<ပန်းပွင့်လေး>
"မင်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်သေးလား?"
ယွင်ဖန်း၏အသံက အနည်းငယ် ခပ်တင်းတင်းဖြစ်နေ၏။
ထိုလေသံကြောင့် ရိချန်းလျန်မှာ ဒီတစ်ယောက်က သူ၏ အချိန်အတော်ကြာပျောက်ဆုံးနေသော အဖေများလားဟုပင် မနေနိုင်မထိုင်နိုင် တွေးမိသွားရသည်။
ရိချန်းလျန်က ခေါင်းလှည့်လိုက်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
"မဖြစ်ပါဘူးဆို !"
ယွင်ဖန်းက သူ့စကားထဲကနေ မကျေမချမ်းသံ အရိပ်အမြွတ်အနည်းငယ်ကို ထူးထူးဆန်းဆန်း ကြားမိသွားရကာ မသိလိုက်စွာဖြင့်ပင် အကြည့်တို့ကအနည်းငယ် နူးညံ့သွားလေသည်။
"တကယ်လား?"
နှလုံးသားထဲ ဒေါသများစိုက်ဝင်နေခဲ့သည့် ရိချန်းလျန်က ရုန်းကန်လိုက်လျက်ဖြင့်
"လွှတ်တော့။ငါ မင်းနဲ့ ရန်မဖြစ်ချင်ဘူး!"
ယွင်ဖန်း၏ စိတ်ရှည်မှုက အကန့်အသတ်ရှိလေသည်။ ပါးနပ်သည့် လှုပ်ရှားမှုနှင့်အတူ သူက ရိချန်းလျန်၏ လက်မောင်းကို နောက်ကျောဆီသို့ ဆွဲလှည့်ကာ နောက်လက်တစ်ဖက်နှင့် လည်ပင်းကို ဖိထားလိုက်ပြီး သူ့ခြေထောက်များကြားသို့ ခြေထောက်တစ်ဖက်လျှိုဝင်လိုက်ကာ ကောင်လေးအား နံရံတွင် တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။
ရိချန်းလျန်မှာ အသိမဝင်ခင် မျက်နှာနှင့်နံရံက ရိုက်မိသွား၏။ သူ့ခွန်အား အားလုံး သုံးတာတောင်မှ လုံးဝ လှုပ်လို့မရပါချေ။
"ငါလူး ! ငါ့ကိုလွှတ်ပေး!"
ယွင်ဖန်းက ရုတ်တရက်ပင် သူ့ကျောင်းဝတ်စုံကို မတင်လိုက်ကာ သူ့နောက်ကျောရှိ ဒဏ်ရာခပ်ကြီးကြီးကို ကြည့်ပြီးမေးလိုက်သည်။
"အရင်ဆုံး ဘာဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုပြောပြ"
ရိချန်းလျန်မှာ ဒေါသတွေထွက်လွန်း၍ နားရွက်များပင် ရဲလာ၏။
"မင်းသောက်လုပ်မဟုတ်ဘူး!"
"မင်း မပြောဘူးဆိုရင် ငါလွှတ်မပေးဘူး"
ယွင်ဖန်းက အသံကိုတိုးလိုက်ကာ သူ့နားအနားကိုကပ်လျက် ပြောလိုက်၏။
"ငါ့မှာ မင်းနဲ့ဖြုန်းစရာ အချိန်တွေ ပေါတယ်"
ရိချန်းလျန်မှာ နောက်ဆုံးတော့ အရူးတစ်ယောက်ကို သွားဆွမိကြောင်း နားလည်သွားလေသည်။ လွန်ခဲ့သည့် တစ်စက္ကန့်တုန်းက ထိုသူက ကြင်နာစွာဖြင့် သင်ထောက်ကူပစ္စည်းများ ပေးနေခဲ့ပြီး နောက်တစ်စက္ကန့်ကျတော့ မျက်နှာပြောင်းကာ သူ့အား နံရံတွင် ဖိကပ်လျက် လူသတ်တော့မည့် လေသံဖြင့် ခြိမ်းခြောက်လာခဲ့လေပြီ။
ကြောက်စရာအကောင်းဆုံးက သူက ထိုသူ့အား ပြန်မရိုက်နိုင်ခြင်းပင်။
ခဏလောက်ရုန်းကန်နေခဲ့ပြီးနောက် ရိချန်းလျန်သည် သူက ပြိုင်ဖက်မဖြစ်နိုင်သည်ကို သဘောပေါက်သွားကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
"ငါ မတော်တဆ ထိခိုက်မိသွားတာ! ရပြီလား!'
