[ချက်ပြုတ်ခြင်း]
“မင်း နည်းနည်းလောက်ပိုပြီး တည်တည်တံ့တံ့မနေနိုင်ဘူးလား?"
ရိချန်းလျန်က အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ကာ သူ့အဝတ်များကိုခါလို့ နောက်လှည့်မကြည့်ဘဲ ထွက်သွား၏။
"စူပါမားကပ်ကို သွားမယ် မြန်မြန်!”
ယွင်ဖန်းက နံရံမှာ ချိတ်ထားသည့် အနက်ရောင်ထီးကြီးကို ယူလိုက်ပြီး အော်ပြောလိုက်သည်။
"ငါ့ကိုစောင့်ပါဦး!"
ယွင်ဖန်း၏ ဇီဇာကြောင်နေခြင်းကြောင့် နှစ်ယောက်သားမှာ သူတို့၏ ကုတ်အင်္ကျီများမပါဘဲ ထွက်လာခဲ့ကြရ၏။ ပါးလျသော ရှပ်လက်တိုက လေနှင့်မိုးတို့၏ ရက်ရက်စက်စက်တိုက်ခိုက်ခြင်းကို ခံနိုင်ရည်မရှိပါချေ။ ယွင်ဖန်းနှာခေါင်းက ယားယံလာကာ နှာချေလိုက်မိသည်။
ရိချန်းလျန်က ထီးကို သူ့ဘက် ညင်သာစွာ တိုးပေးလိုက်၏။
သူတို့ခြေထောက်အောက်ရှိ လမ်းမှာ မချောမွေ့ဘဲ ထီး၏ အစွန်းကလည်း တစ်ခါတစ်ရံ ဘေးဘက်ရှိ နံရံနှင့် သွားထိနေတတ်၏။ လမ်းကြားက အမြဲလို မှောင်နေကာ ထိုအထဲ လမ်းလျှောက်ရခြင်းက အနည်းငယ် ခြောက်ချားဖွယ် ခံစားရစေသည်။
ထိုလမ်းကြားမှ ထွက်ပြီး ဘယ်ဘက် ငါးရာခြောက်ရာမီတာလောက် လျှောက်ပြီးလျှင် ထိုနေရာ၌ သုန့်ယန်းလမ်း၏ ရှားရှားပါးပါးကြီးမားလှသော စူပါမားကပ်တစ်ခုရှိလေသည်။ ၎င်းက ကြီးသည်ဆိုပေမဲ့ ၂၄နာရီ စတိုးဆိုင်များထက် ပစ္စည်းအနည်းငယ်မျှ ပိုစုံရုံမျှသာပင်။
"ငါတို့ ဟင်းရွက်နဲ့အသားတွေ ဝယ်ပြီးမှအိမ်ပြန်ကြတာပေါ့"
ရိချန်းလျန်က ပြောလိုက်သည်။
"မိုးအရမ်းသည်းလာရင် ဘယ်လိုလုပ်မလဲ?"
ယွင်ဖန်းက သူ့ကို လမ်းဘေးလျှောက်လမ်းဆီ ဆွဲလိုက်ကာ
"ငါတို့ ထီးပြန်ယူလို့မရဘူးလေ"
စူပါမားကပ်ပိုင်ရှင်က အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက ငွေရှင်းကောင်တာနောက်တွင်ထိုင်ကာ နေကြာစေ့စားနေပြီးသူတို့ဝင်လာသည်ကိုမြင်တော့ ယဉ်ကျေးစွာ ပြုံးပြလာသည်။
"လာကြလေ။ဘာဝယ်ချင်ကြလို့လဲ?"
ရိချန်းလျန်က ထီးကို တံခါးနားတွင်ထားလိုက်၏။ ယွင်ဖန်းကတော့ အထဲဝင်သွားပြီဖြစ်ကာ ခြင်းတောင်းယူပြီး စတင်ရွေးချယ်နေပြီပင်။
ရိချန်းလျန်က သူ သံအိုးအကြီးစားတစ်လုံးရွေးကာ ခြင်းထဲ ထည့်လိုက်သည်ကို အထိတ်တလန့်ကြည့်နေခဲ့ပြီးနောက် အမြန် လျှောက်သွားလိုက်သည်။
"ခဏနေပါဦး!"
ယွင်ဖန်းက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်လာ၏။
"ဘာဖြစ်လို့လဲ?"
" အိုးကို ဘာလုပ်ဖို့ ဝယ်နေတာလဲ?"
ရိချန်းလျန်က သံအိုးကြီးကို ညွှန်ပြကာမေးလိုက်သည်။
"အိုးမရှိရင် ငါတို့ ဘယ်လိုစားမှာလဲ?"
ယွင်ဖန်းက အပြစ်ကင်းသည့်ပုံဖြင့် ကြည့်လာကာ
"မင်းအိမ်မှာ ဂတ်စ်မီးဖိုရှိတာ ငါတွေ့တယ်"
"......"
ရိချန်းလျန် နင်သွားရတော့သည်။
သူငှားထားသောအိမ်တွင် အမှန်ကို မီးဖိုတစ်လုံးပါကာ အိမ်ပိုင်ရှင်ကလည်း သူထွက်မသွားခင်မှာ ဂတ်စ်အပြည့်ဖြည့်ပေးခဲ့သေးသည်ပင်။ သို့ပေမဲ့ သူက ပုံမှန်ဆို ကျောင်းကန်တင်းမှာသာ စားသောက်လေ့ရှိကာဘယ်တုန်းကမှ မချက်ခဲ့ဖူးပေ။
ယွင်ဖန်း၏ ချက်ပြုတ်ခြင်းစွမ်းရည်က မကောင်းသော်ငြား သူ့တွင် နှစ် နှစ်ဆယ်စာ ဘဝအတွေ့အကြုံပိုများလေ၏။ သူက အိုး၊ ခွက်၊ ဇွန်း၊ တူ၊ ဆီ၊ ဆား၊ ဟင်းအနှစ်၊ ရှာလကာရည်၊ မီးဖိုချောင်သုံးဓား၊ စဉ့်နှီတုံးတို့အပြင် သူဌေးထံမှ ခေါင်းအုံးနှင့် စောင်နှစ်ထည်ပါ ဝယ်လိုက်သေးသည်။
ရိချန်းလျန်မှာ ညစာအတွက် သူစီစဉ်ထားသည့် အသီးအရွက်များကို ထုံထိုင်းစွာရွေးချယ်နေကာ ယွင်ဖန်းကတော့ ရှေ့စားပွဲမှ ပဝါများ၊ သွားတိုက်တံများ၊ သွားတိုက်ဆေး၊ နှင့် ရေခွက်များကို ရွေးချယ်ကာ ရှေ့စားပွဲတွင်တင်လိုက်သည်။
"သူဌေးရေ၊ ကျွန်တော့်ကို အိတ်ကြီးကြီးလေးပေးပါဦး"
မူလက ဂရုမစိုက်သလိုနေသော သူဌေးမှာ ခုတော့ စိတ်အားထက်သန်လာလေသည်။
"ကောင်းပြီ၊ အန်တီ မင်းအတွက် ခိုင်တဲ့ဟာလေးရွေးပေးမယ်နော်"
ယွင်ဖန်းက နောက်ဆုံးအနေနှင့် ဆန်တစ်အိတ်ဝယ်လိုက်ချိန် ရိချန်းလျန်မှာ သူ့မျက်လုံးထဲမှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူ့ခမျာ အသက်ပြင်းပြင်းပြင်းရှူလိုက်ရသည်။
"တခြားဝယ်စရာရှိသေးလား?"
ယွင်ဖန်းက လက်နှစ်ဖက်ကိုဖုတ်ဖတ်ခါလိုက်လျက်
"ကုန်တော့မယ်၊ ငါစဉ်းစားကြည့်ပြီးရင် ပြောကြတာပေါ့"
ရိချန်းလျန်က သူ့ကို လျစ်လျူရှုလိုက်တော့သည်။
"သူဌေး၊ ရှင်းမယ်"
သူဌေးက ကွန်ပြူတာကို ခပ်မြန်မြန်နှိပ်ကာ နောက်ဆုံးမှာ ပြုံးလျက် ပြောလာသည်။
"စုစုပေါင်း 348.9 ယွမ်၊ မင်းတို့ကို 340 နဲ့ပဲပေးလိုက်မယ်"
ရိချန်းလျန်က သူ့အိတ်ထဲမှ ပိုက်ဆံထုတ်လိုက်ပေမဲ့ ယွင်ဖန်းက သူ့လက်ကိုကိုင်ထားခဲ့၏။ သူဌေးက ပြုံးကာဖြင့် ယွင်ဖန်းအား ယွမ် ခြောက်ဆယ် ပြန်ပေးလာသည်။
"မင်းအစ်ကိုက အစောကြီးကတည်းက ပေးပြီးပါပြီ၊ မင်းကို ခြောက်ဆယ် ပြန်ပေးမယ် ရော့"
ရိချန်းလျန် မျက်မှောင်ကြုတ်သွား၏။
"ငါမင်းကို ပိုက်ဆံပြန်ပေးမယ်"
ယွင်ဖန်းက ယွမ်ခြောက်ဆယ်ကို အိတ်ထဲ ထိုးထည့်လိုက်သည်။
"ပစ္စည်းတွေသာ အရင် သယ်ရအောင်ပါ"
ရိချန်းလျန်က သူ့အား မပျော်မရွှင်ဖြင့် ကြည့်လိုက်သည်။ နှစ်ယောက်သား စူပါမားကပ်ထဲမှာ အိတ်ကြီး အိတ်ငယ်တို့ဖြင့် ထွက်လာခဲ့ကာ ရိချန်းလျန်မှာ ထီးအနက်ရောင်ကြီးကိုလည်း ခက်ခဲခဲခဲ ကိုင်ထားခဲ့ရလေသည်။
ထိုအချိန်၌ လေက ပိုပြင်းလာကာ အေးစက်စက်မိုးက သူတို့လည်ပင်းဆီ ကျဆင်းလာခဲ့သည်။ နှစ်ယောက်က ပစ္စည်းများနှင့်အတူ ခြံဝင်းငယ်လေးဆီ ခြေကုန်သုတ်မတက် ပြေးလာခဲ့ကြသည်။ ဤလမ်း၌ နှစ်ယောက်သား စူပါမားကပ်မှ အိမ်အထိ ပစ္စည်းများကို နှစ်ခေါက်လောက် အသွားအပြန် သယ်လိုက်ကြရသည်ပင်။
ယွင်ဖန်းက သူ့မျက်နှာပေါ်မှ ရေကိုသုတ်လိုက်ကာ မထိန်းနိုင်စွာ နှာချေလိုက်မိသည်။
ရိချန်းလျန်က သူ့ဆီ မျက်နှာသုတ်ပုဝါတစ်ထည်ပစ်ပေးလာပြီး အိပ်ရာပေါ်မှ လျှော်ပြီးသား ဆွယ်တာတစ်ထည်ဆွဲယူကာ သူ့ဆီ ပစ်ပေးလိုက်သည်။
"မြန်မြန်လေး လဲလိုက်တော့။ ထပ်ပြီး အအေးမမိစေနဲ့"
ယွင်ဖန်းသည် လက်တစ်ဖက်က ဆွယ်တာကို ကိုင်ထားလျက် နောက်လက်တစ်ဖက်ဖြင့် ဆံပင်သုတ်နေလိုက်သည်။ လိမ္မော်ရောင်မီးရောင်က သူ့အပေါ်ထိကာ ကိုယ်ပေါ်မှ အေးစက်မှုများကို ဆေးချသွားခဲ့သည့်နှယ်။ သူက အတော်လေး ပျော်ရွှင်နေပုံပေါက်လာကာ မေးမြန်းလာသည်။
"မင်း ငါ့ကို ဘာကိစ္စ အရမ်းတွေ ဂရုစိုက်နေပါလိမ့်နော်”
ရိချန်းလျန်က ရွှဲနစ်နေပြီဖြစ်သည့် လက်တိုအင်္ကျီကို ချွတ်ပြီးဖြစ်သည်။ ဤစကားများကိုကြားချိန်တွင် သူက ခေါင်းလှည့်ကြည့်လာသည်။ သူ့အသံထဲတွင်တော့ မနှစ်မြို့မှုများအပြည့်။
“မင်းက နုနယ်နေတာကိုး”
ယွင်ဖန်းမှာ ဤ ရုန်းကန်ခဲ့ရသော နှစ်များအတွင်း မည်သူတစ်ဦးတစ်ယောက်ထံကမှ၊ အထူးသဖြင့် ကလေးတစ်ယောက်ထံမှ၊ သူ့အား နုနယ်သည်ဟု အပြောမခံခဲ့ရဖူးပါချေ။ သူရယ်ချင်သွားရရင်း တည်တည်ငြိမ်ငြိမ်ပင် မီးခိုးရောင်ဆွယ်တာကို လဲဝတ်လိုက်ကာ အိပ်ရာထက်ထိုင်လိုက်ပြီး ဆံပင်ကို ဆက်ပြီး ခြောက်အောင်လုပ်နေလျှက် ရိချန်းလျန် ပျားပန်းခတ် လှုပ်ရှားနေသည်ကို ကြည့်နေခဲ့လေသည်။
ရိချန်းလျန်က နွေရာသီဝတ် အနက်ရောင် စွပ်ကျယ်ကို လဲဝတ်လိုက်သည်။ သူ့ပုံစံကအနည်းငယ် ပိန်ပါးပေမဲ့ ကြွက်သားများရှိကာ သန်မာပုံပေါ်ပြီး လူများအား သူ့၏ ပေါက်ကွဲထွက်လာသည့် စွမ်းအားများအပေါ် သံသယ မဝင်စေနိုင်ပါချေ။ သို့ပေမဲ့ သူ့၏စိုစွတ်နေသော အနက်ရောင်ဆံပင်က နဖူးပေါ် ကပ်နေဆဲဖြစ်ကာ ရှင်းပြမရနိုင်စွာ သူ့အား သနားချင့်စဖွယ်ပုံ ပေါက်စေခဲ့လေသည်။ ခြိမ်းခြောက်မှုနှင့် အန္တရာယ်မရှိသည့် စိတ်နေစိတ်ထားနှစ်ခုက ရောနှောနေခဲ့ပြီး ဆယ်ကျော်သက်တစ်ယောက်၏ ပြိုင်ဘက်ကင်း စိမ်းလန်းစိုပြေမှုတို့ ဖြစ်ပေါ်လာစေသည့်နှယ်။
အတော်လေး မျက်စိပဒသဖြစ်လှ၏။ ယွင်ဖန်းက တိတ်တဆိတ် တွေးလိုက်မိသည်။
သို့ပေမဲ့ သူအနည်းငယ် ရှုပ်ထွေးနေဆဲပင်။
ငါကလေးတုန်းက…ငါက အရမ်း..အရမ်း…
သူ အကြာကြီးတွေးဆလိုက်ပေမဲ့ သင့်လျှော်သည့် နာမဝိသေသနကို ရှာမတွေ့ခဲ့တာကြောင့် လက်လျှော့လိုက်ရတော့သည်။
ယွင်ဖန်း ဝယ်လာသည့် ပစ္စည်းအများစုက ချက်ပြုတ်ရန်ဖြစ်သည်။ ရိချန်းလျန်က အခန်း၏ ထောင့်နားတွင်ရှိသော ရိုးရိုးရှင်းရှင်း မီးဖိုချောင်တွင် ပစ္စည်းများ တစ်ခုပြီး တစ်ခုထုတ်နေခဲ့ကာ ထို့နောက်တွင် အိပ်ခန်းဆီ ပြန်လာပြီး ပလက်စတစ်အိတ်ထဲမှ စောင်နှစ်ထည်ကို ထုတ်လိုက်သည်။
သူက မူလတုန်းက ပိုအေးလာချိန်တွင် စောင်တစ်ထည်လောက် ထပ်ဝယ်ဖို့ တွေးထားခဲ့ပြီးပေမဲ့ ယွင်ဖန်းက စောင်နှစ်ထည်နှင့် ခေါင်းအုံးတစ်လုံးကို တိုက်ရိုက်ပင်ဝယ်လာခဲ့သည်။
သူ အားလုံးကို နေရာချလို့ ပြီးလုနီးပါးဖြစ်သွားချိန်မှာတော့ စိတ်အေးလက်အေးဖြစ်သွားကာ အိပ်ရာပေါ်မှာ ထိုင်ချလိုက်သည်။
ယွင်ဖန်းက ကုတင်ခေါင်းရင်တွင် မှီထိုင်လျက် သူ့ကို စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ အကြည့်က သိသိသာသာကြီး ဖြစ်နေတာကြောင့် သူ့ကြွက်သားများကပင် မသိစိတ်ဖြင့် တောင့်သွားခဲ့ရ၏။
"မင်းငါ့ကို ဘာလို့ ဒီလိုကြည့်နေရတာလဲ?"
ယွင်ဖန်းက ခေါင်းစောင်းလိုက်ကာ
"ငါက မင်းကို ဘယ်လိုကြည့်နေလို့လဲ?"
ရိချန်းလျန်က သိပ်မယဉ်ကျေးစွာ လက်ညှိုးထိုးလျက်
"လမ်းပေါ်မှာသာ တစ်ယောက်ယောက်က ငါ့ကို ဒီလို လာကြည့်ရင် ဆယ်ခါမှ ကိုးခါက ရန်စချင်လို့ပဲ"
-ညီအစ်ကိုရိက စကားအများကြီးမပြောသော လူရမ်းကားလေးဖြစ်သည်။ များသောအားဖြင့် တစ်ယောက်ယောက်က သူ့ကိုရန်စလာလျှင် ငြိမ်ခံမနေတတ်ပါချေ။
ယွင်ဖန်းက ပျင်းရိပျင်းတွဲ ရယ်လိုက်သည်။
" ဘယ်သူသိမှာလဲ။မင်းနဲ့ အီစီကလီလုပ်ချင်တာလည်း ဖြစ်နိုင်တာပဲလေ"
များသောအားဖြင့် ရိချန်းလျန်သည် လူများနှင့် ငြင်းခုံရမည့်အစား လက်ပါရတာကို ပိုနှစ်သက်၏။ သို့ပေမဲ့ ယွင်ဖန်းက သူ့ကိုရန်စရသည်အား သဘောကျသည်ပင်။ ထို့သူကို ပြိုင်မငြင်းနိုင်သလို ပြန်လည်း မတိုက်ခိုက်နိုင်တာကြောင့် အကြိမ်တိုင်းမှာ သူ့အား ဒေါသထွက်စေလေသည်။
"ငါတို့ ဒီည ဘာစားကြမလဲ?"
ရိချန်းလျန်က အကြောင်းအရာခေါင်းစဉ်ကို ပြတ်ပြတ်သားသား ပြောင်းပစ်လိုက်သည်။
"ခေါက်ဆွဲပဲ စားကြတာပေါ့"
ယွင်ဖန်းက တကယ်ကြီး ခဏလောက်တွေးလိုက်ကာ
"မင်းလုပ်တတ်လား?"
"....ငါ ကြိုးစားကြည့်လိုက်မယ်"
ရိချန်းလျန်က ဟင်းခတ်ပစ္စည်းများ ပါသောအိတ်ကိုယူကာ မီးဖိုချောင်ထဲ ဝင်သွားတော့သည်။
ယွင်ဖန်းက ဖုန်းထုတ်လိုက်ပြီး ခဏလောက် ရှာကြည့်ကာ စဉ်းစားကြည့်လိုက်ပြီးနောက်မှာ သိပ်စိတ်မချသလို ခံစားလိုက်ရသည်။ သူက အိပ်ရာပေါ်မှ ထလိုက်ပြီး မီးဖိုရှေ့ကိုသွားကြည့်လိုက်၏။
ရိချန်းလျန်က ခေါက်ဆွဲခြောက်ထုတ်ကို ဖွင့်ကာ အိုးထဲ လက်တစ်ဆုပ်စာ ပစ်ထည့်လိုက်သည်။ ယွင်ဖန်း၏ မျက်လုံးထောင့်က တွန့်ခနဲဖြစ်သွားရတော့သည်။
"ဟေး၊ နေပါဦး!"
ရိချန်လျန်က သူ့အား စိတ်ရှုပ်ထွေးစွာကြည့်လာသည်။
"မင်း အိုးကိုဆေးပြီးပြီလား?"
ယွင်ဖန်းက မေးလိုက်သည်။
ရိချန်းလျန်က အိုးကို သုံးစက္ကန့်လောက် စိုက်ကြည့်နေပြီးမှ လက်လှမ်းကာ ပျံ့ကျဲနေသည့် ခေါက်ဆွဲများကို ပြန်ယူထုတ်လိုက်၏။
ဤသည်က အိုးထဲ ရေမထည့်ခင် ခေါက်ဆွဲအရင်ထည့်ပြုတ်တတ်သည့်သူတစ်ယောက်ယောက်ကို ယွင်ဖန်း ပထမဆုံး တွေ့ဖူးတာပင်။ သူက လူကို နောက်သို့ ဆွဲပို့လိုက်ကာ စိတ်ကိုဆွဲဆန့်လျက် သူ့အင်္ကျီလက်ကို ဆွဲတင်လိုက်ရသည်။
"ငါလုပ်မယ်။ မင်းက ကြည့်ပဲ ကြည့်နေတော့။"
သူ၏အချက်အပြုတ်စွမ်းရည်က တကယ်ကို မကောင်းပေမဲ့ အနည်းဆုံးတော့ သူတစ်ယောက်တည်းနေခဲ့တုန်းက သူ့အစာအိမ်ကိုတော့ ဖြည့်နိုင်ခဲ့သည်ပင်။ ယွင်ဖန်းက ကျွမ်းကျင်စွာဖြင့် အိုးကို ဆပ်ပြာဖြင့်တိုက်၍ ဆေးကြောကာ ဂတ်စ်မီးဖိုကို ဖွင့်လိုက်သည်။ ထို့နောက် ဆီအနည်းငယ်ထည့်၍ နုတ်နုတ်စင်းထားသည့်ကြက်သွန်မြိတ်ကိုထည့်ကာ မွှေကြော်သည်။ ခဏအကြာ ရေနွေးအိုးကိုယူ၍ အိုးထဲသို့ ရေတစ်ဝက် လောင်းချလိုက်တော့သည်။
ရှဲ !……
ဆီကြော်နံ့က ခဏချင်းမှာ အခန်းတစ်ခုလုံး ပြည့်သွားလေသည်။ ရိချန်းလျန်က ဤအနံ့ကို မရသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်မို့ မထိန်းနိုင်စွာဖြင့် တံတွေးမျိုချမိတော့သည်။
ယွင်ဖန်းက ခေါက်ဆွဲကို ထည့်လိုက်ပြီးနောက် ခဏချင်းမှာ နူးညံ့သွားခဲ့၏။ သူက ဇွန်းဖြင့်မွှေရင်း ခေါက်ဆွဲအားလုံး အိုးထဲ ထည့်ပစ်လိုက်သည်။
"ဝယ်လာတဲ့ အသီးအရွက်တွေနဲ့ ဝက်အူချောင်းတွေ သွားယူလာခဲ့"
ယွင်ဖန်းက ရိချန်းလျန်ထံ မေးငေါ့လိုက်၏။
ရိချန်းလျန်က ဝယ်လာသည့် ထိုင်ဝမ်မုန်ညှင်းနှင့် ဝက်အူချောင်းကိုယူလာကာ တစ်ယောက်က အရွက်ဆေးလျကိ တစ်ယောက်က ဝက်အူချောင်းကို လှီးလိုက်သည်။ ယွင်ဖန်းက အချိန်ကျခါနီးပြီဟု တွက်လိုက်ပြီးနောက် မုန်ညှင်းအားလုံးနှင့် ဝက်အူချောင်းကို အိုးထဲ ထည့်လိုက်တော့သည်။
ထူထပ်လှသည့် အငွေ့များကြားထဲ ယွင်ဖန်၏ ဘေးဘက်မျက်နှာက အနည်းငယ် ဝေဝါးနေလျက်သား။ ရိချန်းလျန်က ခေါင်းလှည့်ကာ သူ့ကိုကြည့်လိုက်ပေမဲ့ ယွင်ဖန်းထံမှာ အမိခံလိုက်ရသည်။
"ငါ့ကို အမြဲတမ်း ခိုးပြီးကြည့်မနေနဲ့"
ယွင်ဖန်းက သူ့မျက်နှာရှိရာဆီ လက်ကို ဝေ့ယမ်းလိုက်ရင်း မခြောက်သေးသည့်ရေများကို ခပ်ဆိုးဆိုးပုံဖြင့် ခါထုတ်လိုက်လေသည်။
ရိချန်းလျန်က မျက်မှောင်ကြုတ်ကာ မျက်နှာကို သုတ်လိုက်ပြီး သူ့ကို လှမ်းဆွဲလိုက်သည်။
"မီးနဲ့အရမ်းနီးနီးမနေနဲ့။ မီးလောင်သွားမှာ မကြောက်ဘူးလား"
ယွင်ဖန်းက တူနှင့်ခေါက်ဆွဲကိုယူကာ အရသာ မြည်းကြည့်လိုက်သည်။ ၎င်းက ကျက် မကျက်ကို သူမသိပါပေ။ ထို့ကြောင့် သူက နောက်တစ်ဇွန်း ထပ်ခပ်ကာ ရိချန်းလျန်ပါးစပ်နားသို့ ကပ်ပေးလိုက်သည်။ ရိချန်းလျန်မှာ မသိလိုက်စွာဖြင့် ပါးစပ်ဖွင့်လို့ ဝါးစားမိသွားတော့သည်။
"ကျစ်----မမြည်းခင်အရင်မှုတ်ဦးလေ။ ပူမယ်ဆိုတာ မင်း မတွေးမိဘူးလား?"
ယွင်ဖန်းက မသိလိုက်စွာဖြင့် တူကို ပြန်ရုတ်လိုက်ပေမဲ့ တူက ရိချန်းလျန်၏ အကိုက်ခံလိုက်ရပြီဖြစ်ကာ ပြန်ယူမရတော့ပေ။
ဆာလောင်နေသည့် ဝံပုလွေပေါက်လေးကဲ့သို့ သူ့အားစိုက်ကြည့်နေသည်ကိုမြင်လိုက်ရတော့ ယွင်ဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့် သူ့ကို တူကိုက်ခွင့် ပြုထားလိုက်ရတော့သည်။
"ကျက်ပြီလား?"
ထိုအခါမှ ရိချန်းလျန်မှာ အသိပြန်ဝင်လာရင်းတူကို လွှတ်ပေး၍ မျက်လွှာချကာ အွန်းဟု ဖြေလာသည်။
ယွင်ဖန်းက မီးပိတ်ရင်း အလုပ်များနေခဲ့ကာ နောက်ပြန်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်၏။
"ခေါက်ဆွဲထည့်ဖို့ ပန်းကန်လုံးနှစ်လုံးဆေးလိုက်ပါဦး"
ရိချန်းလျန်က သူ့နောက်ကျောကို ခဏလောက်စိုက်ကြည့်နေခဲ့ပြီးမှ ကိုယ်ကိုကိုင်းလို့ ပန်းကန်ဆေးလိုက်ပြီး အနည်းငယ် ထူးဆန်းစွာဖြင့် သူ့ဗိုက်ကို ထိလိုက်သည်။
သူ့နှလုံးသားက စောနကလေးတုန်းက ကြောက်စရာကောင်းလောက်အောင် ခုန်ပေါက်နေခဲ့၏။
မဟုတ်မှ ဗိုက်ဆာလွန်းလို့ သွေးတွင်း သကြားဓာတ် နည်းသွားတာများလား..
အပြင်ဘက်တွင် မိုးက သည်းသထက် သည်းလာသည်။ ယွင်ဖန်းနှင့် ရိချန်းလျန်တို့က ထိုင်ခုံတွေပေါ်မှာထိုင်ကာ ခေါက်ဆွဲပြုတ်ပန်းကန် အသီးသီးကိုင်လို့ အလင်းရောင်မှိန်မှိန်အောက် စားသောက်ခဲ့ကြသည်။ ခေါက်ဆွဲပန်းကန်တင်စရာ စားပွဲပင် မရှိပါချေ။
"မင်းအမေက ဘယ်လိုချက်ပြုတ်ရတယ်ဆိုတာ သင်ပေးထားတာလား?"
ရိချန်းလျန်က ခေါက်ဆွဲ တစ်လုတ်စာကို တူဖြင့်ညှပ်ကာ အငွေ့ထောင်းထောင်းကြားက မေးလာ၏။
ယွင်ဖန်းက မသဲကွဲသော အဖြေကို ဝိုးတဝါးဖြေလာသည်။
"အဲ့လိုမျိုးပဲ"
"စားလို့ကောင်းတယ်"
ရိချန်းလျန်က သူ့ကို ချီးကျူးလာသည်။ ထို့နောက် ခဏလောက် တွေးလိုက်ကာပြောလာ၏။
"ငါငယ်ငယ်တုန်းက မွေးစားအမေကို ကူပြီးချက်ပြုတ်ပေးချင်ခဲ့ပေမဲ့ ရလဒ်ကတော့ မယုံနိုင်စရာကောင်းအောင် ဆီတွေအများကြီး လောင်းထည့်လိုက်မိတော့ အရိုက်ခံလိုက်ရတာနဲ့ပဲ အဆုံးသတ်သွားတယ်။ နောက်တစ်ခေါက်လည်း မီးဖိုချောင်ထဲ အဝင်မခံတော့ဘူးလေ”
ယွင်ဖန်းက ခေါင်းငုံ့ကာ ဟင်းရည် တစ်ငုံသောက်လိုက်သည်။
"နာခဲ့လား?"
"ငါ မမှတ်မိတော့ဘူး။ မနာခဲ့ဘူးထင်တာပဲ"
ရိချန်းလျန်က သူ့ကို ပြုံးပြလာသည်။
"တကယ်တော့ငါ ဘယ်လိုချက်ရလဲဆိုတာကို တကယ်သင်ချင်ခဲ့တာ"
"နောက်ကျရင် ငါမင်းကို သင်ပေးမယ်"
ယွင်ဖန်းက ဝက်အူချောင်းတစ်ကိုက်စားလိုက်ကာ
"ငါက လူတွေကို မရိုက်ဘူး"
ရိချန်းလျန်က အနည်းငယ် မဝံ့မရဲ သိချင်စိတ်ဖြင့် မေးလာ၏။
"ချက်ပြုတ်နည်း သင်ပေးတုန်းက မင်းအမေ မင်းကို ရိုက်ခဲ့ဖူးသေးလား?"
ယွင်ဖန်းက ဤ ဝက်အူချောင်းတစ်ကိုက်မှာ အနည်းငယ် ခါးသက်လှသည်ဟု ခံစားလိုက်ရသည်။ ပုံမှန်ထက် အရည်အသွေး လျော့နည်းနေသည်ကြောင့် ဖြစ်ပါလိမ့်မည်။ သူက ရိချန်းလျန်၏ စူးစမ်းချင်သည့်အကြည့်ကို အနည်းငယ် မသက်မသာဖြစ်စွာရှောင်လွှဲကာ ချောင်းဟန့်လိုက်သည်။
" တစ်ခါတလေတော့ ရိုက်တယ်"
"အိုး"
ရိချန်းလျန်က တည်ငြိမ်စွာ ခေါင်းညိတ်ကာ ခေါက်ဆွဲ ဆက်စားနေလေသည်။
နှစ်ယောက်သား စားသောက်ပြီးနောက် ရိချန်းလျန်က ပန်းကန်ဆေးဖို့ ဦးလိုက်၏။ သန့်ရှင်းရေးလုပ်ပြီးချိန်တွင် ရှစ်နာရီ ထိုးခါနီးနေပြီပင်။ ရိချန်းလျန်၏ အခန်းက တီဗွီတစ်လုံးတောင်မရှိတာကြောင့် ဗလာဖြစ်သည်ဟု ဖော်ပြနိုင်၏။ သူတို့ကစာမေးပွဲ ပြီးခါစဖြစ်လေရာ ပုစ္ဆာများ ဆက်မလုပ်ချင်တော့ချေ။ အပြင်ဘက်မှ မိုးကလည်း သည်းသည်းမဲမဲ ရွာနေဆဲပင်ဖြစ်၏။ အဆုံးမှာတော့ သူတို့က အိပ်ရာပေါ်လှဲပြီးပျင်းရိစွာဖြင့် စကားစမြည်ပြောရုံသာ တတ်နိုင်ကြတော့လေသည်။
"မင်း ဝိဇ္ဇာနဲ့ သိပ္ပံ ဘာကိုဆက်လေ့လာမှာလဲ?"
ယွင်ဖန်းက မေးလိုက်ကာ ကုတင်ခေါင်းရင်းတွင် မှီလိုက်သည်။
"ငါ မသိဘူး"
ရိချန်းလျန်က ဤအတွက် အစီစဉ် အများကြီး မရှိခဲ့ပေ။
"မင်းကရော?"
"သိပ္ပံ"
ယွင်ဖန်း၏ ခြေထောက်များက အေးစက်စက်ဖျာထက်တွင်ဖြစ်သည်မို့ အနည်းငယ် အေးစက်နေ၏။
"မင်းက ဝိဇ္ဇာထက် သိပ္ပံမှာ ပိုတော်တယ်"
"ဒါဆို ငါလည်း သိပ္ပံပဲ ဆက်သင်မယ်"
ရိချန်းလျန်က အိပ်ရာထက် ကျောဆန့်လှဲနေရင်း အကြောဆန့်လိုက်၏။
"အထက်တန်း ဒုတိယနှစ်လောက်မှာ အတန်းတွေ ခွဲလိမ့်မယ်ထင်တယ်။ ငါတို့တွေ ထိုင်ခုံဖော် ဆက်လုပ်လို့ရတာပေါ့"
"အင်း"
ယွင်ဖန်းက ပြုံးလိုက်သည်။
"ငါလည်း မင်းနဲ့ ထိုင်ခုံဖော် ဆက်ဖြစ်ချင်ပါတယ်"
ရိချန်းလျန် မော့ကြည့်လိုက်တော့ ယွင်ဖန်း၏ ဘေးဘက်မျက်နှာကိုသာ မြင်လိုက်ရသည်။ ယွင်ဖန်းဟာ ပြုံးရသည်ကို သဘောကျကြောင်း သူသိလိုက်ရ၏။ ထို အနည်းငယ် အေးစက်စက် မျက်လုံးများက ဝိုးတဝါးအပြုံးဖြင့် ပြည့်နေခဲ့သည်ပင်။ သူက လူများကို ကြည့်မနေချိန်တွင် သာမာန်ဆန်ကာ ဝေးကွာသည့် ခံစားချက်ကိုပေးတတ်၏။ သို့ပေမဲ့ သူက ပြုံးပြလာချိန်မှာတော့ လူများကို အတော်လေး နီးကပ်သွားသလို ခံစားစေရမည်ဖြစ်ပေသည်။
ရိချန်းလျန်ခမျာ သူထပ်ပြီး သွေးတွင်း သကြားဓာတ် နည်းလာပြန်ပြီဟု ခံစားလိုက်ရပြန်သည်။
"ယွင်ဖန်း"
ရိချန်းလျန်က သူ့ကိုခေါ်လိုက်သည်။
ယွင်ဖန်းက သူ့ကို ငုံ့ကြည့်လာ၏။ သူ့မျက်လုံးထဲက အပြုံးက မပျောက်ကွယ်သွားသေးပေ။
"ဟွန်?"
"မင်း ဘယ်လိုလူမျိုးကို သဘောကျတာလဲ?"
ရိချန်းလျန်က သူ့လက်ပေါ် ခေါင်းအုံးလိုက်ကာ မီးလုံးဘေးပတ်လည်ရှိ ပိုးဖလံများကို စိုက်ကြည့်နေမိသည်။
ယွင်ဖန်းက သူ့နှဖူးကို ရိုက်ပစ်လိုက်၏။
“ဒီလို အသက်ငယ်ငယ်လေးနဲ့ စာကောင်းကောင်းမသင်ယူဘဲ တစ်နေ့လုံး ဘာတွေတွေးနေတာလဲ?"
"ဒါက သူငယ်ချင်းတွေကြားက ပူပန်မှုလို့ခေါ်တယ်"
ရိချန်းလျန်က သူ့လက်ကို ဖယ်ကာ စလိုက်၏။
"မင်း ပြောရတာရှက်တယ်ဆိုရင်တော့ ထားလိုက်တော့"
"ကျစ်"
ယွင်ဖန်းက သူ့ကိုစွေကြည့်ကာ ခဏလောက် တွေးလိုက်ပြီးမှ ဖြေလိုက်သည်။
"ငါကြိုက်တာက ခါးသေးသေး၊ ခြေတံရှည်နဲ့ ရင်ဘတ်ကြီးတဲ့သူမျိုးပဲ"
ရိချန်းလျန်က ဤ သွင်ပြင်နှင့် ကိုက်ညီသော ကောင်လေးကိုတွေးကြည့်လိုက်ကာ မထိန်းနိုင်စွာ ကြက်သီးထမိသွားသည်။ သူက လက်မောင်းကို ပွတ်လိုက်ကာ အံ့အားတသင့် ပြောလိုက်သည်။
"မင်းရဲ့အကြိုက်က အတော်လေး ထူးခြားတာပဲ"
ယွင်ဖန်းက သူ့အား ခပ်ညစ်ညစ်ကြည့်လာကာ
"မင်းရဲ့ အကြိုက်ပုံစံကရော ဘာလဲ?"
"နူးညံ့သိမ်မွေ့ပြီး အကျင့်ကောင်းတဲ့သူ"
ရိချန်းလျန်က ခြေချိတ်လိုက်ကာ
"ပြီးတော့ နာခံတတ်တဲ့သူမျိုး"
ယွင်ဖန်းက စိတ်ထဲမှ အညှာအတာမဲ့စွာ သရော်လိုက်၏။
ခုထိ နူးညံ့သိမ်မွေ့၊ အကျင့်ကောင်းပြီး နာခံတတ်တဲ့သူ လုပ်နေတုန်းပဲလား။ မင်းရဲ့ နှစ်ဆယ်အရွယ်ရောက်တဲ့ထိ ဇနီးရှာနိုင်မှာ မဟုတ်သလို သေတဲ့အထိ တစ်ကိုယ်တည်း ခွေးလေး ဖြစ်နေလိမ့်မှာကွ။
စက္ကန့်ဝက်လောက်အကြာမှာတော့ ဤသည်က သူ့ယခင်ဘဝ၏ အတွေ့အကြုံဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားရသည်။ ဤဘဝ ရိချန်းလျန်၏ ကံကြမ္မာက သတ်မှတ်လမ်းကြောင်းက လုံးဝသွေဖယ် သွားပြီဖြစ်သည်မို့ တကယ့်ကို ဇနီးကောင်းတစ်ယောက် ရှာတွေ့သွားနိုင်သည်လည်း ဖြစ်နိုင်လေသည်။
" မင်း ကံကောင်းတာပဲ ကောင်စုတ်လေး"
ယွင်ဖန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။
ရိချန်းလျန်က သန်းလိုက်တာကြောင့် သူပြောသည်ကိုသဲသဲကွဲကွဲ မကြားလိုက်ရပေ။ သူက သူ့ခြေကျင်းဝတ်အား မတော်တဆ တိုက်မိသွားချိန်၌အေးစက်မှုကိုခံစားလိုက်ရတာကြောင့် မေးလိုက်၏။
"ဖျာကအေးနေတာလား? အိပ်ရာခင်းကို ဖြန့်လိုက်မလား?"
ယွင်ဖန်းက လှုပ်ရှားရမည်ကို ပျင်းရိနေကာ လှဲချလိုက်ပြီး စောင်ကိုဆွဲယူလို့ သူ့ကိုယ်အောက်ထဲ ဖိထည့်လိုက်၏။
"ဒါက အရမ်း ဒုက္ခများတယ်၊ ဒီလိုပဲ အိပ်လိုက်ရအောင်ပါ"
ရိချန်းလျန်ကလည်း စောင်ကိုဆွဲကာ ခြုံလိုက်ပြီး မထိန်းနိုင်စွာ သန်းလိုက်ပြန်၏။
ယွင်ဖန်းက လက်လှမ်းကာ သူ့နှဖူးကို ဖွဖွတောက်လိုက်သည်။
"မင်း အိပ်ချင်နေရင် အိပ်တော့လေ"
"ဟမ်း"
ရိချန်းလျန်က အနည်းငယ် အိပ်ချင်စွာဖြင့် မျက်လုံးမှိတ်လိုက်ပြီး ရေရွတ်လာသည်။
"မင်း မအိပ်ချင်ဘူးလား?"
"ငါ နောက်မှအိပ်မယ်"
ယွင်ဖန်းက နူးနူးညံ့ညံ့ပြောလိုက်သည်။
ရိချန်းလျန်က အတော်လေးအိပ်ချင်နေပြီဖြစ်ပေမဲ့ ယွင်ဖန်းနှင့် ခဏလောက်ပိုပြီး စကားပြောချင်နေဆဲပင်။ သူက မျက်လုံးဖွင့်ထားဖို့ ရုန်းကန်နေကာ သူ့ကိုကြည့်လိုက်၏။
"ငါ မိဘမဲ့ကျောင်းမှာတုန်းက.....သူငယ်ချင်းကောင်းတစ်ယောက် ရှိခဲ့တယ်"
"အွန်း"
"သူက အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေး။ ပါးချိုင့်ပါပြီး သူ့မျက်လုံးတွေကအရမ်းကြီးပြီး အထဲမှာ တစ်လက်လက်နဲ့ ကြယ်တွေ ရှိနေသလိုပဲ"
ရိချန်းလျန်က သူ့ကို ဝေဝေဝါးဝါးစိုက်ကြည့်ကာ ပြောလာသည်။
“ငါက သူ့ကို ကြယ်လေးလို့ ခေါ်တယ်”
"အွန်း"
"သူက ငါ့ကို အစ်ကိုကြီးလို့ခေါ်ပြီး ငါတို့နေ့တိုင်းအတူတူ ကစားခဲ့ကြတယ်"
"အွန်း"
"နောက်ပိုင်းမှာ သူ့မိဘတွေရောက်လာပြီး သူ့ကိုဖက်ပြီး အများကြီး ငိုခဲ့ကြတယ်။ သူတို့က ကြယ်လေးရဲ့ သွေးရင်းမိဘတွေတဲ့။ သူတို့က သူ့ကို နေရာတိုင်းမှာ အကြာကြီးရှာခဲ့ကြတာတဲ့လေ"
ရိချန်းလျန်က မျက်လုံးကို ခက်ခက်ခဲခဲဖွင့်ထားရင်းမှ သူ့ကို ထပ်ကြည့်လိုက်ပြန်ကာ သူရှိနေသေးသည်ကိုအတည်ပြုလိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။
"အစက..ကြယ်လေး သူ့မိဘတွေကို ရှာတွေ့သွားတာကို ငါအရမ်းပျော်ခဲ့တာ....ဒါပေမဲ့ နည်းနည်းတော့ မပျော်ဘူး၊ ဘာလိုလဲဆိုတာ မင်းသိလား?"
ယွင်ဖန်းက မေးလိုက်၏။
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ ငါ့ရဲ့ မိဘတွေက ငါ့ကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူးလေ"
ရိချန်းလျန်က ပြောသည်။
"ငါ့စိတ်ဓါတ်က နည်းနည်းမကောင်းဘူးနော်။ ငါ့မိဘတွေသာ ငါ့ကို လာရှာရင် ကောင်းလိမ့်မယ်လို့တောင် တွေးခဲ့တာ"
"မင်းက မကောင်းတာ မဟုတ်ပါဘူး"
"ယွင်ဖန်း..သွေးရင်းမိဘတွေ ရှိရတဲ့ ခံစားချက်က ဘယ်လိုများလဲ?"
ရိချန်းလျန်၏ အသံက တိုးသထက်တိုးသွားခဲ့ကာ အိပ်ချင်စိတ်ကို မခုခံနိုင်တော့သည့်ပုံပင်။သူ့အဆုံးသတ်အသံကပင် အတော်အားပျော့နေပြီဖြစ်၏။
ယွင်ဖန်းက သူ့ဘက်ကို လှည့်လိုက်ပြီး ခေါင်းကို လက်ဖြင့်ထောက်ကာ သူ့ကို တိတ်တဆိတ်ကြည့်လိုက်သည်။ အချိန်ကြာပြီးနောက် သူက လက်မြှောက်ကာ ရိချန်းလျန်၏ ဆံပင်ကို ညင်ညင်သာသာလေး ပွတ်လိုက်ရင်း ဖြေလိုက်လေသည်။
"ငါလည်းပဲ မသိဘူး"