[လမ်းကြား]
မီးပန်းပွဲက ညသန်းခေါင်တွင် ပြီးသွားခဲ့ကာ စည်ကားခဲ့သည့်လမ်းမထက် လူများစွာ မကျန်တော့ပေ။
"မင်း ငါ့ကို အဖေအဖြစ်သတ်မှတ်လိုက်ရင် အခုကစပြီး မင်းအဖေက မင်းကို ကာကွယ်ပေးသွားမယ်!"
ချီဟော့က ချန်ကျစ်ချီးပုခုံးကို သိုင်းဖက်ထားကာ ဟက်ဟက်ပက်ပက်ရယ်လိုက်၏။
"ငါ ကတိပေးတယ်! သေချာပေါက် မင်းကိုရှောင်ပြီး နံရံကျော်တက်မှာ၊ ငတုံးကောင်လေးရ!"
ချန်ကျစ်ချီး ဘယ်လောက်ပဲ ယဥ်ကျေးသိမ်မွေ့တတ်သည်ဆိုပါစေ။ ထိုစကားကြောင့် မျက်နှာက နီရဲသွားရကာ
ဤအရူးကောင်အား ကျင်းရွှေမြစ်ထဲသို့ပင် လွှင့်ပစ် နှစ်မြုပ်ပစ်ချင်စိတ် ပေါက်သွားရသည်။
တစ်ဖက်မှာ အဖေနှင့်သား ပြဇာတ်ကနေချိန်မှာ တခြားတစ်ဖက်မှာတော့ ရိချန်းလျန်ဟာ မူးနေသည့် အရိပ်အယောင်မရှိဘဲ ယွင်ဖန်းနောက်မှ ပုံမှန် အမူအယာဖြင့် လိုက်သွားလေ၏။
ယွင်ဖန်းက ခြေတစ်လှမ်းလှမ်းလျှင် သူလည်း တိတ်တဆိတ်ဖြင့် တစ်လှမ်း လိုက်လှမ်းသည်မှာ ပိုလည်းမပို လျှော့လည်းမလျှော့ဘဲ ဂိမ်းထဲမှ အိမ်မွေးတိရိစ္ဆာန်လေးကဲ့သို့ပင်။
"မင်းသူ့ကို အိမ်ပြန်ပို့ပေးလိုက်"
ယွင်ဖန်းက ရပ်လိုက်တာကြောင့် ရိချန်းလျန်မှာ သူ့နောက်ကျောနှင့် တိုက်မိလုနီးပါးဖြစ်သွားရသည်။
"ငါက?"
ချန်ကျစ်ချီးက မျက်မှောင်ကြုတ်သွား၏။
"သူ ဘယ်မှာနေလဲဆိုတာ ငါမသိဘူး"
"တိုက်ဆိုင်လိုက်တာ၊ ငါလည်း မသိဘူး"
ယွင်ဖန်းက အနည်းငယ် ယိုင်တိုင်တိုင်ဖြစ်နေသည့် ရိချန်းလျန်ကို တွဲထားလိုက်ပေမဲ့ ရိချန်းလျန်က သူ့လက်မောင်းကို ဖက်ထားကာ လွှတ်ကိုမပေးတော့ချေ။
အရက်မူးမနေသည့်လူနှစ်ယောက်မှာ အချင်းချင်းခဏလောက် အကြည့်ချင်းစစ်ခင်းနေကာ အဆုံးမှာတော့ ချန်ကျစ်ချီး အရှုံးပေးလိုက်ရသည်။အကြောင်းပြချက်ကတော့ ရိုးရှင်းပါ၏။ ချီဟော့ဟာ သူ့အား ရေဘဝဲတစ်ကောင်လို ကပ်တွယ်နေကာ ခွာမရလို့ပါပင်။ သူဟာ သားလေး သားလေး ဟု မပြတ်ခေါ်လိုက်သေးကာ ယင်းက ချန်ကျစ်ချီးနဖူးပြင်က သွေးကြောတွေကို ထောင်ထသွားစေရလေသည်။
ခဏအကြာ၌ ရေဘဝဲဖေဖေကြီးအား “အဖေကိုသတ်ချင်နေသည့်” သားလေးက တက္ကစီထဲ ထိုးထည့်ကာ စိတ်တိုတိုဖြင့် ထွက်သွားလေသည်။
ယွင်ဖန်းက အကြည့်ကိုပြန်ရုတ်လိုက်ပြီး ရိချန်းလျန်၏ နဖူးကို လက်ဖြင့် တောက်လိုက်၏။
"မူးနေတာလား?"
