no

Font
Theme

[လမ်းမရှည်]

ရိချန်းလျန်က ညဘက်မှာ သတိရလာသည်။

ရှင်းလင်းနေသည့် ဆေးရုံခန်းထဲဝယ် စူးရှစွာတောက်ပနေသည့် အလင်းရောင်နှင့် နှင်းဖြူရောင်နံရံတို့သာရှိနေ၏။

သူ့တစ်ကိုယ်လုံးက​ ကြေမွနေသလိုမျိုး နာကျင်ကိုက်ခဲနေသည်။ လှုပ်ရှားမှုအနည်းငယ်ဖြင့်ပင် မူးဝေကာ အော့အန်ချင်လာ၏။ ဘာမှမရှိတော့သည့် အိုင်ဗွီဆေးရည်အိတ်ကို ဗလာဖြစ်စွာစိုက်ကြည့်ပြီး သူ မျက်တောင်ခတ်လိုက်သည်။

ဆေးရုံခန်းတံခါးက တင်းတင်းကြပ်ကြပ်ပိတ်မထားခဲ့ပုံရကာ အပြင်မှအသံများကို မသဲမကွဲကြားနေရချေသည်။

"ခဏလေးနဲ့ပြန်လာတာပဲ...."

"....တစ်ယောက်ယောက်ကိုမှ မတွေ့ရင် သူပြဿနာရှာလိမ့်မယ်..."

အပြင်ဘက်တွင် နောက်ထပ် စကားသံများရှိနေသေးကာ ထို့နောက်တွင် တစ်ယောက်ယောက်က တံခါးကိုတွန်းဖွင့် ဝင်လာသည်။

အိုင်ဗွီအိတ် ကိုင်ထားသည့် သူနာပြုက ရိချန်းလျန်ကို အပြုံးနှင့်ကြည့်ပြီး ပြောလာ၏။

"လူချောလေး၊ သတိရလာပြီလား"

ရိချန်းလျန်က သူမကိုမကြည့်ပေ၊ သူ့အကြည့်က ယွင်ဖန်းထံတွင်သာ မြဲနေခဲ့ကာ ရွှေ့လျားခြင်းအလျင်း မရှိပါချေ။

သို့ပေမဲ့ ယွင့်ဖန်းကတော့ အကြည့်ကိုအောက်စိုက်ထားကာ သူ့ကို မကြည့်လာပေ။ သူက လက်ထဲမှ ပစ္စည်းများကို အောက်ချလိုက်ပြီး သူနာပြုထံမှ ပုလင်းကို ယူကာ ပြောလိုက်သည်။

"ကျွန်တော်လုပ်လိုက်မယ်"

"အာ၊ ကောင်းသားပဲ"

သူနာပြုက အပြုံးလေးနှင့် စနောက်လာ၏။

"လူချောလေးရေ၊ စိုက်မကြည့်ပါ‌နဲ့တော့။ မင်းရဲ့အစ်ကိုနားရွက်နီအောင်လုပ်နေတာပဲ မင်းကတော့!"

ယွင်ဖန်း၏ လှုပ်ရှားမှုများက တန့်သွားကာ ရိချန်းလျန်၏ အကြည့်ကတော့ အလိုလျှောက်ပင် သူ့နားရွက်ဆီရောက်သွား၏။ အမှန်ကိုပင် အနီရောင်အလွှာပါးပါးတစ်ထပ်ရှိနေသည်ပင်။

"မင်းရဲ့ ညီလေးကို ဆီများတဲ့အစားအစာတွေ မကျွေးမိဖို့ သတိရနော်၊ ပြီးတော့ လှုံဆော်စေတဲ့အစားအစာတွေရောပဲ။ အစ်မအခု အပြင်ထွက်တော့မယ်၊ တစ်ခုခုလိုတာရှိရင် ဘဲလ်တီးလိုက်ပါ"

သူနာပြုက ယွင်ဖန်းအား အတော်လေးသဘောကျပုံပင်။ သူ့အား အထူးသဖြင့်ကို လက်ဝှေ့ယမ်းပြသွားခဲ့သေးသည်။

ယွင်ဖန်းက ယဉ်ကျေးစွာသာ ခေါင်းညိတ်ပြလိုက်ပြီး ညစာအတွက် ဝယ်လာသည်များအား ကုတင်ဘေးဗီရိုလေးပေါ်တင်လိုက်ကာ ရိချန်းလျန်ကို ပြောလိုက်သည် ။

"ထပြီး ဆန်ပြုတ်နည်းနည်းသောက်လိုက်ဦး"

ရိချန်းလျန်ကမူ သူ့အားကြည့်နေဆဲဖြစ်ကာ အက်ရှသည့်အသံဖြင့် ​စကားဆိုလိုက်၏။

"ငါ မင်းကို နမ်းခဲ့တယ်"

ယွင်ဖန်း၏လက်က တုန်သွားကာ ဆန်ပြုတ်တွေကို ချော်ထည့်လုနီးပါး ဖြစ်သွားပေမဲ့ မျက်နှာကတော့ တည်ငြိမ်နေသည်ပင်။

"အဲ့ဒီအချိန်တုန်းက မင်းအဖျားကြီးနေလို့"

ရိချန်းလျန်က နှစ်စက္ကန့်လောက် တိတ်ကျသွား၏။ ထို့နောက်မှာ သက်ပြင်းချလာသည်။

"ဒါဆို အဖျားရှိတဲ့အချိန်တိုင်း မင်းကို နမ်းလို့ရနိုင်တယ်ပေါ့"

ယွင်ဖန်းမှာ သူ့ခေါင်းပေါ် ဆန်ပြုတ်ဖြင့်ပငါ လောင်းချချင်စိတ်ပေါက်သွားသည်။

"မေ့တော့မလို့"

ရိချန်းလျန်က အလေးအနက်ပြောလာသည်။

"ငါမူးနေတဲ့အချိန်ဆိုလည်း လုပ်လို့ရနိုင်တာပဲ"

"ရိချန်းလျန်"

ယွင်ဖန်းက ဆန်ပြုတ်ပန်းကန်လုံးကို ချလိုက်ကာအလေးအနက်လေသံဖြင့် ပြောလိုက်သည်။

"ငါ့ကို စကားကောင်းကောင်း ပြော"

"အိုး"

ရိချန်းလျန်က မသံမကွဲအသံဖြင့်

"ယွင်ဖန်း ငါဗိုက်ဆာနေပြီ"

ယွင်ဖန်းခမျာ အသက်ပြင်းပြင်းရှုလိုက်ရရင်း ဒဏ်ရာရနေသူကို မရိုက်ရဘူးဟု သူ့ကိုယ်သူ သတိပေးနေလျှက် ဆန်ပြုတ်ပန်းကန်ကို မကာ သူ့ကို ခွံ့ကျွေးလိုက်ရသည်။

ရိချန်းလျန်က သုံးရက်နီးပါးလောက် အစာနွေးနွေးမစားခဲ့ရပေ။ ယွင်ဖန်းက သူ့ကို ဇွန်းအပြည့်ခွံ့ကျွေးတော့ သူလည်းပဲ ဇွန်းအပြည့်စားလေ၏။ သိပ်မကြာခင်မှာပင် ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားခဲ့လေသည်။

သူ့ညာလက်က လှုပ်၍မရကာ ဘယ်လက်ကိုတော့ အပ်များဖြင့် ချည်နှောင်ထား၏။ စားပြီးနောက်တွင် ယွင်ဖန်းက တစ်ရှုးဖြင့် သူ့ပါးစပ်ကို သုတ်ပေးပေမဲ့ သူကတော့ တစ်ရှုးကနေတဆင့် ယွင်ဖန်း၏ လက်ချောင်းကိုကိုက်လာပြန်သည်။

ယွင်ဖန်းကဆွဲထုတ်ပေမဲ့ ထုတ်မရပါချေ။

"မင်းကခွေးနှစ်မှာ မွေးခဲ့တာများလား”

ရိချန်းလျန်က သူ့လက်ချောင်းကို တတိတိကိုက်နေ၏။

"လွှတ်ပေး"

ယွင်ဖန်းက သူ့ကိုစိုက်ကြည့်လိုက်သည်။

ရိချန်းလျန်က တွန့်ဆုတ်စွာ လွှတ်လိုက်ပြီး သူ့ကို စိတ်အားထက်သန်စွာ ကြည့်လာလေသည်။

ယွင်ဖန်းမှာ သူ့အကြည့်ကိုမခံနိုင်တော့။

“မင်း ဘာဖြစ်ချင်နေတာတုန်း”

“ငါ အဖျားမရှိရင်တောင် မင်းကိုနမ်းချင်တယ်”

ရိချန်းလျန်က ရိုးသားစွာ ပြောလာသည်။

"အရင်က ဖျားနေတော့ စိတ်ရှုပ်ထွေးပြီး သေချာ အရသာ မခံခဲ့ရဘူး”

“...”

ယွင်ဖန်းမှာ ထိုစကားအားကြားပြီးနောက် ထရိုက်ချင်သွားရပေမဲ့ နောက်ဆုံးဝါကျ၏ ဖော်ပြချက်ကြောင့် လမ်းချော်သွား၏။

“မင်းက အရသာပါ ခံချင်သေးတယ်ပေါ့”

”အင်း"

ရိချန်းလျန်က နှုတ်ခမ်းသပ်ကာ ရက်ရက်ရောရော ဖိတ်ခေါ်လာသည်။

" စမ်းကြည့်ချင်လား?"

ယွင်းဖန်းက သူ့ဖိတ်ခေါ်မှုကို အေးစက်စက်ငြင်းပယ်လိုက်ပြီး ခြိမ်းခြောက်လိုက်လေ၏။

"မင်းခေါင်းပေါ်မှာ ချုပ်ရာနည်းနည်းလောက် ထပ်လိုချင်နေတဲ့ပုံပဲ"

ရိချန်းလျန်က နောင်တတချို့နှင့်အတူ သက်ပြင်းချလိုက်လေသည်။

ဤအသက်အရွယ်ရှိ ကောင်လေးများက သွေးဆူလွယ်ကာ သူတို့စိတ်ထဲမှာ ညစ်ညစ်ပတ်ပတ် ပေါက်ကရအတွေးတွေက အချိန်မရွေးပေါ်လာတတ်ကြမှန်း

ယွင်ဖန်းနားလည်သည်။ သို့ပေမဲ့ ရိချန်းလျန်က ဘာလို့များ ဒီလိုဖြစ်နေရသည်ကိုတော့ သူနားမလည်နိုင်ပါချေ။

သူ့ကိုယ်ပိုင် မှတ်ဉာဏ်ထဲတွင် သူဟာ ဤသို့သောအရာများအပေါ် အထူးသဖြင့်ကို စိတ်မဝင်စားခဲ့ဖူးပေ။ သူ အသက်ကြီးလာချိန်၌ လမ်းတွင်တွေ့သော လှလှပပအမျိုးသမီးများကို အတော်ကြာကြည့်မိလျှင်ပင် စည်းကမ်းချိုးဖောက်သည်ဟု ယူဆထားသည်။ အလွန်ရိုးစင်းပြီး လိင်စိတ်ဆန္ဒမရှိလွန်း၍ လိင်စိတ်မဲ့နေသူဟုပင် အခေါ်ခံခဲ့ရသော်ငြား သူဂရုမစိုက်ပါချေ။

ဘာကြောင့်လဲ…..ဒီလိုမျိုး သေခြင်း ရှင်ခြင်းကို တွေ့ကြုံပြီးနောက်မှာတောင် ရိချန်းလျန် ပထမဆုံး တွေးမိသည်က ဘာကြောင့်များ လက်စားချေဖို့မဟုတ်ဘဲ အရှက်မဲ့လှစွာဖြင့် ယောက်ျားတစ်ယောက်ကို အီစီကလီရိုက်ခြင်း ဖြစ်နေရပါသလဲလေ။

ဘာလို့များ ရိချန်းလျန်က ဒီလိုဖြစ်လာရတာတဲ့တုန်း။

ယွင်ဖန်းတစ်ယောက် မိမိကိုယ်တိုင်အပေါ် ယုံမှား သံသယဖြစ်နေမိပြီပင်။

ငါက ဒီလောက်အရှက်မဲ့သင့်တာမျိုး မဟုတ်ဘူးလေ။

ရိချန်းလျန် နိုးလာပြီးနောက် အချိန်အတော်ကြာ ဟိုလုပ် ဒီလုပ်ဖြင့် လှုပ်လှုပ်ရွရွ လုပ်နေသော်လည်း သူ၏ ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်က သူ့ကို အလွန်စိတ်လှုပ်ရှားရန် ခွင့်မပြုသည်မှာ ထင်ရှားသည်။ ခဏကြာတော့ သူသည် ခွန်အားမရှိတော့သလို ပုံကျသွားကာ အဆက်မပြတ် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်နေတော့သည်။

"မင်း နံရိုးနှစ်ချောင်းတောင် ကျိုးထားတာလေ၊ နာတယ်ဆိုတာက ပုံမှန်ပါပဲ"

ယွင်ဖန်းက ကုတင်ဘေးတွင်ထိုင်ကာ အိပ်ရာအစွန်းအစကို အထဲ ဖိသွင်းပေးလိုက်သည်။

"အသက်ရှုတာနဲ့ ချောင်းဆိုးရင်တောင် နာကျင်နေလိမ့်မယ်။ ရင်စည်းဝတ်ထားတယ်ဆိုရင်တောင်မှ ချောင်းဆိုးတဲ့အခါမှာ မင်း သတိထားဖို့လိုသေးတယ်။ နာတာကို တောင့်မခံနိုင်တော့ရင်တော့ အကိုက်ခဲပျောက်ဆေးနည်းနည်းသောက်လို့ရတယ်”

ရိချန်းလျန်၏ မျက်လုံးအောက်၌ သတိထားမိလောက်သည့် အမဲရောင်အကွင်းကြီးရှိနေခဲ့ကာ ၎င်းက သူ့၏ ဖြူဖျော့ဖျော့မျက်နှာထက် အထူးသဖြင့်ကို သိသာထင်ရှားနေခဲ့၏။ နှစ်ရက်အတွင်းမှာပင် သူက ကိုယ်အလေးချိန်များစွာ ကျသွားခဲ့သည်ပင်။ ဤသည်ကိုကြားတော့ သူက မေးလာသည်။

"မင်းက ဒါမျိုးကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်းသိနေရတာလဲ?"

"သေချာပေါက် ဘာ‌လို့ဆို ငါ--"

ယွင်ဖန်းက ပန်းသီးတစ်လုံး လှမ်းယူနေရင်း တန့်သွားခဲ့ကာ စကားကိုပြောင်းလိုက်၏။

"ဆရာဝန်ဆီကနေ ကြားခဲ့တာလေ"

သူ့ တန့်သွားခြင်းများက အနည်းငယ်ထူးဆန်းသည်ဟု ရိချန်းလျန် အမြဲလိုခံစားခဲ့ရပေမဲ့ ထိုအကြောင်းကို လေးလေးနက်နက် မတွေးရသေးခင်မှာပဲ ယွင်ဖန်းက သူ့ပါးစပ်ထဲ ပန်းသီးစိတ်သေးသေးလေး ထည့်ပေးလာသည်။

"ဖြည်းဖြည်းချင်းဝါးစား"

"အင်း"

ငယ်စဉ်ကတည်းက ထိုသို့သော စေ့စေ့စပ်စပ်နှင့် ဂရုတစိုက်ပြုစုပေးခြင်း မခံခဲ့ရဖူးသော ရိချန်းလျန်မှာ သူ့ပါးစပ်ထဲမှ ပန်းသီးစိတ်လေးက ပုံမှန်ထက် အဆပေါင်းများစွာ ပိုချိုသလို ခံစားလိုက်ရသည်။ သူက စားနေရင်းဖြင့် ယွင်ဖန်းထံ မျက်လုံးမှေးစင်းကာ ပြုံးပြလိုက်၏။

"ဘာတွေပြုံးနေပြန်တာလဲ?"

ယွင်ဖန်းက သူ့အား အထင်သေးစွာကြည့်ကာ နောက်ထပ် ပန်းသီးအစိတ်သေးသေးလေး ထပ်ကျွေးလာပြန်သည်။

ခွေးငတုံးရယ်ပုံနဲ့ ဘာလို့ တူနေပါလိမ့်ဟုပင် သူ သိချင်မိရသည်။

တွေးပြီးနောက် သူ စိတ်သက်သာရာ ရသွားသည်။ ကံကောင်းလို့ သူတော့ဖြင့် ရိချန်းလျန် ဖြစ်ခဲ့စဉ်တုန်းက ဒီလောက် မရယ်ခဲ့ဖူးချေ။

နောက်ဆုံးသော အိုင်ဗွီဆေးရည်အိတ်က ဖြည်းညှင်းစွာပင် ကျနေသည်။ ပန်းသီးစိတ်အနည်းငယ်စားပြီးနောက် ရိချန်းလျန် အိပ်ပျော်သွားပြီပင်။ မူလက ယွင်ဖန်းမှာ ကုတင်ဘေးထိုင်ကာ သူ့အား စောင့်ပေးရန် ဖြစ်ပေမဲ့ သူလည်းပဲ အနည်းငယ် ငိုက်မြည်းလာလေသည်။

****

---စင်မြင့်ထက် ပြင်းပြင်းထန်ထန် လွှင့်ပစ်ခံလိုက်ရကာ စူးရှရှနာကျင်မှုက ရင်ဘတ်ဆီမှ တက်လာခဲ့ပြီး နားထဲ တစ်စီစီမြည်နေခဲ့၏။

"ရိချန်းလျန်! မတ်တပ်ရပ်စမ်း!"

တစ်ယောက်ယောက်က သူ့အား ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပေမဲ့ အသံက အတော်လေး ဝေဝါးနေ၏။ သူ့ပါးစပ်ထဲမှ သွေးတစ်လုပ် ပင် ထွေးမထုတ်နိုင်တော့။ နာကျင်မှုကြောင့် အကြိမ်ရေအနည်းငယ် လူးလိမ့်ကာ အသက်ကိုမနည်းရှုသွင်းနေရသည်။

ကြီးမားလှသည့်နာကျင်မှုက သူ့အား သေသွားတော့မလိုပင်။

"ချီးလိုပဲ! ရိချန်းလျန်၊ ငါ့အတွက် မတ်တပ်ရပ်စမ်းပါ! မင်း မသေချင်ရင် မတ်တပ်ရပ်!"

ပါးစပ်က သွေးအမြှုပ်များစွာနှင့်အတူ ချောင်းဆိုးလိုက်ရင်း ကြိုးဝိုင်းထဲကနေ ကုန်းရုန်းထလိုက်ချိန် ချက်ချင်းဆိုသလို အားပြင်းပြင်းဖြင့် ဗိုက်ကို အကန်ခံလိုက်ရပြန်သည်။ သူလွင့်ထွက်သွားရင်း ကာထားသော ကြိုးများဖြင့် ရိုက်မိကာ ပြန်ကန်ထွက်လာချိန်၌ ပြိုင်ဘက်က တံတောင်ဖြင့် သူ့ရင်ဘတ်ဆီ ထုချဖို့ ဟန်ပြင်လိုက်လေသည်။

ထိုတစ်ချက်သာ ထိသွားပါက သူသေသွားနိုင်သည်။ ကျောစိမ့်ဖွယ် အေးစက်မှုတစ်ခုက ခြေဖနောင့်ဆီမှ ဦးနှောက်ထိ ဆန်တက်လာပြီး ခွန်အားကုန်သုံး၍ ဘေးသို့ ရှောင်ပစ်လိုက်၏။

သူ ကိုယ်တစ်ပါတ်လှည့်ရင်း ပြိုင်ဘက်၏ နားထင်ကို ထိုးချလိုက်တော့သည်။

အရူးအမူးသော အော်ဟစ်သံများဖြင့် ဆဲရေးသံများက ပွင့်ထွက်လာသည်။ သူ့မျက်လုံးထဲ စီးဝင်လာသည့်အရာက သွေးလား ချွေးလားပင် မသိနိုင်တော့ပေ။ သို့ငြား သူ့မျက်နှာချင်းဆိုင်က ရှည်မြောမြောပုံရိပ်ကမူ နောက်ဆုံးမှာ မခံနိုင်စွာဖြင့် မြေပေါ် လဲကျသွားတော့သည်။

"သူသေသွားပြီ! သူသေသွားပြီ!"

တစ်ယောက်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လာ၏။

ထိုနေရာတွင် ရပ်ရန် ရုန်းကန်ခဲ့ရပြီး ဒိုင်လူကြီးက သူ့ကို အနိုင်ရကြောင်း ကြေညာရန် လက်ကို မြှောက်လာသည်။ ပြင်းထန်သည့် နာကျင်မှုက သူ့အားမေ့လဲကျစေလုနီးပါးပေမဲ့ အံတင်းတင်းကြိတ်ကာ ထိုနေရာတွင် ရပ်နေခဲ့ရသည်။

ကျယ်လောင်သော ဆူညံသံများက သူ့ကို နစ်မြှုပ်သွားစေကာ မြင်ကွင်းက ပြောင်းလဲသွားပြီး သူဟာမြေပြင်ပေါ်တွင် လဲကျနေလျက်ရှိနေပြန်သည်။

သူ့ခြေထောက်ကို အုပ်ရန် လက်ဆန့်လိုက်ပေမဲ့ သွေးများပန်းထွက်နေဆဲဖြစ်သည်။ သူ့ပတ်ဝန်းကျင်၌မူ သေနတ်သံများ ဆူညံနေခဲ့၏။

သူ သစ်ပင်အောက်ဆီသို့ ရုန်းကန်တွားသွားကာ ကြုံရာသစ်ကိုင်းတစ်ခုဆွဲယူပြီး သူ့ပါးစပ်ထဲ ကိုက်ထားလိုက်ပြီးနောက် ဓားမြှောင်ထုတ်ကာ ဒဏ်ရာကိုဖွင့်လို့ ကျည်ဆန်ကိုအမြန်ထုတ်ယူလိုက်သည်။ ခဏတွင်း၌ နာကျင်မှုက ခေါင်းနောက်ဆီရောက်လာကာ နဖူးပေါ်ရှိသွေးကြောများ ပေါက်ထွက်လုနီးပါးပင်။ ဖိနှိပ်ထားသည့် အော်သံက သူ့မျက်လုံးများကို နီရဲသွားစေပြီး ပါးစပ်ထဲရှိ သစ်ကိုင်းက ဆတ်ခနဲ ကျိုးသွားခဲ့ကာ ပါးစပ်အပြည့်သွေးတစ်လုပ်က ထွက်ကျလာတော့သည်။

သူ ပင့်သက်ရှိုက်ရင်း အဝတ်စဖြင့် ဒဏ်ရာကို ခပ်တင်းတင်းချည်လိုက်၍ အံတင်းတင်းကြိတ်ရင်း မြေပေါ်တွင် တွားသွားကာ တောနက်ထဲ ဝင်သွားလိုက်သည်။

နောက်ထပ် ကျည်ဆန်တစ်ချက်က သူ့ပုခုံးထက် ဖောက်ဝင်သွားလေသည်။

သူ‌ မြေကြီးပေါ် အသက်မဲ့စွာလှဲနေခဲ့ပြီး မြေကြီးနံ့နှင့် ယမ်းမှုန့်နံ့များကတော့ သူ့နှာဖျားတွင် ဝေ့သီနေဆဲပါပင်။ သူ့အသိစိတ်က စတင်ဝေဝါးလာပေမဲ့ သူက ဆက်ပြီး ရှေ့ဆက်သွားဖို့ ရုန်းကန်နေမြဲပင်။

အဝေးနေရာမှ ခြေသံများ နီးကပ်လာ၏။ သူ မျက်လုံးမှိတ်လျှက် သေနတ်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

ဘန်း!

သေနတ်သံတစ်ချက် ထွပ်ပေါ်လာပြီး ထို့နောက်တွင် ပူနွေးနွေးသွေးစက်များ သူ့မျက်နှာထက် စင်လာ၏။

တဖက်လူက လဲကျကာ အသက်ငင်နေဆဲဖြစ်ပြီး သူကမူ တဖက်လူ၏ နားထင်ထက် သေနတ်ပြောင်းဖိကာ နောက်တစ်ချက် ထပ် ပစ်လိုက်သည်။

သူက ရုပ်အလောင်းကို အေးစက်စက်ကြည့်ပြီး မြေပေါ်မှ ထရပ်ရန် ရုန်းကန်လိုက်ကာ ဝေးကွာသည့်တစ်နေရာရှိ သေခြင်းနှင့်ရှင်ခြင်း မသေချာသော လမ်းဆီသို့ လျှောက်လှမ်းသွားလိုက်လေသည်။

လမ်းမက တိတ်ဆိတ်ကာ ရှည်လျားလှပြီး မျက်စိကျိန်းလောက်ဖွယ် အဖြူရောင်အလင်းနှင့် အဆုံးမရှိ တိတ်ဆတ်မှုတို့ဖြင့် ပေါင်းစပ်ထား၏။ သူ ပင်ပန်းခြင်းကင်းစွာ လျှောက်နေခဲ့မိသည်။ သည်းမခံနိုင်လောက်သည်အထိလျှောက်နေခဲ့ကာ၊ မောပန်းလာသည်အထိ လျှောက်နေခဲ့လေသည်။

"...ထတော့၊ မင်း မထဘူးဆိုရင်၊ နမ်းတော့မှာနော်"

သူ့နားထဲ တစ်ယောက်ယောက်၏ စကားပြောသံကိုကြားလိုက်ရပြီးနောက် မျက်ခွံက တွန့်သွားကာ အဖြူရောင်အလင်းက ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် မြင်ကွင်းထဲရောက်လာသည်က လူငယ်လေးတစ်ယောက်၏ ရင်းနှီးနေသည့် မျက်နှာလေးပါပင်။

တခဏတာတော့ သူကိုယ်တိုင်က မည်သူဖြစ်သည်ကိုပင် မပြောနိုင်တော့ပေ။

"ငါ မင်းကို တကယ်နမ်းပြီ"

သူ့မျက်လုံးများ မတည်မငြိမ်နှင့် ဆုံချက်ပျောက်နေသည်ကို ကြည့်ရင်း ရိချန်းလျန်က ရဲတင်းစွာဖြင့် သူ့နှုတ်ခမ်းထက် အသာနမ်းလိုက်လေသည်။

အနမ်းခံလိုက်ရသူကမူ ကြောင်စီစီဖြင့် ရုတ်တရက် တွေးမိသွားသည်။

ဆိုတော့၊ လမ်းမအရှည်ကြီးရဲ့ အဆုံးသတ်က သူကိုယ်တိုင်ပဲပေါ့လေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment