[ဆေးထည့်ပေးခြင်း]
ရိချန်းလျန်မှာ သူ့၏ ယုံကြည်ချက်ပြည့်ဝသောအသံကြောင့် လေသံကြောင့် နင်သွားရသည်။
“မင်းမနေ့က ဝမ်းယိုဝေရဲ့လမ်းကို သွားပိတ်ဖို့ အတန်းပျက်တာလား?”
ယွင်ဖန်းက သူ့ကို ဒဲ့တိုးမေးလိုက်၏။
“မဟုတ်ဘူး”
ရိချန်းလျန်က မျက်နှာမပြောင်းဘဲ သူ့ကိုလိမ်လာသည်။
“ငါ့အစာအိမ်က နေလို့သိပ်မကောင်းလို့ ခွင့်ယူလိုက်တာ”
ယွင်ဖန်းမှာ ဒေါသကြောင့် ရယ်မိတော့မလိုဖြစ်ကာ သူ့နှာခေါင်းစည်းကို ဆွဲချွတ်လိုက်၏။ ရိချန်းလျန်က သူ့လက်ကို မြှောက်ကာ ကာလိုက်ပေမဲ့ လက်ဖျံကို အဖမ်းခံလိုက်ရပြီး နောက်ကျောဆီ အလိမ်ခံလိုက်ရသည်။
ယွင်ဖန်း၏ ထိန်းချုပ်မှုက သူ့၏လက်ဖျံပေါ်ရှိ ဓားဒဏ်ရာပေါ် သွားဖိမိကာ သူမျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့သွားခဲ့ပေမဲ့ အသံမထွက်ဘဲ သူ့ခြေထောက်ကို လှုပ်ကာ ယွင်ဖန်းကို ကန်ဖို့ ကြိုးစားလိုက်ဆဲပင်။
ယွင်ဖန်းသည် မသိစိတ်အရ သူ့ကန်ချက်ကို ပြန်တန်ပြန်ကန်ဖို့ ဟန်ပြင်လိုက်ပေမဲ့ အကြောင်းပြချက်တချို့ကြောင့် အနည်းငယ် တွန့်ဆုတ်သွားရကာ ရလဒ်အနေဖြင့် ရိချန်းလျန်၏ ကန်ချက်က သူ့ခြေသလုံးသားပေါ် ကျရောက်လာကာ နာကျင်မှုကြောင့် ညည်းတွားမိသွားရ၏။
“ရိချန်းလျန်!”
ရိချန်းလျန်သည် ထစ်ခနဲဆို အကြမ်းဖက်တတ်သောသူ့ပုံစံကြောင့် ဒေါသထွက်နေတာ ကြာလှပြီဖြစ်သည်။ သူက ဒေါသတကြီးနာမည်ခေါ်သံကို ကြားရသော်လည်း အားနည်းမှုကို မပြချင်တာကြောင့် ရှုသိုးသိုးမျက်နှာပေးသာ လုပ်ပြနေလိုက်၏။
ယွင်ဖန်းမှာ သူ့အား ခေါင်းကိုက်စွာ ကြည့်လိုက်သည်။ ရှေ့ပိုင်းနှစ်များ၌ သူဟာ ပြဿနာကို အကြမ်းဖက်ခြင်းနည်းဖြင့် ဖြေရှင်းခြင်းကို အသားကျခဲ့ပြီးဖြစ်သည်။ နောက်ပိုင်း သူအသက်ကြီးလာပြီးနောက်မှသာ စိတ်ငြိမ်နိုင်ဖို့နှင့် ဦးနှောက်သုံးနိုင်ဖို့ တဖြည်းဖြည်း သင်ယူလာနိုင်ခဲ့သည်။ သို့ပေမဲ့ တချို့အကြောင်းပြချက်များကြောင့် ရိချန်းလျန်နှင့် ဆက်စပ်နေသော ကိစ္စများကို ကြုံလာရတိုင်း သူ့မူလပုံစံသို့ ပြန်ရောက်သွားစမြဲသာ ဖြစ်၏။
ဒီကောင်စုတ်လေးကို သူ ခပ်ဆတ်ဆတ် ရိုက်ပစ်ချင်လှသည်။
“မင်းမျက်နှာကို ကြည့်ရအောင်”
ယွင်ဖန်းက အသံကို နှိမ့်ချလိုက်ကာ တွေးကြည့်လိုက်ပြီး စိတ်ထဲသိပ်မပါစွာဖြင့် နောက်တစ်ခွန်း ထပ်ဖြည့်လိုက်သည်။
“ရမလား?”
