no

Font
Theme

ဒေါ်လာတစ်သန်းတန်အတွင်းခံလား (၁)


အခြားလူတစ်ယောက်သာဆိုပါက ဟန်တာ့အနေနှင့် ဤကိုးရိုးကားရားအခြေအနေက ကွေ့ဝိုက်ပြီး တောင်းပန်ရန်နည်းလမ်းတစ်ခု တွေးမိနိုင်သည်သာ။ သို့သော် ယခုလက်ရှိမှာတော့ ထိုဦးတည်ရာအတိုင်း မစဉ်းစားမိချေ။


အိတ်ကပ်ထဲကို လက်ထည့်ထားလျက်သားဖြင့် လှည့်လာပြီး ရယ်လိုက်သည်။


"ကျွန်တော်က ခင်ဗျားရဲ့ချွေးစိုရှပ်..အဲ.. တီရှပ်ကိုမရလိုက်လို့ဆိုပြီးငိုနေတဲ့ အဲ့ဒီကောင်မလေးကို နှစ်သိမ့်ပေးချင်ရုံလေးပါ"


"ဪ.. အဲ့လိုလား"


ဝင်စတန်၏အသံမှာ သူထင်ထားသည်ထက်ပိုပြီး ညင်သာသိမ်မွေ့ပြီး သူ့နှုတ်ခမ်းကွေးများနှယ် နူးညံ့လေသည်။ တစ်ဖက်လူက ပြုံးနေလေကြောင်း ဟန်တာ ရုတ်တရက်သတိထားလိုက်မိသည်။ သူ့အပြုံးကား ခပ်ဖွဖွလေးဆိုသော်လည်း သလင်းကျောက်လုံးလေးထဲတွင် အအေးခံထားပြီးနောက် ဖြည်းဖြည်းချင်းဖူးပွင့်လာသည့် ပန်းလေးတစ်ပွင့်အလားပင်။ 


"ဒီလိုဆိုရင် မင်းကို လူတွေက ဘာလို့ စားပွဲထိုးလို့ ထင်ရတာလဲဆိုတာ သိလား"


"ဘာ..ဘာလို့လဲ"


တစ်ဖက်လူက သူနှင့်စကားစမြည်ပြောဆိုလာလိမ့်မည်ဟု ဟန်တာ ထင်မထားခဲ့ပေ။ သူအစဆွဲထုတ်လာသည့် အကြောင်းအရာကလည်း စင်စစ်စိတ်ဝင်စားဖို့ ကောင်းလှသည်။


"ဘာလို့လဲဆိုတော့ မင်းက ကလေးတစ်ယောက်နဲ့တူနေတာကိုး"


သူ၏ခပ်ဖွဖွအပြုံးဟာ တဖိတ်ဖိတ်တောက်ပနေသော ဟန်တာ၏မျက်ဝန်းအစုံရှေ့မှာ ပိုပို၍သိသာထင်ရှားလာသည်။ ဝင်စတန်၏အပြုံးကို သူ လုံးဝမမြင်ဖူးပေ။ ဤနေရာတွင်ရှိနေသော သတင်းထောက်များလည်း မြင်ဖူးမည်မဟုတ်သည်မှာ ကျိန်းသေပေါက်ပင်။ 


တစ်ဖက်လူက သူ့အား စနောက်နေသလား၊ လှောင်ပြောင်နေသလားဆိုသည်ကို ဟန်တာ မဝေခွဲတတ်ချေ။ 


"အဲ့ဒါကြောင့် မင်းရဲ့ဆံမြိတ်တွေကို နောက်ကိုလှန်ဖြီးပြီး ပိုရင့်ကျက်သွားတဲ့ပုံပေါက်အောင် လုပ်ရမယ်။ အဲ့ဒါမှ အချိန်ပိုင်းအလုပ်လာလုပ်နေတဲ့ တက္ကသိုလ်ကျောင်းသားပုံစံပေါက်မနေမှာ"


ဟန်တာ သူ့အား ငေးကြည့်နေမိသည်။ ဝင်စတန့်ပါးစပ်ကထွက်သမျှ စကားတိုင်းက တစ်မျိုးတစ်မည်အဓိပ္ပာယ်ရှိနေဟန်ပင်။ 


ထိုအချိန်မှာ စားပွဲထိုးတစ်ယောက်က သတ္တုဆားဖျော်ရည်နှင့် အသီးဖျော်ရည်လင်ပန်းကြီးကိုကိုင်ကာ လျှောက်လာလေသည်။


ဝင်စတန်က လက်လှမ်းယူ၍ အသီးဖျော်ရည်တစ်ခွက်ကို ဟန်တာအား ကမ်းပေးလာပြီးနောက် သူ့အတွက်သူ သတ္တုဆားဖျော်ရည်ကို ယူလိုက်သည်။


ဝိုင်နီလည်းမဟုတ်သလို ရှန်ပိန်လည်းမဟုတ်ဘဲ အသီးဖျော်ရည်ကို ပေးလာခြင်းပင်။ ဝင်စတန်က သူ့အား ကလေးဆန်သည်ဟု စနောက်နေသည်မှာ သေချာလေသည်။ သူက အရက်သောက်ရန် အသက်မပြည့်သေးကြောင်း တစ်ဖက်လူက ဘယ်လိုများသိသလဲ။


ခဏလေးနေပါဦး...


ဝင်စတန်က သူ့အသက်ကို ဘာကြောင့်များ အာရုံစိုက်နေရသလဲ။ သို့မဟုတ် ဟန်တာက အလွန်ငယ်သေးသည်ဟု သူ ယူဆလိုက်ရုံသက်သက်လေလား။ 


ဟန်တာ ထိုအကြောင်းကို စဉ်းစားနေခိုက်မှာ ဝင်စတန်က သူ့လက်ချောင်းလေးများကို ရေခွက်ထဲကို နှစ်လိုက်သည်။ ထို့နောက် ဟန်တာ၏ဆံမြိတ်များကို သပ်ဖယ်၍ အပေါ်ကိုလှန်တင်လိုက်ပြီး သူ့နဖူးကိုဖော်ပေးလိုက်သည်။


တစ်ဖက်လူ၏ လက်ချောင်းထိပ်ဖျားတို့က သူ့ဦးရေပြားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ အစကမူ ဟန်တာတစ်ယောက် နောက်ပြန်ဆုတ်လိုက်ချင်ပါသော်ငြား မသိလိုက်ပါဘဲ ကြက်သေသေသွားရချေသည်။


"တခြားဝတ်စုံကိုပြောင်းဝတ်လိုက်။ ဒီဝတ်စုံရဲ့ခါးလိုင်းက ချပ်ချပ်ရပ်ရပ်ဖြစ်မနေဘူး"


ဟန်တာ တစ်ဖက်လူကိုမော့ကြည့်လိုက်သည့်အခါ သူ့ဆံပင်ကို ကူပြင်ပေးနေသောကြောင့် အနည်းငယ်ခေါင်းစောင်းငဲ့ထားသည့် ဝင်စတန်၏မျက်နှာကို မြင်လိုက်ရသည်။


သူက အလွန်အမင်းအာရုံစူးစိုက်နေချေသည်။


ဝင်စတန့်မှာ မျက်တောင်လှလှလေးများ ရှိနေခြင်းကြောင့်လေလားဆိုသည်ကိုတော့ ဟန်တာမသိသော်ငြား သူ့စိတ်ထဲတွင် ရိုမန်တစ်ဆန်သောရင်းနှီးကျွမ်းဝင်မှုမျိုးကို မှားယွင်းစွာအာရုံခံစားမိနေ၏။ 


ဝင်စတန်က သူ့ကိုရင်းနှီးနေသလို သူ ဘာကြောင့်များ ခံစားမိနေလေသလဲ။ 


သို့သော် တစ်ဖက်လူက သူ့အား တိတ်တဆိတ်သာငေးကြည့်နေပေသည်။ 


ဟန်တာကတော့ သေချာပေါက် ပိုပြီးဦးနှောက်ခြောက်သွားရသည်။ 


ဤအခိုက်အတန့်လေးမှာ လေလံပစ်သူ၏အသံ ထွက်ပေါ်လာလေသည်။


"နောက်ထပ်လာမဲ့ ကျွန်တော်တို့ရဲ့ပစ္စည်းကတော့ မားကပ်စ်ရဲ့အသင်းက လူသစ်လေးအီဗန်ဟန်တာ အလယ်တန်းတုန်းကဆောင်းတဲ့ အမေရိကန်ဘေ့စ်ဘောဦးထုပ်ပဲဖြစ်ပါတယ်။ ကြမ်းခင်းဈေးကိုတော့ ဒေါ်လာ ၅၀၀ ကနေစပါ့မယ်"


ဟန်တာက အံ့သြတကြီးဖြင့် ချာခနဲလှည့်လိုက်သည်။


"အဲ့ဒါ ငါ့ဦးထုပ်ပဲ။ အဲ့ဒါကို လေလံပွဲမှာတင်ရောင်းဖို့လည်း ဘယ်တုန်းကမှ မပြောဖူးပါဘူး"


သူ မားကပ်စ်ကိုလှမ်းကြည့်ကာ ဘာတွေဖြစ်နေသလဲဆိုသည်ကို မျက်လုံးအကြည့်ဖြင့် မေးမြန်းနေမိသည်။ သို့သော် မားကပ်စ်ကတော့ ခေါင်းသာခါယမ်းပြလေသည်။


"အဲ့ဒါက ငါ့အဖေလက်ဆောင်ပေးထားတဲ့ပစ္စည်းလေးကို..."


ဟန်တာ့စိတ်ထဲ အင်တင်တင်ဖြစ်မိသော်လည်း သူ ပိုအာရုံစိုက်သည့်ကိစ္စမှာ ဝင်စတန်၏ချွေးစိုတီရှပ်ကို ဒေါ်လာ ၅၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့ပြီး သူ့ဘေ့စ်ဘောဦးထုပ်ကတော့ ဒေါ်လာ ၅၀၀ မျှသာ တန်ဖိုးဖြတ်ခံရသည့်ကိစ္စပင်။ 


အဓိပ္ပာယ်ကတော့ ထိုဦးထုပ်ကို မည်သူမှမဝယ်ချင်ကြပေ။


ဤနေရာရှိ F1 ပရိသတ်များက ပြိုင်ကားမောင်းသမားများပိုင်ဆိုင်သော ပစ္စည်းများကို စိတ်ဝင်စားကြသည်။ သို့သော် ပြဿနာကား သူသည် ပွဲစဉ်သုံးခုတွင် ယှဉ်ပြိုင်ကစားအပြီး အမှတ်တစ်မှတ်မှမရခဲ့ပေ။ သို့ဖြစ်ရာ သူ့ပစ္စည်းများဟာ စုဆောင်းရန်တန်ဖိုးရှိသောအဆင့်မျိုးမှာ ရှိမနေချေ။


ဤသည်မှာ သေချာပေါက်ရှက်ဖို့ကောင်းလှသည်သာ။

 

ဟန်တာခမျာ ဤနေရာကထွက်သွားပြီး မရှိချင်ယောင်ဆောင်လိုက်ရလေမလားဆိုသည်ကို ချင့်ချိန်တွေးဆနေမိသည်။ 


ငါးစက္ကန့်ကျော်လွန်သွားသည့်တိုင် မည်သူကမှ လေလံဆွဲမလာချေ။


ဟန်တာလည်း မျက်ဆန်လည်လိုက်မိပါတော့သည်။ သူ့အနေနှင့်တော့ သူ့ဘေ့စ်ဘောဦးထုပ်ကိုပြန်ရရန်အတွက် သေချာပေါက်ပိုက်ဆံထုတ်မည်မဟုတ်။ ထို့ပြင် သူ့အဖေက သူ့အတွက် အသုံးမဝင်သောပစ္စည်းများကို ချန်ထားရစ်ခဲ့သည်ဖြစ်ရာ ဤတစ်ခုကလည်း သိပ်တန်ဖိုးမရှိလှချေ။ 


"၅၀၀"


မားကပ်စ်က စိတ်မကောင်းဖြစ်မိသည့်အတွက် ငါးရာဖြင့် လေလံဆွဲလိုက်လေသည်။ လှူဒါန်းရာလည်း ရောက်သည်မဟုတ်လား။ 


"၁၀၀၀"


ဝင်စတန်၏အသံက ဟန်တာ့အနောက်နားဆီမှ ထွက်ပေါ်လာပြီး ခန်းမထဲရှိ လူတစ်ဝက်ခန့်က သူ့အား ဝိုင်းကြည့်လာကြသည်။ 


ရှိသမျှလူတိုင်း အံ့သြမှင်တက်သွားရလေသည်။ ပါတီပွဲတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ဝင်စတန်က ဘေ့စ်ဘောဦးထုပ်တစ်လုံးကို ရုတ်တရက်ကြီးစိတ်ဝင်စားလာလိမ့်မည်ဟု မည်သူမှထင်မထားကြချေ။


"၁၅၀၀"


'ငါးမန်းဖြူ'ဆိုင်ရယ်ကလည်း ဈေးပြိုင်ပေးလာသည်။


ဟန်တာ သင်္ကာမကင်းဟန်ဖြင့် လှမ်းကြည့်လိုက်မိသည်။


"၂၀၀၀"


ဝင်စတန်ကလည်း ဈေးထပ်ခေါ်လာသည်။


သူ့အသံကား သိပ်မကျယ်သော်လည်း ခန်းမကြီးတစ်ခုလုံးကတော့ တိတ်ဆိတ်သွားရလေသည်။ 


"၂၅၀၀"


ငါးမန်းဖြူကလည်း နောက်တစ်ကြိမ်ဈေးထပ်တိုးပေးလာပြန်သည်။ 


"၃၀၀၀"


ဝင်စတန်ကလည်း ဈေးထပ်တင်လိုက်သည်။ 


ဝင်စတန်နှင့် ငါးမန်းဖြူတို့ကြားတွင် ပြိုင်ဆိုင်မှုတစ်ခု ပေါ်ပေါက်နေလေကြောင်း ဟန်တာ ရုတ်ခြည်းခံစားလိုက်မိသည်။ ပြေးလမ်းပေါ်တွင် ပြိုင်ဆိုင်ရခြင်းနှင့်တင် မလုံလောက်ဘဲ ပိုက်ဆံဖြုန်းသည့်နေရာမှာပါ လာပြိုင်နေကြလေသလား။


ဤသည်မှာ စင်စစ် အပြန်အလှန်အချစ်အမုန်းသက်သက်မျှသာ ဖြစ်၏။ သူတို့၏ပိုက်ဆံကား ဆုံးချေပြီ။


သူ့စိတ်ထဲတွင် မာန်ပင်တက်ချင်သလိုလို ဖြစ်သွားရသည်။ ဝင်စတန်နှင့် ဆိုင်ရယ်တို့မှာ အလွန်ကလေးဆန်လွန်းလှသည်။


အခြေအနေကို ကောက်ချက်ချနေသည့် မရေမတွက်နိုင်သော ဧည့်သည်များ၏အကြည့်အောက်မှာ 'ငါးမန်းဖြူ'ဆိုင်ရယ်က ဟန်တာ၏ဦးထုပ်ကို ၅၀၀၀ အထိ ဈေးမြှင့်ပေးလာသည်။


ဤအဖြစ်ကြောင့် အခြားလူများလည်း တိုက်ပွဲထဲသို့ဝင်လာကြလေသည်။


"၆၀၀၀"


"၇၀၀၀"

 

လူတိုင်းတွင် အတွေးတစ်ခုတည်းသာ ရှိကြသည်။ F1 ကစားသမားနှစ်ယောက်က ပစ္စည်းတစ်ခုကို အချင်းချင်းလေလံဆွဲနေကြသည့်အတွက် ထိုပစ္စည်းမှာ သေချာပေါက် ထိုနယ်ပယ်ထဲက ပစ္စည်းတစ်မျိုးမျိုးသာ ဖြစ်ရမည်ဟုပင်။


"အဲ့ဒီဦးထုပ်က အရင်တုန်းက ဘေ့စ်ဘောအကျော်အမော်တစ်ယောက်ယောက်ဆောင်းခဲ့တာများလား"


"အဲ့ဒါက အကန့်အသတ်နဲ့ထုတ်တဲ့ပစ္စည်းဖြစ်နိုင်လောက်တယ်"


ဟန်တာခမျာ ဆွံ့အသွားရလေသည်။ 


မင်းတို့တွေပြောတာသာ အမှန်ဆိုရင် ဒီဦးထုပ်က ဒေါ်လာ ၅၀၀ လောက်လေးပဲ တန်မှာမဟုတ်ဘူးလေ…


ဈေးနှုန်းကား မြန်မြန်ဆန်ဆန်ပင် ၇၀၀၀ အထိ မြင့်တက်သွားသည်။


'ငါးမန်းဖြူ'ဆိုင်ရယ်က ဝင်စတန်ကို ရန်စသည့်အကြည့်တစ်ချက်ပေး၍ ရယ်မောလိုက်လေသည်။


ပွဲတင်ဆက်သူနှင့် ဧည့်သည်တော်များပင် ဝင်စတန်ကို မကြည့်ဘဲမနေနိုင်ခဲ့ချေ။


သို့သော် သူ့အမူအရာကတော့ မပြောင်းမလဲသာ။ သူက အလျင်လိုနေခြင်းမရှိပါဘဲ သူ့လက်ကိုမြှောက်လိုက်သည်။


"၁၀၀၀၀"


သူ့အကြည့်မှာ ဟန်တာ၏ပခုံးကိုကျော်၍ ဆိုင်ရယ်နှင့် အကြည့်ချင်းဆုံလိုက်သည်။ ထိုအကြည့်က သူ့ကိုဦးတည်နေခြင်းမဟုတ်သည့်တိုင် ထိုအကြည့်ထဲတွင်ကိန်းအောင်းနေသော ဆိုင်ရယ်ကိုသတိပေးလိုဟန်ဖိအားတစ်ရပ်ကို ဟန်တာ ရှင်းလင်းစွာခံစားမိလိုက်သည်။ စက္ကန့်နှစ်ဆယ်ကျော်လွန်သွားသည့်တိုင် မည်သူကမှ ဈေးပြိုင်ခေါ်မလာပေ။ ဆိုင်ရယ်ကလည်း တစ်ဖက်ကိုလှည့်ပြီး ဝင်စတန်ကိုပြုံးပြလိုက်သည်။ သူ့ပုံစံမှာ 'အရူး.. မင်း တကယ်ကြိုက်ရင်လည်း ယူလိုက်တော့'ဟု ပြောနေသည့်အလားပင်။


"ဒီဘေ့စ်ဘောဦးထုပ်ကို လေလံဆွဲနိုင်ခဲ့တဲ့အတွက် မစ္စတာဝင်စတန်ကို ဂုဏ်ပြုပါတယ်။ ဒီဦးထုပ်ရဲ့နောက်ကွယ်က အရေးပါမှုကို အားလုံးသိချင်နေမှာ သေချာပါတယ်"


ဟန်တာလည်း စိတ်ထဲမှ ခေါင်းညိတ်လိုက်မိသည်။ 


အမှန်ပဲ။ ဒီဘေ့စ်ဘောဦးထုပ်က ဘာများထူးခြားနေလို့လဲ။ ပြောလေ။ ခင်ဗျား ဒေါ်လာ ၁၀၀၀၀ ပေးနေစရာမလိုပါဘူး။ ကျွန်တော့်ကို ဒေါ်လာ ၁၀၀ ပဲပေးရင် ရပြီ…


"ဘာလို့လဲဆိုတော့ ဟန်တာပိုင်တာမို့လို့လေ"


ဝင်စတန်က ထိုသို့ပြန်ဖြေလိုက်သည်။


ခန်းမထဲရှိ လူတိုင်း၏အကြည့်မှာ သူ့ဆီသို့ကျရောက်လာလေသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment