သဘောကျတယ်
ဤသည်က ရိချန်းလျန် မှတ်မိသမျှထဲ အနွေးထွေးဆုံးသော နှစ်သစ်ကူးအကြိုပင် ဖြစ်လိမ့်မည်။
ယွင်ဟဲယွီနှင့် ထန်ရိတို့က မီးဖိုချောင်ထဲ၌ စကားစမြည်ပြောရင်း ချက်ပြုတ်နေကြ၏။ အကြော်နံ့နှင့် ဟင်းပွဲနံ့များက မီးဖိုချောင်ထဲမှ လေနှင့်အတူ ဝေ့ပါလာသည်။ တီဗွီတွင် မနှစ်က အစီအစဥ်ဟောင်းများ ပြသနေလျှက် ရံဖန်ရံခါ ရယ်မောသံများ ထွက်လာတတ်လေ၏။ အပြင်ဘက်တွင်မူ ဗျောက်အိုးနှင့် မီးရှူးမီးပန်းသံများက အဆက်မပြတ်ထွက်နေလျှက် အိမ်တိုင်း၌ တောက်ပစွာ လင်းထိန်နေလျက်ရှိသည်။
ယွင်ဖန်းက အနီရောင် ဆွယ်တာပါးပါးဝတ်ထားရာ ယင်းက သူ့အား ပုံမှန်ထက်ပို နူးညံ့နေစေသည်။
ကြည့်ကောင်းသောမျက်ခုံး၊ တည်ငြိမ်သော စိတ်အခြေအနေနှင့်အတူ သူက ဆိုဖာပေါ် ထိုင်နေကာ စစ်တုရင်ခုံပေါ် ငုံ့ကြည့်နေသည်။
ရိချန်းလျန်ကတော့ ဤနေရာတွင် ဧည့်သည်တစ်ယောက်သာဖြစ်တာကြောင့် အဝတ်အစားအသစ်ကို အထူးတလည် ရွေးဝတ်လာခဲ့၏။ အနက်ရောင် လည်ဝိုင်းဆွယ်တာနှင့် နက်ပြာရောင် ရှပ်က သူ့အားပို၍ တည်ငြိမ်ပုံ ပေါ်စေသည်။
စူးရှသော မျက်ခုံး၊ တောက်သော မျက်ဝန်းများက ခံ့ထည်လှသည်။ယွင်ဖန်းကိုကြည့်သည့် အကြည့်များထဲတွင်မူ ဖုံးဖိမရသော အပြုံးများ ရေယှက်နေလေသည်။
ထန်ရိက မီးဖိုခန်းပြတင်းပေါက်မှတဆင့် ကြည့်ကာ အလွန်အမင်းကို စိတ်ကျေနပ်နေလျှက် ယွင်ဟဲယွီထံ တီးတိုးပြောလိုက်သည်။
"ရှောင်ရိက ကျွန်မတို့သားကို သဘောကျနေတာပဲဖြစ်ရမယ်!"
ယွင်ဟဲယွီက သူ၏ ချွေးမလောင်းမှာ လူငယ်ကောင်လေးတစ်ယောက်ဖြစ်နေ၍လားမသိ လက်ခံဖို့အနည်းငယ် ခက်ခဲနေဆဲဖြစ်ပေမဲ့ ထိုနေရာတွင် ထိုင်ပြီး စစ်တုရင်ကစားနေကြသူနှစ်ယောက်ကိုကြည့်မိတော့ အတော်လေး လိုက်လျောညီထွေရှိသကဲ့သို့ ခံစားလိုက်ရပြန်သည်။
"အင်း၊ ဒီနေ့ခေတ် ကလေးတွေကတော့...."