ရိချန်းလျန်က ခေါင်းမော့ကာ သူ့အား ငြိမ်ငြိမ်လေး ကြည့်လာသည်။ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် သူက ခေါ်လာ၏။
"ယွင်ဖန်း?"
"အင်း"
ယွင်ဖန်းက သူလိမ္မာနေသည်ကို ရှားရှားပါးပါး မြင်နေရတာကြောင့် ခဏမျှ အံ့အားသင့်သွားရသည်။
သူမှတ်မိသလောက်တော့ ယခင်ဘဝက သူမူးလျှင် ထိုးအိပ်ပစ်လိုက်သည်သာ။ နိုးလာချိန်ကျမှ ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်းများ ဖြစ်တာဖြစ်သည်။
သို့ပေမဲ့ သူမူးနေချိန်တွင် ဤသို့ပုံစံမျိုးဖြစ်လိမ့်မည်ဟု ထက်မထားမိပါချေ။
"ငါနည်းနည်း မူးနေတယ်"
ရိချန်းလျန်က သူ့လက်ကို လွှတ်ပေးလိုက်ကာ မျက်ခုံးကို ခပ်ကြမ်းကြမ်းဖိလိုက်ပြီး တိုးဖွစွာ ရေရွတ်လာသည်။
"အိမ်ပြန်၊ ရေနည်းနည်းသောက်ပြီး အိပ်လိုက်ရင် ကောင်းသွားလိမ့်မယ်။"
ယွင်ဖန်း၏အသံကလည်း မသိလိုက်စွာပင် တိုးသက်နေခဲ့၏။
လမ်းထက်တွင် အလွန်အမင်း တိတ်ဆိတ်နေခဲ့ကာ မှိန်ဖျော့ဖျော့အလင်းရောင်က မြစ်ရေမျက်နှာပြင်ထက် တောက်ပနေခဲ့ပြီး လှိုင်းကြပ်ခွပ်လေးများ အနည်းငယ် မြူးနေခဲ့လေကာ လေထဲတွင်တော့ မီးရှုးမီးပန်းများလောင်ကျွမ်းခဲ့သည့် အနံ့များ ရနေဆဲပါပင်။
"အိမ်ပြန်ကြမလား?"
ဒါကိုကြားတော့ ရိချန်းလျန်က သက်ပြင်းချလိုက်ကာ မျက်လွှာချလိုက်ပြီး အတော်လေး မပျော်ရွှင်ဖြစ်သွားပုံပေါက်သွား၏။
ယွင်ဖန်းက သူသက်ပြင်းချသည်ကို သိပ်ပြီး မမြင်ဖူးပေ။
"အိမ်မပြန်ချင်ဘူးလား?"
ရိချန်းလျန်က စကားမပြောပေ။ သူ့လက်က ယွင်ဖန်း၏လက်နှစ်ဖက်ကို ခပ်ဖြည်းဖြည်းဆုပ်ကိုင်လာပြီး နောက်မှာ ခပ်ဝါးဝါးခေါ်လာ၏။
"ယွင်ဖန်း?"
ယွင်ဖန်းက စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေသည်။
"ငါရှိတယ်"
ရိချန်းလျန်က သူ့လက်အပေါ် အတော်လေး စိတ်ဝင်တစားရှိနေပုံပေါ်ကာ ခေါင်းငုံ့လို့ ဂရုတစိုက်ကြည့်နေခဲ့၏။ ထို့နောက်တွင် သူ့လက်ညှိုးနှင့် လက်မကိုသုံးကာ
ယွင်ဖန်း လက်၏ လက်ဆစ်တိုင်းကို ဖြည်းဖြည်းချင်း ဆိတ်ဆွဲလာလေသည်။
ယွင်ဖန်းက ရယ်လိုက်၏။
"မင်းဘာလုပ်နေတာလဲ?"
