no

Font
Theme

မင်း ငါ့ကိုစိုးမိုးထားတယ်


"အမှောင်ညလား"


အရက်စပ်သူက လှောင်ပြုံးပြုံးလိုက်ချေသည်။


"အဲ့ဒါက တအားမပေါ့လွန်းဘူးလား"


"သူ့အတွက်လေ။ ငါ့အတွက်မဟုတ်ဘူး။ ငါကဒီနေ့ကားမောင်းရမှာ"


ဟန်တာလည်း ချက်ချင်းခေါင်းခါယမ်းပြလိုက်သည်။


"ကျွန်တော် အရက်မသောက်ဘူး။ ခင်ဗျားလည်းသိတာပဲကို"


ထိုအရက်က အရက်ကိုမလွန်ဆန်နိုင်ခဲ့သည့် သူ့အဖေ၏နောက်ဆုံးအချိန်ကို ပြန်သတိရစေသည်။


"ဟန်တာ... မင်းက မင်းအဖေနဲ့မတူပါဘူး"


ဝင်စတန်က ထိုသို့ပြောလိုက်ချေသည်။


"ဘယ်လို"


"ကျရှုံးမှုကြောင့်ပဲဖြစ်ဖြစ် ဆုံးရှုံးမှုကြောင့်ပဲဖြစ်ဖြစ် မင်းကိုယ်မင်းပျက်စီးခံလို့မရဘူး။ မင်းကို ထာဝရထိန်းချုပ်မဲ့အရာက မင်းရဲ့ကိုယ်ပိုင်အသိစိတ်ပဲဖြစ်နေသင့်တယ်။ အရက်တော့မဖြစ်သင့်ဘူး"


ဟန်တာ သူ့ရှေ့တွင်ချထားသော ရေခဲပြာရောင်အရည်ကို စိုက်ကြည့်နေမိသည်။ ထိုအရည်မှာ ဝင်စတန်၏မျက်ဝန်းများနှင့် အရောင်ချင်းဆင်တူ၏။ ငြင်းဆန်ရခက်ခဲသည့် ဆွဲဆောင်မှုတစ်မျိုးကို ဆောင်ကြဉ်းလာသည်။


"ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းလို့ခေါ်တဲ့အရာက ဒီအရက်တွေကိုမသောက်ဘဲရှောင်ရတာမဟုတ်ဘူး။ မင်း အဲ့ဒီအရာထဲမှာ ပိတ်မိနေပြီဆိုရင်တောင် မင်းက မင်းပဲဆက်ဖြစ်နေတာမျိုးကိုခေါ်တာ။ ပြီးတော့ ကိုယ် မင်းကို အမြဲတမ်းစောင့်ရှောက်ပေးနေမှာပါ"


ဟန်တာကား အနည်းငယ်ထိတ်လန့်သွားလေသည်။ ထိပ်တန်းပြိုင်ကားမောင်းသမားတစ်ယောက်အနေနှင့် ဝင်စတန့်တွင် ပြင်းထန်လှသော ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းတစ်မျိုးရှိပြီး ကားကိုထိန်းချုပ်ရန်အတွက်လည်း သူ့ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေနှင့်အနေအထားတွင် ရှိနေနိုင်စေရန်လည်း ထိန်းချုပ်ထားနိုင်ကြောင်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် အရက်သောက်ခိုင်းသည်ထက်စာလျှင် ဝင်စတန်က မသောက်သင့်ကြောင်း အကြံပေးနိုင်ခြေပိုများလေသည်။


သူ့ရှေ့ရှိဖန်ခွက်ကို သူငေးကြည့်လိုက်မိသည်။ တကယ်တမ်းတွင် သူ့နှလုံးသားအတွင်းနက်နက်ထဲမှတိုင် အရက်ကိုကြောက်ရွံ့ကြောင်း သူ မည်သူ့ကိုမှမပြောပြခဲ့ဖူးပေ။ သို့တိုင် သူသည် အရက်သောက်ရန် ဆန္ဒပြင်းပြပြီး အရွယ်ရောက်သူတစ်ယောက်လို ဟန်ဆောင်လိုသည့် အခြားလူငယ်များနှင့် အတူတူပင်။


ဤအရာမှာ သူ့ဖခင်နှင့်သူ့မိသားစုကို သူ့ထံမှ ဆွဲထုတ်သွားခဲ့သည်။ သို့သော် ဝင်စတန်ပြောသည့်စကားကား မှန်ပေသည်။ အရာအားလုံးကို ခိုးယူသွားသည့်အရာမှာ အရက်မဟုတ်ပါဘဲ မိမိ၏ကျရှုံးမှုကို ရင်ဆိုင်ရန်ငြင်းဆန်ခဲ့သော သူ့အဖေ၏နှလုံးသားပင်။


ဟန်တာ ခွက်ကိုကိုင်မြှောက်၍ ပေါ့ပေါ့ပါးပါးတစ်ငုံသောက်ချလိုက်သည်။


မွန်းကျပ်ဖွယ်ကောင်းသော အရသာမျိုးအစား အေးမြသောအထိအတွေ့တစ်ခုက သူ့ရသာဖူးတစ်လျှောက်ရှိ ဆဲလ်တိုင်းကို စိမ့်ဝင်ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ကို ပို၍သက်သောင့်သက်သာဖြစ်သွားစေသည်။


"ဒီအရသာက ပြင်းတယ်လို့တော့မထင်ဘူး။ တော်တော်လေးပျော့တယ်"


ဤအရသာတွင် ဟန်တာတစ်ယောက် လျင်မြန်စွာကျရှုံးသွားချေသည်။


"ဒါက အမှောင်ညလိုမျိုးပဲ။ သူ့ရဲ့ငြိမ်းချမ်းမှုနဲ့သက်သောင့်သက်သာရှိမှုမှာ မင်းကိုပျော်ဝင်သွားစေပြီး သိပ်သည်းတဲ့ညနက်ရဲ့ဝါးမျိုမှုကို မခံရမချင်း မင်းကိုနိုးထလာခွင့်မပေးဘူး"


ဝင်စတန်၏အသံကား ပေါ့တန်တန်နိုင်သည့်တိုင် ညင်သာလှသည်။ ငှက်အမွေးအတောင်လေးများက ဟန်တာ၏နှလုံးသားကို တစ်ခုပြီးတစ်ခု စိတ်ရှည်လက်ရှည်ပွတ်သပ်နေသည့်အလားပင်။


ဝင်စတန်၏စကားပြောသံကို သူ နှစ်သက်မိကြောင်း ဟန်တာသတိထားလိုက်မိသည်။ အလွန်သဘောကျနှစ်ခြိုက်မိသည်။


"နောက်တစ်ခွက်လောက်ရနိုင်မလား"


ဟန်တာက အဖျော်ဆရာနှင့် မျက်နှာချင်းဆိုင်လိုက်သည်။


သို့တိုင် အဖျော်ဆရာကတော့ ခပ်ပြုံးပြုံးလေးလုပ်ရင်း ဝင်စတန့်ကို လှည့်ကြည့်လိုက်သည်။


"သူ့ကို "Lip On Finger"တစ်ခွက်ပေးလိုက်"


ဝင်စတန်က စကားစလာသည်။


အဖျော်ဆရာ၏လက်နှင့်လက်မောင်းများကလည်း တစ်ဖန်လှုပ်ယမ်းသွားပြန်လေသည်။ ထို့နောက် သိပ်မကြာလိုက်ခင်မှာပင် ပန်းရောင်ဖျော့ဖျော့ယမကာတစ်ခွက်က ဟန်တာ့ရှေ့သို့ ရောက်ချလာသည်။


"ဟေး ပန်းရောင်ပါလား။ ဒါက မိန်းကလေးတွေသောက်တဲ့ဟာမဟုတ်တာသေချာလား"


ဟန်တာက ရယ်မောရင်း ဝင်စတန့်ဘက်သို့ ကြည့်လိုက်သည်။


"သောက်ကြည့်လိုက်"


ဝင်စတန်က ဘေးတိုက်ငဲ့ကြည့်လာသည်။


ကောင်းပြီလေ ခင်ဗျားကထောက်ခံနေမှတော့လည်း သောက်ကြည့်ရသေးတာပေါ့....


ဒါက ခင်ဗျား မိန်းကလေးတွေရွေးပေးနေကျကော့တေးမဟုတ်ရင် ပိုကောင်းမယ်နော်...


ဟန်တာခမျာ တစ်ငုံသောက်လိုက်ပြီးနောက် မျက်လုံးများပြူးကျယ်သွားရကာ ပါးစပ်ကို လက်ဖြင့်ကာထားလိုက်မိသည်။


"အိုး"


"ဘယ်လိုနေလဲ"


ဝင်စတန်က သူ့ခန္ဓာကိုယ်ကိုလှည့်လာပြီး မေးစေ့မော်ထားလျက် မျက်ဝန်းအစုံကိုမှေးကျဉ်းကာ သူ့အားကြည့်နေလေသည်။


ဝင်စတန့်ထံမှ သက်သောင့်သက်သာရှိသောအမူအရာမျိုးကို ပထမဆုံးမြင်ဖူးသည်ဖြစ်ရာ ဟန်တာတစ်ယောက် အကြောင်သားဖြစ်သွားရသည်။ သူ့မျက်ခုံးကြားရှိလေးတွဲမှုမှာ လက်ချောင်းလေးများက သူ့အာရုံကြောများကို တစ်ခုချင်းစီနှိပ်နယ်နေဟန်တူသော်ငြား ထိုအရာကို သူဖမ်းဆုပ်ရန်ကြိုးစားလိုက်သည့်အခါတွင်လည်း တိတ်တဆိတ်ပျောက်ကွယ်သွားချေသည်။


"ကျွန်တော့်နှုတ်ခမ်းတွေထုံနေပြီး လျှာကလည်းတွန့်လိမ်သွားသလိုပဲ"


"အဲ့ဒါကြောင့် 'Lip on Finger'လို့ခေါ်တာလေ"


ဝင်စတန်က ပြန်ဖြေလိုက်လေသည်။


ဟန်တာလည်း ပန်းရောင်အရည်ကို သေချာစူးစမ်းကြည့်ရှုရန်အတွက် သေချာဂရုတစိုက်မျက်နှာလှည့်လိုက်သည်။ ထို့နောက် ခေါင်းကိုမြှောက်၍ အဖျော်ဆရာဆီသို့ လေးစားအားကျနေသည့်အကြည့်ဖြင့် ကြည့်နေလေသည်။


ဤတစ်ခွက်သောက်ပြီးနောက် ဟန်တာက သူ့အား နောက်ထပ်သောက်စရာအနေနှင့် ဘာများပေးလိမ့်လေမလဲဟုသိချင်နေဟန်ဖြင့် ဝင်စတန့်ကို စူးစမ်းစွာငေးကြည့်နေချေသည်။


"အရူးအမူးတောင့်တခြင်း"


ဝင်စတန်က ပေါ့ပေါ့ပါးပါးစကားဆိုလာလေသည်။


အဖျော်ဆရာကလည်း အနည်းငယ်အံ့သြနေဟန်အမူအရာမျိုးကို ထုတ်ဖော်ပြသလာသည်။


"သေချာရဲ့လား"


"သေချာတယ်"


ဟန်တာလည်း အနည်းငယ်သိချင်စိတ်ဖြစ်လာသောကြောင့် အဖျော်ဆရာကို မေးလိုက်သည်။


"ဘာဖြစ်လို့လဲ"


"ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ"


အဖျော်ဆရာက ကွာဟချက်ကိုဖော်ပြရန် လက်မနှင့်လက်ညှိုးကိုသုံးလိုက်လေသည်။


"အရူးအမူးတောင့်တခြင်းက ခုနကသောက်တဲ့နှစ်ခုနဲ့ယှဉ်ရင် နည်းနည်းပြင်းတယ်လေ"


"နည်းနည်းပဲလား"


အဖျော်ယမကာ၏နာမည်မှာ ထိုအရက်အလွန်ပြင်းလှသည်ဟု အဓိပ္ပာယ်သက်ရောက်စေသည်။


ပုံမှန်ဆိုလျှင် အဖျော်ဆရာတစ်ယောက်၏ 'နည်းနည်း'ဟူသည်မှာ မတူညီသောအတိုင်းအတာတစ်ခုကို ဖော်ပြခြင်းဖြစ်၏။


"တကယ်နည်းနည်းပါပဲ"