ရိချန်းလျန်က နောက်တစ်ပွဲ ထပ်ရှုံးသွားပြန်ကာ စစ်တုရင်ခုံထက်မှ အနက်ရောင်အရုပ်များကို လှမ်းယူလိုက်သည်။
"အရုပ်လဲကြရအောင်"
"အရုပ်လဲရင်တောင်မှ မင်းပဲထပ်ရှုံးနေဦးမှာအတူတူပဲ"
ယွင်ဖန်းက အဖြူရောင်အရုပ်များကို ကောက်ကာ ရယ်လိုက်ပြီး
"မင်းက တော်တော်ညံ့တဲ့ စစ်တုရင်ကစားသမားပဲ"
"ငါက အခုမှ စပြီး သင်ယူနေတုန်းလေ"
ရိချန်းလျန်က အတော် စိတ်ညစ်နေသောဟန်ဖြင့် ပြောလိုက်သည်။
"ထပ်ဆော့မယ်"
ထို့ကြောင့် ယွင်ဖန်းက သူ့ကို သင်ပေးရင်းနှင့် နောက်တစ်ပွဲဆက်ဆော့ရပြန်သည်။
"ထန်ထန်၊ ရှောင်ရိ၊ မကစားကြနဲ့တော့၊ စားပွဲရှင်းလိုက်ကြဦး။ အမေတို့ စားကြရအောင်"
ထန်ရိက မီးဖိုချောင်ထဲမှနေ ပြောလာ၏။
ရိချန်းလျန်က ရှုံးနေဆဲဖြစ်သည်မို့ ယွင်ဖန်းအား ပြုံးပြလိုက်ပြီး ပြောလိုက်၏။
"ရှင်းလင်း လိုက်ကြစို့လေ….ထန်ထန်"
ယွင်ဖန်းက လက်လှမ်းကာ သူ့ခေါင်းကို ပုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မင်းက လေးစားမှုမရှိဘူးပဲ"
°°°°°°°°
ညစာစားကြချိန်တွင် ယွင်ဟဲယွီက သူ့လက်ကို ဝှေ့ယမ်းလာကာ ပြောလာသည်။
"ဒီနေ့က နှစ်သစ်ကူးနေ့ပဲ၊ မင်းတို့နှစ်ယောက်လည်း နည်းနည်းလောက် သောက်သင့်တာပေါ့"
ထန်ရိက ရိချန်းလျန်အား ပြုံးကာ မေးလာ၏။
"ထန်ထန်က တခါတစ်လေဆို သူ့အဖေနဲ့ နည်းနည်းလောက် သောက်တတ်တယ်လေ။ ရှောင်ရိကရော သောက်နိုင်ရဲ့လား? သားမသောက်နိုင်ဘူးဆိုလည်း အားတင်းသောက်စရာမလိုဘူးနော်"
ဤအချိန်၌ သူ မသောက်နိုင်ဟု မပြောလိုက်နိုင်ပါချေ။
ရိချန်းလျန်က ပြောလိုက်သည်။
"ကျွန်တော် နည်းနည်းသောက်နိုင်ပါတယ်"
ဤတစ်ကြိမ်တွင်မူ ယွင်ဖန်းက သူ့ကို မတားလိုက်တော့။ ဘီယာနည်းနည်းလောက်ကတော့ ပြသနာမဟုတ်ဟု တွေးလိုက်သော်ငြား ……..ယွင်ဟဲယွီက “မန့်သောင့်လွီ “ပုလင်းကြီး ယူချလာသည်ကို တွေ့လိုက်ရလေသည်။
(T/N: မန့်သောက်လွီ- အရက်ပမာဏပြင်းထန်ပြီး မြည်းတောင်မှ မူးသွားနိုင်ပါတယ်တဲ့! မင်မင်းဆက် ဝမ်လိခေတ်အခါက ဒဏ္ဍာရီထွက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ မွန်ဂိုလီယားတိုင်းပြည်အတွင်းမှာရှိတဲ့ သေရည်ဆိုင်တစ်ဆိုင်ထဲကနေ လာတဲ့ သေရည်ရဲ့ သင်းရနံ့က မိုင်တစ်ရာအဝေးထိ ပျံနှံ့သွားပြီး မြို့ဆင်ခြေဖုံးအရပ်မှာရှိတဲ့ မြည်းတစ်ကာင်ကိုတောင် ခိုးသောက်မိစေပြီးတော့ မူးလဲပြီး ထွက်လာတဲ့ အသံက ဘေးမှာရှိတဲ့ အရာရှိတွေကို ရယ်မောစေခဲ့ပါသတဲ့။)
ယွင်ဖန်း:"......"
ရိချန်းလျန်:"....."
