ကျွန်တော်ငယ်ငယ်တုန်းက အရမ်းထစ်ခဲ့ဖူးတယ် (၂)
ဗျူဟာခင်းရေးအစည်းအဝေးကတော့ ပြီးဆုံးသွားလေပြီ။
ဟန်တာခမျာ အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲတွင်လူးလွန့်ရင်း မှောက်လိုက်လှန်လိုက်လုပ်နေမိသည်။
သူဟာ နောက်ဆုံးအဆင့်ရလည်း မမှုသည့်လူစားမျိုးဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုတော့ သူ မျက်လုံးမှိတ်လိုက်သည်နှင့် အင်ဂျင်သံများနှင့် ပွဲကြည့်သူများထံမှ ပွက်ပွက်ညံနေသောအသံများကို ကြားနေရလေသည်။
သူ ဖုန်းထုတ်ပြီး Anipop နှစ်ချီလောက် ကစားလိုက်သည့်တိုင် သူ့နှလုံးခုန်သံက လျင်မြန်စွာခုန်လှုပ်နေဆဲသာ။
သွားပြီ... သွားပြီ...
ယုတ္တိဗေဒအရဆိုလျှင် ပြိုင်ကားမောင်းသူတစ်ဦးသည် အခြားအားကစားသမားများထက် စိတ်ပိုင်းဆိုင်ရာသန်မာမှုရှိရပေမည်။
သို့သော် သူ့နှလုံးခုန်နှုန်းမှာ နေအဖွဲ့အစည်း၏တစ်ဖက်ခြမ်းကို ပျံထွက်တော့မည့်အလားပင်။
ဘယ်နှနာရီရှိပြီလဲဆိုတာ ကြည့်လိုက်ရအောင်။ ချီးပဲ.. တစ်နာရီတောင်ထိုးတော့မယ်...
ဤအခန်းမှာ အလွန်စိတ်ပျက်စရာကောင်းလှသည်။ သူ လတ်ဆတ်သည့်လေကို ရှူရှိုက်ချင်သည်။
ခေါင်းစွပ်အင်္ကျီဝတ်ထားသောဟန်တာက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ဟိုတယ်မှထွက်လာခဲ့သည်။ သူ ဟိုတယ်ကိုတစ်ပတ်လှည့်ပတ်ကြည့်လိုက်လေရာ အများသုံးခုံတန်းလျားပေါ်ရှိ ရင်းနှီးနေသောပုံရိပ်တစ်ခုကို သတိထားမိလိုက်သည်။
အေးစက်စက်လမ်းမီးရောင်များက သူ့ကိုယ်ပေါ်သို့ ကျရောက်နေသော်လည်း ထိုလူမှာ အထီးကျန်နေသည်ဟု ဟန်တာ ရုတ်တရက်ခံစားလိုက်မိသည်။
"ဟေး ခင်ဗျားဘာလုပ်နေတာလဲ"
ဟန်တာလည်း ထိုအနားကို လမ်းလျှောက်သွားပြီး ပြုံးပြလိုက်သည်။ ထို့နောက်တော့ သူ ကိုယ်ကိုညွတ်ကိုင်းလိုက်သည်။
ဝင်စတန်က ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်ရင်း မျက်လုံးမှိတ်ထားလေသည်။ စီးကရက်ငွေ့က သူ့အသွင်အပြင်ကို မလွတ်မြောက်နိုင်သော အနန္တချောက်နက်ထဲသို့ အရာအားလုံးကို ဆွဲချပစ်လိုက်ချင်သည့်အလား ထင်မှတ်မှားစေသည်။
"ငါ လူတစ်ယောက်အကြောင်းတွေးနေတာ"
သူ့အသံကား အလွန်ပေါ့ပါးလှသည်။
ဝင်စတန်၏အသံသည် အေးတိအေးစက်နိုင်ပြီး စိမ်းကားသောလေသံမျိုးရှိသော်လည်း ခပ်တိုးတိုးလေးစကားပြောသောအခါမျိုး၌ ချစ်ခင်ကြင်နာဟန်အရိပ်အယောင်လေး ရောယှက်နေပေသည်။
"ဘယ်သူ့အကြောင်းလဲ"
ဟန်တာလည်း သိချင်စိတ်ဖြင့်မေးလိုက်မိသည်။
"သူက အခုကိုယ့်ဘေးနားကိုရောက်နေပြီ"
ဝင်စတန်၏မျက်ဝန်းအစုံ ခပ်ဟဟပွင့်လာသည်မှာ ယခုအထိ အိပ်မက်မက်နေရာက မနိုးသေးသည့်အလားပင်။
"သောက်ကျိုးနည်း"
ဟန်တာ သူ့ကို လှေကားပေါ်က အမှန်တကယ်တွန်းချပစ်လိုက်ချင်သည်။
"တကယ်ပြောရခက်တယ်။ ကျွန်တော်သာ မိန်းကလေးဆိုရင် ခင်ဗျားရဲ့အိပ်ရာထဲမှာလှဲပြီး ခြေထောက်တွေကားထားပေးမိလောက်ပြီ"
"မင်း အခုလည်း ခြေထောက်ကားပေးလို့ရတာပဲ"
ဝင်စတန်၏အသံက ဟာသလုပ်နေလေဟန် အလျဉ်းမရှိဘဲ အေးဆေးတည်ငြိမ်နေချေသည်။
"သေလိုက်ပါတော့.. ကျွန်တော် ခင်ဗျားကိုကန်မိတော့မယ်"
"စီးကရက်သောက်ချင်လား"
ဝင်စတန်က ခေါင်းကိုစောင်းငဲ့ကာ မေးလာသည်။
သူ့အသံကား သြရှရှနိုင်နေပြီး တည်ကြည်လေးနက်သော သူ့အကြည့်မှာ ယခုလေးတင်ပြောလိုက်သည့်စကားက ဟန်တာ့ကိုစနောက်နေခြင်းမဟုတ်ဟု ဖော်ပြနေဟန်ပင်။
"ဒါပေါ့။ တစ်လိပ်လောက်ပေးလေ"
ဝင်စတန်၏စီးကရက်က သေချာပေါက်အကောင်းစားစီးကရက်ဖြစ်နေမည်သာ။
"ကိုယ့်မှာ ဒီတစ်လိပ်ပဲရှိတယ်"
ဝင်စတန်၏လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကို ညှပ်ထားလေသည်။ သူက ထိုစီးကရက်ကို ဟန်တာကိုပေးလာသည်။
မတိုင်ခင်ကလည်း ယခုလိုလုပ်ဖူးသော်ငြား ဝင်စတန်၏ပုံစံကတော့ ခန့်ညားကြော့မော့လှသော လူကြီးလူကောင်းတစ်ယောက်က ကြောင်တစ်ကောင်ကို အစာကျွေးနေသည့်အလား ထင်မှတ်ရစေသည်။
စီးကရက်တစ်လိပ်တည်းသာ ကျန်တော့သည်ဆိုလျှင်ပင် သူ တစ်ရှိုက်လောက်တော့ ဖွာချင်သေးသည်။
ဝင်စတန်က ဘယ်လိုစီးကရက်မျိုးသောက်လဲဆိုတာ ကြည့်ကြသေးတာပေါ့...
ဟန်တာလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် မျက်နှာကို စီးကရက်နားသို့ တိုးကပ်သွားလိုက်ပြီး ထိုစီးကရက်ကို တိုက်ရိုက်ကိုက်ချလိုက်ပြီးနောက် တစ်လိပ်လုံးကို 'ဆွဲယူ'သွားလိုက်လေသည်။
ဝင်စတန်ကလည်း တမင်တကာအားသုံး၍ ညှပ်မထားပါဘဲ လွှတ်ပေးလိုက်သည်။
ဟန်တာကတော့ မျက်လုံးကိုမှေးကျဉ်း၍ စီးကရက်ကိုသောက်တော့မည့်ဆဲဆဲ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဟေး.. ခင်ဗျားရော ဘာလို့ Camel သောက်ရတာလဲ"
"ဒါဆို ကိုယ်က ဘာသောက်သင့်တာလဲ"
“American Spirit”
"နောက်တစ်ခေါက်ကျရင် ကိုယ်စမ်းသောက်ကြည့်လိုက်ပါ့မယ်"
"အိုး.. ကျေးဇူးပဲ"
"ဘာအတွက်ကျေးဇူးတင်တာလဲ"
"ကျွန်တော့်စိတ်ထဲမှာ Gilles Villeneuve ပြေးလမ်း ပေါ်လာအောင် ခင်ဗျားသာလှုံ့ဆော်မပေးခဲ့ရင် အရည်အချင်းစစ်ပွဲစဉ်မှာ ကျွန်တော်တော့ ဗရုတ်သုတ်ခတွေဖြစ်ကုန်တော့မှာ"
ဟန်တာက စီးကရက်ငွေ့ကိုမှုတ်ထုတ်ရင်း မျက်ဝန်းကိုမှေးကျဉ်းထားချေသည်။
သူ့နားမှာ ဝင်စတန်ရှိသည့်အချိန်တိုင်း ဈေးပေါသည့်စီးကရက်ကပင် သူ့လည်ချောင်းထဲမွန်းမနေဘဲ ချိုမြိန်သလိုခံစားနေရသည့် အကြောင်းအရင်းကို သူနားမလည်နိုင်ပေ။
"အဲ့ဒီလှုံ့ဆော်မှုမျိုးက လုံးဝအသုံးမဝင်ဘူး။ မင်း အရည်အချင်းစစ်ပွဲစဉ်မှာရခဲ့တဲ့အဆင့်က မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ကြောင့်ရတာ"
"ကောင်းပြီလေ... ဒါဆိုရင် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်တစ်ခုကိုပြောပြမယ်။ လူတော်တော်များများ သိသွားကြလို့ အဲ့ဒါကို လျှို့ဝှက်ချက်ဆိုပြီးသတ်မှတ်လို့မရတော့ပေမဲ့ပေါ့"
"အင်း"
"ကျွန်တော်ငယ်ငယ်တုန်းက စကားထစ်ခဲ့ဖူးတယ်။ ကျွန်တော် စိတ်လှုပ်ရှားတဲ့အချိန်တို့ ဒေါသထွက်တဲ့အချိန်တို့ဆိုရင် ပိုပြီးတော့တောင်ထစ်သေးတယ်။ အဲ့ဒါကြောင့် ကျွန်တော် အမြဲအလှောင်ခံခဲ့ရတယ်လေ။ သူတို့ပါ စကားထစ်မှာစိုးလို့ဆိုပြီး ဘယ်သူမှ ကျွန်တော်နဲ့အတူမကစားခဲ့ကြဘူး"
–
စာရေးသူမှာ ပြောစရာရှိပါတယ်
ကြက်ဥကြော်နေရင်းဖြင့်...
ဟန်တာ : ကျွန်တော်ကစိတ်လှုပ်ရှားရင် စကားထစ်တတ်တယ်
ဝင်စတန် : မင်း တစ်ခါတလေစကားထစ်တာလည်းကောင်းပါတယ်
ဟန်တာ : အာ.. ဘယ်အချိန်မျိုးလဲ
ဝင်စတန် : ကိုယ်မင်းကိုလုပ်နေတုန်း မင်းကိုယ့်နာမည်ကို ထပ်ခါထပ်ခါအော်ခေါ်နေတဲ့အချိန်ပေါ့
ဟန်တာ : "...."
*****
Aurora Novel Translation Team