ဤအဖျော်ယမကာကို မှော်ပညာသုံး၍ဖျော်စပ်ထားသည့်အလား အောက်ခြေတွင် သွေးနီရောင်များအနည်ထိုင်နေပြီး အထက်တွင်မူ ရွှေရောင်အရည်တို့က ပေါလောပေါ်နေချေသည်။ ထို့နောက်မှာမူ ထိုကော့တေးခွက်ကို သူ့ရှေ့သို့တွန်းပို့လာသည်။


"ကျွန်တော့်အတွက် မျိုချရမခက်လောက်ဘူးမလား"


အရက်စပ်သူက အပြုံးလေးဖြင့် ခေါင်းခါယမ်းရင်းပြောလာလေသည်။


"သူ့အရသာကို မင်းကြိုက်သွားလိမ့်မယ်"


ဟန်တာလည်း မျှော်လင့်စောင့်စားမှုကြောင့် နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ချေသည်။


"ဟေး.. တစ်ကျိုက်တည်းမော့ချလိုက်တာအကောင်းဆုံးပဲ"


အရက်စပ်သူက ထိုသို့သတိပေးလာသည်။


"တစ်ကျိုက်တည်းမော့ရမှာလား"


ဟန်တာက စူးစမ်းလိုဟန်ဖြင့် ဝင်စတန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။


တစ်ဖက်လူကလည်း ခေါင်းညိတ်ပြလာ၏။


"ကိုယ် မင်းကိုစောင့်ရှောက်ပေးမှာပါ"


ခင်ဗျားက ကျွန်တော့်ကိုစောင့်ရှောက်ပေးရမှာ...


ကျွန်တော်နဲ့မသက်ဆိုင်တဲ့ လောကကြီးထဲမှာ ကျွန်တော့်ကိုနစ်မွန်းခွင့်မပေးရဘူးနော်...


ဟန်တာ ခေါင်းငုံ့လျက် လှောင်ပြုံးပြုံးလိုက်လေသည်။


"တကယ်တမ်းကျတော့ ကျွန်တော်တို့အချင်းချင်း သိတာသိပ်မကြာသေးဘူးလေ။ ကျွန်တော်တို့တွေ့ဖူးတဲ့အကြိမ်ရေကို လက်ချိုးရေလို့တောင်ရတယ်"


"ဒီတော့ဘာဖြစ်လဲ"


"ဒါပေမဲ့ တကယ်ထူးဆန်းလို့... ခင်ဗျားက ကျွန်တော့်ကို ရှင်းမပြတတ်တဲ့လုံခြုံစိတ်ချမှုမျိုးကို ခံစားရစေတယ်"


Kart ကားပြိုင်ပွဲနဲ့မိတ်ဆက်ပေးခဲ့တဲ့ ကျွန်တော့်အဖေတောင်မှ လုံခြုံစိတ်ချရတဲ့ခံစားချက်မျိုးကို မပေးစွမ်းနိုင်ခဲ့ဘူး...


"ဒါဆိုလည်း အန္တရာယ်များပေမဲ့ လုပ်ကိုလုပ်ရမဲ့ကိစ္စမျိုးရှိရင် ကိုယ့်ကိုပါ အတူခေါ်သွားမယ်လို့ကတိပေးလေ"


"ဟားဟား"


ဟန်တာရယ်မောလိုက်ရင်း ခွက်ကိုကောက်မကာ တစ်ကျိုက်တည်းမော့ချလိုက်သည်။


စက္ကန့်အနည်းငယ်အတွင်းမှာပင် ပေါက်ကွဲထွက်သွားလေဟန် ခံစားချက်တစ်ခုက သူ့နှုတ်ခမ်းပေါ်၌ ပေါ်ပေါက်လာလေသည်။ ထိုခံစားချက်ကား သူ့ခန္ဓာကိုယ်တစ်လျှောက် မခံမရပ်နိုင်လောက်အောင် လှည့်လည်သွားလာနေပြီးနောက် သူ့ဦးနှောက်အတွင်းနက်နက်ထဲသို့ တစ်ဟုန်ထိုးဝင်သွားပြီး သူ့ဆဲလ်တစ်ခုချင်းစီတိုင်းကို သက်သောင့်သက်သာဖြစ်သွားစေသည်။


"အိုး..."


