[မကောင်းသော]
ရိချန်းလျန်တွင် အဝတ်အစားစုစုပေါင်း နှစ်ထည် သုံးထည်လောက်သာရှိသည်။ သူဝတ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီဆိုလျှင် အဝါရောင်အနည်းငယ်တောင် သန်းနေခဲ့ပြီဖြစ်ကာ ဤထပ်ပိုသန့်အောင် လျှော်မရနိုင်တော့ပါချေ။ ကော်လာအပေါ်တွင်လည်း အပေါက်သေးသေးလေးများ အနည်းငယ်ရှိနေလိုက်သေး၏။ သူက ဤအင်္ကျီကို အိမ်မှာနေရင်းသာ ဝတ်လေ့ရှိပေမဲ့ ယခု ယွင်ဖန်းကမ်းပေးလာတော့လည်း ဝတ်လိုက်သည်ပင်။
သို့ပေမဲ့အခု ယွင်ဖန်း၏ကိုယ်ပေါ်ရှိ သန့်ရှင်းကာ အသစ်စက်စက် အပြာဖျော့ဖျော့ အင်္ကျီကိုကြည့်လိုက်ချိန်၌ ရုတ်တရက် မဖော်ပြနိုင်သည့် အနည်းငယ်သောရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
"မင်းဘယ်မှာ သွားစားချင်တာလဲ?"
ရိချန်းလျန်က သူ့အကြည့်အား သိမ်မွှေ့စွာ ရှောင်ထွက်သွား၏။
"ဝူဖုလမ်းပေါ်မှာ အသားကင်ဆိုင်တွေရှိတယ်။ အဲ့ကိုပဲသွားကြစို့"
ယွင်ဖန်းက ရေနည်းနည်းဆာနေခဲ့သည်မို့ ရေတစ်ခွက်ခပ်၍ ရေသောက်ဖို့ ဟန်ပြင်လိုက်သည်။
"ဟေး-"
ရိချန်းလျန်က ဖန်ခွက်ကို လက်ညှိုးထိုးပြလျက်
"အဲ့ဒါ ငါရေသောက်တဲ့ခွက်"
"ရပါတယ်။ ငါစိတ်ထဲမထားဘူး"
ယွင်ဖန်းက ရေ ခွက်တစ်ဝက်ကျော်လောက်သောက်လိုက်ပြီးမှ ရိချန်းလျန် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်မို့ သူသည်လည်း ရေဆာနေသည်အမှတ်ဖြင့်
"ရေသောက်ချင်လို့လား?"
ရိချန်းလျန်မှာသူကြောင့် ဒေါသထွက်မိလုနီးပါးပင်။
"အဲ့ဒါကို ငါ မဆေးရသေးဘူး"
"ရပါတယ်။ကြည့်ရတာ သန့်နေတဲ့ပုံ-"
ယွင်ဖန်းက ဖန်ခွက်ကို အနီးကပ် ခေါင်းငုံ့ကြည့်လိုက်၏။ ဤ ဖောက်ထွင်း မြင်ရသင့်သည့် ဖန်ခွက်ကသိပ်ပြီး ဖောက်ထွင်းမမြင်ရနိုင်တော့သည်ကိုသာ တွေ့လိုက်ရသည်မို့ မသင်္ကာစွာ သူမေးလိုက်သည်။
"မင်း ဒါကို နောက်ဆုံးဆေးခဲ့တာ ဘယ်လောက်ကြာပြီလဲ?"
"ခုနှစ်ရက် ရှစ်ရက်လောက်ပေါ့"
ရိချန်းလျန်က အိပ်ရာဘေးရှိ နှုတ်ခမ်းပါသည့် ရေခွက်ကို ညွှန်ပြကာဖြင့်
"ငါ ကျောင်းက တစ်ခွက်ကို သုံးနေတာ"
ယွင်ဖန်းက ခွက်ကို တည်တည်ငြိမ်ငြိမ် ချထားလိုက်သည်။ သူ့အမူအယာက လုံးဝကို အပြောင်းအလဲရှိမနေခဲ့ပေ။
"သွားကြစို့။သိုးသားတုတ်ထိုးကင် သွားစားကြရအောင်"
ဒေါသဘယ်လောက်ထွက်ထွက် သူ ရိချန်းလျန်ကိုတော့ တံစို့ဖြင့်ထိုးကာ အသီတံတော့ လုပ်ပစ်၍ မရပါချေ။
ယွင်ဖန်းသည် 'ငါက လူကောင်းတစ်ယောက်' ဟူသော စကားလုံးကို သုံးကြိမ်သုံးခါ တိတ်တဆိတ် ရွတ်ဆိုလိုက်ရလေသည်။
°°°°°°°
နေ့လယ်ခင်းနေက အဆိပ်ပြင်းလွန်းကာ နှစ်ယောက်သား အတော်ကြာအောင်လျှောက်ပြီးမှ ဘတ်စ်ကားမှတ်တိုင်ဆီ ရောက်သွားခဲ့သည်။ ရိချန်းလျန်က ဝူးဖုလမ်းဆီ ရောက်သော ဘတ်စ်ကားကိုကြည့်နေချိန်၌ ယွင်ဖန်းမေးလာသည်ကို ကြားလိုက်ရ၏။
"မင်း ပူနေတယ်မလား?"
"နည်းနည်း"
ရိချန်းလျန်က နေကြောင့် အနည်းငယ် နီနေသည့် သူ့မျက်နှာကိုတစ်ချက်ကြည့်ကာ
"မင်း သစ်ပင်ရိပ်အောက်မှာ ခဏသွားရပ်နေလိုက်။ ကားလာရင် ငါခေါ်လိုက်မယ်"
ယွင်ဖန်းက ခေါင်းညိတ်လိုက်ပေမဲ့ သစ်ပင်အောက်ဆီတော့ မသွားလိုက်ပေ။ ထိုအစား သူက သိပ်မဝေးသောနေရာမှာရှိသည့် စူပါမားကပ်အသေးလေးဆီသွားလိုက်သည်။ လူအိုကြီးတစ်ယောက်က ကျောက်သားထိုင်ခုံတွင် လှဲလျောင်းနေပြီး သူ့ကိုယ်သူ ထန်းရွက် ယပ်တောင်ဖြင့် ယပ်ခတ်နေလျက် ရှိသည်။
"ဦးလေး၊ ရေခဲမုန့်နှစ်ခုပေးပါ"
ယွင်ဖန်းက ပြောလိုက်သည်။
"မင်းဘာသာသွားရွေးလေ"
လူအိုကြီးက ငိုက်မျဉ်းနေကာ မျက်လုံးမဖွင့်လာပေ။
ရေခဲသေတ္တာကို စောင်အသေးစားလေးဖြင့် ဖုံးအုပ်ထားသည်။ ယွင်ဖန်းက ရေခဲသေတ္တာအဖုံးကိုဖွင့်ကာ ရေခဲမုန့်နှစ်ခု ယူထုတ်လိုက်၏။
"နှစ်ယွမ်မလား?"
"အင်း"
လူအိုကြီးက မျက်ခွံပင့်ကာ သူ့လက်ထဲမှ ငွေ နှစ်ယွမ်ကိုကြည့်လိုက်၏။
"ပိုက်ဆံကို အနောက်မှာရှိတဲ့ သေတ္တာထဲသာ ထည့်လိုက်ပါကွာ"
ယွင်ဖန်းက ငွေချေပြီး ရေခဲမုန့်နှစ်ခုနှင့်အတူ ဘတ်စ်ကားမှတ်တိုင်ဆီ ပြန်သွားလိုက်သည်။ ရေခဲမုန်၏ အပြင်လွှာက ချောကလက်ဖြစ်ကာ အပေါ်တွင်နှမ်းစေ့များဖြူးထား၏။ သူက ထိုအလွှာကို အမြဲ လျှက်စားတတ်ပေမဲ့ နောက်ပိုင်း၌ ဤတံဆိပ်ရေခဲမုန့်မှာ မရနိုင်တော့လုနီးပါးဖြစ်သွားခဲ့သည်ပင်။
"ရော့"
ယွင်ဖန်းက လက်ထဲမှ ရေခဲမုန့်ကို ရိချန်းလျန်ဆီကမ်းပေးလိုက်သည်။
ရိချန်းလျန်က ယူပြီး အိတ်ခွံကိုဖြဲကာ
"မင်းလည်း ဒါကိုကြိုက်တာလား?"
ယွင်ဖန်းက ခေါင်းညိတ်သည်။
"အပြင်ဘက်က ချောကလက်က အရသာရှိတယ်လေ"
ရိချန်းလျန်က နက်နက်ရှိင်းရှိုင်းကို သဘောတူလိုက်ပြီး နှစ်ယောက်သားက ဘတ်စ်ကားမှတ်တိုင်၏ ပါးလွှာလှသော အရိပ်သေးသေးအောက်၌ ဆောင့်ကြောင့်ထိုင်ကာ ရေခဲမုန့် စစားကြတော့သည်။ ရလဒ်အနေဖြင့် သူတို့ အနည်းငယ်လောက် ကိုက်ပြီးချိန်၌ ဘတ်စ်ကားက တရွေ့ရွေ့ဖြင့် ရောက်လာခဲ့လေသည်။
"ကားပေါ်တက်ရအောင်"
ရိချန်းလျန်က ထရပ်ကာ ကားပေါ် အရင်တက်လိုက်ပြီး ယွင်ဖန်းအတွက်ပါ ကားခပေးလိုက်သည်။
အခကြေးငွေဘက်မှကြည့်ကာ ယွင်ဖန်းက ဒီတစ်ခါတော့ သူ့၏ သီးသန့်ခုံနေရာကို မလုတော့ဘဲ ဘေးခုံမှာသာ ထိုင်လိုက်ပြီး ရေခဲမုန့်ကိုသာ အာရုံစိုက်စားနေလိုက်သည်။
"မင်း ဘဲကင်စားလာတယ် မဟုတ်ဘူးလား?"
ရိချန်းလျန်က ရုတ်တရက်မေးလာသည်။
ယွင်ဖန်းက ရေခဲမုန့်ချောင်းကို ကိုက်ကာ မသဲကွဲစွာရေရွတ်လိုက်သည်။
"ဘဲကင်က အရသာမကောင်းဘူး"
လီခိုင်နှင့် စွင်းယွမ်တို့၏ မျက်နှာများကို ကြည့်ရသည်က သူ့အစာအိမ်ကို စိတ်ဆိုးစေသည်ပင်။
"သူ့အိမ်က ဘဲက တကယ်ကို မလတ်ဆတ်ဘူး"
ရိချန်းလျန်ကပြောသည်။
"နောက်ဆို သူ့ဆိုင်ကို ထပ်သွားမစားနဲ့တော့"
"မင်းဒါကိုပြောနေချိန်မှာ ဘဲသူဌေးရဲ့ ခံစားချက်ကိုရော ထည့်တွက်မိရဲ့လား"
ယွင်ဖန်းက မထိန်းနိုင်စွာ ရယ်လိုက်၏။
"ဘဲသူဌေးနဲ့ မတန်ဘူးလေ"
ရိချန်းလျန်က အကျင့်မကောင်းသော ဝမ်းတွင်းမဲ ဘဲကင်ဆိုင်ပိုင်ရှင် သူဌေးအကြောင်းတွေးမိကာ မထိန်းနိုင်စွာရယ်လိုက်မိသည်။ ခဏလောက် ရယ်ပြီးနောက် သူက ယွင်ဖန်းဘက်သို့ ရုတ်တရတ် လှည့်လာကာ မေးလာသည်။
"သူဌေးကို ငါက ဘဲသူဌေးလို့ခေါ်တယ်ဆိုတာကို မင်းဘယ်လိုလုပ်သိတာလဲ?"
ဒါဟာ ဝမ်းတွင်းမဲနက်သည့် သူဌေးအား သူကိုယ်တိုင်ပေးထားသည့် နာမည်ပြောင်ဖြစ်ပြီး မည်သူ့ကိုမှလည်း မပြောပြခဲ့ဖူးချေ။
ယွင်ဖန်းက တည်ငြိမ်ချင်ဟန် ဆောင်လိုက်ကာ သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြန်မေးလိုက်၏။
"ဘဲကင်ဆိုင်ရဲ့ သူဌေးကို ဘဲသူဌေးလို့မခေါ်ရင် ကြက်သူဌေးလို့ခေါ်ရမှာလား?"
ရိချန်းလျန်မှာ ခဏလောက် ပြန်မငြင်းနိုင်ဖြစ်သွားခဲ့ပေမဲ့ တစ်ခုခုက သိပ်မမှန်ဟု ခံစားနေရသည်ပင်။
"မင်း အိမ်စာတွေ လုပ်ပြီးသွားပြီလား?"
ယွင်ဖန်းက သူ့၏ ပဟေဠိဖြစ်နေသောအမူအယာကိုမြင်တော့ အကြောင်းအရာကို ပြတ်ပြတ်သားသား ပြောင်းပစ်လိုက်သည်။
ရုတ်တရက်ဆန်လွန်းပေမဲ့လည်း အတော်လေး အကျိုးသက်ရောက်မှု ရှိနေဆဲပါပင်။
ရိချန်းလျန်၏ အမူအယာက သိသာစွာ တောင့်ခဲသွားလေသည်။
"သင်္ချာအတွက် အခန်းနှစ်ခန်း မေးခွန်းလွှာ၊ အင်္ဂလိပ်အတွက် သတင်းစာအကြီးတစ်ရွက်၊ ပြီးတော့ ရူပဗေဒနဲ့ ဓာတုဗေဒ လေ့ကျင့်ခန်းစာအုပ် နောက်ဘက်က သင်ထားပြီးသမျှအားလုံး ပြီးသွားပြီ။"
ယွင်ဖန်းက ငဲ့ညှာစဥ်းစားပေးတတ်ဟန်ဖြင့်။
"မင်း သောကြာနေ့က မလာတော့ သောကြာနေ့အတွက် အပို အိမ်စာတွေလည်းရှိသေးတယ်။ မင်းအတွက် ငါယူလာပေးတယ်။ ညစာစားပြီးရင် ငါ့အိမ်မှာ သွားယူကြမယ်လေ"
ရိချန်းလျန်က သူ့ကို ခြောက်ကပ်ကပ်စိုက်ကြည့်ကာ
"ငါ အတန်းပိုင်ဆရာကို ခွင့်တိုင်ခဲ့ပြီးသား"
"ခွင့်တိုင်ထားရင် အိမ်စာလွတ်တယ်လို့ မင်းကို ဘယ်သူပြောလဲ?"
ယွင်ဖန်းက အံ့ဩသွားဟန်ဆောင်ကာ
"လောင်ဖုန်းကပြောတာလား?"
".....မဟုတ်ဘူး"
ရိချန်းလျန်မှာ သွားကြားထဲကနေ စကားလုံးနှစ်လုံး ညှစ်ထုတ်လိုက်ရ၏။
ကြက်သူဌေးနှင့် ဘဲသူဌေးအကြောင်းက သူ့ခေါင်းအနောက်ဘက်ထဲ ပစ်ထုတ်ခံလိုက်ရသည်မှာ ကြာပြီပင်။ ရိချန်းလျန်က သူ့ရှေ့ရှိ ယွင်ဖန်းကိုကြည့်လိုက်ပြီး ထိုသူ့အား ပြတင်ပေါက်အပြင်ဘက်ဆီသာ လွှင်ပစ်ချင်မိတော့သည်။
ယွင်ဖန်းက ကြင်ကြင်နာနာ အပြုံးလေးဖော်ပြလာကာ
"ရပါတယ်ကွာ"
ဝူမြို့ကား သိပ်ပြီး မကြီးပေ။ ဝူဖုလမ်းက မြို့တော်၏လူအရှုပ်ဆုံး ကုန်သွယ်ရေးလမ်းဟု သတ်မှတ်နိုင်ကာ လမ်းနှစ်ဖက်စလုံး၌ ဆိုင်များစွာရှိပြီး စားစရာ၊ သောက်စရာအားလုံးရှိကာနှင့် ကြီးမားလှသော အဝတ်အထည်မြို့တော်ဖြစ်လေ၏။ ယနေ့က စနေနေ့ဖြစ်သည်မို့ လမ်းပေါ်၌ လူများဖြင့် စည်ကားနေခဲ့လေသည်။
ယွင်ဖန်း ကားပေါ်မှ ဆင်းလိုက်သည်နှင့် လေပူတစ်လွှာက သူ့မျက်နှာဆီ ပြေးရိုက်လာကာ ဆူညံနေသော အသံများက နားထဲအလုံးအရင်းလိုက် ဝင်လာတော့သည်။
ရိချန်းလျန်က ပုံမှန်အားဖြင့် ဤသို့သောနေရာများကို မလာတတ်ပေ။ သူက ယွင်ဖန်းဘေး၌ မသက်မသာဖြင့် ရပ်နေခဲ့ကာ အနည်းငယ် ဗလာဖြစ်စွာ မေးလိုက်၏။
"သိုးသားတုတ်ထိုးက ဘယ်မှာလဲ?"
ယွင်ဖန်းက ဝူမြို့သို့ မပြန်ဖြစ်သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီးဖြစ်သည်။ ထိုအချိန်က သူမှတ်ဉာဏ်ထဲရှိ မိသားစုအသားကင်ဆိုင်အား ခက်ခဲစွာ ပြန်ပုံဖော်ကြည့်လိုက်ကာ မသိစိတ်ဖြင့် ထိုသည်က ဝူဖုလမ်းတွင်ရှိသည်ဟု ထင်လိုက်မိပြီး ရိချန်းလျန်ကို ခေါ်လာခဲ့တာပင်။
ဤအခိုက်အတန့်၌ ယွင်ဖန်းမှာ သားဖြစ်သူအား သိုးသားတုတ်ထိုးစားရမည်ဟု ကတိပေးထားမိပေမဲ့ နေရာကို ရှာမတွေ့တော့သည့် ဖခင်အိုကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ကိုးရိုးကားယားနိုင်စွာ နှာခေါင်းကို ထိလိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒါက....ဒီနားတစ်ဝိုက်မှာ ရှိနေသင့်တာကို"
လမ်းထက်၌ လူအချို့ရှိလေကာ လမ်းမလျှောက်ဘဲ အချိန်အတော်ကြာထိရှိနေသည့် သူတို့နှစ်ယောက်မှာ အကြိမ်ရေတချို့ တွန်းတိုက်ခံခဲ့ရသည်။ ကလေးတစ်ယောက်ကတောင်မှ ပတ်တီးစည်းထားသည့် သူ့လက်ကို ခေါင်းဖြင့် တိုက်မိသွားခဲ့သေးသည်။
ရိချန်းလျန်က နာကျင်မှုကြောင့် မျက်နှာရှုံ့သွားခဲ့ပေမဲ့ ကလေးကတော့ အကျယ်ကြီး ငိုကြွေးလာလေသည်။ ရိချန်းလျန်က ထိုအတိုင်း ရပ်နေမြဲဖြစ်ကာ မလှုပ်ရဲတော့ပါချေ။
"ဟေး၊ မင်း လမ်းကို ဘယ်လိုလျှောက်နေတာလဲ?"
