အပြုံး
ကျောင်းဖွင့်ပြီး နှစ်ပတ်အကြာတွင် နောက်ထပ် ခုံနေရာပြောင်းရမည့်အချိန်ရောက်လာပြန်ပြီဖြစ်သည်။ လောင်ဖုန်းတွင် ခုံနေရာပြောင်းခြင်းနှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုကြီးစွာ ရှိနေပုံရကာ မလွဲမသွေစွာပင် ဆယ်ကျော်သက်များအား ခံစားချက်များပျိုးထောင်ရန် အခွင့်အရေးအတွက် အချိန်အများကြီး မပေးပါချေ။
သို့ပေမဲ့အချို့သော အကြောင်းအရင်းများကြောင့် ရိချန်းလျန်၏ ခုံနေရာကတော့ မပြောင်းမလဲ နေရင်းအတိုင်းသာရှိကာ ယွင်ဖန်းကိုတော့ လောင်ဟဲက နေရာပြန်ပြောင်းစေပြီး ရိချန်းလျန်၏ ထိုင်ခုံဖော် ထပ်ဖြစ်သွားပြန်၏။
လောင်ဖုန်း၏ မူရင်းစကားများကတော့ ဤသို့ပင်:" မင်းတို့နှစ်ယောက် အချင်းချင်း အကူအညီပေးကြပြီး ဘယ်သူက ပိုပြီးမြန်မြန် တိုးတက်လာမလဲဆိုတာ ကြည့်ကြတာပေါ့" ဟူ၍။
ပြီးခဲ့သည့် စာမေးပွဲအချို့၌ သူတို့နှစ်ယောက်၏ ရမှတ်များက အလျင်အမြန် တိုးတက်လာခဲ့၍ ဖြစ်နိုင်၏။ လောင်ဖုန်းက သူတို့အပေါ် ယုံကြည်မှု အပြည့်ပါပင်။
တနင်္လာနေ့ အလံတင်ပွဲအခမ်းအနား၌ ချီဟော့က ကျောင်းလုံးကျွတ်ရှေ့၌ မိမိကိုယ်ကိုယ်သုံးသပ်ခြင်းကို ဦးဆောင်ဖတ်ပြရပြန်ကာ သူ့၏ စွမ်းအားပြည့်မိန့်ခွန်းအား ကျောင်းဝန်းအတွင်း ပဲ့တင်ထပ်သွားစေလေ၏။
"....ကျွန်တော် နောက်မကျသင့်သလို ကျောင်းကနေ စောစော ထွက်မလာသင့်ပါဘူး… ကျောင်းမှာ ရန်ဖြစ်တာတွေ၊ ပြဿနာရှာတာတွေ မလုပ်သင့်ပါဘူး။
ကျွန်တော် တက်နင်းမိလို့ သေဆုံးခဲ့ကြရတဲ့ ကြွေလွင့်သွားပြီဖြစ်တဲ့ အဖိုးတန် ပန်းပွင့်များနဲ့ အပင်များကိုလည်း တည်ကြည်စွာနဲ့ တောင်းပန်ချင်ပါတယ်။.....သင်ကြားပေးတဲ့ဆရာ ဆရာမများ ၊ ချစ်ရတဲ့အတန်းဖော်သူငယ်ချင်းများကိုလည်း တောင်းပန်ပါတယ်”
နိုင်ငံတော် အလံအောက်တွင်ရပ်နေသော ချီဟော့၏ မျက်ခုံးနှင့်မျက်လုံးတို့ဟာ ဘာမထီဟန်အပြည့်ရှိကာ အသံကမူ ဆောင့်ကြွားကြွားနိုင်လျက် စကားတို့ထဲမှာတော့ နောင်တမရခြင်း၊နှင့် ဝင့်ကြွားခြင်း ဟူသောစာလုံးကြီး ရှစ်လုံးဖြင့် ပြည့်နေလေသည်။
ဆရာများနှင့်အတူ ရပ်နေသည့် ကျောင်းသားကောင်စီ အဖွဲ့ဝင်များမှာ သူ့ကို တည့်တည့် ကြည့်ဖို့ပင် သည်းမခံနိုင်ကြလေကာ ချန်ကျစ်ချီးကတော့ ချီဟော့အား မျက်နှာသေဖြင့်သာ ကြည့်နေခဲ့၏။ ချီဟော့ကမူ အခွင့်ကောင်းယူပြီး ခေါင်းလှည့်လို့ ထိုသူ့အား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။
ချန်ကျစ်ချီး:"......"
