[ရှုခင်း]
ရိချန်းလျန်က ဆန်ပြုတ်ကို ဒေါသတကြီးသောက်လိုက်၏။
ဒီလူက တကယ်ကို စိတ်တိုစရာကောင်းလိုက်တာ။
ယွင်ဖန်းက သူမြန်မြန်စားနေတာကိုမြင်တော့ လန့်သွားကာ
"ဖြည်းဖြည်းစားလေ"
ရိချန်းလျန်က သူ့ကို လျစ်လျူရှုထားပြီး ဆန်ပြုတ်ကိုမြိုချလိုက်ကာ ပန်းကန်လုံးကို အိပ်ရာထက်ချလို့ လက်နှင့် ပါးစပ်ကိုသုတ်လိုက်၏။
"သောက်လို့ပြီးပြီဆိုတော့ အခု မင်းပြန်လို့ရပြီ"
ယွင်ဖန်းက သူ့လက်ထဲသို့ ဆေးတောင့်လေးတစ်တောင့် ကမ်းပေးလိုက်ကာ ရေခွက်ကိုပါပေးလိုက်သည်။
"ဆေးသောက်လိုက်ဦး"
ရိချန်းလျန်က ဆေးကိုရေနှင့် အပြင်းအထန် မျောချလိုက်၏။
"မင်းအခုသွားလို့ရပြီ!"
ယွင်ဖန်းက အိပ်ရာထက်ဝယ် သူ့လိုပင် ခြေချိတ်ထိုင်လိုက်သည်။
"အတန်းက နှစ်နာရီအထိ စဦးမှာ မဟုတ်ဘူး။ ငါ ဒီမှာ ခဏလောက်ထိုင်နေလို့ ရမလား?"
ရိချန်းလျန် စကားမပြောတော့။ အချိန်အတော်ကြာမှ သူပြောလိုက်သည်။
“ လုပ်ချင်သလို လုပ်တော့"
ယွင်ဖန်းက ထိုသူ ဆေးသောက်ပြီးနောက် မျက်နှာက ပိုအဆင်ပြေလာသည်ကိုမြင်တော့ စိတ်အေးသွားရသည်။
"မင်းကရော ငါက အသိစိတ်မဲ့တယ်လို့ ထင်လား?"
ရိချန်းလျန်က ဖျာပေါ်ရှိ အကွက်များကိုစိုက်ကြည့်ရင်း ရုတ်တရက်မေးလာသည်။
"အသိစိတ်က စားလို့မှမရပဲ"
ယွင်ဖန်းက စကားကို ခဏ ရပ်နေပြီးမှ
"ပြီးတော့လည်း မင်းဘာမှ အမှားမလုပ်ထားပါဘူး။ ဘယ်သူကြောင့်မှ စိတ်ဓာတ်မကျစေနဲ့။ သူတို့က ဒီအတိုင်း လူရမ်းကားနှစ်ယောက်ပဲဟာကို"
ရိချန်းလျန်က ခေါင်းလှည့်ကာ သူ့ကိုကြည့်လာ၏။ သူ့မျက်လုံးထဲ အံ့ဩမှုအပြည့်ပါပင်။
သူ့၏ ထိုပုံစံကိုမြင်တော့ ယွင်ဖန်းမှာ ကူကယ်ရာမဲ့စွာ ရယ်လိုက်မိသည်။
"ဘာလဲ၊ ငါ တစ်ခုခုမှားပြောမိလို့လား?"
"အရမ်းမှန်တယ်"
ရိချန်းလျန်က နှုတ်ခမ်းဖွင့်လာ၏။
"မင်းလို ထိပ်တန်းကျောင်းသားက ဒီလောက်ထိအရမ်းထက်ရှနေမယ်လို့ ငါ မထင်ထားမိရုံပဲ"
ယွင်ဖန်းက သူသန်းဝေလာတာကိုမြင်တော့ နာရီကိုကြည့်လိုက်သည်။
"ငါ တစ်ရေးလောက်အိပ်ချင်လို့ အိပ်ရာငှားပေးလို့ရမလား?"
ရိချန်းလျန်က သူ့အား ထူးဆန်းသည့် အမူအယာဖြင့် ကြည့်လာကာ ခဏလောက်တွေးလိုက်ပြီးနောက်
"ဒါဆိုလည်း မင်းအိပ်လေ"
"မင်းက မအိပ်ဘူးလား?"
ယွင်ဖန်းက သူ မျက်လုံးဖွင့်ထားဖို့တောင် ခက်သည်အထိ အတော်လေးအိပ်ချင်နေတာကို မြင်ခဲ့ပြီးဖြစ်သည်။
"ငါ...."
ရိချန်းလျန် အမှန်ကို အတော်လေး အိပ်ငိုက်နေပြီဖြစ်၏။ သို့ပေမဲ့ လူနှစ်ယောက်က အိပ်ရာတစ်ခုတည်းအတူအိပ်တာက အတော်လေး မသင့်တော်လှဟု သူ ခံစားနေရသည်ပင်။
"မင်းဘာသာမင်းအိပ်"
ယွင်ဖန်းက သူဆိုလိုချင်သည့်အဓိပ္ပါယ်ကို ချက်ချင်းဆိုသလို နားလည်ကာ ရယ်ပြီး ပြောလိုက်သည်။
"အထင်မလွဲနဲ့လေ။ ငါယောက်ျားတွေကို မကြိုက်ပါဘူး"
ရိချန်းလျန် တွေးလိုက်မိ၏။
ချီးပဲ၊ ဒီလူကအမြဲ မကောင်းတဲ့စိတ်ကူးအကြံတွေပြည့်နေတာပဲ
"ပြီးတော့ ငါတကယ်လို့ ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တောင်မှ -"
ယွင်ဖန်းက သူ့ကို အဓိပ္ပါယ်ပါပါကြည့်လိုက်လျက်။
"ယောက်ျားဖြစ်ရုံနဲ့တင် ရတဲ့ကိစ္စမဟုတ်ဘူး"
ရိချန်းလျန်မှာ သူ့အကြည့်ကြောင့် စိတ်တိုကာ အိပ်ရာထက်မှ ခုန်ထလိုက်ပြီး ခေါက်ထားသည့် အိပ်ရာခင်းကို ယွင်ဖန်းမျက်နှာဆီ ပစ်ပေါက်လိုက်လေသည်။
"သွားအိပ်တော့ သွား!"
ယွင်ဖန်းက အိပ်ရာခင်းကို ဆွဲယူလိုက်သည်။ သူ့နှာခေါင်းထဲ အဝတ်လျှော်ဆပ်ပြာရည်အနံ့သင်းသင်းလေးဝင်လာခဲ့ပြီးနောက် သူက မယဥ်ကျေးစွာပင် အိပ်ရာပေါ် လှဲချလိုက်လေသည်။
"ဒါဆိုလည်း ငါအိပ်တော့မယ်နော်"
သူ မနေ့ညက သန်းခေါင်ချိန်အထိ စာမေးပွဲအဖြေလွှာများကို အမှားပြင်နေခဲ့ရသည်မို့ ယခုချိန်မှာ တကယ်ကို အိပ်ချင်နေတာပင်။ သူက ခပ်တည်တည်ဖြင့်ပင် ရိချန်းလျန်၏ ခေါင်းအုံးနှင့် အိပ်ရာကို သိမ်းပိုက်ကာ တွေးပေးတတ်ဟန်ဖြင့် ရိချန်းလျန်အတွက် အိပ်ရာတစ်ဝက်ကို နေရာချန်ပေးထားလိုက်သေးသည်။ ခဏအကြာမှာတော့ သူ အိပ်မောကျသွားခဲ့တော့သည်။
သူ အိပ်မက်မမက်သည်မှာ ကြာခဲ့ပြီပင်။
ကြည့်ရတာ သူက အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကို ပြန်ရောက်သွားပုံရပြီး ရွာထိပ်ရှိ ညောင်ပင်ကြီးအောက်မှာ ရပ်နေခဲ့ကာ အလွန်ဆာလောင်နေလျက် အိပ်လည်း အိပ်ချင်နေခဲ့သည်။
"ရိချန်းလျန်!"
သူ့ဘေးပတ်ဝန်းကျင်ရှိကလေးတချို့က ဖြတ်ပြေးသွားကြကာ
"မင်းမှာ ညီလေးရှိနေပြီဆိုတာ မင်းသိလား?"
ရိချန်းလျန်မှာ အနည်းငယ်ဗလာဖြစ်စွာ ခေါင်းညိတ်လိုက်မိသည်။
"မင်းကမွေးစားခံရတာ။မင်းမိဘတွေက သူတို့ရဲ့ သားလေးရလာရင် မင်းကို လိုချင်တော့မှာ မဟုတ်ဘူး။"
အိပ်မက်ထဲ၌ ထိုကလေး၏မျက်နှာကို မမြင်ရပေမဲ့ သူတို့၏ စကားများကတော့ ထူးကဲစွာရှင်းလင်းလွန်းလှသည်။
ထိုခေတ်အချိန်၌ ကျေးလက်ဒေသများတွင် ကလေးတစ်ယောက်လောက် ဝယ်ယူခြင်းက သာမန်ဖြစ်ရပ်ပင်ဖြစ်ကာ ရိချန်းလျန်ကသူ့အသက် ခြောက်နှစ်အရွယ်တွင် မွေးစားခံခဲ့ရပြီး ထိုသည်က ရွာတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ပေ။
"ငါ့အမေက ငါ့အပေါ် ကောင်းတယ်။ သူ ငါ့ကို စွန်ပစ်မှာ မဟုတ်ဘူး"
ရိချန်းလျန်က ကျယ်လောင်စွာ အော်ပစ်လိုက်ပေမဲ့ စိတ်ထဲမှာတော့ အတော်လေး ကြောက်နေခဲ့သည်ပင်။
အမှန်တရားက သူ့မွေးစားမိဘများသည်လည်း သူ့အား ကောင်းကောင်းမဆက်ဆံကြပါချေ။ သူက ရွာရှိ တခြားကလေးများကို အမြဲလို အားကျခဲ့ရပေမဲ့ ယခုသူဘဝက မိဘမဲ့ ကျောင်းမှာထက်တော့ အများကြီး ပိုကောင်းသေးသည်။
အနည်းဆုံးတော့ သူ့အတွက် အစားအစာများကို စားနိုင်သေးကာ အဆာမခံရတော့ပေ။
သူ ဟောဟဲဆိုက်လျက် အိမ်ကိုပြန်ပြေးလာကာ တံခါးအပြင်ဘက်တွင် ထိုင်ချလိုက်ချိန် စုန့်လီလီနှင့် ရိမင်ကျစ်တို့၏ အိမ်ထဲမှာပြောနေသော စကားသံများကို ကြားလိုက်ရသည်။
"မွေးထားဖို့ မတတ်နိုင်တော့ဘူး။ရောင်းပစ်ရမယ်"
စုန့်လီလီ၏ လေသံက လွန်ခဲ့သည့်ရက်အနည်းငယ်က အိမ်ရှိဝက်တစ်ကောင်ကို ရောင်းလိုက်စဉ်ကလိုပါပင်။
"အနာဂတ်မှာ သူ့အတွက် ကျောင်းစရိတ်နဲ့ အစားအသောက်တွေ ထောက်ပံ့ပေးနေရဦးမယ်။ သူ့ရဲ့မိဘအရင်းတွေသာ သူ့ကိုလာရှာခဲ့ရင် သေချာပေါက် အဲ့ဒီလူတွေနဲ့ ထွက်ပြေးသွားမှာပဲ"
ရိမင်ကျစ်၏အသံက အနည်းငယ် တုန့်ဆိုင်းနေခဲ့၏။
"ဒါပေမဲ့ သူက ကြီးနေပြီလေ။လူတွေက ကိစ္စတွေကို မှတ်မိနိုင်တဲ့အရွယ် ကလေးတွေဆို ဝယ်ကြမှာ မဟုတ်ဘူး"
"ဒါဆိုလည်း ဈေးပေါပေါနဲ့ ရောင်းမယ်"
စုန့်လီလီကပြော၏။
"တကယ်လို့ အလုပ်မဖြစ်ရင်လည်း တစ်နေရာရှာပြီး စွန့်ပစ်လိုက်ကြတာပေါ့။ ဒီကလေးက မျက်ဖြူဝံပုလွေလိုပဲ။ ယဥ်ပါးလာမှာ မဟုတ်ဘူး"
(t/n: မျက်ဖြူဝံပုလွေ-ကျေးဇူးမသိတတ်ဘဲ ရိုင်းစိုင်းသူ)
ရိမင်ကျစ်က သက်ပြင်းချသည်။
"ဒါဆိုလည်း ရောင်းတာပေါ့"
သူဟာ တံခါးအပြင်မှနေ နားထောင်နေခဲ့ပြီး အလွန်တရာကိုကြောက်နေခဲ့ကာ သူ့တစ်ကိုယ်လုံးက တုန်ယင်နေခဲ့သည်။ သူက စုန့်လီလီနှင့် ရိမင်ဇီကို သူ့ကိုမရောင်းဖို့ရန် တောင်းပန်ချင်ခဲ့သလို။
သူသွေးရင်းမိဘများက သူ့ကိုလာရှာဖို့လည်း တွေးခဲ့ပြီး သူ အမြန်ကြီးပြင်းလာပြီး ကြောက်စရာမလိုသည့် လူကြီးတစ်ယောက်ပါ ဖြစ်ချင်လာခဲ့လေသည်။
သို့မဟုတ် တစ်ယောက်ယောက်က လာကယ်တာပဲ ဖြစ်ဖြစ်ပေါ့။
“ယွင်ဖန်း? ယွင်ဖန်း? အချိန်စေ့ပြီ"
တစ်ယောက်ယောက်က သူ့ကို ခေါ်နေ၏။
ယွင်ဖန်း ရုတ်တရက် မျက်လုံးဖွင့် လိုက်သည်။ ခဏလောက်တော့ သူအိပ်မက်မက်နေတုန်းလား လက်ရှိမှာလားဆိုတာ ဝေခွဲမရနိုင်လိုက်ပေ။
ရိချန်းလျန်က သူ့၏ တောင့်ခဲနေသောအမူအယာနှင့် မျက်လုံးရဲရဲကို မြင်တော့ မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"အိပ်လို့မရဘူးလား?"
ယွင်ဖန်းက ကုတင်ပေါ်မှ ထရပ်လိုက်၏။ နိုးကာစဖြစ်တာမို့ အားမရှိဖြစ်နေကာ သူ့အသံကလည်း အက်ကွဲနေသည်။
"အိပ်ပျော်တယ်"
ရိချန်းလျန်က တစ်ချိန်လုံး နိုးနေခဲ့တာဖြစ်သည်။ ကုတင်ထက်ဝယ် ခေါင်းငိုက်စိုက်ချကာ စကားတစ်ခွန်းမှမပြောဘဲ ထိုင်နေသည့်သူ့ကိုကြည့်ရင်း ရုတ်တရက်ပင် ဒီထိပ်တန်းကျောင်းသားက သူတစ်ပါးကို အနိုင်ကျင့်နေသည့်အချိန်မဟုတ်ပါက အတော်လေး အကျင့်စာရိတ္တကောင်းမွန်ပုံပေါ်သည်ဟု ခံစားလိုက်ရလေသည်။
ခုချိန်မှာ လက်သီးတစ်ချက်ဖြင့်ပင် မေ့လဲအောင် လုပ်နိုင်သည်ဟုပင် သူ တွေးမိသွားရ၏။
ယွင်ဖန်းက ခဏသာ အိပ်ရသည်မို့ ခေါင်းကိုက်သွားရာ သူ့မျက်နှာကို ပွတ်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ"
"တစ်နာရီ ဆယ့်ငါးမိနစ်"
ရိချန်းလျန်ကပြောလိုက်သည်။
"အခုချိန်က ဘတ်စ်ကားစီးဖို့ အချိန်မှန်ပဲ"
ယွင်ဖန်းက ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ယောက်သားက အတူတူ ဘတ်စ်ကားစီးဖို့ သွားလိုက်ကြသည်။
ရိချန်းလျန်၏ အချိန်တွက်ချက်မှုက အတော်လေးကောင်းလှသည်။ ဘတ်စ်ကားက မှတ်တိုင်ရောက်လာချိန် ကွက်တိမှာ သူတို့လည်း မှတ်တိုင်ကို ရောက်သွားခဲ့ကြ၏။
ဘတ်စ်ကားပေါ်တွင် လူမပါချေ။ ယွင်ဖန်းက နောက်ဆုံးခုံတန်း၏ ဘယ်ဘက် ပြတင်ပေါက်ဘေးမှာဝင်ထိုင်လိုက်သည်။ သူခေါင်းလှည့်ကြည့်လိုက်တော့ ရိချန်းလျန်က ပြောစရာမဲ့နေသည့်အမူအယာဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ယွင်ဖန်း မျက်ခုံးပင့်လိုက်၏။
"အဲ့ဒါ ငါ့ခုံ"
ရိချန်းလျန်က အနည်းငယ်သုန်မှုန်စွာ ပြောလာသည်။
ယွင်ဖန်းက သူ့၏ကိုယ်ပိုင် အမှတ်မထင် အပြုအမူလေးများကို သိပြီးသားဖြစ်သည်။ သူ ကျောင်းကို ဘတ်စ်ကားဖြင့် လာတိုင်းမှာ ခုံတစ်နေရာထဲအသေစွဲထိုင်၍စီးကျင့်ရှိပြီး ထိုခုံနေရာကို သူ့တစ်ဦးတည်းသီးသန့်နေရာအဖြစ်တွေးထားတတ်ကာ ထိုနေရာတွင် တစ်ယောက်ယောက်က အရင်ထိုင်နေခဲ့ပါကလည်း အတော်လေးစိတ်ဆိုးတတ်တာကို သိလေသည်။
ဥပမာပြောရလျှင် သူ့တစ်နေ့တာလုံးကံကောင်းမှုများအား တစ်ခြားလူမှ လုယူသွားသကဲ့သို့ ခံစားရကာ အတိုချုံးပြောရလျှင် သူကအမြဲတမ်း အချိန်တိုင်းမှာ သူ့ကိုယ်သူ ထူးဆန်းသောအကြောင်းပြချက်များဖြင့် လာတတ်လေသည်
"ဒါက အများပြည်သူပိုင် ဘတ်စ်ကားမဟုတ်ဘူးလား?"
ယွင်ဖန်းက သူ့ကို တမင်စလိုက်သည်။
"ဘယ်လိုဖြစ်ပြီး မင်းနေရာဖြစ်သွားရတာလဲ?"
"မေ့လိုက်တော့။ မင်းကြိုက်ရင် ထိုင်နေလိုက်"
ရိချန်းလျန်က သူ့ဘေးကခုံမှာ ရုတ်တရက် ဝင်ထိုင်လိုက်သည်။
စည်းကမ်းချက်အသေး နံပါတ်နှစ်က သီးသန့်ခုံအား တစ်ယောက်တစ်ယောက်က အပိုင်စီးထားခဲ့လျှင် ထိုခုံနှင့် အနီးဆုံးနေရာတွင် ဝင်ထိုင်ကာ ယူသွားခံလိုက်ရသော ကံကောင်းမှုများထဲမှ တချို့ကို ပြန်ယူရန်ဖြစ်သည်။
ယွင်ဖန်းက ခေါင်းလှည့်ကာ ပြတင်းပေါက်အပြင်မှ ရှူခင်းများကို ကြည့်နေလိုက်သည်။ သို့ပေမဲ့ သူ့က မထိန်းနိုင်စွာ ရယ်လိုက်မိဆဲပင်။
ငါက ငါကိုယ်တိုင်ဆီက ကံကောင်းမှုတွေ ပြန်ယူနေတယ်ပေါ့။ ရယ်စရာကောင်းချက်ပဲ။
အဓိပ္ပါယ်မပါရှိသော စကားဖြစ်လင့်ကစား သူ့၏ အနည်းငယ်ကသိကအောက်ဖြစ်နေသော စိတ်ကို သက်သာလာစေသည်။
ဘတ်စ်ကားက ရှေ့သို့ ဆက်သွားနေ၏။ ယွင်ဖန်းက အနည်းငယ်ဆက်ကြည့်နေခဲ့ပြီးမှ ပျင်းလာခဲ့တာကြောင့် ခေါင်းလှည့်ကာ ရိချန်းလျန်ကိုကြည့်လိုက်သည်။
ရိချန်းလျန်က နေ့ခင်းပိုင်းတွင် မအိပ်ခဲ့တာကြောင့် ခုံနောက်ကိုမှီထားရင်း မထိန်းနိုင်ဘဲ ကားပေါ်မှာ အိပ်ပျော်သွားလေသည်။
ယွက်ဖန်းက သူ့ကိုယ်သူ ဤမျှနီးကပ်လှသည့် ရှုထောင့်မှနေ မကြည့်ခဲ့ဖူးပေ။ သူက သူ့ကိုယ်သူ မထိန်းနိုင်စွာ အကဲဖြတ်မိသည်။
တော်တော် ပိန်လွန်းတယ်။ နေ့တိုင်းလည်း ဘယ်တွေသွားနေလဲ မသိဘူး။ နေတွေပါလောင်လို့။
သူ့မျက်နှာသွင်ပြင်က အပြည့်အဝ မဖွံ့ဖြိုးသေးပေမဲ့လည်း အနာဂတ်တွင် ချောမောလာမည်ကိုတော့ ခပ်ရေးရေးမြင်နိုင်သည်ပင်။ ဤ နှာတံမြင့်မြင့်က သိသာစွာကိုပင် အတော်လေးကြည့်ကောင်းလှသည်။
သူ့ဆံပင်က အနည်းငယ်ရှည်နေပြီဖြစ်ကာ ခပ်မိုက်မိုက်ပုံလည်း မပေါက်ချေ။
ယွင်ဖန်းက သူ့ကိုယ်သူ အေးဆေးတည်ငြိမ်သောနည်းလမ်းဖြင့် အကဲဖြတ်နေခဲ့၏။ သူ့အတွေးများ၏ အဓိကစာလုံးများကို စကားလုံးသုံးလုံးထဲဖြင့် သုံးသပ်လိုက်ပါက။
ငါ စောက်ရမ်းချောတယ် ဟူ၍။
ကားက အနည်းငယ် ခါသွားသည်။ ရိချန်းလျန်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ကာ ဤ လှုပ်ခါမှုကြောင့် ဘေးကိုအနည်းငယ်စောင်းသွားခဲ့ရကာ ယွင်ဖန်း၏ ပုခုံးပေါ် မှီလိုက်မိလုနီးပါးဖြစ်သွားလေသည်။
သူ့ကိုအဝေးမှ ကြည့်ရသည်က အဆင်ပြေပေမဲ့ ရိချန်းလျန်က ရုတ်တရက်ကြီး ဤသို့မှီကျလာတော့ ယွင်ဖန်းမှာ လန့်ဖြန့်သွားကာ သူ့လည်ပင်းနေရာက အနည်းငယ် ပူတက်သွားရသည်။
ရိချန်းလျန်၏ ခေါင်းက လက်မအနည်းငယ်တိုးလာခဲ့၏။ ယွင်ဖန်းမှာကြည့်ရတာ မသက်မသာခံစားလာခဲ့ရကာ ပြတင်းပေါက်အပြင်မှ မြင်ကွင်းကိုပြန်ကြည့်ရန်သာ ခေါင်းလှည့်လိုက်ပြီး သူ့ပုခုံးပေါ်က ရိချန်းလျန်၏ခေါင်း မှီထားနိုင်စေရန် အနည်းငယ်ခပ်မတ်မတ်ထိုင်လိုက်သည်။
အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တို့အောက်၌ ပြတင်းပေါက်မှတဆင့် လေညင်းတို့ဝေ့ဝဲလာကြကာ အစိမ်းရောင်သစ်ရွက်များမှ စစ်ထုတ်လိုက်သော နေရောင်က ပြောက်တိပျောက်ကြား အလင်းစက်များအဖြစ် ကျရောက်လာသည်။ လမ်းဘေးနှစ်ဖက်ရှိ အပင်များနှင့်အိမ်များက သူ့မြင်ကွင်းထဲမှ အလျင်အမြန် ဖြတ်သွားကြလေသည်။ ယွင်ဖန်းက ပျင်းရိစွာ သန်းဝေလိုက်ပြီး ရုတ်တရက် ထပ်ပြီး အိပ်ချင်သလို ခံစားလိုက်ရသည်။
ထို့ကြောင့် သူက မျက်လုံးမှိတ်ကာ လေနှင့်အတူ အိပ်ပျော်သွားခဲ့လေသည်။
တကယ်တမ်းမူ တစ်ဦးတစ်ယောက်မျှ သူ့ကို ကယ်တင်ရန် ရောက်မလာခဲ့။
သူ့ကို သူကသာ ကယ်တင်ခဲ့လေသည်။