ကလေးမိခင်က လတ်လတ်ဆတ်ဆတ် မီးဖုတ်ထားသော သစ်အယ်သီးကင်ကိုကိုင်ကာ ရောက်လာပြီး ရိချန်းလျန်အား စူးရှရှ အော်ငေါက်လေတော့သည်။
"ဒီလောက် ကလေးကြီးကိုတောင် မင်းက မမြင်ဘူးလား?"
ရိချန်းလျန် နောက်က ပါမလာသည်ကို မသိလိုက်ခင်အထိ ယွင်ဖန်းက ခြေလှမ်းအနည်းငယ်လျှောက်သွားခဲ့ပြီး ဖြစ်သည်။ ကလေးငိုသံကြားတော့ သူကခေါင်းလှည်ကြည့်ရာမှ ရိချန်းလျန်တစ်ယောက် ထိုနေရာ၌ ကူကယ်ရာမဲ့စွာဖြင့် တွေဝေနေသည့် အကြည့်ဖြင့် ဆူငေါက်ခံနေရသည်ကို မြင်လိုက်ရတော့တာပင်။
"ရိချန်းလျန်!"
ယွင်ဖန်းက သူ့ရှေ့ရှိလူများကြား တိုးဝှေ့ကာ လျှောက်သွားလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို မြှောက်ကြည့်လိုက်ကာ
"တိုက်မိသွားတာလား?"
"အဆင်ပြေပါတယ်"
ရိချန်းလျန်က အနည်းငယ် ကိုးရိုးကားယားနိုင်စွာ ခေါင်းခါလိုက်၏။
"သွားရအောင်"
"ဟေး.. မင်းက လူတစ်ယောက်လုံးကို ဝင်တိုက်ပြီး ထွက်သွားချင်တယ်ပေါ့?"
ကလေးချီထားသည့် အမျိုးသမီးကြီးက မျက်နှာထက်မကျေနပ်နေသည့်ပုံစံဖြင့် သူ့ကို တားဖို့ ဟန်ပြင်လာသည်။
ယွင်ဖန်း၏ မျက်နှာက ခဏတွင်းမှာ အေးစက်စက်ပြောင်းလဲသွားခဲ့ကာ သဘာဝတကျပင် ရိချန်းလျန်ရှေ့မှ ကာရပ်လိုက်ပြီး အသံနက်နက်ဖြင့် ပြောလိုက်၏။
"ကိုယ့်ကလေးကို ကိုယ်မကြည့်တာ ခင်ဗျားပဲလေ။ ခင်ဗျားကလေးက ကျွန်တော့်ကလေးရဲ့လက်ကို လာဝင်တိုက်ခဲ့တာ။ ခုကြည့် သူသွေးထွက်နေပြီ။ ဒီလိုလုပ်ရင်ရော ကျွန်တော်တို့ ဆေးရုံသွားပြီး စစ်ကြည့်သင့်သလား?"
ယွင်ဖန်း၏ မျက်နှာက ခက်ထန်နေကာ သူ့မျက်လုံးများကသုန်မှုန်လျက် ရက်စက်ခက်ထန်ကာ နက်မှောင် စူးရှနေခဲ့ပြီး သူ့တစ်ကိုယ်လုံးကအော်ရာတွေက ရှိန်ချင်စရာ ကောင်းလှသည်။ ကလေးက ပထမတော့ အငိုတိတ်သွားပေမဲ့ သူ့ကိုဤသို့မြင်တော့ ချက်ချင်းပင် ကြောက်သွားခဲ့ကာ ကျယ်လောင်စွာ စတင်ငိုကြွေးပြန်လေပြီး သူ့ခြေထောက်များဖြင့် မရပ်တမ်း ကန်ကျောက်လာခဲ့၏။
အမျိုးသမီးလည်း လန့်သွားလေသည်။ တစ်ဖက်လူက သေးကွေးကာ အသက်သိပ်မကြီးသေးပေမဲ့လည်း သူ့၏ ခက်ထန်သည့် သွင်ပြင်က အဘယ့်ကြောင့် သူမခြေထောက်များအား ချိနဲ့စေသည်ကို မသိနိုင်ခဲ့ပေ။
ဤလူက တစ်ချက်ကြည့်ရုံနှင့် လူကောင်းတစ်ယောက်နှင့် မတူပါချေ။ သူက တစ်ယောက်ယောက်ကိုတောင် သတ်နိုင်ခဲ့လောက်၏။
သူမက ငိုနေသောကလေးကိုအမြန် ချီကာ အလျင်စလိုထွက်သွားခဲ့သည်မှာ ထိတ်လန့်တကြား ထွက်ပြေးသွားသကဲ့သို့ပင်။
"ယွင်ဖန်း"
ရိချန်းလျန်က သူ့ကိုခေါ်လာ၏။
ယွင်ဖန်းရုတ်တရက် အသိပြန်ဝင်ကာ ခေါင်းကို ငုံ့လို့ သူ့လက်ဖျံကို ကြည့်လိုက်သည်။
" တိုက်မိတာ နာသွားသေးလား?"
"အဆင်ပြေပါတယ်"
ရိချန်းလျန်က အနည်းငယ် ရှက်သလိုခံစားရကာ ဂုဏ်သိက္ခာနည်းနည်းဆုံးရှုံးလိုက်ရသလိုပါပင်။ လူများနှင့် ရန်ဖြစ်ရသည်က သူ့အတွက် အဆင်ပြေပေမဲ့ ရင်ဆိုင်လာရသည်က ငိုနေသည့် ကလေးတစ်ယောက်နှင့် ကျိုးကြောင်းမသင့်သော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဖြစ်နေချိန်မှာတော့ သူက မည်သည့် လှည့်ကွက်ကိုမှ မသုံးနိုင်ခဲ့ပေ။
သူ တိုက်ခိုက်လို့လည်းမရ။ စကားအပြိုင်ပြောလို့လည်းမရ။ အတော်လေး ပြာယာခတ်စရာကောင်းလှသည်။
“ခုနက မင်းပုံစံက အတော်ဒေါသထွက်နေတဲ့ပုံစံကြီး”
ရိချန်းချန်၏ လက်ကောက်ဝတ်ကို တစ်ဖက်လူက ဆွဲထားကာ ရှေ့ဆက်လျှောက်လျက်ရှိသည်။ သူ လက်ကို ပြန်ဆွဲထုတ်ချင်ပေမဲ့ ယွင်ဖန်းက တင်းတင်းကိုင်ထားသည်မို့ သူ့မှာ ပြောစရာစကားသာ ရှာရတော့သည်။
“တီဗွီထဲကနေ သင်ထားတာလား”
“ဘာရယ်”
ယွင်ဖန်းက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်လှည့်ကြည့်လာသည်။ သူ့မျက်နှာက ရိုးသားကာ အန္တရာယ်ကင်းသည့်ပုံဖြစ်နေသည်မှာ 24k သန့်စင်လှသော လူလိမ္မာကလေးအလား။
ရိချန်းလျန် : “....ထားလိုက်ပါတော့”
စောနက ယွင်ဖန်းပုံစံက တီဗွီဒရမ်မာတွေက မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်တတတ်သော ရက်စက်ခက်ထန်သည့် ဗီလိန်ကြီးတွေနှင့် အတိအကျ တူလှပေမဲ့လည်း….သူ ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်ပါလိမ့်မည်။
သို့ငြား တကယ်တမ်းတော့ စောနက ယွင်ဖန်း တကယ်ပဲ ဒေါသထွက်နေတာ ဖြစ်သည်။ သူ့ဒေါသက စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် ရှုပ်ထွေးမှုကဲ့သို့သော ပြင်းထန်သည့် ခံစားချက်များ ရောနေခဲ့ရုံသာ။
သူ ဒီနေရာကို ပထမဆုံးရောက်လာကာ တခြားလူဖြစ်လာခဲ့ရချိန်၌ ရိချန်းလျန်၏ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိချေ။ မကောင်းသည့်ကိစ္စတွေက သူ့ခေါင်း၊ သူ့မှတ်ဥာဏ်တွေထဲမှာ ရှိနေပြီးသား ဖြစ်ရာ သူပြောင်းလဲလိုက်သည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ သူ့အတွက် အဓိပ္ပါယ်မရှိလှ။ ထို့ကြောင့် ပထမတော့ ရိချန်းလျန်က တစ်စုံတစ်ယောက်ကို ဓါးဖြင့် ထိုးတော့မည့်အချိန်မှာ ဝင်ဆွဲဖို့ပင် စိတ်ကူးမရှိခဲ့ပါချေ။
ထိုအချိန်တုန်းက သူဟာ အမှတ်တစ်အထက်တန်းကျောင်း၏ ကန်တင်းမှာ ထိုင်နေခဲ့တာဖြစ်ပြီး အနည်းငယ်ဆားငံနေသော ကြက်ဥထမင်းကြော်ကို စားနေခဲ့တာဖြစ်သည်။ ထို့နောက်မှာ သူဟာ အတိတ်ကို ပြန်တွေးမိသွား၏။တစ်စုံတစ်ဦးကို မတော်တဆ သတ်ဖြတ်မိရာမှ လူငယ် ထိန်းသိမ်းရေးစခန်းသို့ ရောက်ကာ အထဲမှာ ဆက်၍ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခံရခြင်းနှင့် တစ်ပါးသူအား အနိုင်ကျင့်ခြင်း။ ထို့နောက် လူငယ်ထိန်းသိမ်းရေး စခန်းမှ ထွက်လာပြီးနောက် ဆက်လက် ရန်ပွဲတွေနွှဲကာ လူ့အဖွဲ့အစည်းတွင် ရောနှောရင်း မကောင်းမှု မျိုးစုံကို ပြုလုပ်ခြင်း အစရိသော အတိတ်ကိုတွေးမိသည်နှင့် သူရုတ်တရက် ထမင်းမစားနိုင်တော့ချေ။
ဘုရားသခင်က သူ့အား အခွင့်အရေးပေးသည်ဆိုမှတော့ သူသည်လည်း သူကိုယ်တိုင်အား အခွင့်အရေး ပေးသင့်သည်။ ထို့ကြောင့် သူဟာ အပြေးတစ်ပိုင်း ထွက်လာပြီး ရိချန်းလျန်ကို ရှာကာ ရိချန်းလျန်၏ ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့သော ထိုဓါးမြောင်ကို ဖမ်းဆုပ်ခဲ့ခြင်း ဖြစ်ပေသည်။
နောက်ပိုင်းမှာတော့ သူဟာ ရိချန်းလျန်ကို စိတ်အားထက်သန်စွာ၊ အားသွန်ခွန်စိုက်နိုင်စွာဖြင့် မှန်ကန်သောလမ်းကြောင်းပေါ် ပြန်ဆွဲထုတ်ဖို့ လုပ်ခဲ့ပေမဲ့လည်း ဒါကို သူ့ကိုယ်သူ လျော်ကြေးပေးသော ပုံစံအဖြစ်သာ ဖုံးကွယ်ထားခဲ့လိုက်သည်။
သူ ရိချန်းလျန်ကို သနားပေမဲ့ လှည့်ပတ်ပြောရလျှင်တော့ သူ့ကိုယ်သူ သနား၍ဟု ဆိုတာက ပိုမှန်သည်။သူဟာ ရိချန်းလျန်အား အသိပေးခြင်းမရှိသလို ၊ ရှင်းပြခြင်းလည်း မရှိဘဲ သူ့ဘဝကို အတင်းအကြပ်ဝင်စွက်ဖက်ထားမိ၏။ သူဟာ အမြဲဆိုးသွမ်း၍တစ်ကိုယ်ကောင်းဆန်မှန်း သူ့ကိုယ်သူ သတိထားမိသည်ပင်။
ရိချန်းလျန်အား ဒီနေ့ မမြင်ရခင်တုန်းက လီခိုင်ဆီကနေ အရိုက်ခံရလဲ ကောင်းတာပဲဟု သူတွေးခဲ့မိသည်။သူ သင်ခန်းစာရသင့်သည်ပင်။ မည်သို့ဆိုစေ တခြားသော ရိချန်းလျန်က ဤအချိန်မျိုးတွင် လူငယ်ထိန်းသိမ်းရေးစခန်း၌ ရိုက်နှက်ခံနေရဆဲဖြစ်သည်ပင် ဖြစ်သည်။
သို့ပေမဲ့ ရိချန်းလျန်၏ လက်မှ ဓားဒဏ်ရာကို သူမြင်လိုက်ရသည့် တစ်ခဏမှစကာ လီခိုင်နှင့် ဝမ်းယိုဝေတို့နှင့် ပတ်သက်သမျှအားလုံးကို သူ့ခေါင်းထဲကနေ ထုတ်လိုက်ပြီ ဖြစ်သည်။ ရိချန်းလျန်၏ဒဏ်ရာကသာ သူ့အတွက် အတော်လေး နာကျင်ရ၍ ထိုနာကျင်မှုက သူ့အား ဒေါသထွက်စေတာကိုသာ သိတော့သည်။
ဒေါသထွက်လွန်း၍ ရိချန်းလျန်က ကလေးတစ်ယောက်ထံမှ အနိုင်ကျင့်ခံရပြီး နေရာမှာပင် ကူကယ်ရာမဲ့စွာ အူကြောင်ကြောင်ကြည့်နေသည်ကို သူမြင်ချိန်၌ ဒေါသနှင့် ကသိကအောက်ဖြစ်မှုတို့ ခံစားခဲ့ရသည်ပင်။
ယွင်ဖန်းသည် တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်တာကို ဝေဝေဝါးဝါး ခံစားနေရပေမဲ့ အကြောင်းပြချက် ရှာမတွေ့ပါချေ။ သူက ရိချန်းလျန်၏ လက်ကောက်ဝတ်ကိုသာ အားနှင့်ကိုင်ထားပြီး ရှေ့သို့ ဆက်သွားနေလိုက်သည်။
ရိချန်းလျန် ရုန်းကန်နေသည်ကို သူ သတိပြုမိပေမဲ့ လက်ကောက်ဝတ်ကို ပို၍သာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။
သူဟာ လူကောင်းတစ်ယောက် ဖြစ်ချင်ပေမဲ့ အတွင်းနက်နက်ထဲမှာတော့ ရက်စက်ကာ တစ်ကိုယ်ကောင်းဆန်သည့် 'ရိချန်းလျန်' ဖြစ်နေဆဲပါပင်။ ယွင်ဖန်း အနည်းငယ် လျှိ့ဝှက်စွာ တွေးလိုက်သည်။
နှစ်ယောက်သား ခဏလောက် လျှောက်ပြီးပေမဲ့ သိုးသားတုတ်ထိုးဆိုင်ကို ရှာမတွေ့တာကြောင့် နောက်ဆုံးမှာတော့ ရှာတွေ့သည့် ခေါက်ဆွဲဆိုင်တစ်ခုမှာပဲ ဝင်ထိုင်လိုက်ကြကာ အမဲသားခေါက်ဆွဲ နှစ်ပွဲ မှာလိုက်ကြသည်။
ရာသီဥတုက ပူလောင်ရသည့်အထဲမှာ ပူပူလောင်လောင်ဟင်းရည်နှင့် ခေါက်ဆွဲပွဲကိုစားခြင်းက လုံးဝကို ပျော်စရာ ကောင်းမနေခဲ့ပါချေ။
ဆိုင်ထဲမှာ ပန်ကာလည်နေပေမဲ့ ရာသီဥတု အတော်လေး ပူနေတာကြောင့်ဖြစ်မည်။သို့မဟုတ် ခေါက်ဆွဲက သိပ်ပြီးအရာသာ မကောင်းတာကြောင့်လည်း ဖြစ်နိုင်သည်။ စားသုံးသူက လေး ငါးယောက်သာ ရှိချေသည်။
ရိချန်းလျန်မှာ စားသောက်နေရင်း ချွေးအလွန်ထွက်နေတာကြောင့် တူကိုလက်မှချလိုက်ပြီး ပါးစပ်သုတ်ရန် တစ်ရှူးကို လက်လှမ်းလိုက်သည်။ ယွင်ဖန်းက သူ့ကို ကမ်းပေးလိုက်ရင်းဖြင့်
"စကားမစပ်… မင်းကို တစ်ခုခုပြောဖို့ မေ့နေတာ"
ရိချန်းလျန်က တစ်ရှူးကို ယူလိုက်ပြီး ရေသောက်ရန် ခွက်ကိုင်လိုက်ကာ ခေါင်းမမော့ဘဲ မေးလိုက်သည်။
"ဘာကိုလဲ?"
“ဝမ်းယိုဝေက လီခိုင်ကို ဒီည မင်းကို ဓာတ်မြေဩဇာစက်ရုံမှာ ဆုံးမပေးဖို့ တစ်ယောက်ယောက် ရှာခိုင်းထားတယ်"
ယွင်ဖန်းက သူ့ပါးစပ်ကို အေးအေးဆေးဆေး သုတ်လိုက်သည်။
ရိချန်းလျန်မှာ သူ့မျက်နှာဆီ ဖူးခနဲ ရေမှုတ်ထုတ်လုနီးပါး ဖြစ်သွားလေသည်။