ယွင်ဟဲယွီက ရိချန်းလျန်ထံ အပြုံးဖြင့် ကြည့်လာကာ
"အဆင်ပြေပါတယ်၊ မင်းမသောက်နိုင်ဘူး ဆိုရင်လည်း ဘီယာလောက်ပဲ သောက်ပေါ့။ ငါတို့ရဲ့ ထန်ထန်ကတော့ တစ်ခွက်လောက် သောက်နိုင်တယ်"
အယ်ကိုဟောပမာဏ ခြောက်ဆယ့်နှစ် ရာနှုန်းလောက် ပါနေမည့် မန့်သောက်လွီကိုသောက်ပြီးနောက် သူတကယ်ကို မြည်းတစ်ကောင်ဖြစ်လာမည်ကို ကြောက်မိတာကြောင့် ယွင်ဖန်းက တားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
"အဖေ၊ ရိချန်းလျန်က မသောက်နိုင်ဘူး---"
ရိချန်းလျန်:"....."
"ဒါဆို ကျွန်တော် ဦးလေးနဲ့ နည်းနည်းသောက်ပေးပါမယ်"
ရိချန်းလျန်က ပြုံးလိုက်ပြီး ယွင်ဟဲယွီ၏ ခွက်ထဲ ဝိုင်လောင်းထည့်ပေးလိုက်ကာ သူ့အတွက်သူပါ ခွက်အသေးတစ်ခွက် လောင်းထည့်လိုက်၏။
ယွင်ဖန်းက ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်လိုက်လေသည်။
"ထန်ထန် သားလည်း ဒီနေ့ နည်းနည်းလောက် သောက်သင့်တယ်နော်"
ထန်ရိက ရယ်မောကာဖြင့်
"သား သုံးခွက်ပဲ သောက်လို့ရမယ်၊ သားအဖေကို မမူးသွားစေနဲ့"
ထန်ရိက သူ့၏ အရက်ဒဏ်ခံနိုင်ရည်အပေါ် အတော်လေး ယုံကြည်ချက် ရှိနေပုံပါပင်။
သုံးခွက်….. ယွင်ဖန်းက ခွက်၏ အရွယ်အစားအား မသိစိတ်ဖြင့် ကြည့်လိုက်မိကာ ထို့နောက်မှာ ယွင်ဟဲယွီနှင့် ထန်ရိတို့၏ ပျော်စေရန် ခွင့်ပြုပေးထားသည့် မျက်နှာများကို ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆန်စွာပင် မူလပိုင်ရှင်မှာ ဖုံးကွယ်ထားသည့် ပါရမီများ ရှိနေတာပဲဟု ခံစားလိုက်ရလေသည်။
နွေဦးပွဲတော်အစီအစဥ်များက တီဗွီမှာ ပြသနေခဲ့ပြီး လူလေးယောက်က ညစားစားရင်း စကားစမြည်ပြောနေခဲ့ကြသည်။
ယွင်ဟဲယွီနှင့်ထန်ရိတို့က အတော်လေး စိတ်အားထက်သန်နေ၍လည်း ဖြစ်မည်။အရက်ကလည်း အတော်လေးပြင်းနေ၍ ဖြစ်မည်။မြင်ကွင်းက လုံးဝကို အေးစက်မသွားခဲ့ပေ။ ရိချန်းလျန်က မသိလိုက်စွာပင် စကားပိုပြောဖြစ်ခဲ့ပြီး မေးတစ်ခွန်းဖြေတစ်ခွန်း မဟုတ်တော့လေကာ လူပုံကလည်း ပိုပြီးတောက်ပနွေးထွေးလာခဲ့၏။
"ရှောင်ရိလေးခမျာ အတော်ခက်ခဲခဲ့ရတာပဲကိုး”
ယွင်ဟဲယွီက ယခင်က ထန်ရိထံမှ စကား တစ်ခွန်း နှစ်ခွန်းလောက် ကြားခဲ့ဖူးပေမဲ့ သူနှင့် မျက်နှာချင်းဆိုင် သိပြီးနောက်မှာတော့ စိတ်ရင်းဖြင့် သက်ပြင်းချလိုက်ပြီး ဆိုလာ၏။
"လူလိမ္မာလေးပဲ! ငါတို့တုန်းကဆိုရင်...."
ရိချန်းလျန်က ဘေးတွင် ဂရုတစိုက်နားထောင်နေခဲ့ပေမဲ့ သူ့စိတ်က အမှန်တော့ အနည်းငယ် မိန်းမောနေပြဖြစ်၏။ သို့ပေမဲ့ မျက်နှာပေါ်မှာတော့ မပေါ်စေရဘဲ သူ့ပုံက အတေည်လေး လိမ္မာရေးခြားရှိနေ၏။
ထန်ရိပေးသမျှ အသားလုံးများကိုပါ မညည်းမညူ စားသောက်ပေးနေသည်မို့ ယွင်ဖန်းမှာ မနေနိုင်တော့စွာာဖြင့် ဝင်တားရတော့သည်။
"အမေ၊ သူ့ကို ဂရုစိုက်ပေးစရာ မလိုပါဘူး"
"သားဘာသာ စားစရာရှိတာ စားစမ်းပါ"
ထန်ရိက သူ့အား အကြည့်တစ်ချက်ပင် ပေးမလာဘဲ ခေါင်းလှည့်ကာ ရိချန်းလျန်အား ငါးတစ်ဖဲ့ထည့်ပေးလိုက်၏။
"လာ၊ အန်တီ လုပ်ထားတဲ့ ငါးလေး စားကြည့်ပါဦး။ ထန်ထန်က ငါးဗိုက်သားကို စားရတာ အကြိုက်ဆုံးပဲ"
ပြောရင်းဖြင့် သူမက ငါးဗိုက်မှ အသားအကြီးကြီးတစ်ဖဲ့ကို ရိချန်းလျန် ပန်းကန်လုံးထဲ ထည့်ပေးလိုက်ပြန်သည်။
အကြိုက်ဆုံးဖြစ်သည့် ထန်ထန်မှာတော့ ငါးအရိုးတောင်မှ မစားလိုက်ရပေ။
ယွင်ဖန်းက ခေါင်းလှည့်ကာ ရိချန်းလျန်ကိုကြည့်ပြီး ခပ်တိုးတိုးမေးလိုက်သည်။
"မင်း အဆင်ပြေရဲ့လား?"
ခွက်ထဲရှိ အရက်တစ်ဝက်လောက်ကို သောက်ပြီးသွားခဲ့ပြီပင်။ ယွင်ဖန်းကိုယ်တိုင်ကတော့ မည်သို့မျှ မခံစားရပေမဲ့ ရိချန်းချန်တော့ မဟန်လောက်ဟု သူခန့်မှန်းလိုက်မိသည်။ ထိုသူ့၏ အယ်လ်ကိုဟော ခံနိုင်ရည်မှာ သိပ်ပြီး မမြင့်ပါချေ။
ရိချန်းလျန်ကမူ သူ့အား စူးရှရှတစ်ချက် ပေးလာသည်။
ယွင်ဖန်း:"....."
ထိုသည်ကို သူ မည်မျှပင်ကြည့်နေခဲ့ပါစေ ပုံမှန်ဟုမမြင်ရပါချေ။
သူတို့စားပြီးသွားချိန်တွင် ဆယ်နာရီနီးပါးရှိနေပြီဖြစ်သည်။ ရိချန်းလျန်က နှစ်ခွက်လောက် သောက်ခဲ့ကာ ယွင်ဖန်းသာ တားလာခဲ့၍ မဟုတ်လျှင် သူထပ်ပြီး ပိုသောက်မိခဲ့လိမ့်မှာပင်။
ယွင်ဟဲယွီက သူမူးနေပြီကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ကာ သူက ရယ်လိုက်ပြီး ပြောလာ၏။
"ကောင်းပြီ၊ အမူးပြေအောင် ဖက်ထုတ်နည်းနည်းလောက် လာစားလိုက်၊ အိပ်လိုက်ပြီးရင် မင်းအဆင်ပြေသွားမှာပါ"
ကလေးကို အနိုင်ကျင့်သည့်ကြောင့် စိတ်ဆိုးနေသည့် ထန်ရိက သူ့အား စားပွဲအောက်မှနေ ခြေထောက်ကို တက်နင်းလိုက်၏။
ယွင်ဟဲယွီက သူမနားထဲ တီးတိုးပြောလာသည်။