ရိချန်းလျန်က ခေါင်းမော့မလာပေ။ နောက်ဆုံးသော လက်သန်း၏ လက်ဆစ်ကလေးကို ဆွဲညှစ်ကြည့်ပြီးနောက် သူ့လက်ချောင်းများကို အနည်းငယ်ကွေးလိုက်ကာ ယွင်ဖန်း၏ လက်ချောင်းလေးများအား လက်ညှိုးနှင့် လက်ခလယ်ဖြင့် ညှပ်ယူကာ သူ့လက်ဖဝါးအတွင်း ညင်သာစွာ စုစည်းလိုက်လေသည်။
ယွင်ဖန်း ၏ ကျန်လက်ချောင်းများက ရိချန်းလျန် ၏လက်ချောင်းများပေါ်တွင် ဖြည်းညှင်းစွာတင်ထားပြီး လက်ညိုးက သူ့လက်ကောက်ဝတ်အတွင်းပိုင်းကို ညင်သာစွာ ပုတ်ကာ ကလေးအား ကျီစယ်သည့်လေသံဖြင့်
"သူငယ်ချင်းလေးရိချန်းလျန် မင်းဘာလုပ်နေတာလဲ"
ရိချန်းလျန်က မျက်မှောင်ကြုတ်သွား၏။ သူက အနည်းငယ် မသဲကွဲဖြစ်နေပုံပေါ်ကာ လက်ချောင်းများကို တင်းကျပ်လိုက်ပြီး ခေါင်းမော့ကာ ဝံပုလွေပေါက်ငယ်လေးက သူ့အစာကိုကာကွယ်သည့်ပုံမျိုးဖြင့် ယွင်ဖန်းကို စူးရှစွာကြည့်လာသည်။
"ငါ့ဟာ"
ယွင်ဖန်းက သူ့ကို တမင် စနောက်ကာ လက်ကို တမင်တကာ ပြန်ဆွဲယူလိုက်လျက် ပြောလိုက်သည်။
"မင်းဟာ မဟုတ်ဘူး"
ရိချန်းလျန်က တင်းတင်းကြပ်ကြပ် ကိုင်ထားခဲ့ကာ စိတ်ရှုပ်၊ စိတ်လှုပ်ရှားစွာဖြင့် ထပ်ကာ ထပ်ကာပြောလာ၏။
"ငါ့ဟာ!"
ယွင်ဖန်းက စိတ်မကြည်တော့ကာ သူ့အား ခြိမ်းခြောက်လိုသောပုံဖြင့် မျက်လုံးမှေးကြည့်လိုက်သည်။
"လွှတ်ပေး၊ ဒါ ငါ့ဟာ"
ရိချန်းလျန်က ငူငူကြီး ခေါင်းမော့လာက သူ့အား အချိန်အကြာကြီး စိုက်ကြည့်လာပြီးနောက် လက်အား ဖြည်းဖြည်းဆီ လွှတ်ပေးလိုက်၏။ နှုတ်ခမ်းကတော့ တင်းတင်းစေ့ပိတ်ထားကာ ခေါင်းငိုက်စိုက်ချလျှက် တစ်ဖက်လှည့်လို့ ထွက်သွားလေတော့သည်။
ယွင်ဖန်းမှာ သူ့နောက်မှနေ အလျင်စလို လိုက်သွားလိုက်ရသည်။
"ဟေး--"
ရိချန်းလျန်က သူ့ကို လုံးဝ လျစ်လျုရှုထားကာ ခေါင်းမာပြီး စိတ်တိုနေသည့်ကျောပြင်ကိုသာ ပြသထားလေ၏။
ယွင်ဖန်းက သူ့ကို မည်မျှခေါ်နေသည်ဖြစ်စေ၊ စနောက်သည်ဖြစ်စေ ဂရုမစိုက်စွာ ခေါင်းငုံ့ထားလျှက်ဖြင့် ခေါင်းမာစွာ ရှေ့ဆက်သွားနေတော့သည်။
သူ အရက်မူးနေချိန်တွင် စနောက်မှုအား ဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်လိမ့်မည်ဟု ယွင်ဖန်း မထင်ထားခဲ့ချေ။ ရှင်းနန်လမ်းကြားသို့ ရောက်ချိန်တိုင်အောင် ရိချန်းလျန်က စကားတစ်လုံးမှ မပြောလာခဲ့။
"ငါ မှားပါတယ်။ ငါမှားသွားတာကို စိတ်ထဲ ထားနေမှာလားကွာ”
ယွင်ဖန်းက ရွှင်မြူးနေသလို ကူကယ်ရာလည်း မဲ့နေခဲ့လေသည်။
ရိချန်းလျန်က ရုတ်တရက် ရပ်လိုက်ပြီး လှည့်လာကာ သူ့ကို ဆတ်ခနဲ တွန်းလာသည်။
ယွင်ဖန်းက လက်မြောက်ကာ လက်နက်ချသည့် လက်ဟန် လုပ်ပြပြီး လည်ချောင်းရှင်း၍ မရဲတရဲမေးလိုက်၏။
"စိတ်မဆိုးတော့ဘူးမလား?"