"ဒီနေရာကို တိုက်မိတယ်ပေါ့?"
ယွင်ဖန်းက မျက်မှောင်ကြုတ်ကာ ထိုနေရာကို လက်နှင့် ဖိလိုက်တော့ ရိချန်းလျန် နာကျင်စွာ ငြီးတွားမိသွားသည်။
“သတ္တုအတိုအစတွေ လိုက်ကောက်တုန်းက မတော်တဆ ပြုတ်ကျတာ"
ရိချန်းလျန်က နာကျင်မှုနှင့် စိတ်ပျက်မှုတို့ကို တစ်ချိန်တည်းခံစားနေရကာ နဖူးရှိသွေးကြောများ ပေါက်ထွက်တော့မလိုပင်။
ယခင်ဘဝ လူငယ်ထိန်းသိမ်းရေးစခန်းသို့ အပို့မခံရခင်တုန်းက ညဘက်တွေ၌ သူဟာ တကယ့်ကိုပင် တိတ်တဆိတ်ဖြင့်အပြင်ထွက်ကာ ရောင်းလို့ရနိုင်မည့် သတ္တုအတိုအစမျာ လိုက်ကောက်ခဲ့ဖူးသည်ပင်။ ဤသို့ ရှာ၍ရသော ငွေက သူ့အစားအသောက်ကဒ်ထဲ ငွေဖြည့်ပေးနိုင်ကာ နှစ်ပတ်ကနေ သုံးပတ်အထိ ခံပေသည်။
ယွင်ဖန်းမှာ တစ်ခဏလောက် မိန်းမောသွားခဲ့မိကာ အာရုံမစိုက်မိချိန် ရိချန်းလျန်ကို လွှတ်ပေးလိုက်မိသည်။
"မင်း စောင့်နေလိုက်!"
ရိချန်းလျန်က ရဲရဲနီနေသောမျက်နှာ၊ ထုံနေသော လည်ပင်းနှင့်အတူ လက်ညှိုးထိုးကာ ပြောပြီး လှည့်ထွက်သွားတော့သည်။
ယွင်ဖန်းက သူ့လက်ကို ခပ်ကြမ်းကြမ်း ဖိညှစ်လိုက်ပေမဲ့ ၎င်းကထိန်းမရနိုင်စွာ တုန်နေခဲ့မြဲပါပင်။
သူစောနက တကယ်ဒေါသဖြစ်သွားတာဖြစ်သည်။ ဒေါသစိတ်ကြောင့် အင်အားကိုလည်း ထိန်းချုပ်မထားခဲ့မိပေ။
သူက ရိချန်းလျန်ဟာ ဝမ်းယိုဝေနှင့် ထပ်ပြီး ရန်ဖြစ်လာပြန်သည်ဟု ထင်လိုက်မိတာဖြစ်သည်။
လူငယ်ထိန်းသိမ်းရေးစခန်းမှ မြင်ကွင်းများက သူ့စိတ်ထဲ တဖျတ်ဖျတ်ပေါ်လာခဲ့၏။ အလောင်းကောင်က ကြောက်စရာ အမူအယာနှင့် သူ့အားစိုက်ကြည့်နေခဲ့ကာ စေးကပ်ကပ်နှင့် အေးစက်သော သွေးစက်များက မည်သို့ဆေးကြောသည်ဖြစ်စေ မပြောင်စင်နိုင်တော့ပါချေ။
ယွင်ဖန်းက အေးစက်နေသည့် လှေကားပေါ် ထိုင်ချလိုက်ပြီး အတန်းတက် ခေါင်းလောင်းသံကို နားထောင်နေလိုက်သည်။
