွင့်လိုက်သည်။ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတစ်ယောက်အနေနှင့်ပင် ဤအခြေအနေမှာ ကယ်တင်၍မရနိုင်ကြောင်း သူ သိလိုက်သည်။
အာမခံကုမ္ပဏီကိုခေါ်လိုက်သင့်လား…
"ငါ လောကကြီးကိုချစ်တယ်။ လောကကြီးကလည်း ငါ့ကိုချစ်တယ်"
ဟန်တာခမျာ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိတော့သည်။
ဖုန်းခေါ်နေရင်းဖြင့် ဘယ်ဆီဘယ်ဝယ်တုန်းက မေ့လျော့ခံထားရမှန်မသိသည့် ချောကလက်အရသာစုပ်လုံးချိုချဉ်တစ်လုံးကို တွေ့လိုက်ရသည်။
"ကောင်းပြီ။ ငါက အဲ့လောက်ကံမဆိုးသေးပါဘူး"
ချိုချဉ်ခွံကိုခွာပြီးနောက် စီးကရက်ကိုင်ထားသလို လက်ချောင်းများအကြား ညှပ်ကိုင်ထားပြီး တစ်ဖန်ပျော်ရွှင်တက်ကြွလာပြန်သည်။
ခပ်လှမ်းလှမ်းဆီမှ ကားမီးရောင်တစ်ခု လင်းသွားပြီး ထိုကားက သူ့ကားဘေးတွင် ထိုးရပ်လိုက်ချေသည်။
အနီရောင်ဖယ်ရာရီကားတစ်စီးက လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ တံခါးပွင့်လာချိန်မှာ ဟန်တာ၏အကြည့်က ဆန့်ထုတ်လိုက်သော ရှည်သွယ်သွယ်ခြေထောက်တစ်စုံအပေါ် ကျရောက်သွားလေသည်။ နောက်တော်ပါးက အတူလိုက်ပါလာသည်မှာ ညွတ်ကိုင်းနေသော်ငြား စွမ်းအားပြည့်ဝလှသော ခါးပင်တည်း။
တစ်ဖက်လူက သူ့ကားတံခါးကိုပိတ်လိုက်ပြီး သူ့အနားသို့ ချဉ်းကပ်လာသည်။
"ဘာဖြစ်လို့လဲ"
သူ့အသံမှာ ပရဟိတညစာစားပွဲတုန်းကလို အေးတိအေးစက်နိုင်ပြီး ခပ်တန်းတန်းဆန်လှသော အသံနေအသံထားမျိုးမဟုတ်ဘဲ ညအချိန်၌ မြစ်ကမ်းတစ်လျှောက် မျောလွင့်နေသော ကြာပန်းတစ်ပွင့်နှင့် ဆင်တူလှသည်။
"ဝင်..ဝင်စတန်…"
ဟန်တာခမျာ သူ့ပါးစပ်ထဲက ချောကလက်စုပ်လုံးချိုချဉ်ကို ရုတ်ခြည်းဆွဲထုတ်လိုက်သည်။ စုပ်လုံးချိုချဉ်ကို စီးကရက်လုပ်သောက်နေသည့် သူ့ပုံစံမှာ မတိုင်မီကထက်တော့ ပိုမဆိုးနိုင်တော့ဟန်ပင်။
"မင်းရဲ့ကားအင်ဂျင်ပစ္စတင်က ပျက်သွားတာပဲ"
ဝင်စတန်က သူ့ကို ဖျတ်ခနဲဝေ့ကြည့်လိုက်သည်။
"အာ.. ဟုတ်တယ်"
ဟန်တာ ရယ်လိုက်သည်။
"ကျွန်တော် အာမခံကုမ္ပဏီကိုစောင့်နေတာ"
"ကောင်းပြီလေ.. ဒါဆိုရင် ပြီးတာနဲ့ ကိုယ် မင်းကိုလိုက်ပို့ပေးမယ်"
"ဟင်"
ဟန်တာမှာ သူနားကြားမှားလိုက်သည်ဟု ထင်လိုက်မိသည်။
သို့သော် ဝင်စတန်ကတော့ လမ်းတစ်ဖက်ရှိ ဖယ်ရာရီကားကို မရှိသလိုသဘောထားကာ သူ့ဂျစ်ကားလေးကို ပေါ့ပေါ့ပါးပါးမှီရင်း ဖုန်းပွတ်နေလေသည်။
မသိသူများကတော့ သူနှင့်ဝင်စတန်က တစ်ကားတည်းစီးလာကြသည်ဟု ထင်ကြပေလိမ့်မည်။
ကျွန်တော့်ဂျစ်ကားရှေ့မှာ ပို့စ်ထုတ်ပြီး ကြော်ငြာမဆင်းစမ်းနဲ့။ ဒါကကျွန်တော့်ကား.. ခင်ဗျားကားမဟုတ်ဘူး…
ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်ပြောကြပါဦး…
ဖုန်းကို ဘယ်ဘက်လက်ထဲမှာ ကိုင်၍ ညာဘက်လက်တွင် ချောကလက်စုပ်လုံးချိုချဉ်ကိုကိုင်ရင်း ဟန်တာတစ်ယောက် ညလေညင်းကို ခံစားနေပေသည်။
"ကိုယ်လည်း ချောကလက်စုပ်လုံးချိုချဉ်စားလို့ရမလား"
ဝင်စတန်က ဖုန်းကြည့်နေရာမှ မော့ကြည့်ပြီးမေးလာသည်။
"ရတာပေါ့.. ဒါပေမဲ့ ကျွန်တော့်မှာ ဒီတစ်ခုပဲရှိတော့တယ်။ ပြီးတော့ ကိုက်ပြီးသားကြီးဖြစ်နေတာ"
ဟန်တာမှာ ရုတ်တရက်ဆန်သောအာရုံစိုက်ခံမှုကြောင့် ဘဝင်လေဟပ်သွားရသည်။
"ရပါတယ်။ ကျေးဇူးပဲ"
သူ့ဘက်က ကျေးဇူးတင်စကား ဆိုလာပြီဖြစ်သည့်အတွက် ဟန်တာလည်း အနားကိုလျှောက်သွားပြီး သူ့ကို ချောကလက်စုပ်လုံးချိုချဉ် ကမ်းပေးလိုက်ရုံသာ တတ်နိုင်သည်။
သူက ဝင်စတန် လက်ဆန့်၍ယူလာလိမ့်မည်ဟု ထင်ထားသော်ငြား တစ်ဖက်လူက သူ့ခေါင်းကို ရှေ့သို့ငုံ့ကိုင်းလာလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။
ဝင်စတန်က နှုတ်ခမ်းကို အနည်းငယ်ဟလိုက်ပြီး သူကိုက်ထားသောစုပ်လုံးနေရာကို လျှာဖြင့်လျက်လိုက်သည့်မြင်ကွင်းကို ဟန်တာ ရှင်းရှင်းလင်းလင်းကြီးမြင်လိုက်ရသည်။ သူ့သွားများကလည်း ဟန်တာ၏လက်ချောင်းများကို ထိမိနေပြီး ခွက်ခနဲမြည်သံဖွဖွလေးနှင့်အတူ စုပ်လုံးချိုချဉ်က ကွဲသွားလေသည်။
စုပ်လုံးချိုချဉ်ကို ပါးစပ်ထဲမှာစုပ်ရင်း ဝင်စတန်က သူ့ဖုန်းကိုဆက်ပွတ်နေချိန်မှာ ဟန်တာ၏လက်ကတော့ လေထဲမှာ မြှောက်ထားဆဲပင်။
ထိုအချိန်တွင် ပရဟိတညစာစားပွဲတုန်းက သူ့တစ်ယောက်တည်းကိုသာ ရည်ရွယ်ခဲ့ဟန်တူသော ဝင်စတန်၏အပြုံးနှင့် သူ့စကားများကို အမှတ်ရလိုက်မိတော့သည်။
"မင်းရဲ့အတွင်းခံသာဆိုရင် ဒေါ်လာတစ်သန်းသုံးရလည်း ကိစ္စမရှိပါဘူး"
သူ တုန်လှုပ်သွားပါတော့သည်။
…..
စာရေးသူမှာ ပြောစရာရှိပါတယ် :
ကြက်ဥကြော်နေရင်းဖြင့်…
ဟန်တာ : ခင်ဗျား ကျွန်တော့်အတွင်းခံကို တကယ်ကြီး ဒေါ်လာတစ်သန်းပေးဝယ်ချင်တာလား
ဝင်စတန် : ဒါပေါ့
ဟန်တာ : ဒါဆို ကျွန်တော် တစ်ဘူးလုံးသွားဝယ်လိုက်မယ်
ဝင်စတန် : အဲ့ဒီအတွင်းခံကိုချွတ်မဲ့လူက ကိုယ်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ရှိတယ်
*****
Aurora Novel Translation Team