ဟန်တာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ချေသည်။


"ဘယ်လိုနေလဲ"


အရက်စပ်သူက လှောင်ပြုံးတစ်ချက်ဖြင့် မေးလာသည်။


"အရမ်းမိုက်တယ်"


ဤဘားအပေါ် ဟန်တာ၏အကောင်းမြင်မှုက ပေါက်ကွဲထွက်လာသည်။


"တခြားစိတ်ဝင်စားဖို့ကောင်းတာရှိသေးလား"


"အေးဆေးပေါ့ ချာတိတ်ရဲ့"


အရက်စပ်သူက ရယ်မောလိုက်ချေသည်။


"ဟေး.. တခြားလူတွေ ကျွန်တော့်ကို ကလေးလို့ခေါ်တာ မကြိုက်ဘူး"


"မင်းက ငါ့ထက်ငယ်တာအသိသာချည်းပဲလေ။ ပြီးတော့ ကလေးလို့အခေါ်ခံရတယ်ဆိုတာ မင်းငယ်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲကို။ ငါ့အသက်အရွယ်ကို မင်းရောက်ကြည့်လိုက်။ အဲ့လိုဆိုရင် ကလေးလို့ထပ်အခေါ်ခံရတဲ့အခါ ကမ္ဘာကြီးက ဘယ်လောက်တောင်လှပသွားသလဲဆိုတာကို မင်းသိရလိမ့်မယ်"


"ဒီလိုဆိုရင် တခြားစိတ်ဝင်စားဖို့ကောင်းတာရှိသေးလား"


ဟန်တာကား ယခုအချိန်မှာ စိတ်ဓာတ်တက်ကြွနေလေတော့သည်။


အရက်စပ်သူက ဝင်စတန့်ကိုကြည့်လိုက်၏။


"သူ့ကို နောက်ထပ်ဘာပေးလိုက်ရမလဲ"


"မင်းငါ့ကိုစိုးမိုးထားတယ်"


အကြောင်းပြချက်တချို့ကြောင့် ဝင်စတန်၏အသံမှာ ဟန်တာ၏ခေါင်းထဲ စီးဆင်းသွားသည့်အလားပင်။ သူ မည်မျှကြိုးစားကြိုးစား ထိုအသံကိုဖယ်ထုတ်မပစ်နိုင်ချေ။


"မင်းငါ့ကိုစိုးမိုးထားတယ်တဲ့လား"


အရက်စပ်သူ၏မျက်နှာထက်တွင် 'တကယ်အဆင်ပြေရဲ့လား'ဟူသော အမူအရာမျိုး ထွက်ပေါ်လာလေသည်။


"အင်း"


"ကောင်းပြီလေ"


ဟန်တာလည်း အရက်စပ်သူ၏ အနုပညာဆန်လှသောအဖျော်အစပ်စွမ်းရည်ကို နောက်တစ်ဖန်အထင်ကြီးလေးစားသွားရပြန်သည်။ ဤမျှ အာရုံတစိုက်ရှိလှသော ကြည့်ရှုသူကြောင့် အရက်စပ်သူ၏မျက်နှာထက်ဝယ် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားလေသည်။


ဤသည်မှာ နောက်ဆုံးတစ်ခွက်ပင်။ ထင်ရှားပြတ်သားလှသောအရောင်အသွေးက ဖြည်းဖြည်းချင်းအနည်ထိုင်သွားပြီး ထွင်းဖောက်မြင်နိုင်သော အနီရင့်ရောင်အဖြစ် အသွင်ပြောင်းသွားလေသည်။


"ဒါကိုလည်း ကျွန်တော် တစ်ကျိုက်တည်းပဲမော့လိုက်ရမလား"


"မဟုတ်ဘူး။ ဖြည်းဖြည်းချင်းပဲသောက်"


အရက်စပ်သူက မျက်လုံးမှိတ်ပြပြီး ပြုံးလိုက်သည်။


သူ့အပြုံးကြောင့် ဟန်တာ့နားရွက်နှစ်ဖက်မှာ နားလည်ရခက်စွာ နီရဲသွားရချေသည်။


ဝင်စတန်က မေးစေ့ကိုမော်၍ အရက်စပ်သူကိုမျက်နှာချင်းဆိုင်လိုက်လေရာ တစ်ဖက်လူက ခန္ဓာကိုယ်ကိုငုံ့ကိုင်းပေးသည်။


"ဒီနေ့ ဂျီနာအလုပ်လာလား"


"သူရှိတယ်လေ။ စင်အနောက်ဘက်မှာနေမှာပေါ့။ သူ့ကိုခေါ်ပေးရမလား"


"အင်း"


ဝင်စတန်က ခေါင်းညိတ်ပြလိုက်သည်။


ဟန်တာက အရက်ကိုတစ်ငုံသောက်လိုက်လေရာ အရည်က သူ့ပါးစပ်ထဲတွင် အငွေ့ပျံသွားကာ အရသာတစ်လွှာပြီးတစ်လွှာထုတ်ဖော်ပြသလာပြီးနောက်မှသာ ပြန်အနည်ထိုင်သွားပြီး သူ၏ဆင်ခြင်တုံတရားအလုံးစုံကို ဆွဲယူတိုက်စားသွားလေတော့သည်။


ဤအခိုက်အတန့်တွင် စွပ်ကျယ်ရှပ်အင်္ကျီနှင့် အနောက်တိုင်းဘောင်းဘီဝတ်ဆင်ထားသော ဆံတိုအမျိုးသမီးတစ်ယောက်က ဝင်စတန့်ဆီသို့ ချဉ်းကပ်လာလေသည်။


သူ(မ)က သူ(မ)၏ခန္ဓာကိုယ်ကို ဝင်စတန်၏နံဘေးသို့ ကော့ညွတ်လျက် သူ(မ)၏နားရွက်ကိုလည်း သူ့နှုတ်ခမ်းနားသို့ ကိုင်းချလိုက်သည်။


ထိုအခြင်းအရာကြောင့် ဟန်တာ့မျက်ခုံးတို့ တွန့်ချိုးသွားရချေသည်။


ဝင်စတန်သည် အရေးကြီးဝန်ထမ်းများကလွဲလျှင် သူ့အနားရှိလူအများစုရှေ့တွင် အေးတိအေးစက်နိုင်လှပြီး တစ်စုံတစ်ယောက်က သူ့အနားတွင် ပူးကပ်နေခြင်းမျိုးကို ဟန်တာ မမြင်ဖူးခဲ့ချေ။


ဝင်စတန်က သူ့မျက်နှာကိုလှည့်လိုက်လေရာ ဂျီနာက သူ့မျက်နှာကို လုံးဝကွယ်ထားသလို ဖြစ်သွားရသည်။ ဟန်တာ ယခုအချိန်တွင် ဝင်စတန်တစ်ယောက် မည်သို့သောအမူအရာမျိုးလုပ်နေလေလိမ့်မလဲဟု မတွေးဘဲမနေနိုင်ပေ။


သူပြောလိုက်သည့်စကားကို မသေချာဟန်ဖြင့် ဂျီနာက ခေါင်းညိတ်လျက် ဟန်တာ့ဘက်သို့လှည့်ကြည့်ပြီး ပြုံးလိုက်လေ၏။


ထိုအမျိုးသမီး၏ခပ်ဖျော့ဖျော့အသက်ရှူသံက လွှမ်းမိုးလိုက်သည့်အလား ဘားထဲရှိ အပြာဖျော့ရောင်က ဘယ်အချိန်ကပြောင်းသွားလေသလဲဆိုသည်ကိုမူ မသိရချေ။


ဂျီနာက ဟန်တာ့နားသို့ ချဉ်းကပ်လာပြီး သူ(မ)၏တင်ပါးနှစ်ဖက်ကို သံစဉ်အနှေးသီချင်းအတိုင်း လိုက်ပါလှုပ်ယမ်းနေလေသည်။


ဂျီနာဝတ်ဆင်ထားသည့် မရေမရာနိုင်လှသော စားပွဲထိုးဝတ်စုံမှာ လိင်အမျိုးအစားကိုကျော်လွန်သည့် ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေဟန်တူသည်။


ကျန်ဧည့်သည်များက မရေမရာဖြင့် လှောင်ပြုံးပြုံး၍ ဤနေရာကိုအကြည့်ပို့ရင်း သူတို့ထိုင်ခုံနေရာမှ ထလာကြသည်။


ဂျီနာ၏လက်ချောင်းလေးများက သူ(မ)၏လည်စည်းပေါ်၌ ချိတ်တွယ်ထားပြီး ဟန်တာ၏ထိုင်ခုံကို ပွတ်သပ်နေရင်းဖြင့် ထိုထိုင်ခုံကိုလှည့်ပတ်နေချေသည်။ သို့သော် ဖီလာအားဖြင့် သူ့ကိုတော့ သူ(မ)ထိတွေ့ခြင်းမရှိ။ သူ(မ)၏လည်စည်းကို ဖြေချလိုက်သောအခါ ဟန်တာ့ပေါ်သို့ သူ(မ)ထိုင်ချလိုက်တော့မည့် အရိပ်အယောင်မျိုး မကြာခဏလုပ်ပြသော်ငြား တစ်ဖက်ကိုသာ လှည့်ထွက်သွားခဲ့သည်။


ဟန်တာကတော့ဖြင့် သူ(မ)အား ရင်ခွင်ထဲ ပွေ့ဖက်ထားချင်စိတ်ကို ထိန်းချုပ်ထားရလေသည်။


ဟန်တာတစ်ယောက် ဂျီနာ့အပေါ် ဆက်ပြီးမထိန်းချုပ်ထားနိုင်တော့မည့်အချိန်ကို စောင့်ဆိုင်းနေကြသူများလည်း ရှိ၏။


ရှည်လျားလှသော သူ(မ)၏ခြေထောက်အစုံက ထိုင်ခုံလက်ရန်းကို ပွတ်တိုက်နေသည့်အတွက် သူ့နှလုံးသားအောက်ခြေတွင် ယားယံသွားစေပြီး သူ့သွေးများကိုလည်း အောက်ဘက်ဆီသို့ တစ်ဟုန်ထိုးစီးဆင်းသွားစေလေသည်။


ဂျီနာတစ်ယောက် လှည့်ပတ်နေချိန်ဝယ် မျက်နှာချင်းဆိုင်ရှိ ဝင်စတန့်ကို ဟန်တာကြည့်လိုက်မိသည်။


တစ်ဖက်လူဟာ လက်တစ်ဖက်တည်းဖြင့် မေးစေ့ကိုထောက်ထားဆဲဖြစ်သော်ငြား သူ့အကြည့်ကတော့ ကြည်လင်ပြတ်သားပြီး အေးစက်နေဆဲသာ။


ထိုအေးစက်မှုကြောင့် သူ့စိတ်အစဉ်မှာ ချက်ချင်းရှင်းလင်းသွားရပြီး စိတ်လိုက်မာန်ပါပြုလုပ်လိုသော လုပ်ရပ်မှန်သမျှကို ချောင်ထိုးထားလိုက်ရသည်။


သီချင်းသံက လူအများ၏နှလုံးသားကို နှိပ်စက်ညှဉ်းပန်းနေချိန်ဝယ် ဂျီနာ၏လုပ်ရပ်များက ပိုမိုရဲတင်းလာပြီး စည်းချက်နှေးနှေးလေးနှင့်ကနေရာမှ စည်းချက်ကိုမြန်ပစ်လိုက်လေသည်။


သို့တိုင် ဟန်တာကတော့ သူ့အနေနှင့် ဝင်စတန်၏မျက်ဝန်းအစုံထံမှ ပိုဆွဲဆောင်ခံနေရကြောင်း သဘောပေါက်လိုက်ချေသည်။


အရက်တန်ခိုးကြောင့် အနိုင်ယူခံလိုက်ရသည့်အလားဖြစ်နေပြီး ဟန်တာ့မျက်လုံးထဲမှာမူ ဝင်စတန်၏ရုပ်ရည်သွင်ပြင်မှာ ဆွဲဆောင်ဖြားယောင်းမှုအရိပ်အယောင်တစ်မျိုးကို သယ်ဆောင်ထားသည့်အလားပင်။ ၎င်းမှာ ပိုပို၍ထင်ရှားလာပြီး ဂီတသံစဉ်နှင့်အတူ သူ့ဘေးနားတွင်လှည့်ပတ်ပြီး လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကို ထုတ်လွှတ်နေသူမှာ ဂျီနာမဟုတ်ဘဲ ဝင်စတန်ဖြစ်နေသလို မတွေးမိဘဲမနေနိုင်ချေ။


လျှပ်တပြက်ဆိုသလို ဟန်တာ့စိတ်ထဲတွင် ဝင်စတန်က သူ၏အဖြူရောင်ကော်လံကို ဆွဲချလိုက်သည်ဟု စိတ်ကူးယဉ်ကြည့်လိုက်မိသော်လည်း သူ့ညှပ်ရိုးကိုမြင်ရတော့မည့်ဆဲဆဲမှာပင် တစ်ဖက်လူက ရပ်တန့်လိုက်သည်။ သူ့ဒူးနှစ်ဖက်က ထိုင်ခုံလက်ရန်းပေါ်မှ လျှောကျသွားပြီးနောက် သူ့နှာခေါင်းများဖြင့် ဟန်တာ့မျက်နှာကို ပွတ်သပ်ကျီစယ်နေပါသော်ငြား သူ့ဆီကိုလက်လှမ်းရန် ကြိုးစားလိုက်ချိန်မှာမူ ဝင်စတန်က ဂရုမစိုက်ဟန်ဖြင့် လှည့်ထွက်သွားလေသည်။ လှပလွန်းလှသည့် သူ့လက်ချောင်းလေးများကလည်း ဂျင်းဘောင်းဘီအစွန်းကို ချိတ်တွယ်ထားပြီး အောက်ကို ဖြည်းဖြည်းချင်းဆွဲချလိုက်သည်။ သူ့ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကြား ဟနေသောနေရာလေးမှတစ်ဆင့် သူ၏ရေသူမကောက်ကြောင်းသဏ္ဍာန်လေးကို ဟန်တာမြင်လိုက်ရပြီးနောက် သွေးများပွက်ပွက်ဆူလာလေတော့သည်။


သို့သော် တစ်နေရာတည်းမှာထိုင်နေသည့် ဝင်စတန်၏မျက်ဝန်းအစုံကို ငေးကြည့်နေရင်းဖြင့် မည်သည့်အရာက သူ့စိတ်ကူးထဲရှိပုံသဏ္ဍာန်ဖြစ်ပြီး မည်သည့်အရာက အစစ်အမှန်ဖြစ်လေသလဲဆိုသည်ကို သူအတပ်မပြောနိုင်ကြောင်း ကောင်းကောင်းသိထားသည်။


ဝင်စတန်က သူ့လက်ချောင်းများကို ဖြည်းညင်းစွာမြှောက်ပြီး ဖန်ခွက်အလွတ်၏ နှုတ်ခမ်းသားကို ညင်သာစွာပွတ်သပ်လိုက်သည့်ဟန်မှာ ဟန်တာ့နှလုံးသားအတွင်းရှိ သွေးကြောငယ်လေးတစ်ခုချင်းတိုင်းကို ကလူကျီစယ်လိုက်သလိုပင်။ ဝင်စတန်၏နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့ညွတ်သွားရပြီး သူ့မေးစေ့ကို အနည်းငယ်ပင့်မော့လိုက်ချိန် လှစ်ဟထွက်ပေါ်လာပါသည့် လှပလွန်းလှသောလည်စေ့ကို ဟန်တာမြင်လိုက်ရသည်။


ထိုအပြုံးတစ်ပွင့်ဟာ ဟန်တာ့ကို အနန္တချောက်နက်ထဲသို့ ဆွဲချသွားသည့်အလား ထင်မှတ်မှားစေသည်။



စာရေးသူမှာပြောစရာရှိပါတယ်


ကြက်ဥကြော်နေရင်းဖြင့်


ဟန်တာ : ပြောပါဦး.. ဘားထဲမှာတုန်းက ကောင်မလေးတွေ ကျွန်တော့်ကိုမြှူဆွယ်နေတာကိုမြင်တော့ ခင်ဗျားစိတ်ဆိုးသွားသေးလား


ဝင်စတန် : ဟမ့်


ဟန်တာ : ဒါဆို ခင်ဗျားစိတ်မဆိုးဘူးပေါ့


ဝင်စတန် : တွေ့လား ကိုယ်မင်းကိုစနောက်တဲ့လယ်ဗယ်ကိုမြှင့်လိုက်တော့ မင်း ကိုယ့်အတိုင်း လိုက်မလုပ်နိုင်တော့ဘူးလေ


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment