no

Font
Theme

အရိုက်ခံရဖို့ ထိုက်တန်၏

ဟွမ်ချုးက တံခါးဝတွင် ထိုင်နေပြီး မစ်တီးထဲမှ ပုလဲများကို စုပ်သောက်နေ၏။ ယွင်ဖန်းနှင့် ရိချန်းလျန် တို့ လာနေသည်ကိုမြင်တော့ သူက ထိုသူတို့ထံ လက်ယမ်းပြလိုက်သည်။

"ယို့၊ သုံးနာရီလောက်စောင့်လိုက်ရတာ တန်သားပဲ"

ဟွမ်ချူးက ပုလဲကို ကြမ်းကြမ်းတမ်းတမ်း ကိုက်ဝါးလိုက်ကာ ယွင်ဖန်းကို ပြောလိုက်သည်။

"မင်းမှာ လာဖို့ နှလုံးသားရှိသေးသားပဲ"

ယွင်ဖန်းက ထိုသူအား ပြောစရာမဲ့စွာ ကြည့်လိုက်၏။

"ခင်ဗျားရဲ့ ရှေ့နေရုံးက နှစ်ထပ်မြောက်မှာရှိတာလေ"

"အခုဆို ငါ မင်းရဲ့ဆိုင်ကို ကူကြည့်ပေးနေရသေးတယ်လေ"

ဟွမ်ချူးက လုံးဝကို အပြစ်ရှိသလို မခံစားရလေဟန်ဖြင့် ရိချန်းလျန်ကိုကြည့်လိုက်၏။

"ဝိုး၊ ချောလိုက်တဲ့ လူငယ်လေးပဲ"

ယွင်ဖန်းက ထိုသူ့အား ရိချန်းလျန်နှင့် မိတ်ဆက်ပေးလိုက်သည်။

"ဟွမ်ချူးတဲ့၊ မင်းမွေးစားမိဘတွေကို တရားစွဲဖို့ ကူညီပေးမဲ့ ရှေ့နေ"

ရိချန်းလျန်က ဟွမ်ချူးထံ အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

"မင်္ဂလာပါ၊ ရှေ့နေဟွမ်""

"မင်္ဂလာပါ၊ မင်္ဂလာပါ"

ဟွမ်ချူးက သူ့ မစ်တီးနှင့်အတူအတော်လေး လှုပ်လှုပ်ရှားရှားဖြစ်လာကာ

"မင်းက မင်းရဲ့အစ်ကိုထက်ကို ပိုယဉ်ကျေးတာပဲ"

ရိချန်းလျန်:"??"

ယွင်ဖန်းက သူ့အား ဆိုင်ထဲကိုသာ တိုက်ရိုက်ခေါ်သွားလိုက်သည်။ ဆိုင်က သိပ်မကြီးချေ။ ထိုင်နေသည့် စားသုံးသူ ခုနှစ်ယောက် ရှစ်ယောက်မျှသာရှိပြီး အများစုမှာ အားလပ်ရက်ရထားသည့် ကျောင်းသားများဖြစ်သည်။ ရှေ့ကောင်တာတွင် အသက် သုံးဆယ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ယောက်က မစ်တီးဖျော်နေပြီး ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ရန် အနည်းငယ် အလုပ်ရှုပ်နေသည်။

"ဒါက အစ်မကျောက်"

ယွင်ဖန်းက ရိချန်းလျန်အား အနောက်ဘက်မှ ခေါ်သွားကာ ကျောက်ဖန်းနှင့် မိတ်ဆက်ပေးသည်။

"အစ်မကျောက်၊ ဒါက ရိချန်းလျန်"

"သူဌေးက အစ်မကို အများကြီး ပြောပြဖူးတယ်၊ မင်္ဂလာပါ ရှောင်ရိ"

ကျောက်ဖန်းက အတော်လေး ပိန်ပါး၏။ သူမ မျက်နှာက ဖယောင်းဝါရောင်ပေါက်နေကာ လူများအား အားနည်းသည့်ခံစားချက်ကို ပေးစွမ်းသည်။ သို့ပေမဲ့ ဘဲဥပုံမျက်နှာကျရှိ၍ တောက်ပပြီး ဝိညာဉ်စွမ်းပြည့်နေသည့် မျက်လုံးတစ်စုံနှင့်အတူ ဆံပင်တို့အား ခေါင်းနောက်တွင် သပ်သပ်ရပ်ရပ် စုစည်းထားသည့် သူမ၏ သွင်ပြင်သဏ္ဍာန်ကတော့ အတော်လေး လှပလေသည်။

ရိချန်းလျန်က မျက်နှာတည်တည်တံ့တံ့ဖြင့် ခေါ်လိုက်၏။

"မင်္ဂလာပါ အစ်မကျောက်"

ကျောက်ဖန်းက မစ်တီး ဖျော်ရင်း အလုပ်များနေကာ သိပ်ပြီးဂရုမစိုက်နိုင်ပေ။ ဤသည်ကို ကြည့်ကာ ရိချန်းလျန်က သူ့ အင်္ကျီလက်က ‌လိပ်တင်လိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်တော် ကူညီပါရစေ"

"အာ၊ ကောင်းတယ်"

ယွင်ဖန်းက သူမအား မိတ်ဆက်ပေးထား၍ ဖြစ်နိုင်၏။ ကျောက်ဖန်းက သူ့အား အလုပ်လုပ်ရင်းဖြင့် သင်ကြားပေးလာကာ ရိချန်လျန်သည်လည်း အတော်လေး လျင်မြန်စွာ တတ်မြောက်သွားပြီး တစ်နာရီ မကြာလိုက်ခင်မှာပင် အလုပ်စလုပ်နိုင်ပြီဖြစ်သည်။

ယွင်ဖန်းက မူလတွင် ကူညီပေးရန် အောက်မှာသာ နေဖို့ ရည်ရွယ်ခဲ့တာပေမဲ့ ဟွမ်ချူးဆီမှ ဒုတိယထပ်သို့ ဆွဲခေါ်ခံသွားရတော့သည်။

"နောက်ဆုံးတစ်ခေါက်က အပြင်ပိုင်းပစ္စည်းကိရိယာငှားရမ်းတဲ့က်ိစ္စအကြောင်း ငါ့ကို ပြောပါဦး"

ဟွမ်ချူးက အံဆွဲထဲမှ ပိုက်ဆံတစ်ထပ်ကို ဆွဲထုတ်လာ၏။

"ငါ့ရဲ့ ကံကြမ္မာတစ်ခုလုံးက မင်းအပေါ်ပဲ ယုံကြည် အပ်နှံထားတာနော်။ မင်းသာ မလုပ်နိုင်ရင် ငါတော့ လမ်းဘေးရောက်ပြီ”

"စာချုပ်"

ယွင်ဖန်းက ပြောသည်။

ဟွမ်ချူးက အေဖိုးစာရွက် အထပ်လိုက် ထုတ်လာ၏။

"ဒါက အကြမ်း၊ တစ်ချက်ကြည့်လိုက်ဦး"

ယွင်ဖန်းက စာရွက်ကို ငုံ့ကြည့်လိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်နှင့် ပတ်သက်၍ သူ့တွင် မှတ်ဉာဏ်အများကြီး မရှိပါချေ။ အများစုက နောက်ဆုံးထွက် သတင်းများ‌၊ သတင်းစာများ သို့မဟုတ် တခြားသူများ၏ ပြောစကားများအပေါ် မှီခိုနေခဲ့တာဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က မည်သည်တို့ စတင် ရေပန်းစားလာသည်၊ မည်သူက ရင်းနှီးရဲကာ ငွေများစွာ ရှာနိုင်ခဲ့သည် စသည်တို့ကို သူသိပ်ပြီး အလေးအနက်ထား နားမထောင်မိခဲ့ပေ။ သူက တစ်ခု နှစ်ခုလောက်သာ မှတ်မိနေခဲ့ရုံသာ ဖြစ်သည်။

ဘယ်လောက်ထိ ပိုက်ဆံရှာနိုင်လောက်မလဲကို သူဂရုမစိုက်။ သူနှင့် ရိချန်းလျန်တို့ နှစ်ယောက်လုံးအတွက် အထက်တန်းပြီးသည်ထိ လောက်ခနိုင်လျှင် တော်ပြီဖြစ်သည်။

ဘွဲ့ရပြီးလျှင်တော့ တည်ငြိမ်သည့် အလုပ်တစ်ခု ရှာနိုင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ဘဝကို ဖြတ်သန်းနိုင်မည်ပင်။

တစ်ချိန်ကတော့ အသက်နှင့်ပိုက်ဆံကိုလဲကာ လက်ထဲမှာ ငွေများသထက်များအောင် လုပ်ရတာကို အသားကျဖူးသည်။ယင်းက သာမန်လူများ တစ်သက်လုံးစုဆောင်းလျှင်တောင် ရလာနိုင်မှာမျိုး မဟုတ်သည်ထိ ရှိလာသော်ငြား သူနည်းနည်းလေးမှ စိတ်မချမ်းသာခဲ့။ သူ့ဘဝက ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရင်း ငွေတွေကြဲချနေသော လူရွှင်တော်နှင့်ပင်တူသေးသည်။ ထိုငွေတို့က သွေးများ၊ အညစ်အကြေးများဖြင့် ပေကျံနေပြီး သူကိုယ်တိုင်လည်း ဘယ်ချိန်ဘယ်ခါမှာ ကြိုးတန်းပေါ်ကနေ ပြုတ်ကျသွားမလဲဆိုတာ မသိနိုင်ခဲ့ပါချေ။

ရိချန်းလျန်ကိုတော့ သန့်ရှင်းသည့်ငွေများသာ သူပေးချင်မိလေသည်။

****

နှစ်သစ်ကူးအကြိုနေ့‌တွင်တော့ ယွင်ဟဲယွီဟာ တစ်ကိုယ်လုံးနှင်းများဖုံးလျက်သားဖြင့် တခြားမြို့ကနေ အလျင်စလိုပြန်လာလာလေသည်။

ထန်ရိခမျာ ဤရက်များအတွင်း စိုးရိမ်ပူပန်နေခဲ့ရကာ ယွင်ဟဲယွီပြန်လာမှသာလျှင် စိတ်အေးသွားရ၏။

ယွင်ဟဲယွီကတော့ အိမ်ထဲရောက်သည်နှင့် သယ်လာသော လက်ဆောင်များစွာနှင့်အတူ အော်ပြောလိုက်တော့သည်။

"ထန်ထန်ရေ၊ အဖေ မင်းအတွက် ဘာယူလာလဲဆိုတာ လာကြည့်ပါဦး!"

သူ့ဉာဏ်ရည်ကို သံသယဝင်ရင်းဖြင့် ပြိုင်ပွဲမေးခွန်းများဖြင့် အခန်းထဲ ရုန်းကန်နေရသူ ယွင်ဖန်းမှာ နောက်ဆုံးတော့ နိုးထလာပြီပင်။ သူက တံခါးဖွင့်လိုက်တော့ ယွင်ဟဲယွီထံမှ အဖက်ခံလိုက်ရသည်။

"ဟေး ယို့၊ လတစ်ဝက်ကျော်လောက် မတွေ့ရတော့ သားလေး၊ မင်း ပို ပိုပြီးလေးလာပြီပဲ!"

ယွင်ဖန်း:"....."

ယွင်ဟဲယွီ သူ့အတွက် သယ်လာခဲ့သည့် နှစ်သစ်ကူးလက်ဆောက်မှာ အဆင့်ကိုးဆင့်ပါ ရုဘစ်ကုဗတုံး ဖြစ်သည်။ ယွင်ဖန်းက လေးလံသည့် ရုဘစ်ကုဗတုံးကို ကိုင်ကာ ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖေ"

"ကောင်စုတ်လေး မင်း အဖေ့ဆီမှာ အဲ့ဒါကိုနှစ်နှစ်လောက်တောင်းလာခဲ့တာမလား။ဒါပေမဲ့

ဆိုင်တွေမှာလည်း အရောင်းမရှိတော့ အဖေ့မယ် ဝယ်ပေးလို့ မရခဲ့ရဘူးလေ။ ကံကောင်းချင်တော့ ဒီတစ်ခေါက် မြို့ကြီးကို သွားခဲ့ရလို့ပဲ ...."

ယွင်ဟဲယွီက သူ့ခေါင်းကို ပုတ်လိုက်ကာ

"နောက်ဆို မင်းကို တမင်မဝယ်ပေးတာလို့ မပြောရတော့ဘူးနော်၊ ဟားဟား!"

ပြီးနောက်တွင်မူ သူက ထန်ရိအတွက် ဝယ်လာသည့် စကပ်ကို ကြည့်ခိုင်းရန် ဆွဲထုတ်လိုက်သည်။ ထန်ရိက စကပ်ရလာ၍ အတော်လေး ပျော်နေကာ ဝတ်ကြည့်ရန် အခန်းထဲ ဝင်သွားတော့သည်။

ယွင်ဖန်းကတော့ ရုဘစ်ကုဗတုံးကိုယူကာ အခန်းထဲ ပြန်သွားပြီး စာအိတ်များ ထည့်ထားသည့် အံဆွဲထဲသို့ ထို

ရုဘစ်ကုဗတုံးကိုပါ ထည့်လိုက်၏။ အတွင်းထဲတွင် ယွင်ဖန်း၏ သီးသန့်ပစ္စည်းအနည်းငယ်နှင့် စာအိတ်တို့ ရှိနေသည်ပင်။

ယွင်ဖန်းက ရုဘစ်ကုဗတုံး ကို ပုတ်လိုက်ကာ

"မင်းအဖေ မင်းအတွက် ရုဘစ်ကုဗတုံး ဝယ်လာပေးတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ယွင်ဖန်း"

ရုဘစ်ကုဗတုံးလေးဟာ အံဆွဲထဲမယ် ငြိမ်သက်စွာ ရှိနေလျက်။ ယွင်ဖန်းက ခဏလောက်ကြည့်ပြီးနောက် အံဆွဲကို သော့ခတ်လိုက်တော့သည်။

"ဒီနှစ်မှာ၊ အဖေနဲ့အမေက နှစ်သစ်ကူးဖို့ စန်းကောဆီ သွားကြမှာဆိုတော့…ကိုယ်တို့ နောက်မှပဲ သွားရတော့မှာပဲ”

ယွင်ဟဲယွီက အပြင်ဘက်တွင် ထန်ရိနှင့် ကိစ္စများ ဆွေးနွေးနေသည်။

ထန်ရိက ဘာပြောလိုက်သည်မသိချေ။ယွင်ဟဲယွီက ထိတ်လန့်စွာဖြင့် အသံပြုလာသည်။

“အဲ့ဒါက သင့်တော်ရဲ့လား?"

"ဘာကို မသင့်တော်စရာရှိလို့လဲ?"

ထန်ရိက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေခဲ့ပြီးနောက် သူမ၏ အသံကိုပြောင်းလိုက်၏။

"သူ ဆန္ဒ ရှိမရှိကိုသာ ကျွန်မမသိနိုင်တာ....။ သူ မသက်မသာခံစားရရင် ဘယ်လို လုပ်မလဲ?"

"ထန်ထန်ကို မေးလိုက်ကြတာပေါ့"

ယွင်ဟဲယွီက နောက်ဆုံး ဆုံးဖြတ်ချက်ချကာ အခန်းထဲကို အော်ပြောလိုက်သည်။

"ထန်ထန်!"

ယွင်ဖန်းက ထွက်လာလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"သားရဲ့ ကောင်လေး-အဲ-"

ယွင်ဟဲယွီစကားက လမ်းတစ်ဝက်မှာ ထစ်သွားခဲ့လျက်

" အတန်းဖော် ရှောင်ရိကို နှစ်သစ်ကူးအတွက် အဖေတို့အိမ်ကို လာခဲ့ချင်လားလို့ သွားမေးပါလား”

"?"

ယွင်ဖန်း ပဟေဠိဖြစ်သွားသည်။

"သူက ဘာလို့ နှစ်သစ်ကူးကို ဒီမှာ ကုန်ဆုံးချင်ရမှာလဲ?"

"ဒီကလေးကတော့၊ မင်း ဘာမှ နားမလည်ပါဘူး"

ထန်ရိက သူ့ကို စိုက်ကြည့်ကာ

"အရင်တစ်ခေါက်က သူက မိဘမဲ့ဖြစ်ပြီး တစ်ယောက်တည်း နေတာလို့ သား မပြောခဲ့ဘူးလား?"

"သူတစ်ယောက်တည်းနေတာဟုတ်တယ်လေ"

ယွင်ဖန်းက မျက်မှောင်ကြုတ်လိုက်ရင်း။

"ဒါပေမဲ့-"

"ဒါပေမဲ့ ဘာဖြစ်လဲ။ လမ်းတစ်ဖက်က အဆောက်အဦးကိုသွားပြီး မေးလိုက်ရုံပဲမလား”

ထန်ရိက အမြန်ပြောပြီးမှ ကမန်းကတန်းပါးစပ်အုပ်လိုက်ရင်း အနေခက်စွာ ရယ်မောလိုက်သည်။

ဤတစ်ကြိမ်မှာတော့ ယွင်ဖန်းမှာ အမှန်ကို အံ့ဩသွားရပြီဖြစ်သည်။

"အမေ ဘယ်လိုသိတာလဲ-"

"အမေက သားရဲ့အမေလေ၊ သေချာပေါက် အားလုံးကို သိတာပေါ့"

ထန်ရိက သူ့ကျောက်ိုရိုက်လိုက်ကာ

"မြန်မြန်သွားပြီးမေးလိုက်၊ အချိန်ဆွဲမနေနဲ့!"

အိမ်ပြင်သို့ တွန်းထုတ်ခံလိုက်ရသည့် ယွင်ဖန်း:"....."

•••••••••

တံခါးအတွင်းဘက်တွင်မူ ယွင်ဟဲယွီက မျှော်လင့်တကြီးဟန်ဖြင့်

"သူ ဘယ်လိုပုံစံမျိုးလဲဆိုတာ ကိုယ်အခုထိ မတွေ့ဖူးသေးဘူး"

“သူက ကျွန်မတို့သားနဲ့ အရပ်ချင်း တူတူပဲ၊ အရမ်းကိုချောတဲ့ကောင်လေး! အရပ်ရှည်ပြီး ခြေတံလည်းရှည်တယ်!"

ထန်ရိက သူကို စိတ်အားထက်သန်စွာ ပြောပြလာသည်။

"ကျွန်မအမေအိမ်ကနေ ပြန်လာတဲ့ အဲ့ဒီနေ့တုန်းကလေ၊ ကျွန်မပြန်လာဖို့ အစီစဉ်မရှိခဲ့ပေမဲ့ နှစ်သစ်ကူးအကြိုကို ထန်ထန်တစ်ယောက်တည်း ဖြတ်သန်းနေရမှာ စိုးရိမ်လို့ စောစောပြန်လာခဲ့တာ။ လမ်းထောင့်ချိုးကို ချိုးလိုက်ချင်းမှာပဲ သူတို့နှစ်ယောက် ဖက်နေကြတာကို မြင်လိုက်ရတယ်လေ.....နှင်းတွေအရမ်းထူနေတာကိုများ ဂရုမစိုက်ကြဘူး… သူတို့နှစ်ယောက်ကိုကြည့်ရတာ အရူးလေးတွေနဲ့တောင်တူသေးတယ်”

ယွင်ဟဲယွီက သူမအားဆွံ့အစွာကြည့်လိုက်သည်။

"ပြီးတော့ရော?"

"ပြီးတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ဘက်က အဆောက်အဦးထဲကို ဝင်သွားတယ်"

ထန်ရိကာ နှုတ်ခမ်းတွန့်လိုက်လျက်။

"လူဆိုးလေးက အိမ်မှာညစာစားတယ်လို့တောင် လိမ်လိုက်သေးတယ်။ ကျွန်မက သူ့ကိုမွေးထားတာ မသိစရာလား။ အပြုံးမျက်နှာလေးကြောင့် ရှင်အရူးလုပ်မခံရစေနဲ့။ မကောင်းတဲ့အကြံတွေပြည့်နေတဲ့ လူဆိုးကောင်စုတ်လေး”

“အမလေး…အဲ့လိုလုပ်လို့ဖြစ်ပါ့မလား။ သူတို့က ငယ်သေးတယ်လေ”

ယွင်ဟဲယွီက ဖခင်အိုတစ်ယောက်၏ ပူပင်မှုကို ဖော်ပြလာသည်။

ထိန်ရိကမူ သူ့ကို ခပ်ပြင်းပြင်းလိမ်ဆွဲလိုက်ကာ ပြောလာ၏။

"ရှင့်တောင်မှ ဆယ့်ငါးနှစ်မပြည့်ခင်ကတည်းက ကျွန်မအခန်းရဲ့ ပြတင်းပေါက်ပေါ် ကျော်တက်လာရဲသေးတာပဲ၊ ဘာလို့ အကြောင်းကိုကျ မပြောတာလဲ!"

ယွင်ဟဲယွီက ရယ်လိုက်လျက်။

"ကိုယ် ယောက္ခမကြီးဆီမှာ တံမြက်စည်းနဲ့ အဆော်ခံလိုက်ရတာပဲ မဟုတ်ဘူးလား...."

"ရယ်ရဲသေးတယ်ပေါ့”

ထန်ရိက မျက်ဆံလှန်ပြလာကာ

"ကြောင်သူတော်ကြီး!’

ယွင်ဟဲယွီ၏ မျက်နှာအိုကြီးမှာ သူမစကားကြောင့် နီသွားလေရင်း စကားလမ်းကြောင်းပြောင်းကာ သားဖြစ်သူရှိရာအရပ်ဆီ လက်ညှိုးထိုး၍ ပြောလိုက်သည်။

"အဲ့ဒီကလေးမှာ ဘယ်လို အကျင့်စရိုက်ရှိတယ်ဆိုတာ ကိုယ်တို့ မသိဘူး"

"ဒါကြောင့်မို့ သူ့ကိုတစ်ချက်လောက်ခေါ်လာပြီး ခေါ်ကြည့်မှာလေ"

ထန်ရိက ပြောသည်။

"ထန်ထန်က အဲ့ဒီဘက်ကို နေ့တိုင်းပြေးသွားနေတာပဲ။ သူက ဘယ်လိုကလေးမျိုးလဲဆိုတာ မသိရရင်ကျွန်မ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ သူက ရိုးသားတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ သူက မကောင်းတဲ့လူအမျိုးအစားဖြစ်ခဲ့ရင် လျှို့ဝှက်တတ်ပြီး မယုံရတဲ့လူဆိုရင်တော့ သူ့ခြေထောက်ကို ကျွန်မ ဘယ်လိုချိုးပစ်မလဲဆိုတာသာကြည့်တော့!"

“ခုနလေးကတင် သူ့ကို ချောတယ်ဆိုပြီး ချီးမွမ်းနေတာမဟုတ်ဘူးလား"

ယွင်ဟဲယွီက သူမအသံကို တုပ၍ ပြောလာ၏။

"အရပ်ရှည်ပြီး ခြေတံလည်း ရှည်တယ်ရှင့်!"

"ရုပ်ချောနေရုံနဲ့ ဘာသုံးစားလို့ရမှာလဲ!"

ထန်ရိက ဒေါသထွက်စွာ ပြော၏။

“ဟိုတုန်းကဆို ကျွန်မမှာ ရှင့်ရုပ်ကိုကြည့်ပြီး အရူးလုပ်ခံခဲ့ရတာလေ!”

ယွင်ဟဲယွီ:"...ဒါက ဘယ်လိုလုပ်ပြီး ကိုယ့်ဘက်ကို လှည့်လာရပြန်တာတုန်း?"

****

ယွင်ဖန်းက သူ့လာရင်းရည်ရွယ်ချက်ကို ရှင်းပြလိုက်တော့ စောင်ထဲမှာ အိပ်နေဆဲဖြစ်သည့် ရိချန်းလျန်ကမျာ အူကြောင်ကြောင်ရုပ် ဖြစ်သွားတော့သည်။

"ဟမ်?"

သူက မနေ့ညက နောက်ကျသည်အထိ ဆ်ိုင်တွင် အစ်မကျောက်နှင့်အတူ အလုပ်ရှုပ်နေခဲ့တာဖြစ်သည်မို့ နေမြင့်သည်အထိ အိပ်နေခဲ့တာ ဖြစ်သည်။ ယွင်ဖန်းက သူ့ကို ပြောလာချိန်မှာ အနည်းငယ် ရှုပ်ထွေးနေဆဲပင်။

"သွားမှာလား မသွားဘူးလား?"

ယွင်ဖန်းကမေးသည်။

"ငါ မင်းပြောတာကို နားထောင်မယ်"

ရိချန်းလျန်က ထထိုင်ကာ မျက်လုံးပွတ်လိုက်သည်။ ပြီးခဲ့သည့်ညက အတော်လေး ပူအိုက်ခဲ့တာကြောင့် အပေါ်ပိုင်းတွင် ဘာမှ မဝတ်ထားခဲ့ပေ။ သူ့ခါးထက်တွင် ကြွက်သားအလွှာပါးပါးတစ်ထပ်ရှိနေပြီး ထိုသည်က အဆီပိုမရှိဘဲ စွမ်းအားပြည့်ဖြင့် အတော် လှလေသည်။

ယွင်ဖန်းက မထိန်းနိုင်စွာဖြင့် သူ့ကို ပုတ်လိုက်ပြီး မြှောက်ပေးလိုက်၏။

"ကောင်းလိုက်တဲ့ တည်ဆောက်ပုံ"

ရိချန်းလျန်က သူ့ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် ဗိုက်ကြွက်သားအရာခပ်ရေးရေးပေါ်နေလေ၏။ ထို့နောက် သူက ယွင်ဖန်းကို ကြည့်လိုက်သည်

"မင်းမှာရော ရှိလား?"

"...ရှိခဲ့ဖူးတာပေါ့"

ယွင်ဖန်းက အတော်လေး ပါးပါးနပ်နပ် ဖြေလိုက်သည်။

ရိချန်းလျန်သည် သူ၏ ကြိုတင်ပြင်ဆင်မထားခြင်းကို အခွင့်ကောင်းယူကာ လှုပ်ရှားမှုတစ်ခုဖြင့် ယွင်ဖန်းဆွယ်တာကို ပင့်တင်လို့ ကြည့်လိုက်လေသည်။

ဖြူဖွေးပါးလှပ်၍ အနည်းငယ်တောင်မှ နူးညံ့လှကာ အတော်လေး ထိချင်စဖွယ်ပါပင်။

ယွင်ဖန်းက မပျော်မရွှင်ဖြင့် သူ့လက်ကို ရိုက်ချလိုက်၏။

" အနည်းဆုံးတော့ ငါ့က ဗိုက်ကြွက်သားခြောက်မြောင်းရှိဖူးတယ် ။အခုမင်းဟာက လိုင်းရေးရေးတွေပဲ ရှိသေးတာ"

ယောက်ျားလေးဟူသည်က ဘယ်အသက်ရွယ်တွင်မဆို ဒါမျိုးကိစ္စမှာဆို နိုင်ချင်ကြသူချည်းသာ ဖြစ်၏။

"ငါက ငယ်သေးတယ်လေ"

ရိချန်းလျန်က ကုတင်ခေါင်းရင်းတွင် ပျင်းရိစွာ မှီကာ ပြုံးလိုက်ရင်းဖြင့်

"ငါ ကြီးလာရင် ဗိုက်ကြွက်သားရှစ်မြောင်းနဲ့ တစ်ရာ့ကိုးဆယ် စင်တီမီတာရှည်တဲ့ လူကြီးတစ်ယောက် ဖြစ်လာမှာသေချာပေမဲ့ မင်းကတော့ မဖြစ်နိုင်တော့ဘူး”

"လက်လျှော့လိုက်တော့၊ မင်းမှာ ဗိုက်ကြွက်သားခြောက်မြောင်းနဲ့ အများဆုံးက တစ်ရာ့ရှစ်ဆယ့်ရှစ်လောက်ပဲရှည်လာမှာ"

ယွင်ဖန်းက သုန်မှုန်စွာပြောလိုက်သည်။

"အခုဖြင့် အမွေးတောင် စုံအောင် မပေါက်သေးဘဲနဲ့များ ကြွားချင်နေသေးတယ်"

ရိချန်းလျန်က သူ့အား အားရပျော်မြူးစွာကြည့်လိုက်ကာ

"ငါ့အမွေးတွေ ပေါက်ပြီး မပြီးကို မင်းက ပိုပြီး ကောင်းကောင်းသိမှာပေါ့"

ယွင်ဖန်း:"....."

အမှန်ကိုပင်၊ လူ‌ပျိုဖော်ဝင်စ ချီးပေါက်စော်နံသည့် လူယုတ်မာလေးမလေးဟာ အရိုက်ခံရဖို့ ထိုက်တန်နေပြီဖြစ်ပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment