no

Font
Theme

ဒါဆိုရင် ခင်ဗျား ပျောက်ကွယ်မသွားဖို့ ကျွန်တော်တောင်းဆိုချင်တယ် (၁)


"အင်း"


ဝင်စတန်က ပေါ့ပေါ့ပါးပါးခွန်းတုံ့ပြန်လာလေသည်။


ဝင်စတန့်ကို အံ့သြထိတ်လန့်အောင် လုပ်နိုင်စွမ်းရှိသည့်အရာဟူ၍ မရှိလေသောကြောင့် သူ့အမူအရာကား အံ့သြသွားသောအရိပ်အယောင် အလျဉ်းမရှိပေ။ သူ့တည်ငြိမ်အေးဆေးမှုက ဟန်တာ့ကို ငယ်ဘဝအကြောင်းကိုပင် သတိရသွားစေသည်။


"စကားမထစ်အောင်ကြိုးစားလေလေ ပိုဆိုးလေလေပဲ။ ရယ်စရာမကောင်းဘူးလား"


"ဒါပေမဲ့ အခုတော့ မင်းမှာအဲ့ဒီပြဿနာကြီးမရှိတော့ဘူးလေ"


"ကုထုံးပညာရှင်တွေကတော့ ကျွန်တော်က လွယ်လွယ်လေးကြောက်တတ်သိမ်ငယ်တတ်တဲ့စိတ်ရှိလို့ အခုလိုဖြစ်ရတာလို့ပြောကြတယ်"


ဟန်တာ ပြုံးလိုက်လေသည်။ ယခုလည်း သူ သိမ်ငယ်စိတ်ကို နက်နက်နဲနဲခံစားနေရသေးသည်။ ဤအချက်ကား မပြောင်းလဲသွားချေ။


"အဲ့ဒါက မင်း kart ကားမောင်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရတဲ့အကြောင်းအရင်းပဲလေ"


"ခင်ဗျားဘယ်လိုလုပ်သိတာလဲ"


"Kart ကားမောင်းပြိုင်ပွဲနဲ့ဖော်မြူလာရီနော့တို့ဆိုတာ စိတ်ပိုင်းဆိုင်ရာသန်မာမှုရှိဖို့ လိုအပ်တယ်။ အဲ့ဒါကြောင့်ပဲ မင်းက မင်းရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ကားမောင်းခဲ့တာပေါ့"


"ခင်ဗျား အဲ့ဒါကိုဘယ်လိုလုပ်သိတာလဲ"


"မင်းပြောပြတာလေ"


ဝင်စတန်က ဆိုလာချေသည်။


"ဘယ်တုန်းကလဲ"


ဟန်တာခမျာ ထိတ်လန့်သွားရလေသည်။ သူ ဝင်စတန့်ကို ထိုသို့ပြောခဲ့ဖူးသည့်အဖြစ်မျိုး မမှတ်မိတော့ပေ။


"အရင်ဘဝတုန်းက"


"..."


ဟန်တာကတော့ ဆွံ့အလျက်သာ။ ဝင်စတန်၏ဟာသများက အေးတိအေးစက်နိုင်လွန်းပြီး အလွန်လေးနက်လှသည့်အတွက် ကျိုးကြောင်းဆီလျော်မှုမရှိချေ။


"ကောင်းပြီလေ။ ဒါဆိုရင် အရင်ဘဝတုန်းက ခင်ဗျားကို ကျွန်တော့်အဖေအကြောင်းရော ပြောပြဖူးလား"


"ပြောလေ.. ကိုယ်ထပ်နားထောင်ပေးပါ့မယ်"


ဝင်စတန် ပြန်ဖြေလိုက်သည်။


"ခင်ဗျား ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ သူငယ်ချင်းလုပ်လို့ရမှာမဟုတ်ဘူးနော်"


"ဟုတ်ပါပြီ..မင်း ကိုယ့်ကိုဘယ်နှခေါက်ပဲပြောပြော ကိုယ်နားထောင်ပေးမယ်"


ဝင်စတန်က ထိုသို့ပြောသော်ငြား သူ့အမူအရာကတော့ စစ်မှန်ရိုးသားမှုမရှိပေ။


ဟန်တာကတော့ မျက်ဆန်လှန်လျက်သာ ဝင်စတန်ပြောသည့်ဟာသကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။


"ကျွန်တော့်အဖေက မက်ဟန်တန်မှာ အောင်မြင်တဲ့ရှယ်ယာပွဲစားတစ်ယောက်ဆိုတော့ ကျွန်တော် ငယ်ငယ်တုန်းက ကောင်းစားခဲ့တာပေါ့။ အဖေ့အတွက်က သူ့လုပ်ငန်းအပြင် ဂရုအစိုက်ဆုံးအရာက ကျွန်တော်လေ။ ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးဖို့ဆိုတာ အရမ်းအကုန်အကျများတာ။ အထူးသဖြင့် အသက်ငယ်ငယ်လေးကတည်းက သင်ယူမယ်ဆိုရင် ပိုတောင်ဆိုးသေး။ ဒါပေမဲ့ အဖေက ကျွန်တော့်အတွက် နည်းပြတွေခန့်ပေးပြီး ကျွန်တော် Kart ပြိုင်ပွဲဝင်တာကိုကြည့်ဖို့တောင် အလုပ်အချိန်ဇယားတွေကို ရှင်းထားပေးတဲ့လူမျိုး... ကျွန်တော် ကောင်းကောင်းစွမ်းဆောင်နိုင်တဲ့အခါကျရင် အဖေက ပျော်နေတတ်တယ်"


"အင်း"


"ကျွန်တော်လည်း ပိုပြီးယုံကြည်မှုရှိလာပြီးပျော်ရွှင်လာတာပေါ့။ ဒါပေမဲ့ စီးပွားရေးပျက်ကပ်ကြောင့် ဒေဝါလီခံလိုက်ရတဲ့အချိန်မှာပဲ သူ လုံးဝပြောင်းလဲသွားခဲ့တယ်လေ။ စိတ်တိုလွယ်လာပြီး အရက်တွေလည်းစသောက်လာတော့တာပေါ့။ ကျွန်တော့်အမေကလည်း အဲ့ဒါကိုသည်းမခံနိုင်တော့လို့ ကျွန်တော်တို့ကိုထားသွားခဲ့တယ်။ နောက်ပိုင်းကျတော့ ကျောင်းဆရာတစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝကို တည်တည်ငြိမ်ငြိမ်အခြေချသွားခဲ့တယ်။ ဒါပေမဲ့ နှစ်နှစ်အကြာမှာပဲ မီးဖွားရင်း ဆုံးပါးသွားရှာတယ်လေ"


ဝင်စတန်ကား စာနာစကားတစ်ခွန်းမျှမပြောဘဲ ဟန်တာ့လက်ထဲက စီးကရက်ကိုလှမ်းယူ၍ တစ်ရှိုက်ဖွာလိုက်လေသည်။


"ဒီကိစ္စတွေမဖြစ်ခင်တုန်းက ကျွန်တော့်အဖေဂုဏ်ယူရအောင်လို့ ကျွန်တော် ပြိုင်ကားမောင်းခဲ့တာ။ နောက်ပိုင်းကျတော့ သူ့အတွက် အရက်ဝယ်ပေးဖို့ ပိုက်ဆံရှာတဲ့အနေနဲ့ ပြိုင်ကားမောင်းခဲ့တယ်။ ကျွန်တော် အရှိန်မြန်လာပြီး ပိုလည်းတော်လာခဲ့တယ်။ ချန်ပီယံပွဲတွေမှာလည်း အနိုင်ရခဲ့တယ်။ အဲ့ဒီလိုနဲ့ ဖော်မြူလာဝမ်းအသင်းကတောင် ကျွန်တော့်ကိုသတိထားမိသွားခဲ့တယ်လေ။ မားကပ်စ်ရဲ့အသင်းက ကျွန်တော်နဲ့စာချုပ်ချုပ်တဲ့အချိန်မှာ ကျွန်တော် စိတ်လှုပ်ရှားပြီး မျှော်လင့်ချက်တွေအပြည့်နဲ့ပေါ့။ ဒါပေမဲ့ ဒီအကြောင်း အဖေ့ကိုပြောပြလိုက်တော့ သူက 'သြော်'လို့ တစ်ခွန်းပဲပြောပြီး အရက်ဆက်သောက်နေခဲ့တယ်။ ကျွန်တော်လည်း စိတ်လွတ်သွားပြီး အိမ်ထဲမှာရှိတဲ့အရက်ပုလင်းတွေအကုန်လုံးကို ခြေမွှပစ်လိုက်မိတယ်။ သူကလည်း ကျွန်တော့်ကို အသေဆော်တော့တာပေါ့"


ဝင်စတန်မှာ တိတ်ဆိတ်မြဲသာ။


"နောက်တော့ အရက်ဝယ်မယ်ဆိုပြီး အပြင်ထွက်သွားပေမဲ့ ဘယ်တော့မှပြန်မလာတော့ဘူးလေ"


ဟန်တာက သူ့ဇာတ်လမ်းကို လက်စသတ်လိုက်သည်။ ဝင်စတန်လည်း ဆေးလိပ်သောက်ခြင်းအမှု ပြီးစီးသွားချေ၏။


"ကျွန်တော် ငယ်ငယ်တုန်းက ဖော်မြူလာဝမ်းအကြောင်းတွေးလိုက်မိတာနဲ့ ယုံကြည်မှုတွေပြည့်ဝလာရော။ ဒါပေမဲ့ အခုတော့ စကားထစ်ခဲ့တဲ့အချိန်တွေတုန်းကလို ကျွန်တော် စိတ်လှုပ်ရှားနေမိတယ်။ ဒါကို ကျွန်တော်တစ်ယောက်ပဲသိတယ်"


"ဟန်တာ... တခြားလူတစ်ယောက်နဲ့ရင်ဆိုင်ရတဲ့အခါ စိတ်လှုပ်ရှားလွန်းလို့ ဘယ်လောက်ပဲစကားမပြောနိုင်လောက်အောင်ဖြစ်ဖြစ် သူတို့ မင်းကိုနားလည်လာအောင်ပြောလို့ရတဲ့ အထူးဘာသာစကားတစ်ခုရှိတယ်ဆိုတာ သိလား"


"ဘာနည်းလမ်းလဲ"


ဟန်တာကလည်း ပြန်မေးလိုက်သည်။


"အနမ်းနဲ့လေ"


ထိုအခိုက်အတန့်လေးတွင် သူ့စိတ်ထဲ၌ တစ်စုံတစ်ခုပေါက်ကွဲထွက်သွားသလိုပင်။


ဟန်တာခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး လျှာများပင် တောင့်ခဲသွားကာ လည်ချောင်းကလည်း တင်းကျပ်သွားရသည်။


ဝင်စတန်ကတော့ သူ့အနားကို တိုးကပ်သည်ထက် တိုးကပ်လာပေသည်။


ဟန်တာတစ်ယောက် တစ်ဖက်လူက သူ့အနားရောက်လာသည်ကို ခံစားမိသဖြင့် နေရာမှာတင်တောင့်ခဲသွားရသော်ငြား ဝင်စတန်ကတော့ သူ့ပခုံးကိုသာပုတ်ပေးလာသည်။ စီးကရက်ပြာများကလည်း အလင်းရောင်ထဲ၌ မျောလွင့်သွားချေတော့သည်။


"နောက်တစ်ခါ မင်းစိတ်လှုပ်ရှားတဲ့အချိန်ကျရင် ဒါကို အနမ်းတစ်ခုလို့မြင်ယောင်ကြည့်လိုက်။ မင်းရဲ့ပြိုင်ကားနဲ့ပြေးလမ်းက ဘာဘာသာစကားဆက်နွှယ်မှုမှမပါလည်း မင်းဘာလုပ်ချင်တယ်ဆိုတာကို နားလည်သွားလိမ့်မယ်"


ဟန်တာ၏စိတ်အစဉ်ထဲဝယ် မုန်တိုင်းထန်သွားရလေသည်။


ထို့နောက် သူပြုံးလိုက်၏။


"ဟေး..ခင်ဗျားစီးကရက်သောက်နေရင် တအားဆွဲဆောင်မှုရှိတယ်လို့ ဘယ်သူကမှမပြောပြကြဘူးလား"


"တကယ်လား"


ဝင်စတန်က ပေါ့ပေါ့ပါးပါးမေးခွန်းထုတ်လာလေသည်။


"ဟုတ်တယ်လေ။ တကယ်..."