မမျှော်လင့်စွာပင် အကျိုးသက်ရောက်မှုက အံ့ဩစရာကောင်းစွာ ကောင်းမွန်ခဲ့၏။ ရိချန်းလျန်က ရုတ်တရက်ပင် လေလျော့သွားသော ငါးပူတင်းလေးကဲ့သို့ဖြစ်လာကာ ရုန်းကန်မှုက အားပျော့သွားပြီး ရှုသိုးသိုးဖြင့် ခေါင်းလှည့်လာလျက် အေးစက်စက် နှာမှုတ်လာသည်။
သူ့ကို “နှာမှုတ်” ရဲတယ်ပေါ့လေ!
ယွင်ဖန်း သူ့နှာခေါင်းစည်းကို လက်တစ်ဖက်ဖြင့် ဆွဲချွတ်လိုက်တော့ ထင်သည့်အတိုင်းပင် မျက်နှာပေါ်၌ ညိုမည်းနေသည့် နေရာကြီးကိုတွေ့လိုက်ရသည်။ နှုတ်ခမ်းထောင့်ရှိ ဒဏ်ရာကလည်း ကွဲနေကာ အနည်းငယ် ကြောက်စရာတောင် ကောင်းနေခဲ့၏။
“မင်းမှာ တခြားသူတွေနဲ့ တိုက်ခိုက်ဖို့ စွမ်းရည်ရှိတယ်ဆိုရင် မင်းကိုယ်မင်း မနာကျင်ရအောင်လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိရမှာပေါ့”
ယွင်ဖန်းက သူ့ကို လွှတ်ပေးမလို့ ဟန်ပြင်လိုက်ပေမဲ့ သူ့မျက်မှောင်ကြုတ်ထားတာကို တွေ့သွားကာ ရုတ်တရက်ပင် သူ့လက်ထဲမှာဆုပ်ကိုင်ထားသည့် လက်ဖျံက တစ်ခုခု ဖြစ်နေတာကို ခံစားလိုက်မိလေသည်။
သူ့ခေါင်းကိုငုံကာ ကြည့်လိုက်တော့ ရိချန်းလျန်တစ်ယောက် ပူအိုက်သည့် ရာသီဥတုမှာပင် လက်ရှည်ဝတ်ထားခဲ့သည်ကို သတိထားသွားရသည်။ လက်ကို မြန်မြန်လွှတ်ပေးလိုက်တော့ အင်္ကျီလက်မှာရော သူ့လက်ဖဝါးမှာပါ သွေးစွန်းသွားခဲ့ပြီပင်။
ယွင်ဖန်း၏ မျက်နှာက ခဏတွင်းမှာ မဲမှောင်သွားခဲ့၏။
ရှင်းမပြနိုင်သော အကြောင်းပြချက်တချို့ကြောင့် ရိချန်းလျန်မှာ ယွင်ဖန်းနှင့် မျက်နှာချင်းဆိုင်ချိန်တွင် သူ့စိတ်ထဲ အပြစ်ရှိသလိုခံစားလိုက်ရသည်။ ထို့ပြင် ဤအပြစ်ရှိစိတ်က ဘယ်ကဘယ်လိုပေါ်လာမှန်း မသိပေမဲ့ အတော်လေး ပြင်းထန်လှသည်။
သို့ပေမဲ့ သူ့လမ်းကြောင်းကို ခိုင်မာစွာ မပြောင်းလဲနိုင်သည့် ပုန်ကန်ထကြွတတ်သည့် ဆယ်ကျော်သက်တစ်ယောက်အနေဖြင့် သူက ဤထူးဆန်းသည့် ခံစားချက်ကို အတင်း လျစ်လျူရှူကာ မပြောင်းလဲသည့်အသံဖြင့် ပြောလိုက်သည်။
“မြင်ပြီးပြီမလား။ ငါ အလုပ်ပြန်သွားလုပ်တော့မယ်”
“ရိချန်းလျန်”
ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
တစ်ဖက်လူက နာကျင်မှုကြောင့် တုန်ယီနေသည်ဟု သူခံစားမိလိုက်တာမို့ မျက်လွှာပင့်ကာ တစ်ဖက်လူ၏ တမင်တကာ အကြည့်လွှဲနေသည့် မျက်လုံးကို ကြည့်လိုက်သည်။
စောနတုန်းက ယွင်ဖန်းဟာ အတော်လေးစိတ်တိုနေခဲ့တာဖြစ်သည်။ သင်း အတန်းလစ်ပြီး ဝမ်းယိုဝေနှင့် သွားတိုက်ခိုက်သည်ကို ဒေါသထွက်သည်။ ဒဏ်ရာကို မကုသဘဲ အလုပ်လုပ်နေသည်ကို ဒေါသထွက်သည်။
သို့ငြား ရိချန်းလျန်ထံကနေ ရင်းနှီးနေသည့် ဘာမှမဖြစ်သလိုဟန်ဆောင်ထားသည့် ဂရုမစိုက်သောလေသံကို ကြားရချိန်မှာတော့ သူရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားရလေသည်။
ရိချန်းလျန်က ဘာလုပ်နိုင်မှာတဲ့လဲ။
သူကရော ရိချန်းလျန်ကို ဘာလုပ်စေချင်တာတဲ့လဲ။
ယခု ရိချန်းလျန်က နှစ်နှစ်ဆယ်ကြာပြီးနောက်ဖြစ်လာသည့် အနာဂါတ် ရိချန်းလျန် မဟုတ်ပေ။ နှစ်နှစ်ဆယ်အကြာက အနာဂါတ်ရိချန်းလျန်က ဒါမျိုးကိစ္စတွေကို အေးဆေးကိုင်တွယ်နိုင်ပေမဲ့ ယခု ရိချန်းလျန်မှာတော့ နောက်စာသင်နှစ်အတွက် ကျောင်းလခနှင့် နေထိုင်စရိတ်ပြည့်မှီစေရန်အတွက် ခက်ခဲနေသည့်အချိန်ဖြစ်သည်ပင်။
“နာနေလား?”
ယွင်ဖန်းက သူ့အား အတော်လေးလေးနက်စွာ မေးလိုက်သည်။
ရိချန်းလျန် အတင်းမာန်တင်းထားပြခဲ့သည့် ဂရုမစိုက်မှုများက ခဏအတွင်း ပျောက်သွားရသည်။သူ အနည်းငယ် ငူငိုင်သွားကာ စိတ်ရှုပ်ထွေးသွားပြီးမှ နောက်ဆုံးမှာ ခေါင်းခါပြလာသည်။
“ ယူစရာရှိတာယူပြီး ပြန်ကြစို့”
ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စကားတစ်ခွန်းမပြောဘဲ သူ့ကိုခေါ်ထုတ်သွားလိုက်သည်။
“မင်းရဲ့ သူဌေးဆီသွားပြီး ခွင့်ယူလိုက်ဦး”
ရိချန်းလျန်သည် လွှမ်းမိုးတတ်ကာ ကျိုးကြောင်းမဆီလျော်တတ်သော လူစားမျိုးကို မုန်းတီးသည်။ အကြောင်းမူ သူကိုယ်တိုင်က ထိုကဲ့သို့သော လူတစ်ယောက်ဖြစ်သောကြောင့်ပင်။ သို့သော်လည်း ထိုပုံစံမျိုးက ယွင်ဖန်းဆီမှာ ဖြစ်နေချိန်မှာတော့ သူ့အားထူးဆန်းကာ ဖော်ပြမရနိုင်သော လုံခြုံသည့်ခံစားချက်တစ်ခုကို ပေးနေခဲ့လေသည်။
ဘယ်လိုလုပ်ပြီး ဒီလိုထူးဆန်းတဲ့လူက ပေါ်လာခဲ့ရတာလဲ။
ရိချန်းလျန် နားမလည်နိုင်ပေ။ စိတ် ရှုပ်ထွေးနေသည့်အခြေအနေမှာပင် သူသည် ယွင်ဖန်း၏ သူ့သူဌေးထံ ခွင့်သွားယူခိုင်းသည်ကို ခံရကာ ယွင်ဖန်း၏ သူ့ခြံဝန်းဆီ ပြန်ခေါ်သွားခြင်းကို ခံလိုက်ရလေသည်။
အိပ်ရာထက်မှာ တင်ပျဥ်ခွေထိုင်ရင်းဖြင့် ယွင်ဖန်းက မျက်မှောင်ကြုတ်ရင်း သူ့လက်ပေါ်ရှိ ဓားဒဏ်ရာအား ဆေးထည့်ပေးနေကာ သူ့မျက်နှာထက်ရှိ အလေးအနက်အကြည့်က မသိသည့်သူဆိုလျှင် ဒဏ်ရာက သူ့ထံတွင် ရှိနေသည်ဟု တွေးသွားမိစေနိုင်သည်။
ရိချန်းလျန်မှာ ပျင်းရိနေသည်မို့ သူ့ကိုသာ စိုက်ကြည့်နေမိသည်။ ကြည့်နေရင်းမှ ဒီလူက မျက်စိထဲ အတော်ကြည့်ပျော်ရှုပျော်ဖြစ်သားဟု တွေးမိသွားရ၏။ မျက်တောင်များက ရှည်လျားကာ နှာတံကဖြောင့်စင်းသည်။ နှုတ်ခမ်းပုံစံကလည်း ကြည့်ကောင်း၏။ သို့ပေသိ အသားအရေက ဖြူဖွေးလွန်းကာ ပြုံးမနေသည့်အချိန်ဆို အတော်အေးစက်လေသည်။
ဒါဘာလဲ။ အေးစက်တဲ့ အလှလေး ဆိုတာမျိုးလား။
ရိချန်းလျန်သည် စာဖွဲ့ရာမှာ မတော်လှ။ထို့ကြောင့် သူသုံးနိုင်သည့် နာမဝိသေသနများက အကန့်အသတ်နှင့်ဖြစ်သည်။ သို့ငြား ဤသည်က သူ့အား မျက်စိပသာဒဖြစ်စျေသော လူအား သမာသမတ်ကျကျအကဲဖြတ်ခြင်းမှ မတားဆီးနိုင်ပါချေ။
ယွင်ဖန်းက သူ့ဒဏ်ရာကို ပိုးသတ်ပေးကာ ဆေးထည့်ပေးလိုက်ပြီး မျက်ခွံကို ပင့်လျက် သူ့ကိုတစ်ချက်ကြည့်လာသည်။
“မင်းဘာလို့ တစ်ချိန်လုံး ငါ့ကို စိုက်ကြည့်နေတာလဲ”
“မင်းကိုတစ်ခုမေးမယ်”
ရိချန်းလျန်က သူ့ဒဏ်ရာရထားသည့် လက်မောင်းကိုပိုက်ကာ အတော်လေး ပဟေဠိဆန်သည့်ပုံဖြင့် မေးလာ၏။
“မင်း ဘာလို့ ယောက်ျားတွေကို ကြိုက်တာလဲ?”
သူက တကယ်သိလိုစိတ်ဖြင့် စိတ်ရှုပ်ထွေးစွာမေးလိုက်တာပေမဲ့ ယွင်ဖန်းမှာတော့ သူ့အား သေအောင် ရိုက်သတ်ချင်သွားရသည်။ တခြားလူသာဆိုပါက ဒဏ်ရာရနေသည့်လက်ပေါ်ကို သူနောက်ထပ်တစ်ချက်လောက် ထိုးပြီးပြီပင်။
ယွင်ဖန်းက မျက်ခုံးပင့်လိုက်၏။
“သိချင်တာလား?”
ရိချန်းလျန်က သူ့နှာခေါင်းကိုတို့လိုက်ကာ သူ့အမူအယာသိပ်မကောင်းသည်ကိုမြင်တော့ အလျင်အမြန် ပြောလိုက်သည်။
“ငါက ခွဲခြားဆက်ဆံချင်တာ မဟုတ်ဘူး ။နည်းနည်းလောက် သိချင်ရုံပဲ”
ဆယ်ကျော်သက်များက အရာရာတိုင်းကို သိချင်ကြသည်။ ယွင်ဖန်းက သူ့ကိုယ်သူ တိတ်တဆိတ် ဖျောင်းဖျလိုက်ကာ အနည်းဆုံးတော့ လက်သီးမသုံးခဲ့ပေ။ တုံးအနေပြီးသားသူက ထပ်အရိုက်ခံရပါလျှင် မည်သို့ဖြစ်လာမည်ကို မသိနိုင်ပါချေ။
“ဘာလို့ဆို ကြည့်ကောင်းလို့လေ”
ယွင်ဖန်းက ပေါ့ပေါ့ပါးပါး အလိမ်တစ်ခုအား အလွယ်တကူပြောလိုက်သည်။
“ယောက်ျားတစ်ယောက်က ကြည့်ကောင်းတယ်လို့မင်းတွေးမိပြီဆိုရင် မင်းသူ့ကို ချစ်မိသွားလိမ့်မယ်။”
ယွင်ဖန်းက ကြည့်ကောင်းသည်ဟု ခုလေးတင် မှတ်ချက်ချမိလိုက်သည့် ရိချန်းလျန်: “!?”
ယွင်ဖန်းက သူအကြည့်လွှဲနေသည်ကိုမြင်တော့ စိတ်ရင်းဖြင့် စနောက်လိုက်သည်။
“ဘာလဲ။ မင်းငါ့ကို ကြည့်ကောင်းတယ်လို့တော့ မထင်ဘူးမလား ။ဟုတ်လား?”
“မထင်ဘူး”
ပျာယာခတ်နှင့်ပြီးဖြစ်သည့် ရိချန်းလျန်မှာ ပိုပြီး ပျာယာခတ်သွားရင်း ပြတ်သားစွာပြောလာ၏။
“လုံးဝကို မထင်ဘူး!”
ယွင်ဖန်းက ခပ်ညစ်ညစ်ရယ်လိုက်ချေရာ ရိချန်းလျန်ဟာ သူကစားခံလိုက်ရပြီမှန်း နားလည်သွားခဲ့ရင်း ဒေါသတကြီးဖြင့် အော်လာတော့သည်။
“မင်းတို့ ကျောင်းသားကောင်းတွေကစာတော့ တော်ပါရဲ့။နှလုံးသားက ညစ်ပတ်နေလိုက်တာ! ဘာလဲ..ငါ့ကိုယ်ငါကြည့်ကောင်းတယ်လို့ ထင်ရင်ရော .. ငါက ငါ့ကိုယ်ငါ ချစ်မိနေတယ်လို့ ဆိုလိုတာလား!”