သူ ပြန်ပြီးစတင်နိုင်တော့မည်ဟု ထင်ခဲ့ပေမဲ့ ရိချန်းလျန်၏ အတိတ်က သူ့အရိုးထဲ အသွေးထဲ စွဲမြဲစွာ ရှိနေခဲ့ကာ မပျောက်ကွယ်သွားနိုင်သည့် အမှောင်ထုကဲ့သို့ပါပင်။
ညစ်ပတ်အကျည်းတန်လှသော ဝိညာဉ်က သန့်ရှင်းကာ အန္တရာယ်ကင်းသည့် အထက်တန်းကျောင်းသားလေး၏အခွံထဲ ပုန်းအောင်းကာ သူကိုယ်တိုင်နှင့် တခြားသူများကိုပါ လှည့်ဖျားလျှက် ရောနှောနေနိုင်ဖို့ ကြိုးစားနေခဲ့ခြင်း။
ရယ်စရာကောင်းလှသည်။
သို့ပေမဲ့ ပိုကောင်းသော နည်းလမ်း ရှိလိမ့်မလားဆိုတာယွင်ဖန်းလည်း မသိပါတော့။ ဖြစ်နိုင်တာကတော့ ဤသည်က ကံကြမ္မာက သူ့အားပေးလာသည့် အပြစ်ဒဏ်ပဲ ဖြစ်လိမ့်မည်။
သို့မဟုတ် လက်ဆောင်တစ်ခုပေါ့။
ယွင်ဖန်း မျက်နှာကို ပွတ်လိုက်ပြီး အတန်းထဲပြန်ရန် ထရပ်လိုက်သည်။
အတန်းကတော့ တက်ရဦးမှာပင်။
သို့ပေမဲ့ သူ့စိတ်က စာသင်ခန်းထဲမှာ မရှိဘဲ နောက်ဆုံးတွေ့ခဲ့သော ရိချန်းလျန်၏ စိတ်တိုဒေါသထွက်နေသည့် အမူအယာကသာ စိတ်ထဲ ပေါ်နေခဲ့၏။
အတန်းနားချိန်အတွင်း၌ ကျန်းကျဲဟိုင်က အနားရောက်လာကာ နားချိန်မှာ စာမလုပ်သည့်သူ့အား စပ်စုလိုစွာကြည့်လျက် မေးလာသည်။
"ယို့၊ လေ့လာခြင်းနတ်ဘုရားကြီး… ဘာဖြစ်နေတာလဲ?"
ယွင်ဖန်းက ဘောပင်လှည့်နေရာမှ ပြောလိုက်၏။
"ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား?"
ကျန်းကျဲဟိုင်က သူ့ဘေးက ခုံအလွတ်မှာ စိတ်လှုပ်ရှားစွာ ဝင်ထိုင်လိုက်သည်။
"လုပ်လိုက်လေ! စာနဲ့ပတ်သက်နေတာ မဟုတ်သရွေ့ပြီးပြည့်စုံတဲ့ အဖြေ ပေးနိုင်တယ်ဆိုတာ အာမခံတယ်"
"ငါ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာ...."
ယွင်ဖန်းက ဂရုတစိုက်ပြောလိုက်ရင်းဖြင့်
"သူငယ်ချင်းတစ်ယောက်ကို အထင်လွဲပြီး သူ့ကို စိတ်ဆိုးအောင် လုပ်လိုက်မိတယ်"
ကျန်းကျဲဟိုင်က မျက်လုံးပင့်လာသည်။
"အရမ်းစိတ်ဆိုးသွားတာလား?"
ယွင်ဖန်းက ခဏလောက် စဉ်းစားကြည့်လိုက်ပြီးနောက်
"အရမ်း စိတ်ဆိုးသွားတာ"
"ယောက်ျားလေးလား၊ မိန်းကလေးလား?"
