[အထီးကျန်ဆန်ခြင်း]
"စုန့်ချွင်၊ နင့်ရဲ့ ရူပဗေဒမှတ်စုစာအုပ်ကို ငှားပေးနိုင်မလား?"
ချန်းချန်ယန်ကမေး၏။
"ရတယ်လေ၊ ဒီမှာ"
စုန့်ချွင်က သူမကို စာအုပ်ကမ်းပေးလိုက်သည်။
မှတ်စုစာအုပ်ကို ကိုင်ထားရင်း ချန်းချန်ယန်က သူ့ကိုပြုံးပြလာသည်။
"နင့်ရဲ့အဆင့်တွေ အရမ်းတက်လာတယ်။ ဒီလ စာမေးပွဲမှာ ထိပ်ဆုံးတစ်ဆယ်ထဲ ဝင်နိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်"
"ကျေးဇူးပါ"
စုန့်ချွင့်က သူ့ကိုယ်သူ အရမ်းကြီး နှိမ့်ချမနေပေ။
"နင်လည်း ကောင်းကောင်းလုပ်ခဲ့တာပါပဲ"
ချန်းချန်ယန်၏အပြုံးက ပို၍ကျယ်ပြန့်သွားလေသည်။
"ငါကြားဖူးတာက နင်နဲ့ ယွင်ဖန်းက အလယ်တန်းတုန်းက အတန်းဖော်တွေဆို?"
ယွင်ဖန်၏နာမည်ကိုကြားတော့ စုန့်ချွင် ကြက်သေသေသွားလေသည်။
"ဟုတ်တယ်၊ ငါတို့ကလေးကတည်းက ယွင်ဖန်းနဲ့ သိခဲ့တာ"
"ဝိုး"
ချန်းချန်ယန်က စိတ်လှုပ်ရှားစွာဖြင့် သူနှင့်မျက်စောင်းထိုးတွင် ဝင်ထိုင်လိုက်၏။
"ဆိုတော့ နင်တို့က ကလေးဘဝကတည်းက ငယ်သူငယ်ချင်းတွေပေါ့နော်?"
"အဲ့လိုထင်တာပဲ"
စုန့်ချွင်ကပြုံးလိုက်သည်။
"ဒါဆို၊ ယွင်ဖန်းက ကလေးဘဝကတည်းက ဒီလိုမျိုး ထူးချွန်လာခဲ့တာလား?"
ချန်းချန်ယန်ကမေးသည်။
"ဟုတ်တယ်၊ သူက ငယ်ငယ်လေးကတည်းက တစ်ခြားမိဘတွေစကားထဲ ထည့်ပြောရတဲ့ ကလေးတစ်ယောက်အမြဲဖြစ်ခဲ့တာ။"
စုန့်ချွင်ကပြော၏။
"သူက စာဖတ်ရတာကြိုက်တယ်။ တစ်နေကုန် စာအုပ်နဲ့ပဲ အချိန်ဖြုန်းတတ်ပြီး ထမင်းစားဖို့တောင် မေ့နေတတ်တဲ့သူလေ"
ချန်းချန်ယန်က လေးစားစွာဖြင့် သက်ပြင်းချလိုက်သည်။
"သူက ထိပ်ဆုံးကျောင်းသားဖြစ်နေတာ မထူးဆန်းပါဘူး။ နင်တို့နှစ်ယောက်က အရမ်း ရင်းနှီးတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား?"
စုန့်ချွင်က ခါးသက်သက်ပြုံးလာ၏။
"ငါ အမှားတစ်ခု လုပ်မိသွားပြီးတော့ သူကအခုထိ ခွင့်လွှတ်မပေးသေးဘူး"
ချန်းချန်ယန်က ကျောင်းဖိုရမ်တွင် ပျံ့နှံ့နေသည့် ကောလဟာလအကြောင်း တွေးလိုက်မိကာ တုန့်ဆိုင်းသွားလျှက် နောက်ဆုံးမှာ သူ့အား ကိုးရိုးကားယားနိုင်စွာ နှစ်သိမ့်လိုက်သည်။
"အဆင်ပြေပါတယ်၊ အချိန်က အားလုံးကို ကုစားသွားမှာပါ"
"ကျေးဇူးတင်ပါတယ်"
ချန်းချန်ယန်ထွက်သွားပြီးနောက် စုန့်ချွင်က သူ့ရူပဗေဒစာအုပ်ကို ဖွင့်လိုက်၏။ နောက်ဆုံး စာမျက်နှာ၌ သူနှင့်ယွင်ဖန်းတို့ အလယ်တန်းဘွဲ့ယူစဉ်က ဓာတ်ပုံကို ညှပ်ထားခဲ့သည်ပင်။ ဤဓာတ်ပုံအား ယွင်ဖန်း သူ့အား ရုတ်တရက်ကြီး ဖွင့်ဟဝန်ခံခြင်းမပြုခင်က ရိုက်ထားခဲ့တာ ဖြစ်သည်။ ပုံထဲတွင် သူက တောက်ပစွာ ပြုံးနေလျှက် ယွင်ဖန်းကတော့ နှုတ်ခမ်းစေ့ကာ ကင်မရာရှိရာဆီ တိတ်တိတ်ကလေး ကြည့်နေခဲ့၏။
ဖြစ်နိုင်လျှင် ယွင်ဖန်း၏ ခံစားချက်များအား ထိုထက်စောစီးစွာ သိနိုင်ခဲ့ဖို့ သူ ဆုတောင်းမိသည်။ သို့ပေမဲ့ သူသေချာ ပြန်တွေးကြည့်လိုက်တော့ အချက်ပြမှုများရှိနေခဲ့သည်ပင်- လက်ချင်းမတော်တဆထိမိပြီး အမြန် ပြန်ရုတ်သွားခဲ့ခြင်းမျိုး၊ သိမ်မွေ့သည့်အရိပ်အမြွတ်များ၊ ထူးခြားသော လက်ဆောင်များ၊ နောက်ဘက်ဆီမှ
ငြိမ်သက်တိတ်ဆိတ်သည့်အကြည့်များ....
သို့ပေမဲ့ သူက နားလည်နိုင်ဖို့ရန် အရမ်းကိုနှေးနေခဲ့သည်ပင်။ ထိုသို့သော လက်မခံနိုင်ဖွယ် ခံစားချက်က လိင်တူလူနှစ်ယောက်ကြား ဖြစ်ပေါ်လာခြင်းကိုပင် နားမလည်နိုင်ခဲ့ပါချေ။
လှောင်ပြောင်ရယ်မောမှုများအလယ်၌ ယွင်ဖန်း၏ နှလုံးသားအပြည့်နှင့် ဝန်ခံမှုအား ကွဲကြေစေခဲ့ပြီး သူက စပ်စုကြည့်ရှုသူများနှင့်ရောနှောလိုက်သေးကာ အန္တရာယ်ရှိသော ရည်ရွယ်ချက်ကိုသုံး၍ သူ့၏ ထိတ်လန့်မှုနှင့် အကြောက်တရားတို့ကို ဖုံးကွယ်ခဲ့၏။ ထိုကြောင့်ပင် ပေါက်ဖွားလာခါစသာ ဖြစ်သေးသည့် မြတ်နိုးမှုတို့အား သတိမထားမိခဲ့ပါချေ။
သူ့မြတ်နိုးမှုများက နောက်ကျမှရောက်လာခဲ့သည်။ ထိုအချိန်တွင်ကား ယွင်ဖန်းဟာ သူ့ကို မလိုချင်တော့။
အခန်းသုံးထဲသို့ ပျော်ရွှင်စွာ ဝင်ခွင့်ရနိုင်ရန် သူအကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ယွင်ဖန်းကတော့ ပြတ်သားစွာ ထွက်ခွာသွားပြီး ဖြစ်သကဲ့သို့ပင်။
နေရောင်ခြည်က ဓာတ်ပုံထဲရှိ ကောင်ငယ်လေး နှစ်ယောက်၏ မျက်နှာများထက် ဖြာကျနေခဲ့ပေမဲ့ အဆုံးမှာတော့ နေရာရွေ့ခဲ့သည်ပင်ဖြစ်သည်။
စုန့်ချွင်အကြောင်းပြချက်မဲ့စွာတွေးမိ၏၊ သူ ယွင်ဖန်းအား အစောကြီးကတည်းကပင် ဆုံးရှုံးခဲ့ရနှင့်ပြီးသားလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ချန်းချန်ယန်က မှတ်စုစာအုပ်နှင့်အတူ သူမထိုင်ခုံရှိရာ ပြန်လာချိန် ဝူဟယ်၏ ဂရုဏာမဲ့စွာ လှောင်ပြောင်ခြင်းကို ခံလိုက်ရ၏။
"နင် အတန်းရဲ့ တစ်ဝက်လောက်ကို လှည့်ပတ်သွားနေတာ ရူပဗေဒမှတ်စုငှားချင်တာလား လူချောလေးကို ကြည့်ချင်တာလားနော်?"
"ငါထင်တာတော့ နင်အရိုက်ခံချင်လို့ယားနေတာပဲ!"
ချန်းချန်ယန်က သူ့အား စိုက်ကြည့်ကာ လက်သီးဆုပ်ဖြင့် အကြင်နာမဲ့စွာ ထိုးချလိုက်သည်။
"အ အ အ အကြမ်းဖက်တတ်တဲ့ စုန်းမအိုကြီး!"
ဝူဟယ်က နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်းပါ!"
ချန်းချန်ယန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
" ဒီလစာမေးပွဲမှာ နင် ထိပ်ဆုံးဆယ်ယောက်ထဲကနေ ထွက်သွားရပြီကို၊ အတန်းထဲက အထုတ်ခံရဖို့ သိပ်မဝေးတော့ဘူးပဲ!'
"ငါ အထုတ်ခံရရင်၊ ယွင်ဖန်းကိုသွားရှာပြီး သူနဲ့အတူ အပူပင်ကင်းတဲ့ဘဝကို ခံစားပစ်မှာ!"
ဝူဟယ်က လက်သီးချက်ကို ရှောင်တိမ်းလိုက်ရင်း မီးစာထပ်ထည့်သည်။
"နင့်ကို အတန်းသုံးထဲမှာ မှီခိုစရာမရှိ တစ်ယောက်တည်း ထားပစ်ခဲ့မှာ!"
ချန်းချန်ယန်က နှာမှုတ်လိုက်သည်။
"နင်တို့ အသုံးမကျတဲ့ယောက်ျားတွေ အထုတ်ခံလိုက်ရရင် အကောင်းဆုံးပဲ၊ ဒီလိုဆို ငါက အဆင့်အကောင်းဆုံးတစ်ယောက် ဖြစ်သွားတော့မှာ!"
•••••••••••
အတန်းသုံးက ဆူညံနေသလိုပင် အလွှာတစ်ထပ်ခြားထားသည့် အတန်း တစ်ဆယ် လည်းပဲ ဆူညံနေသည်ပင်။ သို့ပေမဲ့ ဆူညံနေရသည့် အကြောင်းရင်းဖြစ်သည့် အဓိကဇာတ်လိုက်ကတော့ ကျောင်းသားတစ်ယောက် မဟုတ်ခဲ့ပေ။
စုန့်လိလိက ငိုနေသည့် ကလေးကို ချီထားပြီး
စာသင်သည့်စင်မြင့်ထက် တင်ပျဉ်ခွေထိုင်လျှက် ဆွဲဆွဲငင်ငင် ငိုကြွေးမြည်တမ်းနေလေ၏။
"ငါ ဂရုမစိုက်ဘူး! လူကြီးရော ကလေးပါ ဆေးကုစရိတ်လိုနေတာ၊ ရိချန်းလျန်သာ အသိစိတ်ကျန်သေးရင် ငါတို့ကို သေအောင် ပစ်မထားသင့်ဘူးလေ!"
အတန်းထဲရှိ ကျောင်းသားများမှာ ဤသို့ အောချစရာ မြင်ကွင်းမျိုး တစ်ခါသော်မျှ မမြင်ဖူးကြပေ။ သူတို့ နေရာတွင်သာ ကူကယ်ရာမဲ့စွာ ရပ်နေလျှက် အတန်းခေါင်းဆောင်ကတော့ ဉာဏ်ကောင်းစွာဖြင့် အတန်းပိုင်ဆရာကို သွားရှာလေသည်။ ကျိရှူမော့က မရဲတရဲဖြင့် ရှေ့သို့ခြေလှမ်းတိုးသွားကာ
"အန်တီ၊ ရိချန်းလျန် ကျောင်းမလာတာ တစ်ပတ်လောက်ရှိပြီ၊ သူဘယ်မှာလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး"
"ငါ ဂရုမစိုက်ဘူး! နင်တို့အားလုံး သိရမယ်! အယုတ်တမာကျောင်းသားလေးတွေ၊ စာသင်တဲ့ နှစ်နည်းနည်းလောက်ကို မှီခိုပြီး နင်တို့ တစ်ယောက်ချင်းစီက ဉာဏ်များနေကြတာ!ရိချန်းလျန်ဆိုတဲ့ ကောင်က နှလုံးသားမရှိဘူး! သူ့အဖေနဲ့ငါက သူ့ကိုပျိုးထောင်ဖို့ ချွေတာသုံးစွဲပြီး အလုပ်ကြိုးစားခဲ့ရတာ နောက်ကျတော့ သူက ငါတို့ကို သေစေချင်နေပြီ!"
စုန့်လိလိက ငိုကြွေးအော်ဟစ်လေကာ သူမကို ကူညီပေးလိုသည့် ကျောင်းသူနှစ်ယောက်အား တွန်းထုတ်လိုက်၏။
"ဒီနေ့ ရိချန်းလျန်ကို ခေါ်ထုတ်မလာပေးရင် ငါမသွားဘူး!"
လောင်ဖုန်းနှင့် လောင်ဟဲက လုံခြုံရေးအစောင့်နှင့်အတူ အလျင်စလိုရောက်လာကြကာ များပြားလှစွာသော စကားများဖြင့် ဖျောင်းဖျပြီးနောက်မှာမှ စုန့်လိလိအား စာသင်ခန်းထဲမှနေ ရုံးခန်းဆီသို့ ခေါ်ထုတ်သွားနိုင်လေသည်။ ထို့နောက်မှာ စာသင်ခန်းက ရုတ်တရက်ဆိုသလို ပေါက်ပေါက်ဖောက် ဆူညံကုန်တော့သည်။
ပြောလာကြသည့် အကြောင်းအရာက မျိုးစုံလှပေ၏။ သို့ပေမဲ့စုန့်လိလိနှင့် ရိချန်းလျန်တို့က သားအမိဖြစ်သည့်အချက်မှ လွဲ၍ ဆက်စပ်စရာဘာမှမရှိပါချေ။ ထိုနေ့၌ စုန့်လိလိက ပိုပိုပြီး ကျက်သရေတုန်းကာ ရိုင်းပြခဲ့လေလေ လူများ၏ အန္တာရယ်ရှိသော ထင်မြင်ချက်နှင့် အထင်လွဲမှားမှုများက ရိချန်းလျန်ဆီသို့ ဦးတည်လေပင်ဖြစ်သည်။
ယွင်ဖန်းက ဖုန်းထုတ်ကာ ဟွမ်ချူးထံ မက်ဆေ့ခ်ျပို့လိုက်၏။
မူလကတော့ ဤအကြောင်းအရာအား ရိချန်းလျန်နှင့် စကားကောင်းကောင်းပြောချင်ခဲ့တာဖြစ်သည်။ သို့ပေမဲ့ လွန်ခဲ့သည့်တစ်ပါတ်ကစ၍ ဘာဖြစ်သွားသလဲတော့ မသိချေ။သူဆေးရုံခန်းသို့ သွားချိန်တိုင်း ရိချန်းလျန်အတွက် စားစရာဝယ်သွားတတ်ကာ စာသင်ပေးဖြစ်ပေမဲ့ သာမာန်ဖြစ်သည့် စကားစမြည်တောင်မှ သနားစဖွယ် ရှားပါးနေခဲ့၏။ ရိချန်းလျန်ကလည်း တမင်တကာလား မရည်ရွယ်စွာလား မပြောတတ်ပေမဲ့ သူ့အားရှောင်နေခဲ့ပြီး သူလည်းပဲ အလားတူပါပင်။
သို့ပေမဲ့ ရိချန်းလျန် ကျောင်းပြန်တက်ချိန်မှာတော့ စုန့်လိလိကြောင့်နှင့် စိတ်မဆိုးသွားစေချင်ပါပေ။
°°°***
ညနေပိုင်း၌ ရိချန်းလျန်က ထမင်းပမာဏများများ တစ်ပန်းကန်နှင့် ဝက်လက်ပေါင်းတစ်ဝက်ကျော် စားသောက်ခဲ့၏။ လူတစ်ကိုယ်လုံးက သွေးရောင်သန်းလာပြီဖြစ်ကာ တက်ကြွနေလေ၏။ သူ ဆေးရုံစတက်ချိန်နှင့် ယှဉ်ပါက သိသာစွာပင် ဝဖြိုးလာခဲ့ပြီဖြစ်ပြီး နေရောင်နှင့် သိပ်ပြီး မထိတွေ့ရသည်ကြောင့် သူ့အသားအရည်က နှစ်ဆင့်လောက် ပိုဖြူလာခဲ့ပြီ ဖြစ်သည်။
ဤသည်ကို ကြည့်ကာ ယွင်ဖန်းကတော့ အတော်လေး ကျေနပ်နေခဲ့သည်ပင်။ သူက ဝယ်လာသည့် ဒိန်ချဉ်ဘူးကို ဖွင့်ကာ ဇွန်းသေးသေးလေး တပ်လိုက်ပြီး သူ့ထံ ကမ်းပေးလိုက်သည်။
"အဆီချဖို့အတွက်"
ထို့ကြောင့် ရိချန်းလျန်က ဒိန်ချဉ်ကို ထပ်စားလေ၏။ နှစ်ဇွန်းစားပြီးနောက် ယွင်ဖန်အား သတိရသွားကာ ဇွန်းအပြည့်တစ်ဇွန်းခပ်၍ ကမ်းပေးလာသည်။
" နည်းနည်းလောက်စားဦးမလား?"
ယွင်ဖန်းက မျက်နှာထက်က အပြုံးနှင့်အတူ သူ့အား လက်ချာရိုက်လိုက်သည်။
"နောက်ဆို ကိုယ်မစားခင် တခြားသူကို အရင်မေးဖို့ သတိရဦး"
"အိုး"
ရိချန်းလျန်က နှုတ်ခမ်းထောင့်ရှိ ဒိန်ချဉ်အမြှုပ်များကို လျှက်လိုက်ကာ
"ဒါဆို မင်းက ငါ့ကို ညစ်ပတ်တယ်လို့ ထင်တာလား?"
ယွင်ဖန်း၏ အကြည့်တို့က သူ့နှုတ်ခမ်းထောင့်ရှိ ဒိန်ချဉ်အမြှုပ်များထံ နှစ်စက္ကန့်ခန့် ရောက်နေခဲ့ပြီးမှ အကြည့်လွှဲလိုက်၏။ သူက မသက်မသာ ချောင်းဆိုးလိုက်ရသည်။
"မထင်ပါဘူး"
ရိချန်းလျန်က ဇွန်းအပြည့် ဒိန်ချဉ်တစ်ဇွန်း ကော်လိုက်ပြီး သူ့ပါးစပ်ဆီ ကမ်းပေးလာ၏။
"ဒါဆို မင်း စားလေ"
စကားအသွားအလာက ဤနေရာသို့ ရောက်လာချိန်၌ သူမစားလိုက်ပါက သူပြောခဲ့သည့် "မထင်ပါဘူး" ဆိုသည်က လိမ်ပြောရာ ကျသွားမည်ပင်။
သို့ပေမဲ့ ရိချန်းလျန်ခွံ့ကျွေးလာသည့် ဒိန်ချဉ်ကို စားလိုက်ရမည်ကလည်း အနည်းငယ် မသင့်တော်ပုံပေါ်၏။
သူ့နှုတ်ခမ်းအား အေးစက်စက်တစ်စုံတစ်ရာက ထိတွေ့လာချိန်တွင် သူ ဘေးကြပ်နံကြပ်ဖြစ်နေခဲ့လေသည်။
ရိချန်းလျန်က ပေါ့ပေါ့ပါးပါးပင် ဇွန်းကို ပြန်ယူလိုက်ကာ သူ့ဘာသာ ဇွန်းအပြည့်ဒိန်ချဉ်တစ်ဇွန်း စားလိုက်၏။
"မင်း မစားချင်ရင်လည်း ကိစ္စမရှိပါဘူး"
ခုလေးတင် သူ့နှုတ်ခမ်းအား ထိလိုက်သည်က မတော်တဆ ဖြစ်သွားခဲ့ပုံပါပင်။
ယွင်ဖန်းက နှုတ်ခမ်းစေ့ထားလျှက် လျှာဖျားလေးဖြင့်နှုတ်ခမ်းထက်က အေးစက်မှုလေးကို လျက်လိုက်သည်။
ချဉ်ချဉ် ချိုချိုနှင့် အနည်းငယ်အေးစက်စက်အရသာက ပါးစပ်ထဲ ပျံ့သွားခဲ့ကာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
အရသာ ပျောက်သွားတော့မှ သူဘာလုပ်မိသွားလဲကို သတိထားမိသွားကာ ကိုးရိုးကားယားဖြင့် နှာခေါင်းကို ကုတ်လိုက်ရသည်။
ရိချန်းလျန်ကမူ ပါးစပ်ထဲ ဇွန်းကိုက်ထားလျှက်ဖြင့် ဒိန်ချဉ်ကို ဆက်စားနေသည်။ ခပ်ရှည်ရှည် ဆံပင်အောက်မှာတော့ နီရဲနေသော နားရွက်ဟာ ဖုံးကွယ်ခံထားရလျက်။
ရိချန်းလျန် ဒိန်ချဉ်စားပြီးနောက် သူက ဖတ်စာအုပ်ထုတ်ကာ ယွင်ဖန်း၏ စာသင်ပြမှုကို နားထောင်ရန်ပြင်လိုက်ပေမဲ့ ယွင်ဖန်းက သူ့ကို တားလိုက်သည်။
"ဒီနေ့ စုန့်လိလိ ကျောင်းလာပြီး ပွဲရှာသွားတယ်"
ယွင်ဖန်းက ရိချန်းလျန်၏ အမူအယာကို စောင့်ကြည့်နေကာ သူ့မျက်နှာထက် သိသာသည့် အမူအယာ ရှိမလာသည်ကို မြင်မှ ဆက်ပြောလိုက်သည်။
"ငါ အစက မင်းကို မမေးခဲ့မိဘူး၊ ဒီကိစ္စကို မင်းဘာလုပ်ဖို့ ရည်ရွယ်ထားလဲ?"
ရိချန်းလျန်တွင် ရိမင်ကျစ်နှင့် စုန့်လိလိတို့နှင့် ပတ်သတ်၍ ထင်ယောင်ထင်မှား ဖြစ်မှုများအား အစောကြီးကပင် လက်လျှော့ထားပြီးသားဖြစ်၏။
"ငါ သူတို့ဆီမှာ ထိန်းချုပ်မခံနိုင်တော့ဘူး။ အဲ့ဒီတုန်းက မွေးစားစာချုပ်နဲ့ ငါရဲ့ အိမ်ထောင်စုစာရင်းစာမျက်နှာကို ခိုးလာခဲ့တယ်။ ဒီတစ်ခါ အဲ့ဒါကို သူတို့ ရှာမတွေ့ခဲ့ဘူး!"
"ဖွက်ထားရုံနဲ့က မလုံလောက်သေးဘူး၊ တရားဝင်အရ ပြောရရင် သူတို့က မင်းရဲ့အုပ်ထိန်းသူတွေ ဖြစ်နေတုန်းပဲ"
ယွင်ဖန်းကပြောသည်။
"နှစ်သစ်ကူးတုန်းကမှ မင်း ဆယ့်ခြောက်နှစ် ပြည့်ခဲ့တာ။ မင်းအသက် ဆယ့်ရှစ်နှစ် မပြည့်မချင်းတော့ သူတို့မှာ မင်းအတွက် ဆုံးဖြတ်ချက် ချပေးပိုင်ခွင် ရှိနေတုန်းပဲ။ ပြီးတော့ မင်းရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်တောင် ဖွင့်လို့မရနိုင်သေးဘူး"
ရိချန်းလျန် မျက်မှောင်ကြုတ်သွား၏။
"သူတို့ငါ့ကို ကြိုးကိုင်တာကို ခွင့်မပြုနိုင်ဘူး"
"ဒါပေမဲ့ သူတို့က မင်းကို အချိန်တိုင်း စက်ဆုပ်စရာတွေ လုပ်လာနိုင်တယ်"
ယွင်ဖန်းက ပြောသည်။
"အရင်ကလိုမျိုး၊ သူတို့မင်းကို သေလုနီးပါးရိုက်နှက်ပြီး သော့ပိတ်ထားပြီး စကားတစ်ခွန်းမှ မပြောဘဲ မိုင်းတွင်းထဲ ပို့လိုက်တာမျိုးပေါ့။ မင်းကို စာကောင်းကောင်း မသင်နိုင်အောင်လို့ ဒီနေ့လိုမျိုးပဲ ကျောင်းကိုလာပြီး ပွဲထပ်ရှာလာနိုင်သေးတယ်”
ရိချန်းလျန်၏ မျက်နှာက ကြည့်ရဆိုးလာသည်။ ယွင်ဖန်းက သံသေတ္တာငယ်ထဲမှ ငွေများနှင့်အတူ ဖွက်ထားသည့် မှိန်ဖျော့ဖျော့ မိသားစုဓာတ်ပုံအား တွေးလိုက်ကာ အလေးအနက်မေးလိုက်၏။
"ရိချန်းလျန်၊ အနာဂတ်မှာ မင်းဆီမှာ မိဘတွေ မရှိရင်တောင် မင်းတစ်ယောက်တည်း နေနိုင်မှာလား?"
ရိချန်းလျန်မျက်လုံးများ ခဏလောက် ဗလာဖြစ်သွားခဲ့ကာ အချိန်တချို့ကြာပြီးနောက် ခေါင်းမော့လာပြီး သူ့ကိုမေး၏။
"အနာဂတ်မှာ၊ မင်းက ငါ့နားမှာ အမြဲရှိမှာလား?"
ယွင်ဖန်းက သူ့အား ငုံ့ကြည့်လာကာ ဤလောကထဲ မည်သူတစ်ဦးတစ်ယောက်မှ သူ့ဘေးတွင် အမြဲတမ်း ရှိမနေနိုင်ပါ ဟု ပြောလိုက်ချင်လေ၏။ အနာဂတ်တွင် သူ့ဘာသာ တစ်ယောက်တည်း အဆက်ပြေပြေနေနိုင်ကြောင်းနှင့် တစ်စုံတစ်ယောက်မရှိတာကြောင့် အသက်မရှင်နိုင်သူ တစ်ယောက်မျှ မရှိပါကြောင်း ပြောချင်လှလေသည်။
လူတိုင်းက တစ်ယောက်တည်း မွေးလာကြတာပင်။
သူက ရိချန်းလျန်အား ဤသည်ကို သိစေချင်ပေမဲ့ ထိုခိုင်မာသည့် ဆုံးဖြတ်ချက်ကိုလည်း ရိချန်းလျန်အား သူ ပြောမပြနိုင်ပါချေ။
ရိချန်းလျန်နှင့် အထီးကျန်ဆန်မှုဟူသည် ခွဲလို့ခွာလို့ ရသည်မဟုတ်။
"မင်း ကြီးပြင်းမလာခင်အထိ ငါအမြဲတမ်း မင်းနဲ့အတူ ရှိမယ်"
ယွင်ဖန်းက သူကိုယ်တိုင်ပြောလိုက်သည်ကို ကြားလိုက်ရလေ၏။