“ဒါကို များသောအားဖြင့် အတ္တပေဒ အစွန်းရောက်ဝါဒီလို့ပြောလို့ရတယ်”
ယွင်ဖန်းက မညှာမတာဖြင့် သူ့ကို လှောင်ပြောင်လိုက်သည်။
သူက ဆေးဘူးကို သိမ်းဆည်းလိုက်ကာ အိပ်ရာအောက်ထဲသိမ်းလိုက်၏။ ထို့အခိုက်မှာပင် ရိချန်းလျန်၏ ဗိုက်ထဲမှ ဂွီခနဲ မြည်သံကို ကြားလိုက်ရလေသည်။
“ဗိုက်ဆာနေတာလား?”
“ဗိုက်ဆာမနေဘူး!”
ရိချန်းလျန်က သူအစခံရတိုင်း အတော်လေး စိတ်ဆိုးကာ ယွင်ဖန်းက အမြဲလို ခြေတစ်လှမ်းသာနေသည်ကို ပိုပြီး စိတ်ဆိုးမိလေသည်။
“ဒါဆိုလည်း သိုးသားကင်သွားစားကြမယ်”
ယွင်ဖန်းက အိပ်ရာပေါ်မှ အင်္ကျီအဖြူလက်တိုကိုဆွဲယူလိုက်ပြီး သူ့ကို ကမ်းပေးလိုက်သည်။
ရိချန်းလျန်ဟာ ပြုံးနေသည့် လုံးဝိုင်းဝိုင်း အဝါရောင် ဘဲခေါင်းနှင့် အောက်တွင် အနီရောင်ဆိုင်နာမည်ပါသည့် တုံးအအဖြင့် ချစ်စရာကောင်းသည့် ဘဲကင်ဆိုင်၏ ဝတ်စုံကို ဝတ်ထားဆဲဖြစ်သည်။
ရိချန်းလျန် အင်္ကျီလက်တိုကို ယူလိုက်ပြီး အင်္ကျီချွတ်တော့မလို့ ပြင်လိုက်သည်။ တစ်ဝက်လောက်ရောက်ချိန်မှာ ယွင်ဖန်းက အိပ်ရာဘေးတွင် ရပ်နေဆဲဖြစ်သည်ကို သဘောပေါက်သွား၏။ သူက ခေါင်းလှည့်ကာ သူ့အား သံသယဖြင့် ကြည့်လိုက်သည်။
“ဘာလဲ။ ငါ့ဆီမှာ တဏှာစိတ်တွေရှိနေပြီး မင်းကို ဖျက်ဆီးပစ်လိမ့်မှာကို ကြောက်နေတာလား?”
ယွင်ဖန်းက မထိန်းနိုင်စွာရယ်လိုက်သည်။
“မင်းရဲ့ အသံဝင်နေတဲ့ကြောင်ကလေးလိုပုံစံနဲ့ လည်ချောင်းကွဲအောင် အော်လိုက်လည်း ဘယ်သူမှ မင်းကို လာကယ်မှာမဟုတ်ဘူးနော်”
ယွင်ဖန်းမှာ မစရမနေနိုင်ဖြစ်နေကာ သူစသည့်အကြိမ်တိုင်းလည်း ရိချန်းလျန်က ဒေါသထွက်နေတတ်ရာ ယင်းက သူ့အား အလွန်ပျော်ရွှင်ရစေလေသည်။
ရိချန်းလျန်က ဟမ့်ခနဲ နှာမှုတ်ရင်း မကြားတကြား ရေရွတ်လိုက်သည်။
“ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးနိုင်မယ်ဆိုတာ ဘယ်သူကသိမှာမို့လဲ”
ကံမကောင်းစွာပင် ယွင်ဖန်းမှာ ရယ်နေရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်မို့ ထိုသို့သော ပုန်ကန်သည့်မှတ်ချက်မျိုးကို မကြားလိုက်ရပါချေ။