ပုံမှန် သုံးသပ်ခြင်းပြီးဆုံးသွားပြီးနောက်မှာတော့ နိုင်ငံတော်အလံအောက်တွင် ချန်ကျစ်ချီး စကားပြောရမည့်အလှည့်ပါပင်။ သူ့မိန့်ခွန်းက လူကိုယ်တိုင်ကဲ့သို့ပင် အပြောင်းအလဲမရှိ တသတ်မတ်တည်းသွားကာ လေးနက်ပြီး အမှားရှာမတွေ့နိုင်ပါချေ။
ရိချန်းလျန်သည် အတန်းတစ်ဆယ်၏ နောက်ဆုံးတန်း၊ ယွင်ဖန်း၏ နောက်တည့်တည့်တွင် ရပ်နေ၏။ အိပ်ချင်လွန်းနေရာ သူ့နဖူးကို ယွင်ဖန်းကျောမှာ မှီထားလေသည်။
ယွင်ဖန်းက သူ့ကို မှီခွင့်ပြုထားကာ ခေါင်းငုံ့ပြီး လက်ထဲမှ ရှေးခေတ်ကဗျာများပါသော စာအုပ်အသေးလေးကို ကြည့်နေလိုက်သည်။
[ ‘ဦးဆုံးအကြိမ် ဆုံခဲ့စဥ်က ငယ်ဟောင်းကျွမ်းဟောင်း မိတ်ဆွေဟောင်းနှင့် ဆုံရသည့်နှယ်’]
[ ‘စိမ်းမြမြရောင်ကော်လံသည်က ငါ့နှလုံးသားထဲက တောင့်တမှု…..ငါမလာနိုင်သော်ငြား အဘယ်ကြောင့်များ စာလွှာမပါး၊ သတင်းမကြားရပါအံ့’]
[‘ယွမ်မြစ်မှာ ကျီပန်း…. လီမြစ်မှာ…..သစ်ခွပန်း….ငါကတော့ မင်းကိုလွမ်း….ပါသော်ငြား စကားကိုမူ ပြောမဝံ့ခဲ့’…………]
နောက်ကျောဆီမှာ နွေးထွေးသည့် အသက်ရှုငွေ့လေးက သူ့၏ ပါးလွှာသော ကျောင်းအင်္ကျီနှင့် ဆွယ်တာကိုဖြတ်ကာ စိမ့်ဝင်လာပြီး အရေပြားတစ်ဝိုက် ဝေ့သီကာ သွေးနှင့်ရိုးတွင်းခြင်ဆီကို ဖောက်ဝင်လာကြ၏။ ယွင်ဖန်းက မှင်ရောင်စာလုံးများပေါ်မှ သူ့အကြည့်ကိုရွှေ့ကာ အဝေးကို ကြည့်လိုက်သည်။
အလံတင်အခမ်းအနား ပြီးသည့်နောက်တွင် ကျောင်းသားများက နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဖြင့် ပြန်သွားကြပြီ ဖြစ်သည်။ ယွင်ဖန်းက ရိချန်းလျန်အား ကဗျာအကြောင်းမေးကာ နှစ်ယောက်သားက အပြန်အလှန် မေးခွန်းမေးရင်း လျှောက်သွားကြလေသည်။
"ဟေး"
စူးချင်းပိုင်က သူတို့နှစ်ယောက်ကို အနောက်ကနေ ခေါ်လိုက်ကာ ပြုံး၍မေးလာ၏။
"ငါတို့ ကန်တင်းကို အတူတူသွားလို့ရမလား?"
ရိချန်းလျန်က ဤလူအား အလိုလိုကို သဘောမကျဖြစ်နေခဲ့သည်မို့ စူးချင်းပိုင်ထံ သိပ်ပြီး ဖော်ရွှေမှုမရှိသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"မရဘူး"
စူးချင်းပိုင်က အငြင်းခံရပြီးတာတောင်မှ စိတ်မဆိုးဘဲ ပြုံးကာပြောလာသည်။
"ငါတို့အားလုံးက အတန်းဖော်တွေပဲလေ၊ ငါက အခုမှ ရောက်လာတဲ့သူဆိုတော့ ဘာကိုမှ မသိသေးဘူး"
ယွင်ဖန်းက ပြုံးကာဝင်ပြောလိုက်သည်။
"သူတို့နဲ့ ခင်ဖို့ မင်းဘက်က စပြောကြည့်လိုက်လေ။ အတန်းဖော်တွေက သဘောကောင်းပါတယ်”
စူးချင်းပိုင်က သူ့အား တစ်ချက်ကြည့်ကာ သူ့ဘာသာသူ ရယ်လိုက်လျက် စကားပြန်လာသည်။
"အင်း၊ သူတို့က သဘောကောင်းပါတယ်။ ဒါပေမဲ့ ငါထင်ခဲ့တာက ငါတို့ တစ်ရက်လောက် အတူထိုင်ခဲ့ပြီးပြီဆိုတော့ ရင်းနှီးသွားပြီများလားလို့လေ။"
"အားနာပါရဲ့"
ယွင်ဖန်းက သက်ပြင်းချလိုက်၏။
"ငါတို့က တစ်ခြားသူတွေနဲ့ အတူစားလေ့မရှိဘူး"
ထို့သို့ပြောလိုက်ပြီးနောက် သူက သူ့အား လျစ်လျူရှုကာ ရိချန်းလျန်နှင့်အတူ လျှောက်ထွက်သွားလိုက်သည်။
"စူးချင်းပိုင်၊ အတူသွားစားကြရအောင်!"
အတန်းတစ်ဆယ်မှ အတန်းဖော်အချို့က သူ့အား စိတ်အားထက်သန်စွာ ခေါ်လာ၏။
"အိုခေ"
စူးချင်းပိုင်က ရိချန်းလျန်နှင့် ယွင်ဖန်းတို့၏ နောက်ကျောကိုကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်တော့သည်။
"ငါလာပြီ"
****
"ဒီ စူးချင်းပိုင်ကို ငါတကယ် သဘောမကျဘူး"
ရိချန်းလျန်က မျက်မှောင်ကြုတ်ရင်း ဘန်းကိတ်ကို တတိတိကိုက်နေသည်။
"ငါလည်း သူ့နဲ့ဆို သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရတယ်"
ယွင်ဖန်းက ပဲနို့ဘူးအဖုံးကိုဖွင့်ကာ သူ့အတွက် အအေးခံပေးရင်း
"ကြက်ဥစားဦး"
"ဟမ်း"
ရိချန်းလျန်က ယွင်ဖန်း တခြားကြက်ဥတစ်လုံးအား ကျွမ်းကျွမ်းကျင်ကျင်အခွံနွှာနေသည်ကို ကြည့်နေလိုက်သည်။
နှစ်ယောက်စလုံးက ကြက်ဥအကာကိုအရင်စားလိုက်ကြပြီးမှ အနှစ်ကိုစားကြ၏။ ဘန်းမုန့်တစ်ကိုက် ကြက်ဥတစ်ကိုက်ဖြင့် သူတို့ လှုပ်ရှားမှုများက ပုံတူကူးထားသကဲ့သို့ပင်။
"ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးနေတယ်လို့ အမြဲခံစားမိနေတယ်"
ယွင်ဖန်းက မျက်လွှာချကာ ပြန်စဉ်းစားလိုက်၏။ သူ့စိတ်ထဲ မရေတွက်နိုင်သည့် ပုံရိပ်များ တဖျတ်ဖျတ်ပေါ်လာခဲ့ပေမဲ့ အဓိကအချက်ကိုတော့ မဆုပ်ကိုင်မိသေးပါချေ။
ရိချန်းလျန် မျက်မှောင်ကြုတ်သွား၏။
"သူက လူဆိုးဖြစ်နိုင်တယ်မလား?"
ယွင်ဖန်းက သူပြောတာကိုကြားတော့ ရယ်လိုက်၏။ ရိချန်းလျန်က ပဟေဠိဖြစ်သွားကာ
"မင်းက ဘာကိုရယ်တာလဲ?"
ယွင်ဖန်းက သူ့ဆီ ပဲနို့ တွန်းပေးလိုက်၏။
"ပူသေးတယ်၊ မသောက်ခင် မှုတ်ပြီးမှသောက်"
ရိချန်းလျန်၏ အာရုံက ပဲနို့ဆီ အရွှေ့ခံလိုက်ရကာ တစ်ငုံသောက်ပြီးနောက် အပူကြောင့် မျက်နှာမဲ့သွားလေကာ နောက်ဆုံးမှာတော့ နာကျင်နေသည့်အမူအယာဖြင့် မျိုချလိုက်ရတော့သည်။
"မှုတ်သောက်ပါလို့ ငါပြောသားပဲ"
ယွင်ဖန်းက သူ့မေးစေ့ကို လှမ်းဆွဲကာ ဖျစ်ညှစ်လိုက်လျက်
"လျှာကိုထုတ်လိုက် ငါကြည့်ပေးမယ်"
ရိချန်လျန်၏လျှာက အပူလောင်သွားတာကြောင့် ထုံနေ၏။ သူက ယွင်ဖန်းမြင်ရအောင် လျှာထုတ်ပေးလိုက်ကာ မသဲမကွဲရေရွတ်လာသည်။
"မလောင်တွားပူးမရား?"
"မလောင်ဘူး"
ယွင်ဖန်းက ရယ်လိုက်၏။
"ကတိုက်ကရိုက်ကြီးသောက်တာကိုး ခံသင့်တယ်"
ရိချန်းလျန်က ဒေါသထွက်စွာဖြင့် နောက်ဆုံးလက်ကျန်ကြက်ဥကို စားလိုက်ကာ၊
"ဒါတွေအားလုံးက စူးပိုင်ချင်းရဲ့ အပြစ်ပဲ"
"စူးချင်းပိုင်"
ယွင်ဖန်းက အမှားပြင်ပေးလိုက်သည်။
ရိချန်းလျန်က သူ့ကို တစ်ချက်ကြည့်ကာ
"မင်းသူ့ကိုကာပေးနေတာလား?"
"ဟုတ်ပါပြီ၊ စူးပိုင်ချင်း"
ယွင်ဖန်း လက်မြှောက်လိုက်လေ၏။
ရိချန်းလျန်က ကျေနပ်သွားသည်။သူတစ်ပါးနာမည်ကို အတင်းအကြပ်နာမည်ပြောင်းပစ်လိုက်ရတာကိုတောင် လိပ်ပြာမလုံသလို ရှိမနေချေ။
°°°°°°°°°
ထိုင်နေကျ ခုံနေရာလေးသို့ ပြန်ရောက်လာချိန်မှာတော့ ယွင်ဖန်းမှာ အတော်လေး ပျော်ရွှင်သလို ခံစားရကာ ပြိုင်ပွဲမေးခွန်းများ လေ့လာသည့်နေရာမှာတောင် နာကျင်ရသည်ဟု မမြင်တော့ပါချေ။
ရိချန်းလျန်က အတော်လေး သိချင်နေပုံဖြင့် ကြည့်ရန် အနားကပ်လာသည်။
"စမ်းဖြေကြည့်ချင်လား?"
ယွင်ဖန်းက သူ့ဘက်ဆီ မေးခွန်းကို တိုးပေးလိုက်၏။
ရိချန်းလျန်က ခေါင်းကိုနှစ်မြှုပ်ကာ ခဏလောက် တွက်ချက်နေခဲ့ပြီးနောက် တိတ်တဆိတ်ပင် မေးခွန်းကို ပြန်တွန်းပေးလာခဲ့၏။ ယွင်ဖန်းအပေါ် သူ့အကြည့်တို့က စာနာသနားမှုတို့အပြည့်ဖြင့်ပင်။
"မင်းအတွက်လည်း ခက်ခဲမှာပဲ"
ယွင်ဖန်း:"...နားလည်ပေးတာ ကျေးဇူးပါပဲ"
"မင်း တကယ် ရူပဗေဒပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတာလား?"
ရိချန်းလျန်က သူ့ကို မေးလာ၏။
"ငါ ကြိုးစားကြည့်ချင်တယ်။ မဟုတ်ရင် လောင်ဟဲကို ငါ ရှင်းပြချက်ပေးနိုင်မှာ မဟုတ်ဘူး"
ယွင်ဖန်းက သက်ပြင်းချလိုက်ကာ
"ဒါပေမဲ့ ငါတကယ် ပြိင်ပွဲမှာ အလျှော့ပေးမှာလည်းမဟုတ်ဘူး"
ရိချန်းလျန်က ခေါင်းညိတ်၏။ သူက ယွင်ဖန်း၏ စကားတို့ကို သဘောတူသည်ပင်။
သူ့ ဦးနှောက်က ကောင်းပေသော်ငြား အိုင်ကျူမြင့်သော မူလယွင်ဖန်းကဲ့သို့ ဉာဏ်ကြီးရှင်မဟုတ်သလို ချန်ကျစ်ချီးကဲ့သို့ ငယ်စဉ်တည်းကပင် ဂရုတစိုက် လေ့ကျင့်သင်ကြားခံလာခဲ့ရသည့် အထက်တန်းလွှာတစ်ယောက်လည်း မဟုတ်ပေ။ ပြောရလျှင် သူဟာ လုံ့လဝီရိယရှိရှိနှင့် ကြိုးစားလျှင်ကြိုးစားသလောက် နေရာရနိုင်သည့် သာမန်လူတစ်ယောက်သာ ဖြစ်ပေသည်။
မိမိကိုယ်ကိုယ် နားလည်လက်ခံခြင်းက တစ်ခါတစ်ရံ၌ မလိုအပ်သော နာကျင်မှုများစွာကို လျှော့ချနိုင်သည်ပင်။
ရိချန်းလျန်က ပဲနီလေးချောကလက်မုန့်(Mushroom Guli) ကို ဖောက်ကာ နည်းနည်းလောက်ဖဲ့ပြီး ယွင်ဖန်း၏ ပါးစပ်နားတိုးပေးလိုက်လျက် ပြောလိုက်သည်။
"ပါးစပ် ဟပါဦး"
ယွင်ဖန်းက မေးခွန်းလုပ်နေတုန်း မုန့် ခုနှစ်ခု ရှစ်ခုလောက် အကျွေးခံလိုက်ရ၏။ ချောကလက်နှင့် ဘီစကစ်ရောထားသည့် အချိုဓာတ်မှာ ပြိုင်ပွဲမေးခွန်းများကို အရမ်းကြီး မခက်တော့အောင်ပင် လုပ်ပေးနိုင်လေသည်။
"ရိချန်းလျန် မင်းကိုတစ်ယောက်ယောက် ရှာနေတယ်!"
တံခါးအပြင်မှ တစ်ယောက်က အော်လာ၏။
အကောင်ပေါက်လေးကို အစာခွံ့သလိုလုပ်နေသော ရိချန်းလျန်မှာ စိတ်ကိုမနည်းဆွဲဆန့်၍ ရပ်လိုက်ရရင်း
မပျော်မရွှင်ဖြင့် ထွက်သွားလိုက်တော့ စက္ကူအိတ်ကိုင်ထားသည့် မိန်းကလေးတစ်ယောက်က သူ့ကို ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
ပေရှင်းရှင်းက အနည်းငယ် စိတ်လှုပ်ရှားနေပေမဲ့ သူမအပေါင်းအသင်းများ၏ အားပေးမှုများကို ပြန်တွေးကြည့်လိုက်ပြီးနောက် သတ္တိရှိစွာဖြင့် ရိချန်းလျန်ထံ အိတ်ကို ကမ်းပေးလိုက်၏။
"ရိချန်းလျန်၊ ဒါတွေက နင့်အတွက် ငါလုပ်ထားတဲ့ ကွတ်ကီးနဲ့ ကိတ်မုန့်လေးတွေပါ !"
ဘေးတွင် စိတ်လှုပ်ရှားစွာ ဝိုင်းကြည့်နေကြသူများက လှုပ်လှုပ်ရှားရှားဖြစ်လာကြကာ တချို့က လေချွန်၍ပင် အားပေးလာသည်။ စူးချင်းပိုင်ကမူ လူအုပ်ကြားထဲ ရပ်နေလျှက် အတော်လေး စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။
ရိချန်းလျန်က မယူပေ။ ပေရှင်းရှင်း၏ လက်က လေထဲတွင် တန့်နေလျက်သား။
"ငါမှာ သဘောကျတဲ့သူ ရှိပြီးနေပြီ"
ရိချန်းလျန်၏ မျက်နှာထက်တွင် ဘာအမူအရာမှ မရှိပေ။ သူ့အသံက အေးစက်ကာ အနည်းငယ် စိတ်မရှည်ဖြစ်နေခဲ့၏။
ပေရှင်းရှင်း၏ မျက်လုံးတို့က ရုတ်ချည်းနီရဲသွားလေသည်။ သူမက မျက်ရည်မကျစေရန် ထိန်းလိုက်ကာ နှုတ်ခမ်းကိုက်လာပြီး ပြောလာ၏။
"ဒါက...ဒါက အဆင်ပြေပါတယ်။ ငါ နင့်ကို စောင့်နေမယ်!"
ထိုသို့ပြောပြီးနောက် သူမက မျက်ရည်များဖြင့် ထွက်ပြေးသွားတော့သည်။
ရိချန်းလျန်က ပတ်ဝန်းကျင်၏ အကြည့်များကို လျစ်လျှူရှုကာ တည်ငြိမ်စွာပင် သူ့နေရာဆီ ပြန်သွားလိုက်သည်။
ယွင်ဖန်းက ထိုင်နေဆဲပင်။ သူရေးချလိုက်သည့် ရှုပ်ထွေးနေသည့် ပုစ္ဆာအဆင့်ဆင့်ကို ကြက်ခြေခတ်ခြစ်လိုက်ကာ ပြောလိုက်သည်။
"မိန်းကလေးငယ်လေးကို ဒီလိုငြင်းလွှတ်လိုက်တာ မင်း အရမ်းရက်စက်လွန်းတယ်"
ရိချန်းလျန်၏ အကြည့်က သူ့ဘေးတစောင်းပုံရိပ်ဆီကျရောက်သွားလျက်
"ငါ့ကို ငြင်းတုန်းက မင်းကမှ ပိုပြီး ရက်စက်တာပါ"
"..."
ယွင်ဖန်းခမျာ လက်ထဲရှိ ဘောပင်ကို ဖိညှစ်လိုက်ကာ စကားမပြောတော့ပါချေ။
****
စိတ်လှုပ်ရှားဖွယ်ရာကို ကြည့်ပြီးနောက် စူးချင်းပိုင်က သူ့ခုံနေရာဆီ ပြန်သွားထိုင်တော့ သူ့ထိုင်ခုံဖော်အသစ်က အလေးအနက်မျက်နှာဖြင့် ဖုန်းနှင့် စာရိုက်နေသည်ကို တွေ့လိုက်ရသည်။ သူက စနောက်လိုက်၏။
"အရမ်းကြီး လေးလေးနက်နက်နဲ့ ဘာတွေ ရေးနေတာလဲ?"
ရှန်ကျိုးကျိုးက သူ့ကို တစ်ချက်တောင် ကြည့်မလာပေ။
"လျှို့ဝှက်ချက်"
စူးချင်းပိုင်က ထိုအကြောင်းထပ်မမေးတော့ပေမဲ့ အကြောင်းအရာကိုပြောင်းလိုက်သည်။
"ဒါနဲ့၊ နင် ရိချန်းလျန်ရဲ့ မိဘတွေကို မြင်ဖူးလား?"
"မြင်ဖူးတယ်"
ရှန်ကျိုးကျိုးက စာဆက်ရိုက်နေဆဲပင်ဖြစ်သည်မို့ အနည်းငယ် စိတ်ရှုပ်လာသည်။
"အို့? သူတို့က သူနဲ့ တူကြလား?"
စူးချင်းပိုင်က မေးပြန်သည်။
ရှန်ကျိုးကျိုးက နောက်ဆုံးမှာ ဖုန်းဆီမှ အကြည့်ခွာလာကာ သူ့အား သတိကြီးကြီးဖြင့် မေးလိုက်၏။
"နင်ကဒါကို ဘာလုပ်ဖို့ မေးတာလဲ?"
စူးချင်းပိုင်က ပြုံးလိုက်ကာ
"ဘာမှ မဟုတ်ပါဘူး၊ ငါက ဒီအတိုင်း ပေါ့ပေါ့ပါးပါး မေးလိုက်တာ"
"တစ်ယောက်ယောက်ရဲ့ မိဘတွေအကြောင်းကို ပေါ့ပေါ့ပါးပါးမေးတယ်ပေါ့။ နင်ကတကယ်ကို ယဉ်ကျေးတာပဲ"
ရှန်ကျိုးကျိုး၏ စကားလုံးများက ထက်ရှလှသည်။
"ရိချန်လျန်အကြောင်းကို ဘာကိစ္စစုံစမ်းနေတာလဲ?"
စူးချင်းပိုင်ကာ အပြစ်ကင်းစွာ ဖြေလိုက်၏။
"ငါ သူ့အကြောင်း သိချင်မိလို့လေ"
"စပ်စုလွန်းက ဘေးသင့်၏ တဲ့”
ရှန်ကျိုးကျိုးက သိပ်ပြီး မယဉ်ကျေးစွာ ပြောလာ၏။
စူးချင်းပိုင် မျက်လုံးများက အနည်းငယ် နက်ရှလာသည်။ သူ့ကို အလေးမထားသလို ခပ်ရိုင်းရိုင်းပြောသော မိန်းကလေးဟူသည်က အတော်ပင်ရှားရာ ယင်းက သူ့အား မပျော်မရွှင်ဖြစ်လာစေလေသည်။
ရှန်ကျိုးကျိုးကမူ ဖိုရမ်ထဲဝင်ကာ စာရိုက်လိုက်သည်။
[နောက်ဆုံးရသတင်း၊ မိန်းကလေးတစ်ယောက်က ရိချန်းလျန်ကို လာဝန်ခံတာ အညှာအတာမရှိ အငြင်းခံလိုက်ရတယ်။]
[မိန်းကလေးက သမန်းဝံပုလွေပဲ]
[လုပ်တာကောင်းတယ်!]
[စာနတ်ဘုရားရေ၊ စာနတ်ဘုရား၊ စာနတ်ဘုရားကို ခေါ်နေပါတယ်!]
ရှန်ကျိုးကျိုးက ပြန်ဖြေလိုက်သည်။
[စာနတ်ဘုရားက သူ့ခုံမှာသူ ထိုင်နေတယ်။ လေမျိုးရှစ်ပါးနဲ့လည်း မရွှေ့လျားနိုင်ဘူး၊ မတိုင်ခင်တုန်းကတော့ ရိချန်းလျန်ဆီက မုန့်ခွံ့ကျွေးတာကို ခံထားရတယ်]
(t/n: လေမျိုးရှစ်ပါး- လူတွေရဲ့ နှလုံးသားကို လှုံ့ဆော်ပေးနိုင်တဲ့ ကမ္ဘာပေါ်က အရာရှစ်မျိုးကို ဆိုလိုပါတယ်: အမြတ်၊ အရှုံး၊ ပျက်စီးခြင်း၊ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ နာကျင်ခြင်း နဲ့ ပျော်ရွှင်ခြင်း)
[ဘာရယ်!?]
[အရမ်းကို ငြိမ်းချမ်းစွာနဲ့ ထွက်ခွာသွားပါပြီ၊ ကျေးဇူး]
[အဓိက ဇနီးသည်၏ တည်ငြိမ်ခြင်းရုပ်ပုံ .jpg]
[.....…]
ရှန်ကျိုးကျိုးက နောက်ဆုံး ဝါကျကို မျက်နှာသေဖြင့် ရိုက်လိုက်၏။
"[ငါ့ရဲ့ CPကို ခွဲရဲ့တဲ့ ဘယ်သူကိုမဆို ၊ ငါရိုက်ချိုးပစ်မှာ[အပြုံးအီမိုဂျီ]]
သူမက ဖုန်းကို ခုံထဲ အမြန် ပစ်ထည့်လိုက်ပြီး နောက်တစ်စက္ကန့်မှာပင် ကျောင်းခေါင်းလောင်းသံ မြည်လာလေ၏။ စာသင်ခန်းထဲ ဆရာဝင်လာပြီဖြစ်သည်။ စူးချင်းပိုင် အသိပြန်ဝင်လာချိန်၌ ခုနလေးတင် ဖုန်းဖြင့်စာရိုက်နေသူက ခုတော့ ဘောပင်ကိုင်ကာ အတွေးနက်နေဟန်ဖြင့် မျက်မှောင်ကြုတ်လျက် စာလုပ်နေတာကို တွေ့လိုက်ရလေသည်။
စူးချင်းပိုင်မှာ မြင်ကွင်းကြောင့် အံ့ဩဘနန်းဖြစ်ရလျက်သား။