"ရပါတယ်ကွာ၊ ကိုယ်က ခြောက်ဆယ့်ငါးရာနှုန်းအရက်ပုလင်းထဲကို လေးဆယ်ရာနှုန်း အရက်ပဲထည့်ထားတာ ဟီးဟီး"
"ရှင်ကတော့ ပြောလို့ဆိုလို့ကို မနိုင်တော့ဘူး"
ထန်ရိက သူ့အားခပ်တိုးတိုး ဆူပူလိုက်ကာ ရိချန်းလျန်အတွက် လိမ္မော်သီးတစ်လုံး အခွံခွာပေးပြီး ကမ်းပေးလိုက်သည်။
"ရှောင်ရိ၊ သား ခေါင်းမူးနေတယ်ဆိုရင်အရင်သွားအိပ်လိုက်ပါလား"
ရိချန်းလျန်က လိမ္မော်သီးကိုယူလိုက်ပြီး ခွဲလိုက်ကာ ယွင်ဖန်းကို တစ်ဝက်ပေးလိုက်သည်။ ထို့နောက် အစိတ်သေးသေးလေး ထပ်ခွဲလိုက်ပြန်ကာ ကြည့်လိုက်ပြီး ယွင်ဖန်း၏ ပါးစပ်နား ကမ်းပေးလိုက်ပြန်သည်။ သူ့မျက်လုံးတို့ကမူ ယွင်ဖန်းကိုကြည့်နေရင်း တလက်လက်တောက်ပနေလျှက်သား။
“ပါးစပ်ဟလေ”
ယွင်ဖန်းက ကူကယ်ရာမဲ့စွာ ပါးစပ်ဟပေးလိုက်ရကာ လိမ္မော်သီးကို စားလိုက်ရသည်။
ရိချန်းလျန်က အတော်လေး ကျေကျေနပ်နပ်ပြုံးလိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ့ဘာသာသူ ဖြည်းဖြည်းချင်း စားတော့သည်။
ဘေးမှကြည့်နေခဲ့သည့် ထန်ရိမှာတော့ မထိန်းနိုင်ဘဲ ရယ်လိုက်မိလေကာ ယွင်ဟဲယွီကိုယ်တိုင်ကမူ ဤ မြည်းကလေးအား ခြောက်ဆယ့်ငါးရာနှုန်းအရက်ကို သောက်ခိုင်းရကောင်းသားဟုပင် စိတ်ဆိုးမာန်ဆိုး တွေးမိသွားရစေသည်။
မူလကတော့ ထန်ရိက ရိချန်းလျန်အား အိမ်မှာပဲ အိပ်စေချင်ခဲ့တာ ဖြစ်သည်။ သို့ပေမဲ့ ရိချန်းလျန်က ငြင်းဆန်ကာ ပြန်သွားရန်သာ ခေါင်းမာနေလေ၏။ ထန်ရိသည်လည်း စိုးရိမ်လေသည်မို့ ခြေလှမ်းအနည်းငယ်သာ ဝေးသော နေရာလေးကို ယွင်ဖန်းအား လိုက်ပို့ခိုင်းလိုက်လေသည်။
•••••••
ယွင်ဖန်းသည် လက်တစ်ဖက်က လူကိုတွဲလျက် တစ်ဖက်က တံခါးကိုဖွင့်ဖို့ လုပ်လိုက်သည်။ ရိချန်းလျန်၏ တစ်ကိုယ်လုံးနီးပါးက သူ့အားမှီထားပြီး အရက်နံ့ကလည်း တထောင်းထောင်းထလျက် ရှိပေသည်။
တွဲတစ်ဝက်၊ ဆွဲတစ်ဝက်ဖြင့် ခက်ခက်ခဲခဲနိုင်စွာ အိပ်ရာထဲ ပို့ပြီး၍ ရိချန်းလျန်ခေါင်းက ခေါင်းအုံးနှင့် ထိမိချိန်မှာပင် လူးလဲထလာကာ သန့်စင်ခန်းဆီပြေး၍ အော့အန်တော့သည်။
ယွင်ဖန်းက သူ့အတွက် ရေနွေးပူတစ်ခွက်ထည့်လာကာ ပလုတ်ကျင်းစေ၏။
"မသောက်နိုင်တာတောင် သောက်ပြချင်နေသေးတယ်"
