အထင်ကြီးစရာအကောင်းဆုံးကျော်တက်ခြင်း (၂)
"အာ?" ဟန်တာတစ်ယောက် ကြောင်အမ်းစွာဖြင့် လက်ခံယူလိုက်ပြီး ၎င်းပေါ်မှကတ်ကို ဖွင့်ဖတ်လိုက်ရာ ထိုထဲမှာပါသောနာမည်က ဟန်တာ့အား အေးခဲသွားစေခဲ့၏။
"ကြည့်စမ်း၊ နောက်ဆုံးတော့ မင်း ဖော်မြူလာဝမ်းမှာ ပရိသတ်တစ်ယောက်ရခဲ့ပြီ!"
ဟန်တာက မားကပ်စ်အား ကတ်ကိုပြလိုက်သည်။ "သူ(မ)က ကျွန်တော့်ကို ဘာလို့ကတ်တစ်ခုပါ ပို့ပေးလိုက်ရတာလဲ! ဒါက နှစ်သိမ့်ပေးတာလား။"
မားကပ်စ်တစ်ယောက် နာမည်ကိုမြင်လိုက်ရသော် ပထမတော့ အေးခဲသွားခဲ့ပြီး ထို့နောက်မှ ဟန်တာ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ "ကလေး၊ မင်းရဲ့ကောင်းချီးတွေ ရောက်လာပြီ! အော်ဒရေဝီလ်ဆန်က မင်းကို ပန်းစည်းပေးတယ်ဆိုတာ သူ(မ)က မင်းအပေါ်ကို အမြင်ကောင်းလေးတွေရှိနေတယ်လို့ ဆိုလိုတာပဲကွ! သူ(မ) စိတ်ဝင်စားတဲ့ ကားသမားတိုင်း နောက်ပိုင်း ဖော်မြူလာဝမ်းမှာ ထိပ်တန်းပြိုင်ပွဲဝင်တွေအဖြစ် ပြောင်းလဲသွားကြတာတွေချည်းပဲ! ဝင်စတန်တို့၊ ဒေါ်နယ်လ်တို့၊ ဒက်ကိုဗီတို့လိုပဲ!"
ဟန်တာ မျက်တောင်ခတ်လိုက်၏။ သူ ဝင်စတန်၏ ပြိုင်ပွဲပြီးအင်တာဗျူးကို ကြည့်ဖူးပေ၏။ ထိုအချိန်က အော်ဒရေဝီလ်ဆန်လို အလှလေးတစ်ယောက်က ဝင်စတန်နားမှာရှိနေသည်ကို သူ အားကျခဲ့ရသည်လေ!
"မဖြစ်သေးပါဘူး! ငါတို့တွေ မင်းကို နည်းနည်းလောက်ကြည့်ကောင်းအောင် လုပ်ပေးဦးမှပါ! တင်းတိပ်လေးတွေကိုဖုံးဖို့ မိတ်ကပ်ဆရာခေါ်လိုက်ရမလား။ သူတို့က အရမ်းကလေးဆန်နေတယ်!"
ဟန်တာ၏မျက်နှာမှာ manga ထဲကလို အနက်ရောင်မျဥ်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက ရုပ်ရှင်ရိုက်မှာမှမဟုတ်ဘဲ ဘာကို တင်းတိပ်တွေဖုံးရမှာလဲ...
"နေပါဦး၊ အဲ့ဒါတွေကို မဖုံးတာက ပိုကောင်းမယ်ထင်တယ်! အခုလိုပုံစံက ပိုကောင်းတယ်! အော်ဒရေဝီလ်ဆန်က မင်းရဲ့ မပြင်မဆင်၊ အပြစ်ကင်းတဲ့ရုပ်ကလေးကို သဘောကျတာပဲနေမှာ!"
...မပြင်မဆင် အပြစ်ကင်းတဲ့ရုပ်?
ခင်ဗျား ကျွန်တော့်ကို ချီးကျူးနေတာတော့ဟုတ်ပါတယ်နော်?
"မားကပ်စ်၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်ခံမနေပါနဲ့... အော်ဒရေဝီလ်ဆန်က ဝင်စတန်ရဲ့ အမာခံပရိသတ်လေ၊ အခု သူက ချန်ပီယံဖြစ်ခဲ့တာဆိုဆော့ သူ(မ)က သေချာပေါက် သူ့ကိုအင်တာဗျူးဖို့ပဲ ဦးစားပေးမှာ!"
"အဲ့ဒါလည်း မှန်တာပဲ..."
အင်တာဗျူးမစခင် ဟန်တာ သန့်စင်ခန်းသို့သွားခဲ့ပြီး မက်ဂရက်ဒီနှင့် အမှတ်မထင်တွေ့ဆုံခဲ့၏။
မက်ဂရက်ဒီ၏မျက်နှာက အေးစက်နေသဖြင့် ဟန်တာတစ်ယောက် ဒီလူ သူ၏အရှက်တရားများကို သန့်စင်ခန်းထဲမှာ ဆေးကြောလိုက်ပြီလားဟုတောင် စိတ်ပူသွားခဲ့သည်။
သို့သော် တွေးကြည့်လိုက်လျှင် သူက ထိပ်ဆုံးခြောက်နေရာကို မဝင်နိုင်ခဲ့သဖြင့် မက်ဂရက်ဒီဆီကနေ မလွဲမသွေ အလှောင်ခံရပေဦးမည်။ ဘယ်သူက သူ့ကို မက်ဂရက်ဒီနဲ့လောင်းကြေးထပ်ဖို့ အရှက်မရှိ ကြွားဝါခိုင်းခဲ့လို့လဲ။
"ဟေး၊ မက်ဂရက်ဒီ-" ဟန်တာ နေမင်းကြီးလို တောက်တော်ပပပြုံးကာ သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
မက်ဂရက်ဒီက ဟန်တာ့အား အေးစက်စွာစိုက်ကြည့်ကာ နောက်ဆုံး၌ စကားပြောလာ၏။
"အရင်တုန်းက ဒက်ကိုဗီကို ၀.၁ စက္ကန့်လောက် နှောင့်နှေးအောင်လုပ်မဲ့အသင်းရဲ့ဗျူဟာကို အကောင်အထည်ဖော်ဖို့ မင်း အစွမ်းကုန်မကြိုးစားခဲ့တဲ့အတွက် ငါ စိတ်တိုခဲ့တယ်... ဒါပေမဲ့ အခုတော့ ငါ မင်းကိုအနိုင်ယူချင်တယ်။"
"ငါ တောင်းပန်ပါတယ်... ငါတို့က အမြဲတမ်း တကျက်ကျက်ဖြစ်နေကြတော့ မားကပ်စ်လည်း သည်းမခံနိုင်တော့ဘူး... ဒီတော့ ငါ အခု မင်းအတွက် အအေးတစ်ဘူးသွားဝယ်ပေးမယ်၊ ပြီးရင် မင်း ချက်ချင်းအကုန်သောက်လိုက်။ အဲ့လိုဆို မင်း ဆီးသွားချင်..."
"ဒါပေမဲ့ အခု မင်းကိုမုန်းနေတုန်းပဲ။ ဘာလို့လဲဆိုတော့ မင်း ဒက်ကိုဗီကို အနိုင်ယူနိုင်ရဲ့သားနဲ့ ရှေ့ပြိုင်ပွဲသုံးပွဲမှာ ဘာလုပ်နေခဲ့တာလဲ။ သွေးပူအောင်လုပ်တာလား။ ဒါမှမဟုတ် ဂိမ်းကစားနေတာလား။ ငါတို့အကုန်လုံး ငါတို့ရဲ့အဆင့်အတွက် အရာအားလုံးပေးဆပ်ထားခဲ့တာ၊ အမှတ်တိုင်းက အသင်းတစ်ခုလုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေကနေ ရလာခဲ့တာ။ မင်း နားလည်ရဲ့လား။" မက်ဂရက်ဒီက စကားတစ်လုံးချင်းစီတိုင်းကို ဟန်တာ၏မျက်လုံးထဲစိုက်ကြည့်ကာ ပြောခဲ့သည်။
"ငါနားလည်တယ်။" ဟန်တာက ခေါင်းညိတ်လိုက်၏။ "ငါ မင်းကို သြစတေးလျပွဲမှာ ကျော်တက်ခဲ့ပေမဲ့ ငါ့အပေါ်ကိုတော့ အငြိုးထားလို့မရဘူး။"
မက်ဂရက်ဒီက ရပ်တန့်သွားပြီး ဟန်တာ့အား အလွန်စိတ်ပျက်သောအကြည့်ဖြင့်ကြည့်ကာ သန့်စင်ခန်းထဲမှ ထွက်သွားခဲ့လေသည်။
ဟန်တာ ၎င်းအား နောက်တစ်ခါထပ်တွေးလိုက်ပြီး လက်နှစ်ဖက်ကို အိပ်ထောင်ထဲထည့်ကာ မက်ဂရက်ဒီအား အော်ပြောလိုက်သည်။ "ဟေး! တကယ် အအေးသွားမဝယ်ရဘူးလား။ ငါ ဒီနေ့ပဲ သည်းခံပေးမှာနော်၊ မင်း နောက်နေ့တွေကျ အခွင့်အရေးမရနိုင်တော့ဘူး!"
မက်ဂရက်ဒီက နောက်လှည့်မကြည့်ဘဲ လက်ခလယ်သာထောင်ပြခဲ့သည်။
"သူ ငါ့ကို မထိုးဘူးပဲ... ငါ ဒါကြီးကို တကယ်အသားမကျသေးဘူး..." ဟန်တာ အနည်းငယ်နောင်တရသလို ခံစားလိုက်ရသည်။
မက်ဂရက်ဒီက သူ့အား ပြဿနာမရှာလောက်တော့ပေ။ ထိုလူက တကယ်တော့ ဆိုးရွားမနေဘဲ လေးနက်လွန်းတာဖြစ်၏။ ထို့ကြောင့် သူက ဟန်တာ၏ ပေါ့ပျက်ပျက်နိုင်သောစိတ်နှင့် ကိုက်ညီချင်းမရှိခဲ့ရုံသာ။
သို့သော် ယခုအခိုက်အတန့်၌ သူ၏နှလုံးသားထဲမှာ အဆင်မပြေမှုကို အဘယ့်ကြောင့် ခံစားနေရသေးသနည်း။
အဘယ်ကြောင့်ဆိုသော် ဝင်စတန်က သူ့အား ထိပ်ဆုံးခြောက်နေရာကိုဝင်နိုင်သည်ဟု အလွန်သေချာနေခဲ့သောကြောင့် ဖြစ်နိုင်ပေသည်...
သတင်းစာရှင်းလင်းပွဲစသောအခါ မျှော်လင့်ထားသည့်အတိုင်း ဝင်စတန်က အဓိကဇာတ်လိုက်ဖြစ်လာပြီး လူအုပ်ကြီးကြောင့် အခန်းတစ်ခုလုံးမှာ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။
ဟန်တာ၏အမူအရာကတော့ အစကနေ အဆုံးထိ ထိုင်းမှိုင်းနေခဲ့ပြီး မီဒီယာများမေးသော မေးခွန်းများက သူနှင့် မသက်ဆိုင်သည့်အလား။ အသင်း၏မန်နေဂျာနှင့် လူထုဆက်ဆံရေးမန်နေဂျာတို့ကသာ နာကျင်နေသော်လည်း အပြုံးတစ်ခုကိုချိတ်ဆွဲလျက် သတင်းထောက်များ၏မေးခွန်းများကို ရင်ဆိုင်ဖြေရှင်းနေရသည်။
"ဝင်စတန်၊ ဒီပြိုင်ပွဲမှာ ဘယ်ကျော်တက်မှုက မင်းရဲ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်းစွဲထင်ကျန်နေခဲ့လဲ။" အော်ဒရေဝီလ်ဆတ်ကထရပ်ကာ မေးလိုက်သည်။
သူ၏အဖြေအား သူနှင့် 'ငါးမန်းဖြူ' ဆိုင်ရယ်တို့၏ နောက်ဆုံးပတ်လမ်းကြောင်းပေါ်ကတိုက်ခိုက်မှုကို ဖြေလိမ့်မည်ဟု လူတိုင်းထင်နေခဲ့သော်လည်း ထိုအစား ဝင်စတန်က ဤသို့ဖြေခဲ့၏။ "မားကပ်စ်အသင်းက ဟန်တာရဲ့ တာယာကွဲသွားပြီးနောက် လုပ်ဆောင်ခဲ့တဲ့ ကျော်တက်မှုနှစ်ခုပါ။"
"မင်း ပြိုင်ပွဲမှတ်တမ်းကို ကြည့်ခဲ့တာလား။" ပြိုင်ပွဲက အခုမှပြီးခါစဖြစ်ရာ အော်ဒရေမှာ အနည်းငယ် အံ့အားသင့်သွား၏။
ဝင်စတန်က အတည်ပြုသည့်အသံကိုသာ ပြုလုပ်လိုက်ပြီး နာရီကိုတစ်ချက်ကြည့်ကာ သူ၏လူထုဆက်ဆံရေးမန်နေဂျာအား တစ်စုံတစ်ခုပြောလိုက်သည်။
လူထုဆက်ဆံရေးမန်နေဂျာက သတင်းထောက်များဘက်ကိုလှည့်ကာ တောင်းပန်လာ၏။ "တောင်းပန်ပါတယ်။ ဝင်စတန်မှာ အရမ်းအရေးကြီးတဲ့ကိစ္စလေးရှိနေလို့ သူ အရင်ဆုံးသွားနှင့်ပါလိမ့်မယ်။"
ဝင်စတန်က ထရပ်ကာ ဗီဒီယာဘက်သို့ခေါင်းညိတ်ပြလိုက်၏။ သူ၏ကျိုးနွံမှုက ဘုရင်တစ်ပါးသာ ပိုင်ဆိုင်ထားသော မောက်မာမှုလေးနှင့် တွဲလျက်ပါရှိသည်။
ထိုအချိန်တွင် ဟန်တာက စိတ်ပျက်လက်ပျက်အမူအရာကို တပ်ဆင်ထားလျက် ခေါင်းငုံ့ထားဆဲပင်။ သူ၏ ကလေးဆန်သောမျက်နှာလေးသည် ယခု ပို၍သနားချင့်စဖွယ်ဖြစ်နေ၏။
"ဟန်တာ၊ မင်း ခြေစစ်ပွဲတုန်းက ဆီတိုင်ကီပြဿနာကြုံခဲ့သလို မိန်းပွဲမှာလည်း တာယာကွဲသွားခဲ့ပေမဲ့ တကယ်အားကောင်းတဲ့ကျော်တက်မှုတွေကို ပြသနိုင်ခဲ့တယ်။ အဲ့ဒါက အသင်းရဲ့ဖိအားတွေကြောင့်လား၊ ဒါမှမဟုတ် မင်းကိုယ်မင်းအတွက် မြင့်မားတဲ့မျှော်လင့်ချက်တွေ ချမှတ်ခဲ့တာလား။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ပြိုင်ပွဲသုံးပွဲမှာ မင်းရဲ့တင်ဆက်မှုတွေက အလယ်အလတ်ပဲဖြစ်နေတာကြောင့်လေ!"
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကြက်ဥကြော်နေရင်း:
ဟန်တာ: ဝင်စတန်! ခင်ဗျားရဲ့ဘဝတစ်လျှောက်မှာ ဘယ်ကျော်တက်မှုက အနက်ရှိုင်းဆုံး စွဲထင်ကျန်ခဲ့လဲ။
ဝင်စတန်: ကိုယ် မင်းကို တက်လုပ်တဲ့အချိန် နက်ရှိုင်းတယ်၊ အဲ့ဒါကို ထည့်တွက်လား။
ဟန်တာ: ...
*****
Aurora Novel Translation Team