ရိချန်းလျန်က ရေရွတ်လာ၏။
"ငါ့နောက်ကို မလိုက်နဲ့"
ယွင်ဖန်းမှာ ကြောင်အမ်းသွားရလျက်သား။
"မရဘူးလေ ဒီ ညလယ်ခေါင်ကြီးမှာ မင်းက ငါ့ကို ဘယ်နေရာကိုသွားစေချင်လို့လဲ?"
ရိချန်းလျန်က သူ့ကို လျစ်လျှူရှုကာ လှည့်ပြီးဆက်လျှောက်သွားပြန်သည်။
“ကောင်စုတ်လေး”
ယွင်ဖန်းက ရယ်မော ဆဲဆိုလိုက်ပြီး သူ့ကို လှမ်းဆွဲဖို့ ဟန်ပြင်လိုက်သည်။
"တော်လောက်--"
သူပြော၍မပြီးခင်မှာပင် ပုခုံးမှ ဆွဲကိုင်ခံရပြီး နံရံဆီ တွန်းကပ်ခံလိုက်ရသည်။ အဝတ်စားထူထူဝတ်ထားသော်ငြား မညီညာသည့်နံရံကြောင့် အင့်ခနဲ အသံထွက်မိသွားရ၏။
ပြင်းထန်သည့်အယ်လ်ကိုဟောအနံ့က သူ့ကိုရိုက်ခတ်လာကာ ရိချန်းလျန်က သူ့နှင့်အတော်လေး နီးကပ်လာသည်။ အတော်လေး နီးကပ်လွန်းတာကြောင့် ဤ မီးအလင်းရောင်မရှိသော ကျဉ်းမြောင်း မှောင်မဲနေခဲ့သည့် လမ်းကြားလေးထဲမှာတောင်မှ ယွင်ဖန်းက သူ၏ နီရဲနေသောမျက်လုံးများကို လရောင်ရေးရေးဖြင့် မြင်နေရလေ၏။
ယွင်ဖန်းမှာ စူးစူးရဲရဲစိုက်ကြည့်ခံရမှုကြောင့် ရှင်းပြမရနိုင်စွာ မသက်မသာ ဖြစ်လာရသည်။ ပုံမှန်နှင့်မတူသော အမူးသမားကြောင့် စိတ်လည်း အတော်ညစ်နေပြီ ဖြစ်၏။နောက်ဆုံးတော့ သူ အရှုံးပေးလိုက်ရကာ လက်သန်းလေးကို
သူ့လက်ဖဝါးထဲ ထိုးထည့်ပေးလိုက်ကာ ကူကယ်ရာမဲ့စွာ နှိမ်ချသည့်လေသံဖြင့် ပြောလိုက်ရ၏။
"အိုခေ မင်းဟာ၊ မင်းဟာပါကွာ၊ အားလုံးက မင်းဟာပဲ၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး!"
ရိချန်းလျန်၏ လက်ချောင်းများက မသိစိတ်ဖြင့် ကွေးတက်သွားကာ သူ့ပါးစပ်က တင်းတင်းကြပ်ကြပ်စေ့ပိတ်သွားခဲ့သည်မှာ တစ်ခုခုနှင့် လျှို့ဝှက်စွာ ယှဉ်ပြိုင်နေသကဲ့သို့ပင်။ သို့ပေမဲ့ အဆုံးမှာတော့ သူက ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ယွင်ဖန်း၏ လက်သန်းလေးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။
ယွင်ဖန်းက သူ၏မကျေမချမ်းမှုနှင့် မကျေမချမ်းအမူအရာအား မခံနိုင်တော့ကာ တစ်ခြားလက်တစ်ဖက်ကို ဆန့်တန်းလျက် ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်သည်။
"လာ၊ ဖက်ပါဦး ပြီးရင် စိတ်မဆိုးတော့နဲ့ ဟုတ်ပြီလား"
ယွင်ဖန်း၏ လက်သန်းလေးကို ကိုင်ထားသော ရိချန်းလျန်၏လက်က ရုတ်တရက် တင်းကြပ်သွားကာ တစ်ကိုယ်လုံးက တောင့်တင်းသွားလေသည်။ သို့ငြား ယွင်ဖန်း၏ ကလေးချော့သလို ပွတ်သပ်ပေးမှုကြောင့် နူးညံ့လာပြန်ကာ ယွင်ဖန်း၏ လက်မောင်းကြားထဲ လိမ်မာစွာ မှီတွယ်လာလေသည်။
ကလေးတစ်ယောက်ကို ချော့မော့ရသည်က ခက်ခဲလှလေသည်။ ယွင်ဖန်းက နံရံကိုမှီထားရင်း သက်ပြင်းချလိုက်၏။ သူအပြုံးက အနည်းငယ်သော မောပန်းနွမ်းနယ်မှုများနှင့် စိတ်သက်သာရာရခြင်းများ သယ်ဆောင်ထားခဲ့လျက်သား။
သို့ပေမဲ့၊ သူပြည့်ပြည့်ဝဝ စိတ်အေးလက်အေးမဖြစ်ရသေးခင်မှာပင် လည်ချောင်းက ရုတ်တရက်ယားယံလာသည်မှာ မသိလျှင် ငှက်မွေးလိုနူးနူးညံ့ညံ့အရာက လာပွတ်သပ်နေသည့်အလား။ သူ မသိလိုက်စွာပင် တံတွေးမျိုချမိသွားလေသည်။
သူ့လည်တိုင်ဆီ မှုတ်ထုတ်လာသော အယ်လ်ကိုဟောရနံ့ပါဝင်သည့် ပူနွေးနွေးအာငွေ့ကြောင့် သူ့ဦးရေပြားမှာ ထုံကျဥ်သွားရ၏။ သူ့လေသံထဲမှာ အနည်းငယ်သော သတိပေးလိုမှုများ ပါဝင်နေခဲ့ပေမဲ့ ရုတ်တရက်ပါးစပ်ဟလိုက်ရမှုကြောင့် အနည်းငယ်လည်း အက်ကွဲနေလေသည်။
"ရိချန်းလျန် မင်း ဘာလုပ်နေတာလဲ?"
ရိချန်းလျန်က လက်မြှောက်ကာ စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် သူ့ပါးစပ်ကို အုပ်လာကာ တစ်ဖန်ပြုမူလာပြန်သည်။ သူ့လည်ဇလုတ်အား လျှာဖြင့် ခပ်ဖွဖွလျက်လာခြင်းပါပေ။
ထူးဆန်းသည့် ထုံထိုင်းမှုနှင့် မရင်းနှီးလှသည့် နှလုံးခုန်နှုန်းက သူ့ဦးရေပြားအထိ တိုက်ရိုက်တိုးလာကာ ယွင်ဖန်း၏ မျက်နှာရှိ အမူအယာက ခဏချင်းမှာပင် ကွဲအက်သွားခဲ့ပြီး လူတစ်ကိုယ်လုံးက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာမှာပင် တောင့်တင်းစွာ ရပ်နေခဲ့လေသည်။
သူ့လက်ချောင်းများအားကိုင်ထားသည့် ရိချန်းလျန်၏လက်က လက်ငါးချောင်းအား အတင်း ခွဲ၍ လက်ဆယ်ချောင်း ယှက်ထားသည့်အနေအထားရောက်အောင်လုပ်ကာ သူ့လက်အား နံရံထက်ဆီ အားဖြင့် ဖိထားလိုက်သည်။
ရိချန်းလျန်ပုံက သေချာအရသာမခံရ၍ အတော်လေး မကျေမနပ်ပုံပေါက်နေသည်။ သူက မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် ကိုက်လိုက်၏။ အားက မပြင်းလွန်း မပျော့လွန်းပေမဲ့လည်း ယွင်ဖန်း၏ တစ်ကိုယ်လုံးကိုတော့ တုန်ယင်သွားစေခဲ့ကာ ညည်းညူသံသဲ့သဲ့ပင် ထွက်သွားမိလုနီးပါးပါပင်။
မှောင်မဲ ကျဥ်းမြောင်းသည့် လမ်းကြားထဲ၌ အယ်လ်ကိုဟောရနံ့ပြင်းပြင်းတို့က အဝတ်စပွတ်တိုက်သံ၊ လျင်မြန်သည့်အသက်ရှုသံတို့ဖြင့် ရောနှောနေလျှက် နွေးထွေးသည့်အထိအတွေ့က သူ့မေးရိုးဆီမှနေ ပါးစပ်ထောင့်နားဆီရောက်လာခဲ့၏။ အန္တရာယ်များပြီး မရေရာသည့်လေထုထဲကနေ ယွင်ဖန်းတစ်ယောက် နောက်ဆုံးတော့ အသိပြန်ဝင်လာခဲ့ကာ သူ့ကိုယ်အား ကပ်တွယ်နေသူကို တွန်းဖယ်ပစ်လိုက်တော့သည်။
စက္ကန့်အနည်းငယ်သာကြာသွားပေမဲ့ နာရီအတော်များများကြာသွားသကဲ့သို့ပင်။ ယွင်ဖန်း၏ နားထင်က နာကျင်စွာ ခုန်လှုပ်လာပြီး သူက နောက်ဆုံးမှာတော့ မူးနေသူက ရိချန်းလျန်တစ်ယောက်တည်း မဟုတ်ခဲ့သည်ကို သဘောပေါက်သွားခဲ့လေသည်။
ရူးသွားခဲ့တာက ရိချန်းလျန်လား သူလား?
ရှော့ခ်ရသွားမှုကြောင့် အရှုပ်အထွေးများကြားကနေ တွယ်ယှက်လာသော ရီဝေခြင်းနှင့် အိပ်ချင်ခြင်းတို့ဟာ ပြိုပျက်သွားရလျက် တစ်ဖန် ပြန်ပြီး ကပ်ညှိလာပြန်ကာ
ပိုပြီး ဖရိုဖရဲဖြစ်လာခဲ့ပြီး ယခင်ထက်ပင် ဖြေရှင်းရန် ခက်လာခဲ့လေသည်။
ယွင်ဖန်းက နောက်ဆုံးမှာတော့ ဖရိုဖရဲကြားထဲမှ ကြည်လင်ပြတ်သားမှုအနည်းငယ်ကို ရှာတွေ့သွားခဲ့၏။ သူနှင့် အနီးကပ်ရှိနေသည့် ရိချန်းလျန်ကို ကြည့်လိုက်ပေမဲ့ အနည်းငယ်စွတ်စိုနေသည်ဘ မျက်တောင်ဖျားများနှင့် တင်းကားနေသည့် မေးရိုးတို့ကိုသာ မြင်နိုင်လေသည်။
သူ့တို့လက်များပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြဆဲဖြစ်ကာ ခွဲခွာသွားခြင်း မရှိသေးပါချေ။
"ကိစ္စမရှိပါဘူး မင်းမူးနေတာပဲကို"
ယွင်ဖန်းက သူ့၏ တစ်ခြားလက်တစ်ဖက်ကို မြှောက်ရင်း ထိုသူ့မျက်လုံးထောင့်ရှိ စိုစွတ်မှုများကို လက်မဖြင့် ဖယ်ရှားပေးလိုက်သည်။
သို့ပေမဲ့ ရိချန်းလျန်က သူ့လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ကာ လွှတ်ပေးဖို့ ငြင်းဆန်နေဆဲပင်။ ရက်စက်ကြမ်းတမ်းသော ဆင်ခြင်တုံတရားနှင့် ထိုးတက်လာသော စိတ်လိုက်မာန်ပါအပြုအမူများက ယုတ်မာသောအရာများ လုပ်လုနီးပါး ဖြစ်သွားရသည်။ သူ့နှလုံးသားထဲမှာ အကြောက်တရားတို့ ပြည့်နှက်လျက် တောင်းပန်ချင်သော်ငြား စကားလုံးတို့က ထစ်ငေါ့ကာ တုန်ယင်နေလျက်ရှိသည်။
"...ယွင်ဖန်း?"
"ငါရှိတယ်"
ယွင်ဖန်းက သူ့နောက်ကျောအား အသာအယာ ပုတ်ပေးကာ ညင်သာသည့်အသံဖြင့် ပြန်ဖြေလိုက်သည်။
ရိချန်းလျန်က မျက်လွှာချကာ သူ့အား မကြည့်ရဲတော့ချေ။ သူက ယခုအချိန်တွင် အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်ကို ရှင်းပြရန် ကျိုးကြောင်းဆီလျော်သော ဆင်ခြေကို ရှာချင်သော်လည်း စကားတစ်လုံးမှ မပြောနိုင်ခဲ့။
ယွင်ဖန်းက ရေခဲရုပ်တုတစ်ခုလို အေးခဲတော့မည့် သူ့ရှေ့မှလူကိုကြည့်လိုက်ပြီး လက်ဆန့်ကာ ပွေ့ဖက်လိုက်လေသည်။
"အရင်ဆုံး အိမ်ကိုပြန်ကြစို့”