ကျန်းကျဲဟိုင်က ထပ်မေး၏။
"ယောက်ျားလေး"
ယွင်ဖန်းက ပုံနှိပ်စာအုပ်ကို ဘောပင်နှင့်ထောက်လျက်
"ငါတို့နဲ့ သက်တူ ရွယ်တူပဲ"
ယွင်ဖန်းသည် သူ့ကိုယ်တိုင်၏အကြောင်းအား သူများတွေထက် ပိုသိပေမဲ့လည်း မည်သို့ဆိုစေ နှစ်နှစ်ဆယ်နီးပါးကြာခဲ့ပြီဖြစ်ကာ ဆယ့်ငါးနှစ်အရွယ် သူ့ကိုယ်သူ မည်သို့ ပြန်ချော့ရမည်ကို မသိပါချေ။
တကယ်တော့…ဘယ်သူကမှလည်း သူ့ကို မချော့ဖူးခဲ့ပါပေ။
"အိုး ဟိုး…”
ကျန်းကျဲဟိုင်၏ မျက်နှာထက်ဝယ် အတင်းပြောလိုသည့်အကြည့်ဖြင့် ဖြစ်လာကာ
"တကယ်ကြီး ယောက်ျားလေးလား?"
ယွင်ဖန်း ခေါင်းညိတ်လိုက်သည်။
"တကယ်"
"ငါ မယုံဘူး!"
ကျန်းကျဲဟိုင်က မျက်စိတစ်ဖက်မှိတ်ပြလာ၏။ သူက တဖက်လူအား မိန်းကလေးဟုသာ ထင်နေတာဖြစ်နိုင်သည်။
"မင်းသိပါတယ်။ဒီလိုလေ..စကားကောင်းကောင်းလေးတွေပြောတာမျိုး၊ ပန်းစည်းဝယ်ပေးတာမျိုး၊ ဒါမှမဟုတ် ရည်းစားစာဖြစ်ဖြစ် တခြားဟာဖြစ်ဖြစ် ရေးပေးတာမျိုး၊ ဒါမှမဟုတ် ညစာဖိတ်ကျွေးလိုက်ပြီး သေချာတောင်းပန်လိုက်တာမျိုးဆို အဆင်ပြေသွားမှာပဲလေ”
ယွင်ဖန်းက သူ့ကို ဗလာအကြည့်ဖြင့် ကြည့်လိုက်၏။
"ငါ သူနဲ့တွဲနေတာမဟုတ်ဘူး"
"အတူတူလောက်ပဲ မလား"
ကျန်းကျဲဟိုင်က အလေးအနက်ပြောလာသည်။
"မင်းကို တဖက်လူက မြန်နိုင်သမျှမြန်မြန် ခွင့်လွှတ်ပေးတာကို လိုချင်တယ်မလား?"
ယွင်ဖန်း ခေါင်းညိတ်လိုက်သည်။
“ဒါဆို တဖက်လူကို မင်းရဲ့ ချစ်သူကောင်မလေးလို့ သဘောထားလိုက်!"
ကျန်းကျဲဟိုင်က စားပွဲခုံကို ယုံကြည်ချက်ရှိရှိ ရိုက်လိုက်၍
"ငါမင်းကိုပြောမယ်။ဒီ အကွက်က အမြဲတမ်းလိုလို အလုပ်ဖြစ်တယ်။ စဉ်စားကြည့်လေ။ မင်းတို့က သာမာန် သူငယ်ချင်းပဲဆိုရင်တောင် တစ်ဖက်လူကို မင်းက ရည်းစားလေးလို နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံပေးလိုက်မယ်ဆိုရင် သူက ခွင့်မလွှတ်ပဲ နေနိုင်ပါ့မလား?"
ယွင်ဖန်း:"....."
သူကတော့ ဒါကြီးက သိပ်ပြီး ဆက်စပ်မှု မရှိသလို ခံစားရသည်ပင်။
ဘေးကနေ နားထောင်နေသည့် ဝူဟယ်က ပျော်စရာကိစ္စထဲ ဝင်ပါလာ၏။
"ညီအစ်ကိုဟိုင်ပြောတာက အဓိပ္ပါယ်အများကြီး ရှိတယ်လို့ ငါတော့ထင်တယ်။ ဒါက တစ်ဖက်လူကို ချစ်သူလေးအဖြစ်တောင် ပြောင်းသွားချင် ပြောင်းသွားစေနိုင်တယ်ရော"
"သူက ယောက်ျားလေး"
ယွင်ဖန်းက သွားစေ့ကာပြောလိုက်သည်။
"ချစ်သူကောင်လေးလား?"
ချန်းချန်ယန်က အချိန်မှန်မှာ ပေါ်လာလေသည်။
ယွင်ဖန်းကတော့ လူယုတ်မာလေးများထံမှ သင်ယူမည့်အကြံကို လက်လျှော့လိုက်တော့သည်။
ဟာသပဲ။ မူလယွင်ဖန်းက ဂေးဖြစ်နေရင်တောင် သူက ယွင်ဖန်း အစစ်မှ ဟုတ်မနေတာ။ သူက ယောက်ျားလေးတစ်ယောက်ကို ဘယ်လိုလုပ် ကြိုက်မှာလဲ! သူ့ကိုယ်သူဆို ပိုဝေးသေး!
တွေးကြည့်ရုံနှင့်တောင် ယွင်ဖန်းခမျာ တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။
သူက ရူးနေတာမှ မဟုတ်တာ!
ပုံမှန်ဆိုလျှင် ယွင်ဖန်းက ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အတန်းကို မတက်ပေ။ အကြောင်းမူ အိမ်ပြန်၍ စာခိုးလုပ်ရဦးမည်ဖြစ်သောကြောင့်ပင်။ သူက များသောအားဖြင့် အိမ်စာတွေကို နားချိန်၊ ကိုယ်ပိုင်စာကြည့်ချိန်နှင့် အင်္ဂလိပ်စာချိန်များမှာ ပြီးအောင်လုပ်လေ့ရှိ၏။ ယခင်ဘဝဟောင်းကအလုပ်၏ လိုအပ်ချက်ကျေးဇူးကြောင့် သူ့ အင်္ဂလိပ်က အတော်လေးတော့ ကောင်းပေသည်။
ယနေ့ မတော်တဆကိစ္စကြောင့် ယွင်ဖန်းက သူ့အားလပ်ချိန်ကို အလဟာသဖြုန်းလိုက်မိကာ ရူပဗေဒ အိမ်စာ မပြီးလိုက်ပေ။ ကျောင်းဆင်းချိန်၌ သူသည် ရှားရှားပါးပါးနိုင်လှစွာဖြင့် ကျောပိုးအိတ်ကို လွယ်လာခဲ့ပေမဲ့ ကျောင်းဂိတ်မှ ထွက်လိုက်ချင်းမှာပင် အနောက်ကနေ လည်ပင်းကို အဖက်ခံလိုက်ရသည်။ ယွင်ဖန်းက အကျင့်ပါနေသည့်အတိုင်း တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို လိမ်ကာ နောက်ကို တွန်းထုတ်လိုက်သည်။
"အား အား နာတယ်ကွ!"
စုန့်ချွင်၏ နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာသည်။
ယွင်ဖန်းက သူ့ကို လွတ်ပေးလိုက်၏။
"မင်း ဘာလုပ်တာလဲ?"
စုန့်ချွင်က လက်ကောက်ဝတ်ကို ပွတ်ရင်း စောဒကတက်လာသည်။
"ငါက မင်းကို အံ့ဩအောင်လုပ်ချင်ရုံပဲကို။မင်းက ဘယ်တုန်းက ဒီလောက် သန်သွားရတာလဲ?"
ယွင်ဖန်းက အင်္ကျီကော်လာကို ပြန်ပြင်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
စုန့်ချွင်က သူ့ကိုပြုးကာ ကြည့်နေဆဲပင်။
"ဘာဖြစ်လို့လဲ? မင်းငါ့ကို မမှတ်မိဘူးလား?"
ယွင်ဖန်းက ခေါင်းခါလိုက်သည်။
"ငါ အိမ်ပြန်မှာ"
စုန့်ချွင်က သူ့အား ခဏလောက်ကြည့်လာကာ သူ့ဘေးကနေ ယှဉ်လျှောက်လာသည်။
"ယွင်ဖန်း မင်း ဒီနေ့ အတန်းတစ်ဆယ်ကိုသွားပြီး တစ်ယောက်ယောက်ကို ရှာခဲ့သေးလား?"
"ဟမ်?"
ယွင်ဖန်းက ရှုပ်ထွေးစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်တော့ အမြဲတမ်းပြုံးနေတတ်သည့် ကောင်လေးက အလေးအနက်မျက်နှာနှင့် ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။
သူ့လေသံကစိတ်အေးလက်အေး ဖြစ်နေခဲ့ပေမဲ့ သူ့မျက်လုံးထဲမှာတော့ အပြုံးရိပ် မရှိပါချေ။ ယွင်ဖန်းက အကြောင်းအရာကို ပြောင်းလိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ပြသနာတစ်ခုခုရှိလို့လား?"
စုန့်ချွင်က ရုတ်တရက် တောက်တောက်ပပ ပြုံးလာ၏။
"သေချာပေါက် မရှိဘူးပေါ့။ မင်း သူငယ်ချင်းအသစ် ထားတာကို ငါ မတားနိုင်တာမှန်ပေမဲ့....မင်းအရင်က ပြောခဲ့ဖူးတာကို ထည့်တွက်လို့ရသေးလား?
"ငါ ဘာပြောခဲ့လို့လဲ?"
ယွင်ဖန်းက အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
သူ့ရှေ့က ကောင်လေးက ရုတ်တရက်ဆိုသလို မျက်နှာနီရဲလာကာ
"လပတ်စာမေးပွဲရလဒ် ထွက်တုန်းက မင်းငါ့ကို ပြောခဲ့တဲ့ဟာလေ"
ယွင်ဖန် ရှုပ်ထွေးသွား၏။ သူတို့နှစ်ယောက်သား ဘတ်စ်ကားမှတ်တိုင်ကို ရောက်လာကြပြီ ဖြစ်သည်။ အမှတ်တစ်အထက်တန်းကျောင်းက မြို့ဆင်ခြေဖုံးမှာရှိတာဖြစ်ကာ ဤအချိန်၌ ဘတ်စ်ကားမှတ်တိုင်တွင် သူတို့နှစ်ယောက်မှလွဲပြီး ဘယ်သူမှ မရှိပေ။ စုန့်ချွင်က ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ သူ့အသံက မတိုးလှပေမဲ့ စိတ်လှုပ်ရှားနေတာကြောင့် မသိစိတ်မှနေ အသံမြှင့်လိုက်မိ၏။
"မင်းပြောခဲ့တာလေ။ငါသာ ထိပ်ဆုံးကျောင်းသားအယောက်ငါးဆယ်ထဲဝင်ရင် ငါ့ကို မင်းရဲ့ ချစ်သူဖြစ်ခွင့်ပေးမယ်ဆိုတာ!"
ထိုအချိန်လေး၌ ကောင်းကင်ထက်မှ မိုးခြိမ်းသံတစ်ချက် မြည်ဟည်းလာကာ ယွင်ဖန်းမှာလည်း စုန့်ချွင်၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ထိုးမိတော့မလိုဖြစ်သွားရတော့သည်။
ယွင်ဖန်းက သူ့ရှေ့ရှိ ရှက်ရဲရဲဖြစ်နေသော စုန့်ချွင်ကိုရှုပ်ထွေးနေသောအမူအယာဖြင့် ကြည့်လိုက်၏။ လွန်ခဲ့သည့် နှစ်မိနစ်လောက်ကပင် စုန့်ချွင်အား မူလယွင်ဖန်း၏ သေကြောင်းကြံစည်မှု သံသယတရားခံအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်သည်။
“ငါ မင်းနဲ့ တက္ကသိုလ်တစ်ခုတည်း ဝင်နိုင်အောင် ကြိုးစားပါ့မယ်! ယွင်ဖန်း၊ မင်းငါ့ကို ယုံမယ်မလားဟင်?"
စုန့်ချွင်က သူ့အား စိတ်ရင်းဖြင့် ကြည့်လာသည်။
ယွင်ဖန်းသည် သူ့အကြည့်အား တည်တည်ငြိမ်ငြိမ်ပင်ရွှေ့လိုက်ကာ ကောင်းကင်မှ ဆက်တိုက်ထွက်လာသောမိုးခြိမ်းသံကို နားထောင်နေလိုက်သည်။ သူက ငြင်းပယ်မည့် စကားလုံးတချို့ ပြောဖိုပြင်လိုက်ပေမဲ့ ပါးစပ်မဟရသေးခင်မှာပင် စုန့်ချွင်က နီရဲရဲမျက်နှာဖြင့် ထွက်ပြေးသွားနှင့်ပြီး ဖြစ်လေသည်။
ယွင်ဖန်း:"...."
ဘယ်လိုတောင် ပြစ်မှုကြီးလဲ။
သူ့၏ ဤဘဝ၌ သူက တရားဥပဒေကိုလိုက်နာသည့် နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ကာ အမိမြေ၏ ပန်းကလေးများကို ထိခိုက်နစ်နာမှုမဖြစ်စေရဟု ဆုံးဖြတ်ထားခဲ့တာဖြစ်၏။
အိမ်း….ပန်းပွင့်ကလေးတွေ ပိုသန်မာလာပြီး ကြေကွဲစရာအချစ်မုန်တိုင်းကြောင့် မညှိုးနွမ်းစေဖို့မျှော်လင့်ရပေတော့မည်။
ဘတ်စ်ကားမှတ်တိုင်၏ အပြင်ဘက်တွင် မိုးသည်းသည်းမဲမဲ ရွာနေခဲ့၏။ ယွင်ဖန်းက စိုးရိမ်မှုတချို့နှင့်အတူ သက်ပြင်းချလိုက်ကာ ဘတ်စ်ကားစောင့်ရန် ခုံတန်းပေါ် ထိုင်ချလိုက်ပြီး ကျောပိုးအိတ်ထဲမှ ရူပဗေဒ မေးခွန်းစာရွက်ကို ထုတ်က စာစလုပ်တော့သည်။ ရလဒ်အနေဖြင့် မျက်လုံးထောင့်မှနေ အတော်လေးရင်းနှီးလှသည့် ကင်းဗက်ရှူးတစ်ရံကို ရိပ်ခနဲ ဖမ်းမိသွားခဲ့လေသည်။
ယွင်ဖန်း တောင့်တောင့်ကြီး ခေါင်းလှည့်ကြည်လိုက်တော့ ဘတ်စ်ကားမှတ်တိုင်၏အနောက်ဘက်တွင် ရပ်နေသည့် ရိချန်းလျန်၏အကြည့်နှင့် သွားဆုံလေသည်။
ရိချန်းလျန်၏ အမူအယာက မပြောင်းမလဲပါပင်။ သူ့အကြည့်တို့က အေးစက်ကာ အနက်ရောင်မျက်ဝန်းတစ်စုံက သူ့ကို စူးရှစွာစိုက်ကြည့်နေခဲ့၏။
ကားမှတ်တိုင်အမိုး၏အပြင်ဘက်တွင် မိုးစက်များကျနေကာ တခါတစ်ရံ၌ မိုးခြိမ်းသံများပါ ရောနှောပါရှိလာသည်။
အမိမြေ၏ ဒီပန်းပွင့်ကလေးကတော့ဖြင့် လူကို စားတော့မဲ့ ပုံပါပင်။