[မှားယွင်းသော အထောက်အထား]
ယွင်ဖန်းသည် စွင်းယွမ်၏ ခြိမ်းချောက်မှုကို စိတ်ထဲအထိ ယူမထားခဲ့ဘဲ နောက်တစ်နေ့မှာ သောကြာနေ့အား ကုန်ဆုံးရန် တက်ကြွစွာဖြင့် ကျောင်းကို စောစောရောက်သွားလေသည်။
သို့သော်လည်း မနက်ပိုင်းစာဖတ်ချိန်ပြီးသည်အထိ ရိချန်းလျန်၏ ခုံနေရာက အလွတ်ဖြစ်နေခဲ့တာကြောင့်သူက ကျိရှုမော့ဆီသွားကာ မေးလိုက်သည်။
"ရိချန်းလျန် ဘာလို့မလာသေးတာလဲ?"
ပေါင်မုန့်လိပ်ကို တမြုံမြုံစားနေသူ ကျိရှုမော့က ခေါင်းလှည့်ကာ ရိချန်းလျန်၏ ထိုင်ခုံကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မပီမသရေရွတ်လာ၏။
"ငါလည်း မသိဘူး"
ဤကိစ္စကြောင့် ယွင်ဖန်းမှာ တစ်မနက်လုံး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရသည်။ သူက နေ့လည်ခင်းအားလပ်ချိန်တွင် ရှင်းနန်လမ်းကြားကို သွားဖို့ စီစဉ်ထားခဲ့ပေမဲ့ နောက်ဆုံး ကိုယ်ပိုင်စာကြည့်ချိန်အတွင်း လောင်ဖုန်း ခေါ်တာကို ခံလိုက်ရသည်။
"မင်းရဲ့အမေ ကျောင်းဝင်ပေါက်မှာ မင်းကို စောင့်နေတယ်။"
လောင်ဖုန်းက သူ့ပုခုံးကိုပုတ်လိုက်သည်။
"သွားလိုက်ဦး"
ယွင်ဖန်း ပဟေဠိဖြစ်သွားကာ ကျောင်းဝင်ပေါက်ဆီသွားလိုက်တော့ သူ့ကို လက်ဝှေ့ယမ်းပြနေသည့် ထန်ရိကို တွေ့လိုက်ရသည်။
ထန်ရိက ပွင့်ရိုက်ဆင်ဂါဝန်ကို ဝတ်ထားကာ ဆံပင်လိပ်ထား၏။ သူမထံမှ ရေမွှေးနံ့ဖျောဖျော့လေးကိုတောင် ရနေခဲ့သေးသည်။
သူက သူမကို ရှုပ်ထွေးမှုစွာ ကြည့်လိုက်၏။
"အမေ ဒိတ်သွားလုပ်မလို့လား?"
ထန်ရိက သူ့စကားကြောင့် ရှက်သွေးဖြာသွားခဲ့ကာ သာသာလေးရိုက်လိုက်သည်။
" ကလေးဖြစ်ပြီး ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာတုန်း။ အမေက သားကို စိတ်ပညာရှင်ဆီ ခေါ်သွားမလို့လေ။"
ယွင်ဖန်း၏ စိတ်ရှုပ်ထွေးမှုက ပိုတောင်နက်ရှိုင်းသွားရသည်။ ထို့နောက်မှာ ထန်ရိက သူမစကပ်ဖြင့် အနည်းငယ် အဆင်မပြေဟန်ဖြင့် ဆွဲချနေတာကို မြင်လိုက်ရသည်။
"ကြည့်ကောင်းရဲ့လား?"
"ကြည့်ကောင်းပါတယ်။အမေနဲ့ လိုက်တယ်"
ယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
ထန်ရိက မထိန်းနိုင်စွာ ရယ်လာသည်။
"ဘယ်လိုပြောပေးရမလဲဆိုတာ သားသိတာပဲ။ သားအဖေကတော့ ရေငုံနှုတ်ပိတ်နဲ့ ဘူးခါးသီးကြီး"
"အဲ့ဒီ စိတ်ပညာရှင်က....."
ယွင်ဖန်းမှာ ထန်ရိ၏ ယနေ့ ပုံမှန်နှင့်မတူသော အမူအကျင့်များကြောင့် အနည်းငယ်လောက် စိတ်မအေးဖြစ်သွားရသည်။
"သူက ယောက်ျားလေးလား?"
ထန်ရိက ငိုရမလား ရယ်ရမလားမသိတော့ကာ စိတ်တိုစွာဖြင့် သူ့နောက်ကျောကို ရိုက်လိုက်လျက်
"သူ(မ)က အထက်တန်းကျောင်းတုန်းက အမေ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေ။ အမေတို့ မတွေ့ရတာ အတော်လေးကြာခဲ့ပြီ!"
ယွင်ဖန်းချက်ချင်းစိတ်အေးသွားရ၏။ ထို့နောက် ထန်ရိထံမှာ ခပ်သာသာရိုက်ချက်တစ်ခုထပ်ရောက်လာပြန်လေသည်။
"သားနဲ့ သားအဖေကတော့ တကယ်တူတယ်။ တစ်ယောက်က မကောင်းတဲ့ကောင်လေး၊ တစ်ယောက်က မကောင်းတဲ့ လူကြီး!"
ယွင်ဖန်းက ရယ်နေရင်းနှင့် သူမကို ရိုက်ခွင့်ပြုထားခဲ့လေသည်။
စိတ်ပညာရှင်၏ နာမည်က ချီရွှမ်းဖြစ်ကာ ထန်ရိနှင့် သက်တူရွယ်တူ ဝန်းကျင်အသွင်အပြင်နှင့်ဖြစ်၏။ သူမတို့က တွေ့လျှင်တွေ့ချင်း ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ကြသည်။
"နောက်ဆုံးတော့ နင် ဝူမြို့ကိုပြန်လာပြီပေါ့။နင်သာပြန်မလာရင် တစ်ဘဝလုံး ထပ်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ"
ထန်ရိက မခံမရပ်နိုင်ပုံဖြင့် ပြောလိုက်၏။
" ကျောင်းသားဟောင်းအဖွဲ့ကြောင့်သာ မဟုတ်ခဲ့ရင် နင့်ကို ရှာတွေ့နိုင်မှာတောင်မဟုတ်ဘူး"
နာမည်နှင့်လိုက်သော ချီရွှမ်းက ရယ်မောရင်းဖြင့် ညှာတာပေးရန်တောင်းပန်လာသည်။
"ငါပြန်ရောက်တာနဲ့ နင့်ဆီကိုချက်ချင်း ဆက်သွယ်ခဲ့တာပဲ မဟုတ်ဘူးလား? ဒါက နင့်သားလေးလား?"
"ထန်ထန်၊ အန်တီလို့ခေါ်လိုက်လေ"
ထန်ရိကပြောလာသည်။
ယွင်ဖန်း : "မင်္ဂလာပါ အန်တီချီ"
“ဘာကို အန်တီလဲ။မွေးစားအမေလို့ပဲခေါ်"
ချီရွှမ်းက သူ့ကို ချီးကျုးလာ၏။
"အရမ်းချောတာပဲ"
ချီရွှမ်းက သူ့ကိုအတော်လေး သဘောကျပုံရပေမဲ့ သူမက သူ့ဆရာဝန် မဟုတ်ခဲ့ပေ။ ထိုအစား သူမက သူ့ကို စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုပြုနိုင်ရန် တခြား အသက်ကြီးကြီး ဆရာဝန်တစ်ယောက် စီစဉ်ပေးထားခဲ့တာဖြစ်သည်။
"တို့က မင်းအမေနဲ့ အရမ်းရင်းနှီးနေတော့ မင်းကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု လုပ်ပေးဖို့အတွက်က မသင့်တော်ဘူး”
ချီရွှမ်းက သူ့ကို အလေးအနက်ထား ရှင်းပြခဲ့၏။
ယွင်ဖန်းခေါင်းညိတ်လိုက်ကာ တခြားဆရာဝန်၏ အခန်းဆီ လိုက်သွားလိုက်သည်။သူပြန်ထွက်လာချိန်၌ တစ်နာရီခွဲသွားခဲ့ပြီပင်။
သူ့တွင် စိတ်ပညာရှင်ကို ကိုင်တွယ်ရန် နည်းလမ်းရှိပြီးဖြစ်ကာ ပေါ်သွားမှာကို မစိုးရိမ်ပါချေ။ သေချာပေါက် ယွင်ဖန်းက သူ့မှာ စိတ်ရောဂါဆိုင်ရာ ပြသနာမျိုး ရှိသည်ဟု မထင်ပေ။
"ကလေးမှာ ပြသနာမရှိပါဘူး။ စာလေ့လာရတဲ့ ဖိအားက အရမ်းမြင့်တာကြောင့်ပဲ ဖြစ်နိုင်တယ်"
ဆရာဝန်က ထန်ရိကို ရိုးရိုးရှင်းရှင်း စကားအချို့သာ ပြောလာသည်။
"သူ့ကို မကြာခဏ အပြင်ခေါ်သွားပေးပြီး သူငယ်ချင်းများများဖွဲ့ခိုင်းလိုက်ပါ..."
ထန်ရိမှာ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် သိသာစွာချလိုက်ကာ အချိန်ရှိနေသေးတုန်း ယွင်ဖန်းကို ကျောင်းပြန်ပို့ပေးလိုက်သည်။
ယွင်ဖန်းက ကျောင်းဝင်ပေါက်မှာရပ်ကာ ထန်ရိပြန်သွားသည်ကို ကြည့်နေခဲ့ပြီးနောက် ရိချန်းလျန်ကို သွားတွေ့ရန် နေ့လည်ခင်းအတန်းကိုဖျက်ဖို့ ဆုံးဖြတ်လိုက်ချိန် ယခင်အတန်းပိုင်ဆရာ လောင်ဟဲ၏ အသံကိုကြားလိုက်ရလေသည်။
"ယွင်ဖန်း!"
ယွင်ဖန်း ခေါင်းကို တောင့်တောင့်ကြီးလှည့်လိုက်တော့ ကျောင်းဝင်ပေါက်တွင် တာဝန်ကျနေသည့် လူအိုကြီးဟဲကို ခါးပေါ်လက်ထောက်လျက်သားဖြင့် မြင်လိုက်ရသည်။
"မင်္ဂလာပါဆရာ"
"အတန်းစဖို့ ဆယ်မိနစ်ပဲ လိုတော့တယ်"
လောင်ဟဲက သူ့ကို တွန်းအားအပြည့်နှင့် သူ့ကိုကြည့်လာ၏။
"မင်းထပ်ပြီး ဝင်မလာရင် မင်းကို နောက်ကျပြီလို့ မှတ်လိုက်တော့မှာနော်"
ကျောင်းသားကောင်းတစ်ယောက်အနေနှင့် ပုံရိပ်ကို ထိန်းဖို့ရန်အတွက် ယွင်ဖန်းက သူ့မာနကို မြိုချလိုက်ပြီး ကျောင်းဝင်ပေါက်ထဲ ဝင်သွားလိုက်ရသည်။
အဆုံးမှာတော့ သူ ရိချန်းလျန်ကို မရှာနိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် နောက်တစ်နေ့က စနေနေ့ဖြစ်၏။ ယွင်ဖန်းက တစ်စုံတစ်ယောက်ကို ရှာရန် စောစောထခဲ့ပေမဲ့ အိပ်ခန်းတံခါးဝ၌ စွင်းယွမ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"သွားကြစို့။ ငါနဲ့ သုန့်ယန်းလမ်းကိုလိုက်ခဲ့"
စွင်းယွမ်က ပြောလာသည်။
"သုန့်ယန်းလမ်း?"
ယွင်ဖန်းက မျန်မှန် မတပ်ထားတာကြောင့် စွင်းယွမ်၏ အမူအယာကို သဲကွဲစွာ မမြင်ရပေမဲ့လည်း ထိုသူ့လေသံထဲမှ စိတ်လှုပ်ရှားနေသံကို ကြားနိုင်လေသည်။
ဒါဆို အဆင်ပြေတာပေါ့၊ တစ်လမ်းတည်းပဲလေ။
ဤတစ်ခေါက်မှာ ရိချန်းလျန်ကို မရှာနိုင်ဟုတော့ သူမယုံပါချေ။
စွင်းယွမ်က သူ့အား သုန့်ယန်းလမ်းရှိ ခပ်ညံ့ညံ့ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ခုကို ခေါ်သွားခဲ့၏။ အဖြူရောင် ပလက်စတစ်ဘုတ်ပြားက တံခါးတစ်ဝက်လောက်ထိ ကားလျက် ရှိသည်။ အထဲဝင်လိုက်တော့လည်း ရှုပ်ပွနေသည့် စတီးပိုက်များနှင့် သတ္တုစပ်များကို အတူပုံထားတာကိုတွေ့ရကာ ခြေချစရာနေရာမရှိလောက်အောင်ထိပင်။
လူငယ်တစ်ယောက်က တံခါးနားတွင် ခြေချိတ်ထိုင်လျှက် စီးကရက်တစ်လိပ်ကို ပျင်းရိပျင်းတွဲသောက်နေခဲ့၏။ သူတို့ဝင်လာသည်ကို မြင်တော့ သူကပြုံးလာကာ ပြောလာသည်။
"ယို့၊ ယွမ်လေးပါလား"
ယွင်ဖန်းက သူ့ရှေ့ရှိ ရင်းနှီးနေသည့်မျက်နှာကိုကြည့်ကာ မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။
လီခိုင်….
သံပြားများနှင့် စတီးပိုက်များ ပြန်ရောင်းပြန်ဝယ်လုပ်သည့် ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ ရိချန်းလျန် အထက်တန်းတုန်းက သံပြားများကို "လိုက်ကောက်ကာ" သူ့ထံတွင် ငွေနှင့် လဲလှယ်ခဲ့ဖူးသည်။ သူက သူ့နယ်မြေတွင် ဆူးတစ်ချောင်းဖြစ်သည်။ ဝမ်းယိုဝေက လီခိုင်နှင့် အတော်လေးနီးစပ်၏။ ထိုအချိန်က ဝမ်းယိုဝေက ရိချန်းလျန်၏ ငွေများကို ခိုးကာ သူ့ဝေစုကိုဖြတ်တောက်ရဲသည့် ထိုကိစ္စထဲတွင် လီခိုင်၏ လှုံ့ဆော်ချက်မပါဟုတော့ ပြောဖို့ခက်လေသည်။
ထိုစဉ်က ရိချန်းလျန် ဝမ်းယိုဝေကို ဒေါသအလျှောက် စိတ်မြန်လက်မြန် သတ်လိုက်မိကာ လှည့်ကွက်နှင့်အလှည့်အပြောင်းများကို တွေးဖို့အချိန်မရှိခဲ့ပေ။ သူ လူငယ်ထိန်းသိမ်းရေးစခန်းမှ ထွက်လာချိန်မှာတော့ ဤလူကပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
"အစ်ကိုလီ..ကျွန်တော် လူတစ်ယောက် ခေါ်လာခဲ့တယ်"
စွင်းယွမ်က သူ့အား ဖားယားစွာ နှုတ်ဆက်ကာ သူ့နောက်ရှိယွင်ဖန်းကို ဆွဲထုတ်လိုက်၏။
"ကျွန်တော့် ဝမ်းကွဲလေ။ အမှတ်တစ်အထက်တန်းကျောင်းရဲ့ ထိပ်တန်းကျောင်းသား။ စာရင်းတွက်တာလောက်ကတော့ သူ့အတွက်သေချာပေါက် ပြသနာမရှိဘူး"
လီခိုင်က ယွင်ဖန်းကို အထင်သေးမှုတချို့နှင့်အတူ အပေါ်အောက် စုံဆန်ကြည့်လာ၏။ သူက သူ့အကြောင်းကို သိပ်မစဉ်းစားပုံရပေမဲ့ အဆုံးမှာတော့သူက တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ"
သူ စီးကရက်သောက်ပြီးသည်ကိုမြင်တော့ စွင်းယွမ်က သူ့အိတ်ထဲမှ တစ်ဗူးထုတ်ကာ ကမ်းပေးလိုက်၏။
"အစ်ကိုလီ ဒီမှာပါ"
စွင်းယွမ်က ကျွမ်းကျင်မှုအပြည့်ဖြင့် သူ့အတွက် မီးညှိပေးလိုက်ပြီး ယွင်ဖန်းထံလှည့်ကာ တစ်ချက်ကြည့်လာသည်။
"မြန်မြန်လေး အစ်ကိုလီကို နှုတ်ဆက်လိုက်လေ!"
ယွင်ဖန်းက လီခိုင်ကိုအပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မင်္ဂလာပါ အစ်ကိုလီ"
လီခိုင်က ကျေနပ်သွားပုံဖြင့် စီးကရက်ကိုကိုက်ကာ
"ငါ့နောက်ကိုလိုက်ရင် အကျိုး မယုတ်စေရဘူး"
"ငွေစာရင်းစာအုပ်ကို ကျွန်တော်ကြည့်ကြည့်လို့ ရနိုင်မလား?"
ယွင်ဖန်းကမေးလိုက်သည်။
လီခိုင်က သူ့အား ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ဟု တွေးပုံရကာ သစ်သားကောင်တာစားပွဲမှ ငွေစာရင်းစာအုပ်ကိုထုတ်ယူလာပြီး သူ့ကိုကြည့်ခိုင်းလာသည်။
"မင်း ညှိပေးနိုင်မလားဆိုတာကို အရင်ကြည့်ကြည့်။ မဟုတ်ရင်တော့ မေ့လိုက်တော့။ငါ တစ်ခြားတစ်ယောက်ကိုပဲ ရှာလိုက်တော့မယ်"
စွင်းယွမ်က သူ့ရင်ဘတ်ကိုပုတ်ကာ အာမခံ၏။
"အစ်ကိုလီ.. ကျွန်တော် ရှာလာတဲ့လူကို အစ်ကို ယုံကြည်လို့ရပါတယ်!"
ယွင်ဖန်းက စွင်းယွမ်တစ်ယောက် သေချာတာစောလွန်းလှသည်ဟု သူဘာသာတွေးလိုက်သည်။
စားပွဲက အစိတ်အပိုင်းမျိုးစုံ စုပုံနေကာ ထိုပေါ်တွင် ဘူးအချို့နှင့် ဝက်အူရစ်များလည်းရှိနေ၏။ ဤသည်ကိုကြည့်ကာ ယွင်ဖန်းက စားပွဲနောက်ရှိ ခုံသေးသေးပေါ်မှာပဲ တိုက်ရိုက် ဝင်ထိုင်လိုက်တော့သည်။
"ကျွန်တော် သေချာကြည့်ဖို့တော့ လိုတယ်"
"ကောင်းပြီ"
လီခိုင်က တံခါးနားဆီသွားလျက် ဆေးလိပ်သွားသောက်ပြန်ပြီး စွင်းယွမ်ကတော့ သူအနားသွားကာ စကားပြောရင်းရယ်မောနေလေသည်။
ယွင်ဖန်းက ငွေစာရင်းစာအုပ်ကို ငုံကြည့်လိုက်သည်။ ထိုအထဲတွင် မှတ်တမ်းတင်ထားသည့် ပမာဏများက ရှုပ်ထွေးလှသည်ပင်။ လီခိုင်က ဤဆိုင်၏ သွေးဝေးဆွေမျိုးတစ်ယောက်သာ ဖြစ်သည်။ သူ့ကို့ ဆိုင်ကြည့်ဖို့ ငှားထားတာဖြစ်ပေမဲ့ သူက ဤအခွင့်အရေးကိုသုံးကာ ထိန်းမနိုင်သိမ်းမရသော ဆယ်ကျော်သက်အုပ်စုကို ခေါင်းဆောင်ပြီး အစိတ်အပိုင်းများ ရောင်းဝယ်စေခဲ့၏။ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ သံပြားများ၊ စတီးပိုက်များကိုပါ ခိုးယူကာ ငွေချေရာတွင်လည်း လှည့်ကွက်မျိုးစုံ သုံးတတ်သေးလေသည်။
သူက ဂရုတစိုက်ကြည့်လိုက်ပေမဲ့ ထိုသူ့အတွက် ငွေစာရင်းအတု လုပ်ပေးဖို့ရန် တကယ့်ရည်ရွယ်ချက်တော့ မရှိပါချေ။
"အစ်ကိုလီ ကျွန်တော့်မှာ အစ်ကိုနဲ့ ဆွေးနွေးစရာရှိတယ်"
အနည်းငယ် ရင်းနှီးနေသည့် အသံတစ်ခုက တံခါးဝတွင် ပေါ်လာခဲ့သည်။
ယွင်ဖန်းက စားပွဲအနောက်ဘက်တွင် ထိုင်နေခဲ့သည်မို့ ထိုအတွင်းပိုင်း၌ တစ်ယောက်ယောက်ရှိသည်ကို အပြင်မှ လူက မြင်နိုင်ရန် ခက်ပေမဲ့ သူကတော့ ဝင်လာသည့်သူကို အဟကြားမှတစ်ဆင့် မြင်နိုင်လေသည်။
ဝမ်းယိုဝေ၏ အဝါရောင်ဆံပင်က အတော်လေး မျက်စိဖမ်းစားနိုင်ကာ သူ့ပုံက အတော်လေး ဒေါသထွက်နေပုံပင်။
"ဘာ ပြဿနာလဲ?"
လီခိုင်က စိတ်မရှည်ပုံပင်။
"ကျွန်တော် အဲ့ဒီ သူတောင်းစားလေး ရိချန်းလျန်ကို သတ်တော့မယ်!"
ဝမ်းယိုဝေက အံကြိတ်လိုက်သည်။
"သူက မနေ့ညက ကျွန်တော့လမ်းကိုတောင် လာပိတ်ရဲနေပြီလေ! အဲ့ဒီ မအေ*****က!"
ရိချန်းလျန်ဟူသော စကားလုံးသုံးလုံးကို ကြားလိုက်ရချိန်၌ ယွင်ဖန်း၏ လက်က ငွေစာရင်းစာအုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသွားသည်။
"အဲ့ဒီကလေးက အလုပ်လုပ်တာ အရမ်းသပ်ရပ်တယ်။ ဘာလို့ မင်းက သူနဲ့ ထိပ်တိုက်တိုးချင်နေတာလဲ?"
လီခိုင်က သူတို့၏ ပြသနာကြား မဝင်ချင်သည်မှာ အသိသာကြီးပင်။
"မင်းတကယ် တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မသေမသပ်လုပ်တတ်တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်။ မင်းက သူ့ပိုက်ဆံတွေကိုယူပြီး အမိခံလိုက်ရတာကို ငါက ဘယ်လိုကူညီပေးရမှာလဲ?"
ဝမ်းယိုဝေကမူ ပိုက်ဆံခိုးတာနှင့် ပတ်သက်၍ အမှားမရှိဟု ထင်နေတာ သိသာလှကာ ဒေါသတကြီး ဆဲရေးလာ၏။
"ချီးလိုပဲ! အစ်ကိုလီ… အစ်ကို မသိဘူးနော်။ အဲ့ဒီငတုံးကောင်က အရင်တစ်ခေါက်က ကျွန်တော့်ကို သတ်မိတော့မလို့.....အစ်ကိုလီ၊ဒါကိုကျွန်တော် အစ်ကို့အတွက် လုပ်ခဲ့တာ ကျွန်တော့်ကို ဒီမှာ ထားခဲ့လို့ မရဘူးနော်!"
“ဟေး.. စိတ်အေးအေးထားစမ်းပါကွာ"
လီခိုင်က မီးခိုးကွင်းတစ်ခု မှုတ်ထုတ်လိုကိသည်။
"ဒါက ကိစ္စကြီးမဟုတ်ပါဘူး။ ဒီည လူနည်းနည်းလောက်ရှာပြီး သူ အမြီးကုပ်ကျသွားအောင် သူ့ကို သင်ခန်းစာပေးလိုက်။ကလေးတစ်ယောက်က သူ့ဘာသာ တစ်ယောက်တည်း ရပ်တည်ဖို့ လွယ်တာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားအောင်ပေါ့"
ဝမ်းယိုဝေက တိုင်ပေါ်တက်လိုက်၏။
"အစ်ကိုလီ..အစ်ကိုက ကြင်နာတတ်တယ် ၊အဲ့ဒီ မျက်လုံးဖြူဝံပုလွေကောင်က ကျေးဇူးမသိတတ်ဘူး!"
(t/n:တိုင်ပေါ်တက်: သခင်၏ ဂုဏ်သတင်းရရှိရန်မြှောက်ပင့်ခြင်း)
လီခိုင်က ရယ်လိုက်သည်။
"ငါ ဒါကို ကိုင်တွယ်လိုက်မယ်။ ဒီည သူ့ကို ဓာတ်မြေဩဇာစက်ရုံကိုသွားဖို့ တစ်ယောက်ယောက်ကို သတိသွားပေးခိုင်းလိုက်မယ်"
"အိုကေ"
ဝမ်းယိုဝေက ခေါင်းညိတ်လိုက်သည်။
“သူ့မှာ အမှတ်တစ်အထက်တန်း ကျောင်းကပဲလို့တင်ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ အဲ့တစ်ယောက်က ကျွန်တော့်ကို နောက်ဆုံးတစ်ခါတုန်းက ခြိမ်းခြောက်သွားသေးတယ်။ သူက ရက်စက်မဲ့ပုံမျိုး။ မဟုတ်လဲ သူ့...."
"တော်လောက်ပြီ"
လီခိုင်က ပြာကိုခြွေချလိုက်သည်။
"ရိချန်းလျန်းကို ရိုက်ရရုံနဲ့ လုံလောက်ပြီလေ။ ဘယ်သူ့မှာက မိဘမရှိလို့လဲ။မင်းရဲ့ဒေါသကိုပုံချဖို့ ငါ့ကို ဒုက္ခရောက်အောင်လာမလုပ်နဲ့"
"အာ"
ဝမ်းယိုဝေက မျက်နှာတစ်ခုလုံးဖြဲနေအောင် ပြုံးလိုက်ကာဖြင့်
"အစ်ကိုလီကို တကယ် ဒုက္ခပေးမိပါပြီ"
လီခိုင်က ရယ်လိုက်လေသည်။
"မင်းငါ့ကို ဒုက္ခတွေအများကြီးပေးခဲ့တာပဲလေ။ ..ယွမ်လေး"
"အစ်ကိုလီ ပြောသာပြောပါ။!"
ဘေးမှ နားထောင်နေသည့် စွင်းယွမ်က လီခိုင်အား မျက်လုံးတောက်တောက်ဖြင့်ကြည့်ကာ ကြိုးစားကြည့်ရန် စိတ်ထက်သန်နေလေ၏။
“မင်းကို ဒီည အတွေ့အကြုံလေးရအောင် ခေါ်သွားပေးမယ်။"
"ကျေးဇူးတင်ပါတယ် အစ်ကို!"
စွင်းယွမ်က ဤသည်ကိုကြားပြီးနောက် ပိုလို့ စိတ်လှုပ်ရှားသွားလေတော့သည်။
ယွင်ဖန်းက နောက်ကွယ်မှနေ စကားဝိုင်းတစ်ခုလုံးကို တိတ်တဆိတ်နားထောင်နေခဲ့တာဖြစ်သည်။ ဝမ်းယိုဝေက နောက်မှ ရောက်လာပြီး အထဲမဝင်လာခဲ့ပေ။ အထဲ၌ လူတစ်ယောက် ရှိနေသေးသည်ကိုပင် သူကမသိခဲ့ချေ။
လီခိုင်က ဝမ်းယိုဝေအား ငွေစာရင်းကိစ္စထဲ ဝင်မပါစေချင်သည်မှာ သိသာလှကာ ထုတ်တောင် မပြောပြခဲ့ပေ။
ဝမ်းယိုဝေ စီးကရက်နှစ်လိပ်သောက်ပြီး ထွက်သွားချိန်မှ ယွင်ဖန်းက စားပွဲနောက်မှ ထရပ်ကာ လီခိုင်အား ယဉ်ကျေးစွာပြောလိုက်သည်။
"အစ်ကိုလီ.. ကျွန်တော် ဒီစာရင်းကို မလုပ်နိုင်ဘူး"
လီခိုင်စကားမပြောနိုင်ခင်မှာပင် စွင်းယွမ်က ချက်ချင်းဆိုသလို စိတ်ပူပန်သွားကာ
"ယွင်ဖန်း.. အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့! မင်းက အဆင့်ကောင်းနဲ့ ထိပ်တန်းကျောင်းသားလေ။ သင်္ချာမှာ အမြဲ အမှတ်ပြည့်ရနေပြီးတော့ ဒီစာရင်းကို မလုပ်နိုင်ဘူးလား?!"
"သင်္ချာတော်တာနဲ့ စာရင်းလုပ်တာနဲ့က ဘာမှ မဆိုင်ဘူးလေ။ ငါတကယ် နားမလည်ဝာာ"
ယွင်ဖန်းက သူ့ကို အမူအရာမဲ့စွာ ကြည့်လျက် ဆက်ပြောလိုက်သည်။
"မင်းရဲ့ ခြိမ်းခြောက်မှုကြောင့်သာမဟုတ်ရင် ငါလာမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းငါ့ကို အစ်ကိုလီရဲ့ စီးပွားရေးကို ရှုပ်ထွေးအောင်လုပ်ခိုင်းလို့တော့မရဘူးလေ ဟုတ်တယ်မလား?"
သူ့စကားကြောင့် စွင်းယွမ် နင်သွားတော့သည်။ သူ့မျက်လုံးများက မီးဝောာက်လာကာ ယွင်ဖန်းကို ဒေါသတကြီး လက်ညှိုးထိုးလျက်
"ကောင်းပြီ။ မင်းစောင့်နေလိုက်!"
စွင်းယွမ် ဤသို့ဖြစ်နေသည်ကို ကြည့်ကာ လီခိုင်က ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်လာလေသည်။ သေချာပေါက်ကို အထက်တန်းကျောင်းသားတစ်ယောက်ထံမှ သူဘာမှ မမျှော်လင့်ခဲ့ပေ။ သူက အပြုံးဖြင့် စွင်းယွမ်၏ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
"မေ့လိုက်တော့။ကျောင်းသားလေးက နားမလည်နိုင်တာကို ငါတို့ သူ့ကို ဖိအားပေးလို့မရဘူးလေ။ စိတ်အေးအေးထား။အစ်ကိုလီက မင်းကို နေ့လည်စာ လိုက်ကျွေးမယ်။"
စွင်းယွမ်က ချက်ချင်းဆိုသလို ပိုပြီးအပြစ်ရှိစိတ်ခံစားလာရသည်။
"ကျွန်တော်က အစ်ကိုလီကို ဘယ်လိုလုပ် ငွေသုံးခိုင်းရပါ့မလဲ။ ဒီနေ့ နေ့လည်စာကို တောင်းပန်တဲ့အနေနဲ့ ကျွန်တော် ဒကာခံပါ့မယ်။"
စကားပြောပြီးနောက် သူက ယွင်ဖန်းကို စူးရှစွာ ကြည့်လိုက်သည်။
ယွင်ဖန်းကတော့ တည်ငြိမ်စွာပင် ပြန်ပြုံးပြလိုက်လေသည်။
"ကျောင်းသားလေးလည်း အတူလိုက်ခဲ့လေ"
လီခိုင်က သူတို့နှစ်ယောက်ကြား ရန်စောင်နေကြသည်ကို မမြင်ပုံဖြင့်
"ညီအစ်ကိုတွေကြား ညတွင်းချင်းရန်သူတွေ ဖြစ်သွားတာမျိုး မရှိနိုင်ပါဘူး ဟုတ်တယ်မလား?"
°°°°°°
လီခိုင်ရွေးလိုက်သည့်နေရာက သုန့်ယန်းလမ်း၏ နာမည်ကြီး ဘဲကင်ဆိုင်ဖြစ်သည်။ သူတို့သုံးယောက်က သီးသန့်အခန်းငယ်လေးကို ယူလိုက်ကာ အထဲဝင်လိုက်ကြသည်။ စွင်းယွမ်က ရက်ရောဟန်ဆောင်ကာ ဘီယာတစ်ဖာ မှာလိုက်သေး၏။
ယွင်ဖန်းက လီခိုင်ပေးလာသည့် ဘီယာကို အပြုံးဖြင့် ငြင်းပယ်လိုက်သည်။
"အစ်ကိုလီ.. အမေက ကျွန်တော့်ကို ဘီယာသောက်ခွင့် မပေးဘူးဗျ"
လီခိုင်က ယွင်ဖန်းထံမှာ အကြိမ်ရေတချို့ အငြင်းခံရတော့ အနည်းငယ် မပျော်မရွှင်ဖြစ်လာကာ သူ့မျက်နှာက မဲမှောင်လာသည်။
ဤသည်ကိုကြည့်ပြီး စွင်းယွမ်က ရယ်လိုက်၏။
"အစ်ကိုလီ သူက အဲ့လိုပဲ။စိတ်ထဲမထားပါနဲ့၊ ကျွန်တော် အစ်ကိုနဲ့အတူ သောက်ပေးမယ်!"
လီခိုင်က မျက်လုံးကို ကွေးညွတ်လိုက်ကာ သူနှင့် ခွက်ချင်းတိုက်လိုက်သည်။
စားသောက်နေတုန်းတစ်ဝက်၌ ယွင်ဖန်းက သန့်စင်ခန်းကို ထွက်သွားလိုက်သည်။ သူအလျင်လိုနေခဲ့တာကြောင့် တံခါးထဲဝင်လိုက်ချင်းမှာ တစ်ယောက်ယောက်နှင့် တိုက်မိသွားခဲ့ရသည်။ ထိုလူက သူ့ကိုပါ ကူညီပေးလာပြီးနောက် ထွက်သွားမလို့ပြင်လိုက်လေ၏။
ယွင်ဖန်းက ထိုသူကို ကြည့်ကာ သန့်စင်ခန်းထဲ ဆွဲခေါ်လိုက်သည်။ သူက ဝန်ထမ်းဝတ်စုံဝတ်ထားသည့် သူ့ရှေ့မှ လူကိုကြည့်ကာ မည်သို့ခံစားနေရသည်ကို ပြောမပြတတ်တော့ပေ။
"ရိချန်းလျန်"
ရိချန်းလျန်က နှာခေါင်းစည်း တပ်ထားဆဲဖြစ်ကာသူ့အသံက လုံးထွေးနေခဲ့၏။
"မင်း လူမှားနေပြီ"
“မင်း ပြာဖြစ်သွားရင်တောင်မှ ငါမှတ်မိတယ်"
ယွင်ဖန်း အံကြိတ်လိုက်မိလေသည်။