ရိချန်းလျန်မှာ ကမ္ဘာကြီးချာချာလည်နေသည်ကိုသာ ခံစားနေရကာ မတ်မတ်ပင် မရပ်နိုင်ပေ။ သူက ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းနည်းနည်းလျှောက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မျက်လုံးမှိတ်လိုက်လျှက် တံခါးဘောင်ကို မှီကာ ဖြည်းဖြည်းချင်း လျှောချကာ ကြမ်းပြင်တွင် ထိုင်လိုက်၏။
ယွင်ဖန်းက အိမ်သာကို ရေဆွဲချလိုက်ပြီး သူ့အတွက် ရေနွေးသွားပြန်ထည့်လာကာ ကြမ်းပြင်မှာ ထိုင်၍ ရေတိုက်လိုက်သည်။
"နည်းနည်းသောက်လိုက်"
ရိချန်းလျန်က ပါးစပ်ဖွင်၍ တစ်ငုံသာသောက်ပြီး ထပ်သောက်ဖို့ ငြင်းလာသည်။ သူက လက်လှမ်းကာ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ ယွင်ဖန်း၏လက်က မငြိမ်ဖြစ်သွားတာကြောင့် ခွက်ထဲမှ ရေတွေက ဖိတ်စင်သွားလေသည်။
ယွင်ဖန်းက ကြမ်းတိုက်ဝတ်ရှာကာ ကြမ်းပြင်ကို သန့်ရှင်းလိုက်ပြီးနောက် ရိချန်းလျန်အား အိပ်ရာထဲ ဆွဲခေါ်လိုက်ပြီး အဝတ်အစားချွတ်ပေးလိုက်သည်။ အင်္ကျီကြယ်သီးတစ်ဝက်လောက် ဖြုတ်ပြီးချိန်တွင်မူ ရိချန်းလျန်က ရုတ်တရက် သူ့လက်ကို ဆုပ်ကိုင်လာလေ၏။
"မင်း ဘာလုပ်တာလဲ? ဒါမျိုးကို ငါမတွေ့ခဲ့ဖူးတာမျိုးလည်း မဟုတ်ဘဲနဲ့"
ယွင်ဖန်းက သူ ရှက်နေသည်ဟုသာ တွေးလိုက်မိသည်။
ရိချန်းလျန်က အရက်မူးနေသည့် မျက်လုံးဖြင့် သူ့ကိုကြည့်လာကာ အရူးလေးလိုပြုံးလာသည်။၊
"ငါ ဒီနေ့အရမ်းပျော်တယ်"
" ငါသိတယ်"
ယွင်ဖန်းက သူ့လက်ကို ဆွဲထုတ်ကာ နောက်ဆုံးကျန်သည့် ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။
"လက်မြှောက်"
ရိချန်းလျန်က နာနာခံခံပင် လက်မြှောက်လိုက်သည်။ သူက ယွင်ဖန်း၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လျက် ပြုံးနေဆဲပင်။
"ဒါက နှစ်သစ်ကူးအကြိုညမှာ တခြားလူတွေ ဘယ်လို လုပ်တတ်ကြတယ်ဆိုတာ သိခွင့်ရတဲ့ ပထမဆုံးအကြိမ်ပဲ၊ မင်းကရော?
ယွင်ဖန်းက သူ့ကို ငုံ့ကြည့်လိုက်ပြီး မထိန်းနိုင်စွာ ပြုံးလိုက်မိသည်။
"ငါ့အတွက်လည်း ပထမဆုံး မြင်ဖူးတာပါပဲ"
“ယွင်ဖန်းရဲ့မိဘတွေက အရမ်းကောင်းကြတာပဲ”
ရိချန်းလျန်က အားကျမှုအပြည့်ဖြင့် ဆိုလာ၏။
"ဘယ်လိုလုပ် ဒီလိုကောင်းတဲ့ မိဘမျိုးတွေ ရှိနေနိုင်ရတာလဲ?"
ယွင်ဖန်းက သူ့ကိုပြောလိုက်သည်။
"ကမ္ဘာပေါ်မှာ မိဘကောင်းတွေ အများကြီး ရှိပါတယ်"
"ဒါပေမဲ့ ငါ့မိဘတွေကတော့ မကောင်းဘူး"
ရိချန်းလျန်က မကျေမချမ်းဖြင့် နှုတ်ခမ်းစေ့ကာ မျက်လုံးမှတ်လိုက်သည်။ ခဏအကြာ၌ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပျော်ရွှင်လာပြန်၏။
"ဒါပေမဲ့ ငါ့မှာ မင်းရှိနေတာပဲ"
ထိုစကားများဟာ မူးမူးနှင့်ပြောသော အရက်သမားတစ်ယောက်၏ စကားမှန်း ယွင်ဖန်း သိပါ၏။ သို့ပေမဲ့ သူက အလေးအနက်ထား နားထောင်ပေးနေဆဲပါပင်။
ရိချန်းလျန်က မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထဲရှိ ခံစားချက်တို့မှာ ဝမ်းနည်းခြင်းဖြင့် လေးလံလှကာ၊
"ဒါပေမဲ့ မင်းကတော့ အတိတ်မှာ သုံးဆယ်ငါးနှစ်လုံး အထီးကျန်နေခဲ့ရတယ်...."
ယွင်ဖန်း၏အကြည့်တို့က သူ့မျက်နှာထက် ရောက်သွားရသည်။
"အဆင်ပြေပါတယ်၊ ဒီဘဝမှာ ငါ့ဆီမှာလည်း မင်းရှိနေတာပဲလေ"
ရိချန်းလျန်က မူးဝေနေကာ သူ့စိတ်ထဲလည်း ရှုပ်ထွေးနေခဲ့၏။ ပုံမှန်ဆိုလျှင် သူ့နှလုံးသားထဲ ဖိနှိပ်ထားခဲ့သည့် ခံစားချက်တို့က သတိပေးခြင်းမရှိစွာပင် လျှံကျလာခဲ့ကာ သူ့အား ဖုံးလွှမ်းရစ်ပတ်လာခဲ့လျှက် ဝမ်းနည်းကာ မှိုင်တွေလာစေလေသည်။
"ငါ မင်းကို သဘောကျတယ်"
ရိချန်းလျန်က ခေါင်းမာစွာ ဝမ်းနည်းစွာ ယွင်ဖန်းကိုကြည့်လိုက်၏။ သူက အရက်မူးနေသော စိတ်ကို အသုံးချကာ သူမဖော်ပြဝံ့သော ချစ်ခြင်းမေတ္တာ၏ အလွှာပါးပါးကို ခြစ်ချပစ်လိုက်တော့သည်။
" မင်းလိုချင်တဲ့ အချစ်မျိုးတော့ မဟုတ်ဘူး"
ယွင်ဖန်းမှာ သူ့မျက်လုံးထဲကို မကြည့်ဝံ့ပါချေ။ အရက်အနည်းငယ်က သက်ရောက်မှု အနည်း ရှိလာတာ ဖြစ်နိုင်သည်။ သူ့ကိုယ်သူ လှောင်ရယ် ရယ်လိုက်မိ၏။
"ငါက ယွင်ဖန်းမဟုတ်ဘူး၊ မင်းက ငါဟန်ဆောင်တဲ့လူကို သဘောကျနေရုံပဲ"
"ယွင်ဖန်းက ငါ့အစား ဓါးကို လက်ဗလာနဲ့ ဖမ်းပေးခဲ့မှာ မဟုတ်ဘူး"
ရိချန်းလျန် သက်ပြင်းချလိုက်သည်။
"မင်းက တကယ်ကို တုံးတယ်"
ယွင်ဖန်းက တိတ်ဆိတ်နေဆဲပင်။ ရိချန်းလျန်ကတော့ ဤသည်အား သူက မငြင်းနိုင်တာကြောင့်ဟု တွေးလိုက်ကာ မျက်လုံးများ တောက်ပစွာဖြင့် သူ့ကိုကြည့်လိုက်သည်။
"မင်းလည်းငါ့ကို သဘောကျနေတာဖြစ်ရမယ်"
နှစ်များစွာအတွင်း ယွင်ဖန်း တည်ဆောက်ခဲ့ရသည့် နှလုံးသားထဲမှ အတားအဆီးမှာ ယိမ်းယိုင်နေပြီးဖြစ်သည်။ သူက လက်လှမ်းကာ ရိချန်းလျန်၏ မျက်လုံးကို ဖုံးလိုက်ပြီး လက်ဖမိုးကို ငုံ့နမ်းလိုက်၏။ သူ့အသံကမူ မကြားနိုင်တော့လုနီးပါး အတော်လေး နူးညံ့နေခဲ့လေသည်။
"ဒါပေမဲ့ ငါက လူဆိုးတစ်ယောက်လေ”