"ဒါဆို အခုကစပြီး မင်းရှေ့မှာ ကိုယ် ဆေးလိပ်ပဲထိုင်သောက်တော့မယ်"


ဝင်စတန်က မတ်တတ်ထရပ်လိုက်ပြီး ဟန်တာ့ကို 'ပြန်တော့'ဟု အမူအရာလုပ်ပြလေသည်။ ထို့နောက် ခြေလှမ်းကျဲကျဲကြီးများဖြင့် ဟိုတယ်ရှိရာဘက်ကိုဦးတည်ကာ ယုံကြည်မှုရှိရှိဖြင့် လျှောက်လှမ်းသွားလေတော့သည်။


ဟန်တာကတော့ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။


လုပ်ပြန်ပြီ.. မသိရင် သူ့ပုံစံက ကွန်မန်ဒါတစ်ယောက်လိုပဲ...


အခန်းကိုပြန်ရောက်သည်နှင့် ဟန်တာ ခေါင်းအုံးပေါ်ခေါင်းချကာ လျင်လျင်မြန်မြန် အိပ်စက်ပစ်လိုက်သည်။


အိပ်မက်ထဲတွင် သူအိမ်ပြန်ရောက်နေသည်ဟု အိပ်မက်မက်ခဲ့သည်။ သူ တံခါးဖွင့်လိုက်သည့်အခါ သူဟာ ဆိုဖာပေါ်တွင်ထိုင်ရင်း တီဗီကြည့်နေပြီး သူ့အမေကတော့ မီးဖိုချောင်ထဲ၌ ညစာချက်ပြုတ်ပြင်ဆင်နေပေသည်။


ထို့နောက် သူ့အဖေက နှင်းဆီပန်းစည်းကြီးတစ်ခုနှင့် F1 ပြိုင်ကားမော်ဒယ်တစ်ခုနှင့်အတူ ပြန်ရောက်လာသည်။


သူ့အမေကလည်း ပန်းစည်းကိုလက်ခံပြီးနောက် သူ့အဖေကိုပွေ့ဖက်ကာ အနမ်းတစ်ပွင့်ပေးလိုက်လေသည်။ သူကတော့ ကားလေးကိုကိုင်၍ ရူးကြောင်ကြောင်လေးပြုံးနေမိသည်။


ဤသည်မှာ သူ့အိမ်ပင်။


ဤအိမ်မှာ ထာဝရအတွက် သူ့အိမ်သာဖြစ်၏။


ရုတ်ခြည်းဆိုသလိုပင် ထိုအရာအားလုံးပျောက်ကွယ်သွားသည်။ သူ လိုက်ဖမ်းရန်ကြိုးစားပါသော်လည်း အချည်းနှီးသာ။


မီးရောင်များက မှိန်ကျသွားပြီး သူ့အရှေ့ရှိ မီးပွားတစ်ခုအလား တဖျတ်ဖျတ်လတ်နေသော အလင်းရောင်တစ်ခုကို သတိထားမိလိုက်သည်။


ထိုသူမှာ ဝင်စတန်ဖြစ်သည်။ သူက ထိုနေရာမှာထိုင်ရင်း စီးကရက်ရှိုက်ဖွာနေချေသည်။


"ခင်ဗျား ဘယ်သူ့ကိုစောင့်နေတာလဲ"


ဟန်တာလည်း ကြောင်တိကြောင်အမ်းဖြင့် မေးလိုက်သည်။


"ကိုယ် မင်းကိုစောင့်နေတာ"


ထိုမျက်ဝန်းတစ်စုံကား အလွန်တောက်ပပြီး သိမ်မွေ့လှသည်။


"ဘာလို့လဲ"


"ဘာလို့လဲဆိုတော့ ကိုယ် စီးကရက်သောက်နေရင် ဆွဲဆောင်မှုရှိတယ်လို့ မင်းပဲပြောခဲ့တာလေ"


"အဲ့ဒါလေးကြောင့်နဲ့လား"


"အင်း"


ဒါဆိုရင်တော့ ခင်ဗျား ပျောက်ကွယ်မသွားဖို့ ကျွန်တော်တောင်းဆိုရလိမ့်မယ်...


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment