no

Font
Theme

ဝင်စတန်က မင်းကို ဘာမှမလုပ်ခဲ့ဘူးမဟုတ်လား


ဟန်တာလည်း ဖယ်ရာရီ၏ ရှေ့ထိုင်ခုံဆီသို့ ပြန်လာခဲ့လိုက်သည်။


ရေခဲတမျှအေးစက်လှသော လေပြည်အေးအေးလေးက သူ့ခန္ဓာကိုယ်ထဲရှိ အရက်များကို လွင့်ပါးသွားစေသည်။ ယခုတော့ သူ့ခေါင်းက အမူးပြေသွားပြီဟု သူ သေချာပေါက်ခံစားမိသော်ငြား ဘားကောင်တာမှာထိုင်နေရင်း သူ့အားစိုက်ကြည့်ကာ ပြုံးလိုက်သော ဝင်စတန်၏အပြုံးကို သတိရလိုက်မိသည်နှင့် သူ့သွေးများ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။


"ချီးပဲ.. မင်းငါ့ကိုစိုးမိုးထားတယ်ဆိုတာက... အဆိပ်တော့မရှိဘူးမလား"


ကားမောင်းသူနေရာရှိတံခါးက ပွင့်လာပြီးနောက် ဝင်စတန်၏ခြေတံရှည်များက ချဉ်းနင်းဝင်ရောက်လာပြီး နေရာတွင်ထိုင်ချလိုက်သည်။


"ဘာကအဆိပ်ရှိတာလဲ" 


ခင်ဗျားကအဆိပ်ရှိတာလေ လူယုတ်မာ...


“ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ရုတ်တရက်ကြီးအိပ်ငိုက်သွားလို့"


"မနက်ဖြန်လေယာဉ်က ဘယ်နှနာရီလဲ"


“နေ့လယ်သုံးနာရီ”


"ခင်ဗျားရော"


"မင်းထက်အရင် ကိုယ်ကသွားရမှာ"


"ဟိုဟာလေ… ဘားရဲ့နောက်ဖေးလမ်းကြား… အဲဒါကို ခင်ဗျားမေ့ပစ်လိုက်လို့ရမလား”


"ဘာကိုမေ့ရမှာလဲ။ မင်းရဲ့အသက်ရှူသံကိုပြောတာလား။ ဒါမှမဟုတ် မင်းရဲ့တုန်ရီနေတဲ့အသံလား။ ဒါမှမဟုတ် မင်း လုံးဝမလွှတ်ထုတ်နိုင်ခဲ့တဲ့ကိစ္စလား"


ဟန်တာ မျက်လုံးပြူးသွားရသည်။


"အကုန်မေ့ပစ်လိုက်။ မဟုတ်လို့ကတော့ ကျွန်တော်တို့အပြတ်ပဲ"


"ဒါဆိုလည်း လမ်းခွဲကြတာပေါ့"


“…”


သူ့နှလုံးသားထဲရှိ တင်းမာသောခံစားချက်က အဆမတန်တိုးပွားလာလေသည်။


ဝင်စတန်က ကားကို ဟိုတယ်သို့ ပြန်မောင်းလာခဲ့လိုက်သည်။ ထို့နောက် နှစ်ယောက်သား ဓာတ်လှေကားထဲသို့ အတူတူဝင်ခဲ့ကြသည်။


ဟန်တာက သူ့လက်များကို အိတ်ကပ်ထဲသို့ထည့်ထားပြီး ခေါင်းကို ငုံ့ထားသည်။ ဓာတ်လှေကားတံခါးပွင့်သွားသည့်အခိုက်တွင် သူသည် တံခါးကိုဖိထားလိုက်ပြီး..


"ဒီနေ့အတွက်... ကျေးဇူးတင်ပါတယ်"


"ဟန်တာ...တစ်ခုခုကိုကြောက်တဲ့အခါ အဲဒါကိုမထိဘဲရှောင်နေတာနဲ့ပဲ မင်း အဲ့ဒီအကြောက်တရားကိုကျော်လွှားနိုင်သွားပြီလို့မဆိုလိုဘူး" 


ဓာတ်လှေကားတံခါးပိတ်သွားသည့်အခါမှသာ ဝင်စတန်က သူ့ကို အရက်ဘားသို့ ဘာကြောင့်ခေါ်သွားလေသလဲဆိုသည်ကို ဟန်တာနားလည်လိုက်သည်။


တစ်ဖက်လူဟာ သူ့အား ကောင်းစွာနားလည်ပေသည်။


အရာအားလုံးကိုဖျက်ဆီးပစ်ခဲ့သည့်အရာမှာ သူ့ဘဝကိုပျက်စီးအောင်လုပ်ခဲ့သည့်သူ့အဖေနှင့် သူ့မိသားစုကိုဖျက်ဆီးပစ်ခဲ့သည့်အရက်ထက်မပိုကြောင်း ဝင်စတန်က သူ့အား ပြောပြခဲ့သည်။


ဟန်တာ ခေါင်းငုံ့ကာရယ်လိုက်မိသည်။


"ကျွန်တော်က ခင်ဗျားလိုမျိုး ဘာကိုမှမကြောက်မရွံ့ရဘဲ သန်သန်မာမာနဲ့မွေးဖွားလာတဲ့လူမျိုးမဟုတ်ဘူး"


"ဟန်တာ"


"ဟင်"


"တကယ်တော့ ကိုယ်က ဘာကိုမှကြောက်ရွံ့ခြင်းမရှိဘဲ သန်သန်မာမာမွေးဖွားလာတာမဟုတ်ပါဘူး"


"ခင်ဗျားရဲ့နှိမ့်ချမှုအတွက်ကျေးဇူးတင်ပါတယ်"


ဟန်တာ ပြုံးလိုက်မိသည်။


"မင်းဖြစ်နေလို့ပါ"


ဝင်စတန်၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်မှာ အပြုံးခပ်ဖျော့ဖျော့လေးပေါ်ပေါက်လာသည်။


"ဘာလဲ"


"ကောင်းသောညပါ"


ဤသို့ဖြင့် ဓာတ်လှေကားတံခါးများ ပိတ်ကျသွားသည်။


သူ့အခန်းထဲသို့ပြန်ရောက်သောအခါ ဟန်တာ အိပ်ရာထက်လဲလျောင်းပြီးနောက် အိပ်မောကျသွားခဲ့သည်။ 


သူ့ခေါင်းက ပုံမှန်ထက်ပိုလေးလံနေသည်မှာ အရက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။


နိုးတစ်ဝက်အိပ်တစ်ဝက် အိပ်ပျော်နေသည့်ကြားက အိမ်သာတက်ချင်လာသလို ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်လိုက်သည်။ အမှောင်ထုနှင့် အသားကျသွားသည့်အချိန်မှာပင် သူ့ရှေ့၌ တစ်စုံတစ်ယောက်ရှိနေလေကြောင်း ရုတ်တရက်သိလိုက်ရသည်။


ထိုအမျိုးသားက လက်နှစ်ဖက်စလုံးဖြင့် ခေါင်းအုံးဘေးတွင် ထောက်ကန်ထားပြီး ဟန်တာ့ကို အပေါ်စီးမှစိုက်ကြည့်နေလေသည်။


"ဝင်..ဝင်..."


ဟန်တာ၏လည်ချောင်းမှာ ပုံမှန်အတိုင်းအသံမထွက်နိုင်ဘဲ ထစ်ငေါ့နေချေသည်။


သို့တိုင် တစ်ဖက်လူကတော့ မျက်နှာလွှဲကာ ရုတ်တရက်ကြီး သူ့အား ဖိချလိုက်ချေသည်။ သူ့နှုတ်ခမ်းများက ကောင်းကင်မှပြိုကျလာသည့်အလား ဟန်တာ့ကို အရာအားလုံးနှင့်အဆက်ပြတ်သွားအောင် ပိတ်ကာထားလိုက်လေတော့သည်။


သူ့အနမ်းနှင့် နမ်းရှိုက်စုပ်ယူမှုများက အရာအားလုံးကို အပြောင်ရှင်းပစ်လိုက်သည့် မုန်တိုင်းတစ်ခုအလားပင်။


ဟန်တာခမျာ သတိလက်လွတ်ဖြစ်သွားရသည့်ခံစားချက်ကို ကြောက်ရွံ့သည့်တိုင် ဝင်စတန်က သူ့စိတ်အာရုံထဲတွင် စိုးမိုးထားပြီး သူ့အား ရုန်းမထွက်နိုင်အောင်စေစားလျက် သူ့ဆီမှ သူ့အသက်ရှူသံအပါအဝင် အရာအားလုံးကိုဆောင်ကြည်းသွားလေသည်။


ထို့နောက် နှိုးစက်မြည်သံတစ်ခု ထွက်ပေါ်လာပြီး ဟန်တာ မျက်လုံးနှစ်ဖက်ကို ဆတ်ခနဲဖွင့်လိုက်လေသည်။ တောက်ပလှသောနေရောင်ခြည်က ပြတင်းပေါက်လိုက်ကာကြားရှိ အဟနေရာလေးမှတစ်ဆင့် ဝင်ရောက်နေလေသည်။


သူ့လည်ချောင်းထဲ၌ ကပ်ငြိနေပါသော အသက်ရှူသံကလည်း နောက်ဆုံးမှာတော့ ပြန်ထွက်ပေါ်လာသည်။


သူ ပင့်သက်ရှိုက်လိုက်မိပြီး သူ့အခန်းထဲမှာရှိနေခဲ့သည့် ဝင်စတန်ဟာ အိပ်မက်တစ်ခုမျှသာဖြစ်ကြောင်း ရုတ်တရက်သဘောပေါက်သွားရသည်။


"ချီးပဲ...ဒါကဘယ်လိုအိပ်မက်မျိုးလဲ"


ဟန်တာ ငှက်သိုက်အလားဖြစ်နေသည့် သူ့ဆံပင်ကို အားပြင်းပြင်းနှင့် ဆွဲလိမ်လိုက်ချေသည်။


ထိုကဲ့သို့သောအမူအရာ၊ ထိုကဲ့သို့သောအရာမျိုးသည် ဝင်စတန်နှင့် လားလားမျှမသက်ဆိုင်ပေ။


ဟန်တာတစ်ယောက် ထိုစိတ်ကူးယဉ်မြင်ကွင်းများအားလုံးကို သူ့ခေါင်းထဲမှ ချက်ချင်းမောင်းထုတ်ပစ်လိုက်သည်။


"ဒါကိုသာ ဝင်စတန်သိရင် ငါ့အရိုးတွေကိုတောင် သူရိုက်ချိုးပစ်လောက်တယ်ဆိုတာသေချာတယ်"


ထိုအကြောင်းကိုပိုတွေးမိလေလေ ပိုကြောက်လာရလေလေပင်။


သူ့ဖုန်းကား ထပ်ခါထပ်ခါမြည်နေဆဲပင်။


တံခါးအပြင်ဘက်မှ လက်ထောက်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။


"ဟန်တာ.. ဟန်တာ မင်း အခန်းထဲမှာလား"


ဟန်တာ ကမန်းကတန်းပြန်ဖြေလိုက်သည်။


"ကျွန်တော်ဒီမှာရှိတယ်။ ဒီမှာရှိတယ်"


"ဘာလို့ ငါ့ဖုန်းတွေကိုမကိုင်တာလဲ။ မင်းတစ်ခုခုဖြစ်သွားပြီလို့ထင်နေတာ"


ဟန်တာ သူ့ဖုန်းကို ကြည့်လိုက်သောအခါ မားကပ်စ်၏နာမည်က လင်းလက်နေပေသည်။ သူ့နှလုံးသားလေးကလည်း 'မကောင်းတော့ဘူး'ဟု တိတ်တိတ်လေးအော်ဟစ်လိုက်မိသည်။


မားကပ်စ်တော့ ဒေါသထွက်နေတော့မှာသေချာတယ်...


"အီဗန်ဟန်တာ.. မင်း သောက်ကျိုးနည်းဘာတွေဖြစ်နေတာလဲ။ မနက်စာလည်း ထမစားသလို နေ့လယ်စာပါမစားဘူးပေါ့လေ။ မင်းက ကိုယ့်ကိုယ်ကိုယ်ပြိုင်ကားမောင်းသမားတစ်ယောက်လို့ရော တွေးသေးရဲ့လား။ မင်းခန္ဓာကိုယ်ကို တအားတွေအလေးအနက်ထားနေတာပေါ့လေ"


ဟန့်တာခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်ပေတော့မည်။


"တောင်းပန်ပါတယ်။ အရမ်းပင်ပန်းနေလို့အအိပ်လွန်သွားတာပါ…”


"မနေ့ညက မင်းဘာလုပ်ခဲ့လဲဆိုတာ ငါမသိဘူးလို့မထင်နဲ့နော်"


မားကပ်စ်ကား လုံးဝဒေါသတကြီးဖြစ်နေချေသည်။


"ဟင်"


ဝင်စတန်က သူ့ကို ဘားကိုခေါ်သွားတဲ့အကြောင်း မားကပ်စ်သိသွားတာတော့မဟုတိလောက်ဘူးမလား...


"Sauber အသင်းက ဒေါ်နယ်လ်နဲ့ မင်း လျှောက်သွားနေတာလေ။ တခြားအသင်းတွေမှာ မကောင်းတဲ့အကြံအစည်တွေရှိတယ်ဆိုတာကို မင်းသိထားသင့်တယ်။ သူက အရက်နဲ့မိန်းမတွေကိုအသုံးချပြီး မင်းရဲ့ဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးချင်နေတာကွ။ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုဖြုန်းတီးတာကတော့ ပြောမနေနဲ့တော့"


ကံကောင်းထောက်မစွာဖြင့်... အရက်နှင့်မိန်းမများကိုအသုံးချပြီး သူ့ဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးပစ်ချင်နေသူဟာ ဝင်စတန်ဖြစ်ကြောင်း သူမသိရှာပေ။


"အိုး…"


"အိုးတဲ့လား။ မင်းကငါ့ကို 'အိုး'လို့ လာတပြနေတာလား။ မင်း နေ့လယ်စာစားဖို့ ချက်ချင်းဆင်းလာလိုက်ရင် ပိုကောင်းမယ်နော်"


"ဟုတ်ကဲ့"


ဟန်တာလည်း ချက်ချင်းဖုန်းချလိုက်ပြီး အမြန်ဆုံးအရှိန်ဖြင့် ဆေးကြောသန့်စင်ပြီးနောက် ဓာတ်လှေကားတံခါးဆီသို့ အမြန်ပြေးသွားလိုက်သည်။


ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတစ်ယောက်၏ အစားအသောက်များကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသောကြောင့် မနက်စာမစားသည့်သူ့လုပ်ရပ်ဟာ မသင့်လျော်လှပေ။ နေ့လယ်စာကို ကောင်းကောင်းမစားပါက အာဟာရဗေဒပညာရှင်ကို မထီမဲ့မြင်ပြုရာကျပေလိမ့်မည်။ 


ဓာတ်လှေကားတံခါးပွင့်သွားချိန်ဝယ် ဒေါ်နယ်လ်ကို သူတွေ့လိုက်ရသည်။


"သြော် ဟန်တာပဲ"


"ဟိုင်း..."


ဟန်တာက လက်မြှောက်ပြပြီး နှုတ်ဆက်လိုက်သည်။


ဒေါ်နယ်လ်၏လည်ပင်းထက်တွင် အနမ်းအမှတ်အသားများစွာရှိနေချေသည်။ ကြည့်ရပုံထောက်သော် မနေ့က အလွန်ပျော်ဖို့ကောင်းခဲ့ဟန်တူ၏။

 

"မနေ့ညက မင်းအဆင်ပြေရဲ့လား"


ဒေါ်နယ်လ်က မေးလာလေသည်။


"ငါလား မဆိုးပါဘူး…”


မင်းပဲ မိန်းကလေးတွေကိုသွားရှာဖို့ ငါ့ကိုစွန့်ပစ်ထားခဲ့တာကို ငါအဆင်ပြေလားလို့ လာမေးချင်နေသေးတယ်ပေါ့လေ...


"ငါပြောချင်တဲ့သဘောက... ဝင်စတန်က မင်းကို ဘာမှမလုပ်ခဲ့ပါဘူးနော်။ ဟုတ်တယ်မလား"


"ဟင်"


ထိုအမည်သည် ဟန်တာ၏နှလုံးခုန်နှုန်းကို စည်းချက်တစ်ချက်လွဲသွားစေသည် 


"ငါ့အသင်းဖော်ပြောတာတော့ ငါတို့နှစ်ယောက်လုံးထွက်သွားပြီးတော့ သိပ်မကြာခင်မှာပဲ သူ ညစာစားပွဲကနေပြန်လာတော့ ဝင်စတန်က သူ့ကိုပိတ်တားခဲ့တယ်လို့ပြောတာပဲ"


"ဟမ်"


"ငါ့အသင်းဖော်က သူနဲ့ အခုမှပထမဆုံးအကြိမ်စကားပြောဖူးတာပဲ။ ဝင်စတန်ရဲ့အရှိန်အဝါက အရမ်းကြောက်ဖို့ကောင်းတယ်လို့ ပြောတယ်ကွ။ သူ့အသံဆိုရင် သူ့ကို ရေခဲတုံးကြီးထဲမှာ အေးခဲသွားစေနိုင်လောက်တဲ့အထိ အေးစက်နေတာတဲ့"


"အိုး"


ဝင်စတန်က သူ့ရှေ့မှာဆိုလျှင် အခြားသူများကို ထိုကဲ့သို့အေးတိအေးစက်ပုံစံမျိုးဖြင့် ဘယ်သောအခါမှ မဆက်ဆံခဲ့ဖူးကြောင်း ဟန်တာ ရုတ်တရက်သဘောပေါက်လိုက်သည်။


ခဏလေးနေပါဦး..အဓိကအချက်က ဝင်စတန်က ဒေါ်နယ်လ်ရဲ့အသင်းဖော်ကို ဘာအတွက်တားခဲ့တာလဲဆိုတဲ့အကြောင်း ဖြစ်သင့်တာမဟုတ်ဘူးလား..


"ငါ့အသင်းဖော်က ဝင်စတန့်ကို ငါတို့လျှောက်လည်ဖို့သွားတဲ့နေရာအကြောင်း တုန်တုန်ယင်ယင်နဲ့ပြောပြခဲ့တာတဲ့"


ဒေါ်နယ်လ့်စိတ်ထဲ အားနာသလိုခံစားလိုက်မိသဖြင့် ဟန်တာ့ပခုံးကို ပုတ်လိုက်သည်။ 


"မင်း သူ့ကို ဘယ်နေရာမှာများရန်စခဲ့ဖူးတာလဲ"


ဒေါ်နယ်လ်က အနည်းငယ်စူးစမ်းလိုဟန်ဖြင့် မေးလာလေသည်။ 


"ဘယ်သူ့ကိုရန်စတာလဲ"


"ဗန်ဝင်စတန်လေ။ အမုန်းတရားကြောင့်သာမဟုတ်ရင် မင်းဘယ်သွားတာလဲဆိုတဲ့အကြောင်းကို သူက ငါ့အသင်းဖော်ကို ဘာလို့ စစ်ဆေးမေးမြန်းနေမှာတဲ့လဲ"


"တကယ်လို့ ငါသာ သူနဲ့ရန်ငြိုးရှိတယ်ဆိုရင် အခုအချိန်အထိ အသက်ရှင်နေပါဦးမလား"


"ဟုတ်သားပဲ။ ဒါဆိုရင် သူက မင်းကိုအရမ်းချစ်လွန်းလို့ မင်းမိန်းမပွေမှာရှုပ်မှာကို သည်းမခံနိုင်ဖြစ်နေတာကိုး။ အဲ့ဒါကြောင့် စစ်မြေပြင်ကို သူကိုယ်တိုင်ထွက်လာခဲ့တာပဲ"


ဒေါ်နယ်လ်က အရှက်မရှိအရွှန်းဖောက်လေသည်။


သို့သော် ဟန်တာကတော့ လေးနက်သောအမူအရာကို ထုတ်ဖော်ပြသလာသည်။ ဒေါ်နယ်လ်၏အနောက်ကို ကြည့်နေရင်း သူ မေးခွန်းထုတ်လိုက်ချေသည်။


"ဝင်စတန်... ခင်ဗျားဘာလို့ဒီကိုရောက်လာတာလဲ"


ဒေါ်နယ်လ်ခမျာ ထိတ်လန့်တကြားလှည့်ကြည့်လိုက်ပါသော်လည်း သူ့နောက်တွင် လူတစ်ယောက်မှမရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင်း နောက်ပြန်လှည့်လိုက်လေရာ ဗိုက်နှိပ်ရင်း ပြုံးပန်းဝေနေသည့် ဟန်တာ့ကို မြင်လိုက်ရပေသည်။


"သေနာကောင်လေး... မင်း သေချင်နေတာလား"


"ဟီးဟီး... မင်းမှာ တကယ်သတ္တိရှိရင် 'မင်း အီဗန်ဟန်တာကို ချစ်နေတာသေချာပါတယ်'လို့ ဝင်စတန့်မျက်နှာရှေ့မှာ သွားပြောကြည့်လိုက်လေ"


"သွားစမ်းပါ"


ဒေါ်နယ်လ်က ဟန်တာ့ကို လက်ခလယ်ထောင်ပြပြီး ထွက်သွားလေသည်။


ထမင်းစားခန်းထဲတွင် သေခြင်းတရားကို ခေါင်းမာမာဖြင့်ငြင်းဆန်ခဲ့သည့် မက်ဂရက်ဒီက ဟန်တာနှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေလေသည်။


သူ့မျက်နှာအသားအရေကား ယင်ကောင်တစ်ကောင်၏မစင်ကို စားထားရသည့်အလားပင်။


သူ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဗြိတိန်ပြိုင်ပွဲမှာ မပါဝင်နိုင်တော့ချေ။


ဤအဖြစ်က ဟန်တာ၏စိတ်ကို အခြေအနေပိုကောင်းစေသည်။


"မင်းကိုယ်မင်း သိပ်ကျေနပ်နေတယ်ဆိုတာ ငါမသိဘူးလို့မထင်လိုက်နဲ့နော်"


မက်ဂရက်ဒီက ဒေါသတကြီးပြောလာလေသည်။


ဟင် မင်းက ဒါကိုတောင်သိတာပဲလား။ ငါ သေချာထိန်းချုပ်ထားတာကြီးကို...


"တခြားပရော်ဖက်ရှင်နယ်ဆွေးနွေးသုံးသပ်ချက်တွေကို မင်းမကြည့်ထားဘူးလား။ မင်းရဲ့စွမ်းဆောင်ရည်က သေချာပေါက်မမျှော်လင့်ထားတဲ့အရာဆိုပေမဲ့ ဒါက လမ်းဆုံးနေတဲ့လောင်းကစားတစ်ခုလိုပဲ။ မင်း အဲ့ဒီနေရာမှာ တည်ငြိမ်နေနိုင်လိမ့်မယ်လို့ ဘယ်သူမှမထင်ထားဘူး"


"ငါ့ကိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မှတ်ထားလိုက်ပါ့မယ်"


ဟန်တာက ခေါင်းတညိတ်ညိတ်လုပ်၍ သူ့စပါကတီကို စိတ်အားထက်သန်စွာညှပ်ယူပြီး ပါးစပ်ထဲကို ထည့်လိုက်လေသည်။


"Silverstone မှာ မင်းက အမှိုက်တစ်စဖြစ်နေတုန်းပဲ။ ဗန်ဝင်စတန်လည်း မင်းကို ထပ်ကယ်တင်နိုင်မှာမဟုတ်တော့ဘူး"


ဟန်တာ သူ့ခက်ရင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်မိသည်။


ငါကအမှိုက်ပဲ... ဒါပေမဲ့ အစကတည်းက ငါကအမှိုက်ဖြစ်နေတဲ့အတွက် အဆင်ပြေပါတယ်..


ဒါပေမဲ့ မင်းက ဘာလို့ ဝင်စတန့်ကိုပါ စော်ကားချင်နေရတာလဲ...


"ငါ ဆဋ္ဌမနေရာကို ဆက်ယူနိုင်ရင်ရော ဘယ်လိုလုပ်မလဲ"


ဟန်တာက မျက်လုံးကိုပင့်ပြီး မက်ဂရက်ဒီကို စိုက်ကြည့်လိုက်သည်။


"မင်းကလေ.. Silverstone မှာလား။ ဟာသလာလုပ်မနေနဲ့"


"ဘယ်လိုလဲ"


ဟန်တာက အေးတိအေးစက်ဖြင့် မေးလိုက်သည်။


"အဲ့ဒီမှာ လမ်းဖြောင့်အရှည်ကြီးတွေနဲ့ မြန်နှုန်းမြင့်ထောင့်ချိုးတွေ ပါတဲ့အတွက် ဒီပြိုင်ကွင်းမှာ ရလဒ်ကောင်းတစ်ခုရဖို့အတွက်ဆိုရင် ပထမတန်းစားနည်းပညာနဲ့ ပြိုင်ကားတွေကိုလိုအပ်တယ်။ ငါတို့ကားတွေမှာ ဖယ်ရာရီအင်ဂျင်ပါတယ်ဆိုပေမဲ့ ငါတို့ရဲ့ဖွဲ့စည်းပုံစနစ်ထဲက ပါဝါယူနစ်ကို အသင်းကြီးကပါဝါယူနစ်တွေနဲ့ နှိုင်းယှဉ်လို့မရဘူး။ ပြီးတော့ Silverstone မှာ မတော်တဆမှုတွေ အများကြီးရှိတတ်တဲ့အတွက် မင်းခြေထောက်ကို မချိုးမိအောင်ကြိုးစားလိုက်ဦး"


မက်ဂရက်ဒီက လှောင်ပြောင်သရော်လေသည်။


"ဒါဆိုရင်တော့ ငါ့ကိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ငါမေးချင်တာက ငါသာ ဆဋ္ဌမနေရာကို ဆက်ယူထားနိုင်ရင် ဘယ်လိုလုပ်မှာလဲ”


ဟန်တာကလည်း ဆက်လက်ဖိအားပေးနေချေသည်။


မက်ဂရက်ဒီခမျာ သူ့အကြည့်များက အနည်းငယ်ကြောက်စရာကောင်းလှကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။


"မင်း...ဘာလုပ်ဖို့ကြံစည်နေတာလဲ"


"ရှင်းရှင်းလေးပါ။ နောင်အနာဂတ်မှာ မင်း ငါ့ကို ဘယ်လောက်ပဲလှောင်လှောင် ရတယ်။ ဒါပေမဲ့ ဗန်ဝင်စတန်အကြောင်းကိုတော့ ထပ်မပြောမိစေနဲ့"


သူ့အတွက်တော့ သူဟာ စကားထစ်သူတစ်ယောက်မျှသာ။ အမြဲတမ်းမဟုတ်သော်လည်း လှုံ့ဆော်ခံလိုက်ရသည်နှင့် သူ ဘာစကားမှမပြောနိုင်တော့ပေ။ ထို့ကြောင့် မက်ဂရက်ဒီက သူ့အား စကားထစ်သူတစ်ယောက်အဖြစ် လှောင်ပြောင်လာလျှင် ထိုကိစ္စသည် သူ့အတွက်လုံးဝမထိခိုက်ပေ။


သူ့မိဘများကို စော်ကားခြင်းကလည်း သူတို့က သက်ရှိထင်ရှားမရှိကြတော့သည့်အတွက် တကယ်တမ်းတွင် ကိစ္စကြီးကြီးမားမားတော့ မဟုတ်ချေ။ ကမ္ဘာမြေပေါ်တွင် မရှိတော့သောသူများအဖို့ မက်ဂရက်ဒီပြောသမျှကို သူတို့ မကြားနိုင်တော့ပေ။


သို့သော် ဗန်ဝင်စတန်ကတော့ မတူချေ။


ထိုသူဟာ သူ့ခွန်သူ့အားဖြင့် အခြားသူများအပေါ် စိုးမိုးထားသူတစ်ဦးဖြစ်လေရာ ဟန်တာ့အနေနှင့် အခြားလူများက ဝင်စတန့်ကိုစော်ကားနေသည့်အဖြစ်ကို ဘယ်လိုလုပ်ပြီးတော့များ ခွင့်ပြုနိုင်မည်တဲ့လဲ။


မက်ဂရက်ဒီက ဟန်တာ့ကို စိုက်ကြည့်နေလေသည်။ ယခုအချိန်သည် သူဆွံ့အရမည့်အချိန်ပင်။


"ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား"


ဟန်တာက မေးလိုက်ပြန်သည်။


"မင်းမှာ တကယ်အရည်အချင်းရှိရင် ဖြစ်နိုင်တယ်"


မားကပ်စ်က လမ်းလျှောက်လာရင်း မျက်ခုံးများတွန့်ချိုးသွားရသည်။


"ဟေ့.. မင်းတို့နှစ်ယောက်.. ငါ့ကိုပြဿနာမရှာကြနဲ့နော်"


“ကျွန်တော်တို့ ဘာပြဿနာမှမရှာပါဘူး။ စားပွဲပေါ်မှာ စားစရာတွေ ကျန်နေသေးတာကို မတွေ့ဘူးလား။ မက်ဂရက်ဒီက ထမင်းစားတဲ့ဓားနဲ့ ကျွန်တော့်ကို ထမထိုးဘူးလေ ဟုတ်တယ်မလား"


ဟန်တာက စကားပြောနေရင်း ပခုံးတွန့်ပြလိုက်သည်။




စာရေးသူမှာ ပြောစရာရှိပါတယ်။


ကြက်ဥကြော်နေရင်း...


ဟန်တာ: ဟားဟား.. ဒေါ်နယ်လ်က ခင်ဗျား ကျွန်တော့်ကို သေလောက်အောင်ချစ်တာပဲလို့ပြောခဲ့တယ်


ဝင်စတန်: ဟုတ်တယ်လေ


ဟန်တာ : ကျွန်တော်လည်း ခင်ဗျားကို သေလောက်အောင်ချစ်တယ်


ဝင်စတန်: ကျေးဇူးပဲ။ မင်းကို သေလောက်အောင်ချစ်တာထက်စာရင် ကိုယ် မင်းကိုသေအောင်လုပ်လို့ရမလား။


ဟန်တာ : ကျွန်တော် တစ်စုံတစ်ယောက်ရဲ့နူးညံ့သိမ်မွေ့မှုထဲမှာ နစ်မြှုပ်သွားချင်လိုက်တာ


ဝင်စတန်: ကိုယ်က မင်းအတွက် မနူးညံ့သေးဘူးလား။ မင်းကတော့ သေမင်းကို လက်ယပ်ခေါ်နေတာပဲ


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment