[ရန်စခြင်း ]
နှစ်ဝက်စာမေးပွဲရလဒ်က ခပ်မြန်မြန်ပဲ ထွက်လာသည်။
အမှတ်စာရင်းစာရွက်အား တံခါးတွင်ကပ်ထားတာကြောင့် အတန်းဖော်များက အလျင်စလိုသွားကြည့်ကြပေမဲ့ ယွင်ဖန်းကတော့ လူအုပ်ကြီးကို သဘောမကျဝာာကြောင့် သူ့ခုံမှာပဲ ထိုင်နေခဲ့ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြီးပြည့်စုံသည့်အမှတ်ရရန် အက်ဆေး စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်သည်။
"ယွင်ဖန်း"
ရိချန်းလျန်က လူအုပ်ကြားထဲ ညှပ်နေလျှက် သူ့ကိုအော်ခေါ်လာ၏။
"မင်းရဲ့အမှတ်က ၆၀၂မှတ်! တစ်ကျောင်းဆုံးအဆင့် ၃၁၆! ငါတို့အတန်းရဲ့အဆင့်အနေနဲ့ ၁၅!"
ယွင်ဖန်းက မအံ့ဩပေ။ သူက ပြီးခဲ့သည့် စာမေးပွဲတုန်းကထက် အမှတ်ခြောက်ဆယ် ပိုတက်လာကာ မေးခွန်းများက အချည်းနှီး မဖြစ်ခဲ့ပါချေ။ သူက မော့ကြည့်ပြီး မေးလိုက်သည်။
"မင်းကရော?"
"ငါ သွားပြီး ထပ်ကြည့်လိုက်ဦးမယ်"
ရိချန်းလျန်က လူအုပ်ကြားထဲ တိုးဝင်သွားပြန်၏။
ပြန်လာချိန်တွင် ရိချန်းလျန်က စိတ်အားထက်သန်မှု လျော့ပါးစွာ ပြောလာသည်။
"ငါက ၅၀၈မှတ် အဆင့် ၃၉၆"
ယွင်ဖန်းက သူ ဝင်ထိုင်နိုင်ရန် ကိုယ်ကို နောက်ဘက်သို့ မှီလိုက်ချိန် ရိချန်းလျန်၏ ပဟေဠိဖြစ်စွာပြောလာသံကို ကြားလိုက်ရသည်။
“မင်း အမှတ်တွေကို တမင်တကာ ကျအောင် လုပ်ထားပြန်ပြီမလား?"
နေ့တိုင်း ကြိုးကြိုးစားစား မေးခွန်းများလုပ်ကာ နောက်ဆုံးမှာ အမှတ်ခြောက်ရာ ရခဲ့ပြီဖြစ်သည့် ယွင်ဖန်းက ပြောလိုက်၏။
"....ငါ မင်းကို ရိုက်ချင်လာအောင် မလုပ်နဲ့"
ရိချန်းလျန်က အနားတိုးကာ သူ့လက်ထဲမှ စာအုပ်ကို ကြည့်လာသည်။
" <<လုံ့လဝီရိယက ချို့တဲ့ခြင်းကို ဖြည့်စွမ်းနိုင်၏>>လုံလဝီရိယက ကျွန်ုပ်တို့ရုန်းကန်ရခြင်းများအတွက် အခြေခံအုတ်မြစ်....."
ယွင်ဖန်းက သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ဘေးသို့တွန်းဖယ်လိုက်သည်။
"မင်း ဖတ်ချင်ရင် ဒီအတိုင်းဖတ်လေ အသံအကျယ်ကြီးထွက်မဖတ်နဲ့"
"ငါက တစ်ချက်လောက် ကြည့်ရုံပဲ-"
ရိချန်းလျန်က ရယ်ကာ သူ့လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး နောက်တစ်ခေါက် ထပ်ကြည့်ဖို့ ကိုယ်ကိုယိမ်းလိုက်ပေမဲ့ သူ့အကြည့်က ရုတ်တရက် တန့်သွားလေသည်။
ထိုစာမျက်နှာ၏ အစွန်းနားလေး၌ တစ်ယောက်ယောက်က ဘောပင်နှင့် နာမည်တစ်ခုကို သပ်ရပ် ကျက်သရေရှိစွာ ရေးထားလေ၏။ ထိုလက်ရေးက အတိအကျကို ယွင်ဖန်း၏ လက်ရေးပါပင်။ နာမည်က "စုန့်ချွင် "ဟူ၍။
ရိချန်းလျန်က မသိစိတ်မှနေ မျက်မှောင်ကြုတ်လိုက်မိကာ အပြုံးကလည်း မှေးမှိန်သွားရသည်။
ဤ နာမည်ကို သူ မည်သည့်အချိန်မှစကာ သဘောမကျဖြစ်လာခဲ့သည်ကို မသိပါချေ။
သို့ပေမဲ့ မသိနိုင်သည့် အကြောင်းပြချက် တချို့ကြောင့် သူက ထိုပေါ်တွင်ရေးထားသော နာမည်ကို တမင်တကာ ညွှန်ပြကာမေးလိုက်သည်။
"ယွင်ဖန်း မင်းဘာလို့ ဒါကိုရေးထားတာလဲ?"
ယွင်ဖန်းက ယင်းကိုမြင်သွားတော့ ခဏလောက် တန့်သွားလေသည်။ ဤစာအုပ်အား စာအုပ်စင်မှ ဆွဲထုတ်လာခဲ့တာဖြစ်၏။ လက်ရေးက အနည်းငယ် မှိန်နေပြီဖြစ်ပြီး မူလပိုင်ရှင် ရေးထားခဲ့ပုံပင်။
ငူငိုင်သွားသည့် သူ့ကိုကြည့်ရင်း ရိချန်းလျန်၏ မျက်လုံးတို့က တဖြည်းဖြည်း မဲမှောင်လာခဲ့ကာ စာအုပ်ကိုပိတ်လို့ စားပွဲခုံအပေါက်ထဲ ပစ်ထည့်လိုက်တော့သည်။
"ငါအခုထိ ဖတ်လို့မပြီးသေးဘူးလေ"
ယွင်ဖန်းက ၎င်းကို ယူဖို့ လက်လှမ်းလိုက်ပေမဲ့ ရိချန်းလျန်က သူ့လက်ကောက်ဝတ်ကို ဆွဲထားလိုက်ကာ ဆွဲထူလိုက်သည်။
"မင်း နေ့တိုင်း စာအုပ်တွေဖတ်နေတာ စာကြမ်းပိုးဖြစ်လာမှာ မကြောက်ဘူးလား?"
ရိချန်းလျန်က သူ့ကိုပြုံးပြလာ၏။
" ဘောပင်ဝယ်ဖို့ ငါနဲ့အတူ စူပါမားကပ်ကိုလိုက်ခဲ့"
ယွင်ဖန်းခမျာ ကူကယ်ရာမဲ့စွာပင် စူပါမားကပ်ဆီ လိုက်သွားရတော့သည်။ ဟိုရောက်တော့ ရိချန်းလျန်က ဝက်အူချောင်းတစ်ချောင်းဝယ်ကျွေးလေ၏။
"အဲ့ဒီတစ်ခုက ပြောင်းဖူးနဲ့လား?"
ရိချန်းလျန်က သူ့ဝက်အူချောင်းကို တစ်ကိုက်ကိုက်ပြီးမှ ယွင်ဖန်းလက်ထဲမှတစ်ခုကို စိတ်အားထက်သန်စွာ ကြည့်လာ၏။
ယွင်ဖန်းက ဝက်အူချောင်းကို သူ့ထံကမ်းပေးလိုက်ပြီး ရယ်ချင်စိတ်အနည်းငယ်ဖြင့်
"မြည်းကြည့်ချင်လို့လား?"
ရိချန်းလျန်က မယူချေ။ သူက ကိုယ်ကို ကိုင်းချကာ တစ်ကိုက် ကိုက်လိုက်သည်။ သို့ငြား သူ့မျက်လုံးတွေက ယွင်ဖန်း၏ အနည်းငယ် ရဲနေသည့်နှုတ်ခမ်းထက်သို့ ရောက်သွားချိန်မှာတော့ မသိလိုက်ပါဘဲ တံတွေးမြိုချမိသွားလေသည်။
ယွင်ဖန်းက တုတ်ကို ပြန်ဆွဲယူပေမဲ့ မဆွဲနိုင်လေရာ သူ့အား မပျော်ရွှင်စွာ စိုက်ကြည့်လိုက်၏။
"ရိချန်းလျန် မင်းက ခွေးလား? တူကို ကိုက်ရင်ကိုက် မကိုက်ရင် တုတ်ချောင်းကို ကိုက်နေတာချည်းပဲ"
ရိချန်းလျန်က သူ့ပါးစပ်အားကို လျှော့ပေးလိုက်ကာ အနည်းငယ် မကျေမချမ်း ပြောလိုက်သည်။
"မတော်တဆ ကိုက်မိသွားတာပါ"
ယွင်ဖန်းက သူ့နှဖူးကိုထုလိုက်ကာ တစ်ဝက်လောက် ပျောက်သွားပြီဖြစ်သော ဝက်အူချောင်းကို ကြည့်လိုက်ပြီး ဒေါသတဝက် ရယ်ချင်ခြင်းတစ်ဝက်ဖြင့် ပြောလိုက်သည်။
"မြန်မြန်ပြန်သွားရအောင်။အတန်းပြန်စတော့မယ်"
ရိချန်းလျန်က သူ့နှုတ်ခမ်းထောင့်သူ လျက်လိုက်သည်။ သူ့အံသွားများက ဝက်အူချောင်းထဲမှ ပြောင်းဖူးစေ့များကို ကြိတ်ချေလျက် ယွင်ဖန်း၏ နောက်ကျောကို စိုက်ကြည့်နေခဲ့သည်မှာ မသိလျှင် ဆာလောင်နေသော ဝံပုလွေပေါက်လေးက ထိုအစားအသောက်အား အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးမှာ ထက်မြသည့်အစွယ်များကို ထုတ်ပြရန် မစောင့်နိုင်တော့သည့်အလား။
ယွင်ဖန်းက တစ်ခုခု ခံစားလိုက်ရသည်မို့ ခေါင်းလှည့်ကြည့်လိုက်တော့ ရိချန်းလျန်၏ ရယ်မောကာဖြင့် ပြေးလာတာကို မြင်လိုက်ရသည်။
"ငါ့ကိုစောင့်ဦး!'
••••••••
နှစ်ဝက်စာမေးပွဲပြီးနောက် ယွင်ဖန်းက ရုံးခန်းဆီ တစ်ဖန်အခေါ်ခံရပြန်လေသည်။ ဆရာများက နောက်ဆုံးမှာ သူ့အဆင့်များက စိတ်အခန့်မသင့်မဖြစ်နေ၍လား၊ အမှားတစ်ခုလား ဆိုသည်ကို စတင် သံသယ ဝင်လာကြပြီပင်။ တကယ်တော့ ရှေးခေတ်အခါကပင် 'ကျုံးယုံ ဒဏ်ရာရခြင်း' ဥပမာက ရှိနှင့်ပြီးဖြစ်ကာ အထက်တန်းအသိပညာနှင့် အလယ်တန်း အသိပညာများကြား ကွာဟချက်ကလည်း အတော်လေး ကြီးမားနေဆဲပင်။
(T/N: ကျုံးယုံကို နာကျင်စေခြင်း: ကျုံးယုံဆိုတာက ကလေးဘဝက ထူးချွန်ပြောင်မြောက်တဲ့ 'The Pity of Zhongyong' ဇာတ်လမ်းကို ရည်ညွှန်းထားတာပါ။ သူက ပညာကို မလေ့လာဘဲ ဆည်းပူးနေတာကြောင့် အရွယ်ရောက်လာတဲ့အချိန်မှာ လူသူမသိတဲ့ အလယ်အလတ်လူတစ်ယောက်ပဲ ဖြစ်လာခဲ့ပါတယ်။)
သို့ပေမဲ့ ဆရာများကလည်း ယွင်ဖန်း၏ နေ့စဉ်အားထုတ်မှုများကို မြင်ခဲ့ကြလေရာ သက်ပြင်းချ၍ သနားစိတ်နှင့် နောင်တစကားအချို့သာ ပြောနိုင်ကာ စကားလုံးအနည်းငယ်နှင့် သူ့အား နှစ်သိမ့်ပေးရုံသာတတ်နိုင်ကြလေပြီး နောက်ပိုင်းမှာ ဆက်ပြီး ကြိုးစားဖို့ရန် အားပေးလိုက်ကြသည်။
ယွင်ဖန်း၏ ယခင်အတန်းပိုင်ဟောင်း လောင်ဟဲမှ လွဲ၍ဖြစ်သည်။
ထိပ်တန်းအတန်းကို သင်ကြားပေးနေသည့် ခရိုင်အဆင့် ထူးချွန်ဆရာကတော့ ဤသည်က ယွင်ဖန်း၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဖြစ်သည်ဟုသာ အခိုင်အမာပြောနေဆဲဖြစ်ကာ မျှော်လင့်ချက်ကြီးကြီးမားမား အပ်နှင်းထားသည့် ဤပြိုင်ပွဲမှ ကျောင်းသားသည် သူ့လက်တွင်းသို့ ပြန်လာနိုင်မည်ဟု ယုံကြည်နေဆဲပါပင်။
"သင်ကြားရေးနည်းလမ်းတွေအပေါ် အာရုံစိုက်ထား။ မင်းရဲ့ခေါင်းကို စာကိုအသေလေ့လာတဲ့အပေါ်မှာပဲ မြှုပ်မထားနဲ့!"
သက်လတ်ပိုင်းအရွယ် ဘီယာဗိုက်နှင့် ထုံးစံအတိုင်း မြေထဲပင်လယ်ဆံပင်ဖြင့် လောင်ဟဲက အပူခံခွက်ကို ကိုင်ထားပြီး ယွင်ဖန်းအား နှလုံးသားအပြည့်ဖြင့် အကြံပေးလာ၏။
"ငါ ဆရာအတော်များများနဲ့ စကားပြောကြည့်ပြီးပြီ။ မင်းကအခုတောင့်တင်းလွန်းနေပြီး ပုစ္ဆာရဲ့ အနှစ်သာရကို မြင်နိုင်ဖို့လိုနေသေးတယ်။ မင်းသင်ယူနေတဲ့ အသိပညာတွေက ပစ္စည်းကိရိယာတစ်ခုပဲ။ အဲ့ဒါကိုသုံးပြီး ပြသနာတွေကိုဖြေရှင်းရမှာ ၊ မင်းကို ပုစ္ဆာပေးတဲ့သူက ဘယ်လိုတွေးတယ်ဆိုတာကို မင်း မြင်ရမယ်။
ယွင်ဖန်းက နေရာတွင်ရပ်ကာ အလေးအနက်ထား နားထောင်နေရင်းဖြင့် တခြားအသံတစ်ခုကို နားထဲ ကြားလိုက်ရလေသည်။
'မင်းကသေနတ်တစ်လက်ကိုင်ထားတယ်....သတ်ဖြတ်ဖို့....မင်းကိုယ်မင်း ကာကွယ်ဖို့....ဒါမှမဟုတ်၊ တခြားသူတွေကိုကာကွယ်ဖို့အတွက်.....ပစ်လိုက်တဲ့အရှိန်က ကွာခြားချက်ရှိတယ်.....'
'ရိချန်းလျန်....မင်းဖြေရှင်းဖို့လိုနေတာက ပြသနာတွေကိုမဟုတ်ဘူး....ပြသနာကို ဖြစ်စေတဲ့ လူကိုပဲ....'
"မင်း ဘာတွေတွေးနေတာလဲ!?"
လူအိုကြီးဟဲက ရုတ်တရက် စားပွဲကို ရိုက်လိုက်သည်။
ယွင်ဖန်းက မျက်တောင်ခတ်ကာ လိမ်လိမ်မာမာအပြုံးလေး ထုတ်ပြလိုက်၏။ တစ်ယောက်ယောက်ကို ဆူငေါက်တော့မည့် လူအိုကြီးဟဲမှာ သူ့စကားလုံးများအားလုံးကို မျိုချလိုက်ရကာ သူ့ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်ရသည်။
"မင်းက ရူပဗေဒမှာ ပါရမီပါတယ်။ အဲ့ဒါကို မဖြုန်းတီးစမ်းနဲ့"
ယွင်ဖန်း ရုံးခန်းထဲမှ ထွက်လာချိန် စင်္ကြန်ရှိ ပြတင်းပေါက်က ခပ်ကျယ်ကျယ် ပွင့်နေခဲ့ကာ အောက်ထပ်ရှိ ဖာထုန်အပင်ကြီးကို မြင်နိုင်လေသည်။ ဆောင်းရာသီရောက်ပြီးနောက်မှာ ရာသီဥတုက ပိုပိုအေးလာခဲ့ပြီး ဖာထုန်ပင်ကြီး၏ ခြောက်သွေ့သွေ့ အဝါရောင်အရွက်များက လေကြောင့် ဆိတ်ညံအေးစက်စွာ ကြွေကျလျက် ရှိ၏။
သူက ဆောင်းဦးကို မကြိုက်ပေ။ ထိုနှစ် သူ လူငယ်ထိန်းသိမ်းရေးစခန်းမှ ထွက်လာချိန်က ထိုရာသီဥတုတွင်ဖြစ်ကာ အဝါရောင်သစ်ရွက်များ ကြွေကျနေပြီး အေးစက်စက်လေထုက အရိုးထိတိုင်အောင်ပင် ထိုးဖောက်ဝင်ရောက်ခဲ့ဖူးသည်။ သူဟာ ရှုံတွနေသည့် အိတ်တစ်လုံးကို လွယ်ထားခဲ့ကာ ပွင့်နေခဲ့သည့် အနောက်ဘက်မှ သံတံခါးကြီးက ဘန်းခနဲပိတ်သွားခဲ့ချိန်၌ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဘယ်ကိုသွားရမည်ကို မသိခဲ့ပါချေ။
"ယွင်ဖန်း!"
အနောက်မှ တစ်ယောက်ယောက်က သူ့ပုခုံးကို ဆွဲလိုက်၏။
ယွင်ဖန်းသည် အဆွဲခံလိုက်ရမှုကြောင့် ကိုယ်တစ်ပါတ်လည်သွားရကာအေးစက်နေသော အအေးဓာတ်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားလေသည် ။
သူက ရိချန်းလျန်၏ လက်ထဲကနေ ရုန်းထွက်ကာ မေးလိုက်သည်။
"မင်း ဒီအောက်မှာ ဘာလုပ်နေတာလဲ?"
ဆရာများ ရုံးခန်းက တတိယထပ်မှာဖြစ်ကာ စာသင်ဆောင်တစ်ခုလုံး၌ အတိတ်ဆိတ်ဆုံး အလွှာဖြစ်ပြီး ပုံမှန်အားဖြင့် ကျောင်းသားများက ထိုနေရာနှင့် ခပ်ဝေးဝေးမှာသာ နေတတ်ကြသည်။
"မင်း အခန်းထဲပြန်မလာတာ ကြာနေလို့ ငါလာရှာတာ"
ရိချန်းလျန်က သူ့နောက်ကနေ အပေါ်လိုက်တက်လာ၏။
"မင်း အဆူခံခဲ့ရလို့လား?"
"မဟုတ်ပါဘူး”
သူ့နောက်မှ လူက သူပြောလို့မပြီးသေးခင် သူ့လက်ကောက်ဝတ်အား ဆွဲကိုင်လိုက်ကာ သူ့အား အပေါ်သို့ ဆွဲခေါ်သွားတော့သည်။
ယွင်ဖန်းက အထွန့်တက်မနေဘဲ နောက်ကနေ ငြိမ်ငြိမ်လေး လိုက်ပါသွားလိုက်၏။
သူ ရိချန်းလျန်၏ အိမ်တွင် နှစ်ရက်ခန့် နေခဲ့ပြီးစဉ်ကတည်းက ကောင်ငယ်လေးမှာ ပိုပို တွယ်ကပ်တတ်လာခဲ့သည်မှာ မသိလျှင် သူ့အား အဖေတစ်ယောက်အဖြစ် မှတ်ယူလိုက်သည့်အလား။
ယွင်ဖန်းက ဤခန့်မှန်းချက်ကြောင့် အတော် ကျေနပ်သွားခဲ့ရ၏။ ထို့ကြောင့် တစ်ခြားတစ်ယောက်က သူ့အပေါ် ကပ်တွယ်လွန်းတာကို မကြိုက်ပေမဲ့လည်း ရိချန်းလျန်၏ အပြုအမူအား ပြောစရာမလိုအောင် သဘောတူကာ ခွင့်ပြုပေးထားမိဆဲပါပင်။ မည်သို့ဆိုစေ မိမိကိုယ်တိုင်အား မနှစ်သက်သူ မည်သူ ရှိလိမ့်ပါမည်နည်း?
ရိချန်းလျန်ခမျာတော့ ယွင်ဖန်းဟာ သူ့ကိုယ်သူ အဖေနေရာက ခံယူကာ သူခေါ်ရာကို ငြိမ်ငြိမ်လေး လိုက်လာမှန်း မသိလေခဲ့။
ရလာဒ်အနေဖြင့် ရိချန်းလျန်ရုတ်တရတ် ရပ်သွားချိန်မှာ ယွင်ဖန်းကသူ့အား ဝင်တိုက်မိလုနီးပါး ဖြစ်သွားလေသည်။
ယွင်ဖန်း မော့ကြည့်လိုက်တော့ စုန့်ချွင်က လှေကားထစ်တွင် ရပ်နေကာ ရှုပ်ထွေးနေသည့် မျက်လုံးမျိုးဖြင့် သူ့တို့ကို ကြည့်နေသည်အား တွေ့လိုက်ရသည်။
"ယွင်ဖန်း၊ ငါတို့....စကားကောင်းကောင်း ပြောလို့ ရနိုင်မလား?"
ယွင်ဖန်းက ခံစားချက်မရှိဟန်ဖြင့်
"မလိုတော့ဘူး။ လမ်းဖယ်ပေး"
စုန့်ချွင်၏ မျက်နှာထက်မှ အမူအယာကမူ အစုန်အဆန်ပြောင်းသွားရင်း ယွင်ဖန်း၏လက်ကောက်ဝတ်ကို ကိုင်ထားသည့် ရိချန်းလျန်၏လက်အား စိုက်ကြည့်လာသည်။
"မင်း အတန်းသုံးကို ပြန်မသွားတာ သူ့ကြောင့်လား?"
ယွင်ဖန်းမှာ သူ့ပညာရေးရလဒ်ကြောင့် စိတ်ညစ်နေပါသည်ဆိုကာမှ စုန့်ချွင်က သူ့အားလာဆွလိုက်သေးသည်။ သူက စုန့်ချွင်ထံ အေးစက်စက်ကြည့်လိုက်ပြီးနောက် ရိချန်းလျန်ကို ဆွဲလို့ ထိုသူ့ကိုကျော်ကာ အပေါ်ထပ် တက်သွားလိုက်တော့သည်။
ရိချန်းလျန်က လှေကားထစ်အနည်းငယ်ထိ ဆွဲခေါ်ခံသွားရပြီးမှ ခေါင်းလှည့်ကြည့်လိုက်တော့ စုန့်ချွင်၏ အနည်းငယ် အုံ့မှိုင်းနေသည့်အကြည့်ဖြင့် သွားဆုံလေသည်။
ရိချန်းလျန်၏ နှုတ်ခမ်းထောင့်က သိပ်ပြီး မသိသာလှစွာ ကွေးတက်သွားခဲ့ကာ ယွင်ဖန်း၏ လက်ကောက်ဝတ်အား ကိုင်ထားသည့်လက်ကိုအနည်းငယ် လျောချလိုက်ပြီး ယွင်ဖန်း၏ လက်ဖဝါးကို တိုက်ရိုက် ဆုပ်ကိုင်ကာ ရည်ရွယ်ချက်ရှိရှိအပြုံးဖြင့် အောက်ထစ်ရှိ စုန့်ချွင်ထံ ပြုံးပြလိုက်လေသည်။