[ညစာ]
ယွင်ဖန်း၏ မျက်နှာက ဖြူဖျော့သွားကာ နှုတ်ခမ်းတွင် သွေးရောင်မရှိတော့ပါချေ။ ရိချန်းလျန်က နမ်းပြီးနောက် သူ့၏ထိုသို့ပုံစံကို တွေ့လိုက်ရချိန်၌ အလွန်အမင်းအပြစ်ရှိသကဲ့သို့ ခံစားလိုက်ရလေသည်။
"ယွင်ဖန်း?"
ရိချန်းလျန်က သတိထားကာခေါ်လိုက်ပြီး အပ်များထိုးထားသည့် ဘယ်လက်ကိုမြှောက်ကာ သူ့ကို ထိလိုက်သည်။
"ငါရှိတယ်လေ"
ယွင်ဖန်းက သူ့လက်ကို ကိုင်လိုက်သည်။
ပူနွေးသည့်နွေးထွေးမှုတစ်ခုက အေးစက်စက်သွေးများနှင့်အတူ သူ့နှလုံးသားထဲ ပြန်စီးဝင်လာကာ ထိတ်လန့်တုန်လှုပ်သွားသည့် ဝိညာဉ်အား လောကထဲ ပြန်ခေါ်လာပေးလာသည်။
ရိချန်းလျန်၏ သတိထား၍နောင်တပြည့်နေသည့် အမူအယာက ယွင်ဖန်း၏ မျက်လုံးထဲဝင်သွားခဲ့၏။ သူက ငယ်ရွယ် သူကိုယ်တိုင်အား နူးညံ့စွာပြောလိုက်သည်။
"မကြောက်နဲ့"
နောက်ဆုံးတော့ သူသည် ဝမ်းလည်းသာသလို ကြောက်လည်း ကြောက်လာမိသည်။ဝမ်းသာရသည်က သူဟာ အစကိုပြန်ရောက်သွားပြီး တခြားလူတစ်ယောက်ဖြစ်လာရ၍။ထို့ပြင် ဆုံးဖြတ်ချက်ကို ရုတ်ချည်းချ၍
အလွန်ပူပြင်းလှသည့် နေ့လည်ခင်းတစ်ခု၌ ရှင်းနန်လမ်းကြားဆီ ပြေးသွားမိခဲ့၍ပါပင်။
ကြောက်မိသည်က သူသာ ဆုံးဖြတ်ချက်မှားယွင်းမိသွားပါက သူ့ရှေ့ကလူအား လမ်းမှားရောက်စေပြီး သူကြုံခဲ့ရသမျှအား ထပ်မံကြုံစေမိမည်ကိုပင်။
သူ့ကိုယ်သူ အေးစက်ကာ အညှာတာကင်းလှပြီဟု ထင်ထားခဲ့ပေမဲ့ မမျှော်လင့်ထားစွာပင် သူ့ဝိညာဉ်၏အနက်ဆုံးထဲမှ နောက်ဆုံးသော နူးညံ့မှုလေးအား ဆွဲထုတ်လာနိုင်ပြီး ရိချန်းလျန်ကိုင်ထားသည့် ဓါးတွင် ရစ်ပတ်လိုက်မိဆဲပင် ။
ထိုသည်မှစ၍ သူမရပ်တန့်နိုင်တော့။ မနေနိုင်စွာဖြင့် ငယ်ရွယ်သည့် သူ့ကိုတော့ဖြင့် ရင်ခွင်ထဲ တင်းတင်းထည့်ဖက်ကာ ကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားတော့မည်။ ဤမှစ၍ လေနှင့်မိုး ၊သွေးလွှမ်းသော အမှောင်ထုနှင့် မြားမိုးဟူသည် ရိချန်းလျန်နှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။
အတိတ်အားလုံးသည်က သူ့တစ်ယောက်တည်းသာ ပိုင်ဆိုင်သည့် မှတ်ဉာဏ်များသာ ဖြစ်သွားတော့မည်ဖြစ်၏။
"ငါမကြောက်ပါဘူး"
ရိချန်းလျန်က မျက်လုံးလေးကွေးညွတ်သည်ထိ ပြုံးပြလာသည်။
"အင်း၊ ကြောက်နေတဲ့သူက ငါပါ။"
ယွင်ဖန်းလည်း သူ့လိုပင် နှုတ်ခမ်း တွန့်ပြုံးလိုက်သည်။ တဟုန်ထိုးထွက်လာသည့် ခံစားချက်များကိုတော့ သူ့နှလုံးသားနက်နက်ထဲမှာ ပြန်ဖိနှိပ်ထားလိုက်ကာ မျက်ဝန်းထဲ၌ မည်သည့် လှိုင်းဂယက်မှ ပေါ်မလာစေခဲ့တော့။
“ငါက ဖွဖွလေးပဲနမ်းတာပါ။ လျှာတောင် ဆန့်မထုတ်ရသေးဘူး….”
ရိချန်းလျန်က အပြစ်ရှိသည့်စိတ်ဖြင့် စကားလုံးအနည်းငယ် ရေရွတ်လာသည်။
သို့ပေမဲ့ ယွင်ဖန်းက သူနှင့်နီးကပ်နေတာကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။ သူ့မျက်နှာက ခဏချင်းအဖြူမှ အနီပြောင်းသွားကာ နောက်ဆုံး အစိမ်းဖျော့ဖျော့သို့ ပြောင်းသွားလေသည်။
အခုလေးတင် အိပ်မက်ဆိုးထဲကနေ ရုန်းထွက်မရဖြစ်နေသည်မို့ သူနိုးထလာချိန်တွင် ရိချန်းလျန်က ဘာလုပ်ခဲ့သည်ကို သူ သတိမထားလိုက်မိပေ။ ယခု ထိုသည်ကို ပြန်သတိရချိန်မှာတော့ ရိချန်းလျန်အား ဖိချကာ ရိုက်ပစ်ချင်သွားပြီ ဖြစ်သည်။
ကာကွယ်ဖို့မကောင်းတဲ့ဟာလေး၊ သူ့ကိုယ်သူတောင် ဒါမျိုးလုပ်တယ်တဲ့။ ဘယ်လိုတောင် လူယုတ်မာလေးလဲ!
"မင်းလျှာကို မလိုချင်တော့ရင် ဖြတ်ပြီး ကြော်လိုက်လို့ရတယ်"
ယွင်ဖန်းက သူ့ထံ ခပ်ဖွဖွရယ်ပြလိုက်၏။
ရိချန်းလျန် ပါးစပ်တင်းတင်းပိတ်လိုက်လေသည်။
သူ့မျက်နှာထားကတော့
"မင်းပြောနေတဲ့ အဓိပ္ပါယ်မရှိတာတွေက ဘာဆိုတာကို ငါမသိဘူး" ဟူ၍နှယ်။
သူ ဘဲလ်ကို အကြိမ်ကြိမ်ဖိလိုက်ပေမဲ့ သူနာပြုတစ်ယောက်မှ ဝင်မလာပေ။ အိုင်ဗွီဆေးရည်အိတ်က ကုန်သွားပြီဖြစ်တာကြောင့် ယွင်ဖန်းက ကူ၍ဖြုတ်ပေးလိုက်သည်။
"ကောင်းကောင်းဖိထား"
ရိချန်းလျန်က သူ့အား ဆွံ့အစွာ ကြည့်လာသည်။
"ညီလေးရေ…..ငါ့ရဲ့တစ်ခြားလက်တစ်ဖက်က အခုမှ ပြန်ဆက်ထားတာလေ၊ ဘာနဲ့သွားဖိရမှာလဲ?"
ယွင်ဖန်းက အကြင်နာမဲ့စွာပြောလာ၏။
"ဒါဆိုလဲ မဖိနဲ့"
သူက ထိုသို့ပြောလိုက်ပေမဲ့လည်း ရွှေ့မသွားစေရန် လက်ကို ကူဖိပေးလာဆဲပါပင်။
ရိချန်းလျန်က လက်လှမ်းကာ သူ့လက်မကို ဆုပ်ကိုင်လိုက်ပြီး တစ်ခုခုပြောဖို့ ဟန်ပြင်လာပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။
ယွင်ဖန်းမှာ ထိုသူက သူ့လက်အား ဘာကြောင့်များ အတော်လေး သဘောကျနေရသလဲ မသိပါချေ။
"ပြောစရာရှိပြော "
ရိချန်းလျန်က သူ့လက်ဆစ်တွေကို ပွတ်သပ်လျက် တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်သည်။
“ငါ…….”
ရုတ်တရက်ပင် ဆေးရုံခန်းတံခါးက ပွင့်လာကာ သူနာပြုတစ်ယောက်က ကုတင်နံပါတ်ကို တစ်ချက် ကြည့်လာပြီး ပြောလာသည်။
"ကုတင်နံပါတ် ဆယ့်ရှစ်၊ ပတ်တီးလဲမယ်"
မကောင်းသည့်အရာများကိုလုပ်ချင်သူများမှာ အပြစ်ရှိစိတ်ကို ပိုခံစားရပုံပင်။ ရိချန်းလျန်က ရုတ်တရက် သူ့လက်ကို လွှတ်ပေးလိုက်ကာ မျက်လုံးက ဟိုဟိုသည်သည်ရွေ့သွားကာ မျက်နှာကမူ အပြစ်ရှိသူတစ်ယောက်အလား ဖြစ်နေကာ ယင်းက ယွင်ဖန်းကို ဆွံ့အသွားစေလေသည်။
မင်းက ဘာတွေကို အပြစ်ရှိစိတ်ဖြစ်နေရတာတုန်း?
ရိချန်းလျန်၏ ဒူးကပတ်တီးစည်းထားရကာ ပုံမှန်လဲပေးရန်လိုအပ်၏။ ခရမ်းညိုရောင်ဒဏ်ရာက တော်တော်လေးကို ပြင်းထန်ပုံရနေသည် ။ သူနာပြုက ရိချန်းလျန်အား ထောက်ထားစာနာစွာကြည့်လာ၏။
"နည်းနည်းတော့နာမယ်နော် လူချောလေး"
ရိချန်းလျန်က မရင်းနှီးသူများကို အမြဲအေးစက်တတ်၏။ ဤသည်ကိုကြားပြီးနောက် အရက်ပြန်ထည့်ချိန် မျက်မှောင်ကြုတ်သွားသည်မှလွဲ၍ သူ့မျက်နှာထက် မည်သည့် အမူအယာမှ ရှိမလာခဲ့ပေ။
ယွင်ဖန်းက သူနာပြုက ပတ်တီးလဲပေးနေသည်ကို ဘေးမှနေကြည့်နေခဲ့ကာ သူ့အကြည့်က ရိချန်းလျန်၏ ဒူးပေါ် ရောက်နေခဲ့၏။ သို့ပေမဲ့ သူ့လက်ကိုတော့ ရိချန်းလျန်၏ လက်ဖဝါးထဲ ထည့်ပေးထားလိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုလက်က စောင်ထဲကို ဆွဲယူခံလိုက်ရပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရလေသည်။
သူနာပြုက ပတ်တီးလဲပေးပြီးနောက် သူမက ရိချန်းလျန်အား အသိအမှတ်ပြုစွာ ကြည့်လိုက်ပြီး ချီးကျူးလာ၏။
"တကယ်ကို သန်မာတာပဲ။ လူကြီးတော်တော်များများတောင် ဒီနာကျင်မှုကို တောင့်မခံနိုင်ကြဘူး"
ရိချန်းလျန်က မျက်နှာဖြူဖျော့နေလျှက် စကားတစ်ခွန်းမှ မပြောလာပေ။ ယွင်ဖန်းက သူနာပြုအား ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဆရာမ"
ချောမောသည့် ကောင်ချောလေးများမှာ လူများကို ပျော်ရွှင်စေတတ်သည်ပင်။ သူနာပြုက ခေါင်းညိတ်ကာ အပြုံးလေးနှင့် ထွက်သွားလေသည်။
ယွင်ဖန်းက သူ့လက်ကို ဆွဲထုတ်လိုက်ပေမဲ့ ရွှေ့လို့မရပေ။
"မင်းရဲ့ဒူးက ဘာလို့ အဲ့လောက်တောင် စုတ်ပြတ်သွားရတာလဲ?"
"တစ်ယောက်ယောက်က ငါ့ခေါင်းကို တုတ်နဲ့ရိုက်ပြီး သတိလစ်သွားတော့ သုံးဘီးထဲအထည့်ခံလိုက်ရတယ်။"
ရိချန်းလျန်က နေရာလွတ်ကိုစိုက်ကြည့်နေရင်း ပြန်စဉ်းစားနေဟန်ဖြင့်
"အဲ့ဒီနောက်ပိုင်း ဘာဆက်ဖြစ်လဲဆ်ိုတာ မမှတ်မိတော့ဘူး...."
သူ့လေသံကို နားထောင်လိုက်သည်နှင့် ယွင်ဖန်းက သူညာနေသည်ကို သိလိုက်သည်။
"အမှန်အတိုင်းပြောစမ်းပါ"
ရိချန်းလျန် ခဏလောက် နင်သွားကာ မသဲကွဲစွာရေရွတ်လာ၏။
“ငါ သုံးဘီးကားပေါ်ကနေ အလောတကြီးဆင်းလိုက်တဲ့အချိန်မှာ တစ်ယောက်ယောက်က ငါ့လက်ကို ဖမ်းဆွဲလိုက်တော့ ဒရွတ်တိုက်ပါသွားတော့တာပဲ”
စုန့်လိလိက အလစ်အငိုက် ခုန်အုပ်ခဲ့ကာ သူ့ လက်မောင်းကို တင်းတင်းဆွဲခဲ့တာ ဖြစ်၏။ သူ့လက် အရိုးကျိုးသွားသံကိုပင် ရှင်းရှင်းလင်းလင်းကြားခဲ့ရသေးသည်။ အဆစ်လွဲသွားသည့်လက်ဆီမှ ပိုနာတာလား သို့မဟုတ် ကျောက်စရစ်များဖြင့် ကြိတ်ပွန်းခံနေရသည့် ဒူးခေါင်းဆီက ပိုနာတာလား… ဘယ်နေရာက ပိုနာရသလဲကိုတောင် မသိခဲ့နိုင်ပါချေ။ ကားဘရိတ်မအုပ်ခင် အတော်ကြာသည့်တိုင်အောင် သူဒရွတ်တိုက်ပါသွားတာဖြစ်သည်။
စုန့်လိလိက ခုန်ဆင်းပြီးနောက် သူ့ပါးကို ခပ်ပြင်းပြင်းရိုက်ခဲ့သေးသည်ပင်။ ထို့နောက်မှာ သုံးဘီးပေါ်ကို တစ်ဖန် ဆွဲတင်ခံရပြန်ကာ ရိမင်ကျစ်ဆီကနေ ဒေါသတကြီးအကန်ခံခဲ့ရပြန်သည်။
အမှန်တော့ သူမွေးစားခံခဲ့ရပြီးကတည်းက မကြာခဏဆိုသလို အရိုက်ခံခဲ့ရဖူး၏။ စုန့်လိလိက ဘယ်သူ့ကိုမှ ပြန်မပြောဖို့နှင့် ကျေးရွာများတွင် အရိုက်မခံရဖူးသည့် ကလေးဆို၍ မရှိကြောင်း အမြဲပြောခဲ့ဖူးသည်။
ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ထိုမျှလောက် နားမလည်တတ်သေးသည်မို့ အချိန်ကြာလာသည်နှင့် ထိုသည်ကို အသားကျလာသည်။ အရိုက်ခံရရုံသေးသာ၊ ထပ်ပြီး အငတ်ခံစရာမလိုတော့ပြီဖြစ်ပြီး အမေ အဖေရှိခြင်းကပင် အလွန်ကောင်းနေပြီဖြစ်လေ၏။
နောက်ပိုင်းမှသာ မိဘများအားလုံးက ရိမင်ကျစ်နှင့် စုန့်လိလိလို မဟုတ်ဘဲ မိဘတိုင်းဟာ သူတို့ကလေးများကို မရိုက်တတ်ကြကြောင်း သူသိခဲ့တာပင်။ သို့ပေမဲ့ ရိမင်ကျစ်နှင့် စုန့်လိလိမရှိခဲ့ပါလျှင်လည်း သူ့တွင် အမေနှင့် အဖေ ဆိုတာတောင် ရှိလာလိမ့်မှာ မဟုတ်ခဲ့ပါချေ။
"အဲ့လောက်ထိ မနာပါဘူး"
ရိချန်းလျန်က ယွင်ဖန်းကို ပြုံးပြလိုက်၏။
ယွင်ဖန်းက သူ့ကိုငုံ့ကြည့်ကာ နူးညံ့ညံ့လေး ပြောလိုက်သည်။
"အနာတရဖြစ်တာက နာကျင်ရတာပဲလေ၊ ဒါကြောင့်မို့ နာတယ်ဆိုလည်း အဆင်ပြေပါတယ်။"
ရိချန်းလျန်က ဆံပင်အစွန်းလေးသာပေါ်သည့်အထိ ခေါင်းကိုစောင်ထဲထည့်လိုက်၏။ သူ့အသံက မသဲကွဲစွာဖြင့် အတော်လေး သေးငယ်လှပေမဲ့ ယွင်ဖန်းကတော့ ကြားနိုင်ဆဲပါပင်။
"ယွင်ဖန်း၊ အဲ့ဒါက အရမ်းနာတယ်"
အရိုက်ခံရချိန်တိုင်းမှာ အလွန်နာကျင်ရပြီး အကူညီတောင်းစရာလူဟူ၍လည်း မရှိခဲ့။ သူ့ခေါင်းကိုကာပြီး တောင့်ခံထားရုံသာ တတ်နိုင်ခဲ့ပေသည်။
ယွင်ဖန်း၏လက်က စောင်ထဲရောက်လာကာ သူ့မျက်နှာကို ထိဖို့ ဟန်ပြင်လိုက်သည်။
သို့ပေမဲ့ စိုစွတ်မှုများကိုသာ ထိတွေ့လိုက်ရသည်။
"အဲ့လိုမျိုး ထပ်မဖြစ်စေရတော့ဘူး"
ယွင်ဖန်းက ပြောလိုက်လေသည်။
****
ယွင်ဖန်းက သုံးရက်မြောက်နေ့မှာ ကျောင်းပြန်တက်သည်။ သူနှစ်ညလောက် အိမ်မပြန်ခဲ့တာကြောင့် ထန်ရိကလည်း ထိုင်မနေနိုင်တော့ဘဲ ဖုန်းခေါ်၍ ယနေ့ည အိမ်ပြန်လာဖို့ရန်အမိန့်ပေးလာလေ၏။
ယွင်ဖန်းက ကျောင်းအုတ်တံတိုင်းထက်တွင် ဆောင့်ကြောင့်ထိုင်လျှက် ရိုးသားစစ်မှန်သော လေသံဖြင့် အသာအယာပြောလိုက်သည်။
“ဟုတ် အမေ ကျွန်တော် ဒီည သေချာပေါက် အိမ်ပြန်လာပါမယ်"
ထိုမှသာ ထန်ရိက လက်လျှော့သွားတာပင်။
ချန်ကျစ်ချီးက လက်ထဲက မှတ်တမ်းစာအုပ်နှင့်အတူ သူ့ကိုမော့ကြည့်လာသည်။ မျက်နှာသေနှင့် ထိုမျှလောက် ညင်သာ၍နာခံတတ်သည့် လေသံမျိုးဖြင့် စကားပြောနိုင်သည့် လူတစ်ယောက်ကို သူ ပထမဆုံးတွေ့ဖူးတာပင်။ သိုးရေခြုံထားသည့် သွေးအေးလူသတ်သမားက စိုးရိမ်ပူပန်နေသည့် မိခင်အိုကြီးအား နူးညံ့ညင်သာသည့် အသံဖြင့် ချော့မော့နေသည်နှင့်ပင် တူလှသည်။
ရှေ့နောက်စည်းဝါးမကျဘဲ စိတ်ကုန်ဖို့ ကောင်းလှပေ၏။
ယွင်ဖန်းက ဖုန်းချပြီးချိန်၌ ချန်ကျစ်ချီး၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။
"ပထမနှစ် အတန်းတစ်ဆယ်က ယွင်ဖန်း၊ ကျောင်းနောက်ကျပြီး နံရံကျော်တက်တယ်။ အတန်းအမှတ်တစ်မှတ်နှုတ်တယ်။ လာမဲ့တနင်္လာနေ့ရဲ့အလံလွှင့်အခမ်းအနားမှာ အားလုံးရှေ့ကနေ ကိုယ်တိုင်သုံးသပ်စာ ဖတ်ပြရမယ်”
ယွက်ဖန်းက နံရံပေါ်မှ ခုန်ချလိုက်သည်။
"ပြဿနာမရှိဘူး"
ချန်ကျစ်ချီးက သတိပေးချက်ကို ပေးပို့ကာ ထွက်သွားရန် လှည့်လိုက်ပေမဲ့ အနောက်မှ ယွင်ဖန်း၏ မေးသံကို ကြားလိုက်ရသည်။
"နှစ်သစ်ကူးနေ့တုန်းက မင်း ချီဟော့ကို ဘာလုပ်လိုက်တာလဲ? သူက သေတော့မလို လာလုပ်ပြနေလို့"
သေတော့မလို လုပ်ပြနေသူ ချီဟော့က၊ သူ့အားနေ့တိုင်းမက်ဆေ့ခ်ျပို့ကာ နှောင့်ယှက်နေလျှက် အဓီကအကြောင်းအရာကတော့ ချန်ကျစ်ချီး၏ ယုတ်မာမှုအကြောင်းဖြစ်ကာ ယွင်ဖန်းကိုတော့ ကူညီမပေးရကောင်းလားဟု ကျိန်ဆဲခြင်းပင် ဖြစ်၏။
ချန်ကျစ်ချီး၏ နောက်ကျောက မြင်သာစွာပင် တောင့်သွားလေသည်။
ယွင်ဖန်း နားလည်လိုက်၏။
"မင်း တကယ် သူနဲ့ အိပ်ခဲ့တာပဲ"
"ငါ မဟုတ်ဘူး!"
ချန်ကျစ်ချီးက ရုတ်တရတ် တစ်ဖက်လှည့်လာကာ စိုက်ကြည့်လာသည်။
"မင်းရဲ့ ကျောင်းဝတ်စုံမှာ ဘာလို့ သွေးတွေပေနေတာလဲ?"
ယွင်ဖန်းက သွေးစက်များကို လက်ဖြင့် မသိလိုက်ဘာသာ သုတ်ဖယ်လိုက်ပြီး ဝတ်ကြေတမ်းကြေဖြေလိုက်၏ ။
"အိုး၊ ဒီမနက် ကြက်တစ်ကောင်ကို မတော်တဆ သတ်လိုက်မိတယ်လေ"
ချန်ကျစ်ချီးက သူ့အား ရှင်းပြမရသည့်အကြည့်ဖြင့် ကြည့်လာရင်း ထူးဆန်းသည့် ပင်ကိုယ်အသိစိတ်ဖြင့် လွှတ်ခနဲ ပြောမိသွားသည်။
"မင်းက အရွယ်မရောက်သေးဘူးဆိုပေမဲ့လည်း လူသတ်တာက တရားမဝင်ဖြစ်နေတုန်းပဲ"
ယွင်ဖန်း: "....ငါသိတယ်"
အရေးမပါသည့် လူတစ်ယောက်အတွက်နှင့် ထိုသို့တုံးအအလုပ်ရပ်မျိုး သူလုပ်မှာ မဟုတ်ချေ။
"ဒါဖြင့် ချီဟော့က…."
ယွင်ဖန်းက သူ့အား သံသယဖြင့်ကြည့်လိုက်လျက်
"အသက်မပြည့်သေးတဲ့လူတစ်ယောက်ကို မုဒိန်းကျင့်တာကလည်း တရားမဝင်ဘူး"
ချန်ကျစ်ချီး၏ နဖူးသွေးကြောများ ထောင်ထသွားလေသည်။
"ငါ မလုပ်ခဲ့ဘူးလို့ !"
****
ချီဟော့က အတန်းတစ်ဆယ်၏ တံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေလျှက် ယွင်ဖန်းကို ဆွဲထားကာ သွားခွင့်မပြုဘဲ တအီအီလုပ်နေခဲ့၏။
"သူငါ့ကိုလုပ်ခဲ့တာက ကိုယ်ထိလက်ရောက်ကျူးလွန်တာနဲ့ မကွာဘူးကွ! သူက ငါ့ကိုထိပြီး နမ်းခဲ့တာ!"
ယွင်ဖန်းက သူ့ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်လိုက်၏။
"ကျောင်းမှာနော်၊ စကားပြောတာ သတိထား"
အရပ် ၁၈၀စင်တီမီတာရှည်သော လူကြမ်းကြီး ချီဟော့မှာ ဒေါသတကြီး ရုန်းကန်လိုက်လျက်
"နောက်ဆုံး သုံးသပ်ချက်အရ ဒါတွေက မင်းရဲ့ တာဝန်မယူမှုကြောင့် ဖြစ်ခဲ့ရတာပဲ၊ မင်းရဲ့ အစ်ကိုဖြစ်တဲ့ ငါ့ကို မင်းက လူယောင်ဆောင်ထားတဲ့ သားရဲကောင်ရဲ့ အိပ်ရာပေါ်ကို ပို့ပေးခဲ့တာကွ!"
ယွင်ဖန်းက သူ့အား အဓိပ္ပါယ်ပါပါကြည့်လိုက်၏။
"ဆ်ိုတော့၊ မင်း သဘောတူခဲ့လား?"
ချီဟော့ခမျာ ရုတ်တရက် တိတ်ဆိတ်သွားကာ အကြည့်တို့က စင်္ကြန်ပြတင်းပေါက်အပြင်က ဝေးကွာသည့်ကောင်းကင်ဆီရောက်သွားခဲ့ကာ ဝမ်းနည်းပမ်းနည်းလေသံဖြင့် ဆိုလာသည်။
“လက်နက်ချမဲ့အစား သေဖို့ပဲ ဆုံးဖြတ်ထားတာပါကွာ…ဒါပေမဲ့..ယောက်ျားဆိုတာက…မင်းသိပါတယ်”
ယွင်ဖန်းက မျက်နှာသေနှင့်သာပင်။
"ငါ မသိဘူး"
"မင်းနဲ့ မင်းကောင်လေးကဖြင့် နေ့တိုင်းကို ချစ်ကြည်နူးနေပြီးတော့…. မသိဘူးဆိုတာကတော့ ထူးဆန်းနေဦးမယ်!”
ချီဟော့က ကဲ့ရဲ့လာ၏။
ယွင်ဖန်းက မျက်မှောင်ကြုတ်ကာ
"သူကငါ့ရဲ့ မဟုတ်-"
“ကောင်လေး” ဆိုသည့်စကားလုံးက ပြောဖို့ရန် အနည်းငယ် ခက်ခဲလှသည်။
"ခဏနေဦး"
ကျောင်းဖိုရမ်၏ ဝါရင့် တစ်ဦးအနေဖြင့် ချီဟော့က သူ့ထက်ပိုပြီး ယွင်ဖန်း၏ ခံစားချက်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကို သိပေသည်။
"မင်း သူ့အတွက်နဲ့ အတန်း တစ်ဆယ်ကို လာခဲ့တာ မဟုတ်ဘူးလား? ပြီးတော့ သူ့ကို တမင်တကာ စာပြပေးသေးတယ်လေ"
ယွင်ဖန်း:"......အဲ့ဒီကောက်ချက်ကို မင်း ဘယ်နားကနေ ရလာတာလဲ?"
ချီဟော့က ဖုန်းထုတ်ကာ ကျောင်းဖိုရမ်ကို ဖွင့်ပြလိုက်သည်။
"ကြည့်လေ!".
#ဖွင့်ဟချက်! အထက်တန်းကျောင်းသား စာနတ်ဘုရားနဲ့ သူ့ကောင်လေးရဲ့ မှော်ဆန်တဲ့ အချစ်ဇာတ်လမ်း!#
ဖွင့်ဆိုချက် မြင့်မားသည့် ပုံတစ်ပုံက ယွင်ဖန်း၏ အမြင်ထဲ ရုတ်တရက် ပေါ်လာ၏။ ဓာတ်ပုံထဲတွင် သူ့လက်တစ်ဖက်က ရိချန်းလျန်၏ ပုခုံးပေါ် တင်ထားကာ အကြည့်တို့ကတော့ သူ့မျက်နှာထက် ကျရောက်နေလျက်သား။ ရိချန်းလျန်ကမူ ကျောင်းအင်္ကျီအသစ်ကို ဝတ်ထားပြီး လက်တစ်ဖက်က ဇစ်ဆွဲတင်နေလျှက် ခေါင်းအနည်းငယ်စောင်းကာ သူ့ကို ပြန်ကြည့်နေလေသည်။
ယင်းက လူနှစ်ယောက် မမျှော်လင့်စွာ အကြည့်ချင်းဆုံသွားတာမျိုး၊သို့မဟုတ် အချင်းချင်း နားလည်နေကြစွာ ကြည့်နေသော အကြည့်မျိုးအလားပင်။
ထိုနေ့၏ PEအတန်းချိန်၌ နေက အတော်လေးတောက်ပနေကာ ပုံထဲရှိ အလင်း နှင့်အရိပ်တို့က အတော်လေး လှလှပပဖြစ်တည်နေ၏။ နွေးထွေးသည့်နေရောင်ခြည်က သူတို့မျက်နှာများထက် ပက်ဖြန်းလျှက် သိမ်မွေ့ခြင်းများ မရေမရာဖြင့် ချိတ်တွယ်နေပြီးအလွန်ကောင်းမွန်သည့် လေထုကို ဖန်တီးပေးထားလျက် ရှိသည်။
ဓာတ်ပုံထဲရှိ လူများက သူနှင့် ရိချန်းလျန်သာ မဟုတ်ခဲ့ပါလျှင် ယွင်ဖန်းလည်းပဲ ထိုနှစ်ယောက်ကြား တစ်ခုခုရှိလိမ့်မည်ဟု တွေးမိလိမ့်မှာပင်။
သို့ပေမဲ့ သူ သေချာမှတ်မိနေသည်က ရိချန်းလျန်ဟာ ထိုစဥ်က အအေးဓာတ်ကြောင့် တုန်ယီနေခြင်းကို မြင်ခဲ့ရခြင်းကြောင့်သာ သူ့ကျောင်းအင်္ကျီကို ချွတ်၍ ထိုသူ့အားပစ်ပေးခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂရုဏာကင်းမဲ့စွာပင် လှောင်ပြောင်ခဲ့သေးသည်။
ထိုအခိုက်ကို ရိုက်ယူသွားသော ရိုက်ချက်ကမူ တခြားသူများအား ဒီအတိုင်း-ဒီအတိုင်းနားလည်မှုလွဲသွားစေတာ ဖြစ်သည်။
ပို့စ်အောက်တွင် မှတ်ချက်နှင့် စာပြန်မှုများ ထောင်နှင့်ချီလေ၏။
1L: စာနတ်ဘုရားက ဂျူနီယာအထက်တန်းတုန်းကတည်းက အမြဲတမ်း ပထမပဲဆိုတာ သိကြတယ်မလား။ မြို့တော်မှာ ပထမနဲ့ အမှတ်တစ် အထက်တန်းကျောင်းကို ဝင်လာခဲ့တာ။သင်္ချာ၊ ရူပဗေဒ၊ နဲ့ ဓာတုဗေဒတွေမှာ အမှတ်ပြည့်ပဲ။ ပထမဆုံး ပထမနှစ် လပတ်စာမေးပွဲမှာ ပထမနေရာရပြီးတဲ့နောက်ပိုင်း သူက ကိုယ့်ကိုယ်ကိုယ် နက်နက်ရှိုင်းရှိုင်း ပြန်သုံးသပ်ဆင်ခြင်ပြီးတော့ ဒုတိယနေရာကလူနဲ့ အမှတ်၂၀ပဲ ခွာမိသွားလို့ နောင်တရတယ်ဆိုပြီး စိတ်ဖိစီးနေခဲ့သေးတယ်လေ။မေးချင်တာက အဲ့လိုလူစားက ဘာလို့ ဒုတိယလပတ်စာမေးပွဲဖြေတော့မှငါးရာ့လေးမှတ်ပဲရပြီး အတန်းတစ်ဆယ်ဆီရောက်သွားရတာလဲ။
2L:အဲ့ဒါက အချစ်လေ! အချစ်ပဲ! သောက်ကျိုးနည်း အချစ်ဖြစ်နေတုန်းပဲ!
3L: တခြားဟာတွေထက် သူ့ရဲ့ အမှတ်ထိန်းချုပ်တဲ့ အရည်အချင်းကို ငါလေးစားမိတယ်။ ငါသာ အဆင့်ဒုတိယရရင် စိတ်ဖိစီးသွားနိုင်တယ်။
4L: အိပ်မက်မက်မနေနဲ့! ဒါပေမဲ့ နင်တို့တွေ တကယ် သတိမထားမိကြဘူးလား၊ အတန်းတစ်ဆယ်က ရိချန်းလျန်ဆိုတဲ့တစ်ယောက်က တကယ်ကိုချောတာနော်! အရင်ကဘာလို့များ သတိမထားမိပါလိမ့်!!
5L: အတန်းတစ်ဆယ်မှ လူက ဖြေကြားပါတယ်။ ရိချန်းလျန်က အရမ်းအေးစက်တာနော် ။ ပုံမှန်ဆို သူများတွေနဲ့ စကားမပြောဘူး၊ သူကအမြဲတမ်း တစ်ယောက်တည်းပဲ၊ စကားသွားပြောချင်ပေမဲ့ မရဲဘူးလို့ ဝူး ဝူး ဝူးQAQ
…
15L: အတန်းတစ်ဆယ်ကလူပါပဲ။ ငါးလွှာကလူပြောတာ အမှန်ပဲ။ငါဖြင့် သူ့ကို အဆောင်ကလူတွေနဲ့ တိုးတိုးတိတ်တိတ်ပြောပြီးပဲ သဘောကျရဲတယ်။အဲ့ဒီခါး၊ အဲ့ဒီ ခြေထောက်တွေကလေ သောက်ရမ်းကိုမိုက်တာ! ကံကောင်းချင်တော့ သူ့ရဲ့ ဗိုက်ကြွက်သားတွေကို ငါတစ်ခါမြင်ဖူးတယ်! ဗိုက်ကြွက်သားတွေနော်၊ ညီအစ်မတို့! မရိုးမရွဖြစ်ရတယ်၊ ငါတော့သေပြီ!
16L: အပေါ်ထပ်ရေ၊ ဦးထားပါဦး။ ကျေးဇူးပြုပြီး အသေးစိတ် မျှဝေပေးပါ။
17L: ကျေးဇူးပြုပြီး အသေးစိတ်ကို မျှဝေပေးပါ။
18L: ကျေးဇူးပြုပြီး အသေးစိတ်ကို မျှဝေပေးပါ
…
25L: ဒါပေမဲ့လည်း၊ ရိချန်းလျန်က တစ်ယောက်ယောက်ကို ဓါးနဲ့ထိုးခဲ့ဖူးတယ် မဟုတ်ဘူးလား?
26L: အကြမ်းဖက်တတ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတွေကို ငါကြိုက်တယ်။
27L: ဆန္ဒကို သိက္ခာနဲ့ ထိန်းစမ်းပါဦး! သူ့ရဲ့ စရိုက်က အရမ်းဆိုးနေတာကိုလေ!
28L: အခင်းဖြစ်ရာနေရာမှာရှိခဲ့တဲ့ လူပုဂ္ဂိုလ်အနေနဲ့ မှန်တာကို လာဖွင့်ချပါတယ်။ အဲ့ဒီတုန်းက သူက လူကယ်ခဲ့တာဟ! ဓါးက တစ်ဖက်က ဂိုဏ်စတားခေါင်းဆောင်ကထုတ်လာတာ၊ သူက အဲ့ဒီဓါးကို လုလိုက်ရုံပဲ!
29L: လူကောင်းပဲ! ငါ သူ့ကို ရည်စားကောင်လေးလို့ပဲ တိုက်ရိုက်ခေါ်တော့မယ်။
30L: ထွက်သွားစမ်း၊ လူချောလေးက ငါ့အပိုင်!
31L: ကောင်မလေးတို့တွေ ထိန်းသိမ်းသင့်တယ်နော်၊ ငါ့ယောက်ျားကို မနှောင့်ယှက်ကြပါနဲ့ LOL
…
38L: စာနတ်ဘုရားက နင့်ကို စိုက်ကြည့်နေပြီ။ သေခိုင်းမဲ့နည်းပေါင်း ၃၀၆မျိုးလောက်တောင် တွေးနေလောက်ပြီ!
39L: စာနတ်ဘုရားရဲ့ အေးစက်စက်အလှတရားကို ကြိုက်တဲ့သူရော မရှိဘူးလား?[သံသယပွား]
40L: ကျေးဇူးတင်ပါတယ်၊ ငါကတော့ အေးစက်စက်အောက်ထပ်အလှလေးနဲ့ အကြမ်းဖက်တတ်တဲ့ ခပ်မိုက်မိုက်အပေါ်ထပ်ကိုပိုကြိုက်တယ်!
41L: အဓိပ္ပါယ်မရှိတာ၊ အေးစက်စက် အပေါ်ထပ်အလှလေးနဲ့ အကြမ်းဖက်တတ်တဲ့ ခပ်မိုက်မိုက် အောက်ထပ်ဆိုတာ အသိသာကြီးကို!
…
51L: တစ်ခုလောက်ပြောပါရစေဦး။ သူတို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား
52L: ဒီကနေ ထွက်သွားစမ်း။
53L: ဒိုး ဒိုး !
54L: လစ်စမ်း! လစ်! ရန်သူ သစ္စာဖောက်က ဘယ်ကနေရောက်လာတာလဲ!
…
ယွင်ဖန်း အောက်ကိုဆွဲချကြည့်လိုက်တော့ တစ်ယောက်ယောက်က ဘွဲ့ယူအခမ်းအနားတွင် ယွင်ဖန်းက စုန့်ချွင်အား ဝန်ခံခဲ့ဖူးသည့် အတိတ်အကြောင်းကိုပင် တူဖော်ထားခဲ့သေးသည်။
ပြောရင်းဖြင့် ခေါင်းစဥ်က "စာနတ်ဘုရား" ဘွဲ့နှင့် မည်သူက ထိုက်တန်သလဲ” “နွေးထွေးတောက်ပတဲ့ ကျောင်းသားကောင်းလား” “သီးခြားဆန်တဲ့ ခပ်ကြမ်းကြမ်းလူချောလေးလား”
' ဆိုသည့် ခေါင်းစဉ်စကားရည်လုပွဲဆီ စောင်းသွားခဲ့သေးကာ သွေးလွှမ်းသော တိုက်ပွဲကြီး ဖြစ်လာလေသည်။
ကြည့်ရင်းဖြင့် ယွင်ဖန်း၏ မျက်လုံးများမှာ နာကျင်လာရရင်း ဖုန်းကို ချီဟော့ဆီ ပြန်ပေးလိုက်တော့သည်။
ချီဟော့က သူ့ပုခုံးကို ပုတ်လာ၏။
"ဒါက ရေပန်းအစားဆုံး ပို့စ်တွေထဲက တစ်ခုပဲရှ်ိသေးတယ်၊ စိတ်မပူနဲ့၊ ငါ မင်းနဲ့ ရိချန်းလျန်ဘက်မှာ ရပ်တည်မှာပါ"
ယွင်ဖန်းက သူ့အား ပြောစရာမဲ့စွာ ငုံ့ကြည့်လိုက်လျက်
"ဆိုတော့?"
"ဆိုတော့၊ ချန်ကျစ်ချီးကို ဘယ်လို လက်စားချေရမလဲဆိုတာကို ငါ့အတွက် ကူတွေးပေး!"
ချီဟော့က လက်နှစ်ဖက်ကို ပွတ်သပ်လျက် မျှော်လင့်သည့်အကြည့်ဖြင့် ကြည့်လာကာ ပြောလာသည်။
"အဲ့ဒီအကြောင်းကို တွေးလေလေ၊ ဒေါသပိုထွက်လာလေလေပဲ။ သူ့ကို ရိုက်လိုက်ရုံနဲ့တင် မလုံလောက်ဘူး! မင်းကအရမ်းဉာဏ်ကောင်းတော့ နည်းလမ်းတစ်ခုခုရှိမှာပဲ!"
ထိုခဏ၌ ယွင်ဖန်းသည် ယခင်ဘဝက ချီဟော့ဆီကနေ ဦးနှောက်ဆေးခံရမှု၏ အကြောက်တရားကို ပြန်အမှတ်ရသွားလေသည်။ ထိုနှစ်၌
ဤလူယုတ်မာလေးသည် သူ့ကိုဘေးတွင်ဆွဲထားကာ သူနှင့် ချန်ကျစ်ချီးတို့၏ အချစ်ရေးအကြောင်း တနေကုန် တစ်ညလုံး ပြောပြခဲ့ပြီး ဂရုဏာကင်းစွာဖြင့် သူ့အား လှောင်ပြောင်ခဲ့ဖူးလေ၏။
'မင်းရဲ့ ပိုကာမျက်နှာနဲ့၊ ဇနီးတစ်ယောက်တောင် ရှာမရတာက ထိုက်တန်တယ်လေ ဟားဟား!'
ယွင်ဖန်း၏ မျက်နှာထက်ဝယ် ကြင်နာသည့်ပုံအပြုံးတစ်ပွင့်ပေါ်လာကာ
"ငါတို့က ညီအစ်ကိုတွေဆိုမှတော့ မင်းကို ကူညီရမှာပေါ့။ မင်း ဒီလိုလုပ်လို့ရတယ်...."
"အိုး....အို့? အိုး အိုး"
ချီဟော့က အတော်ဘေး လေးလေးနက်နက် နားထောင်ခဲ့ကာ ရံဖန်ရံခါ လေးစားသည့်အာမေဋိတ်သံများ ပြုခဲ့သေးလေ၏။ နားထောင်ပြီးနောက် ချီဟော့က သူ့ပုခုံးကို ပုတ်ကာ ပြောလာသည်။
"မင်းက အားကိုးရမယ်မှန်း ငါသိသားပဲ!"
အားကိုးရသူ ညီလေးယွင်ဖန်းကမူ သူ့ပုခုံးကို ပုတ်လိုက်ကာ ပြန်ခွန်းတုံ့ပြန်လိုက်သည်။
"ကံကောင်းပါစေကွာ"
ချီဟော့က စိတ်ကျေနပ်စွာနှင့် ပြန်သွားလေကာ ယွင်ဖန်းကတော့ အတန်းတက်ရန် စာသင်ခန်းထဲ ပြန်ဝင်လာရင်း လွတ်သွားသည့် မှတ်စုများကို အမှီလိုက်လေ၏။ ညနေခင်း ကိုယ်ပိုင် စာကြည့်ချိန်တွင်မူ သူက ကျောပိုးအိတ်လွယ်ကာ ကျောင်းမှ လစ်ထွက်လာပြီး ရိချန်းလျန်ကိုရှာရန် ဆေးရုံဆီ သွားလိုက်တော့သည်။
ရိချန်းလျန်က အိုင်ဗွီဆေးရည် ကုန်သွားပြီးနောက် ကုတင်ပေါ်ထိုင်ကာ တီဗွီကြည့်နေတာပင်။ ယွင်ဖန်း ရောက်လာသည်ကို မြင်ချိန်မှာတော့ သူ့မျက်လုံးတို့က သိသိသာသာကို လင်းလက်သွားလေသည်။
"နေ့လည်စာ စားပြီးပြီလား?"
ယွင်ဖန်းက ဝယ်လာသည့် ညစာကို စားပွဲပေါ်တင်လိုက်၏။
“စားပြီးပြီ”
ရိချန်းလျန်က သူဝယ်လာသည့် အစားအသောက်များကို ကြည့်လာသည်။
"ဘာတွေလဲ?"
"ဆေးဘဲဥနဲ့ အဆီနည်းအသားဆန်ပြုတ်၊ မရွေးကိတ်နဲ့ အာလူးခြစ်ကြော်"
ယွင်ဖန်းက ညစာကို ဆေးရုံကုတင်၏ စားပွဲလေးထက်တင်ကာ ပြောလိုက်သည်။
"ပူနေတုန်း စားလိုက်"
ရိချန်းလျန်က ပမာဏကိုကြည့်ကာ မေး၏။
"မင်းမစားဘူးလား?"
"ငါ အိမ်မှာ စားလိုက်မယ်"
ယွင်ဖန်းကဖြေလိုက်သည်။
"အို့"
ရိချန်းလျန်က တုန့်ပြန်ကာ ညစာကို စတင်စားသောက်လေသည်။
သူက တင်ပျဉ်ခွေထိုင်နေတာ ဖြစ်သည်။ နေ့လည်ခင်းက ကောင်းကောင်း အိပ်မပျော်ခဲ့ပုံရ၏။ သူ့ လူနာဝတ်စုံက တွန့်ကြေကာ အပေါ်မြောက်တက်လျက် အညိုအမဲများ မပျောက်သေးသည့် သေးသွယ်သည့်ခါးပိုင်းလေးကို လှစ်ဟပြနေလေသည်။
15L၏ စကားလုံးများက ရုတ်တရက် ယွင်ဖန်းစိတ်ထဲ အတိအကျကို ပေါ်လာလေ၏။ : ခါးကျဥ်ကျဉ်လေးက သောက်ကျိုးနည်း လှလွန်းတယ်။ ငါဖြင့်သူ့ခါးလေးကို ညှစ်ပြီး လူကို အိပ်ရာပေါ် ဖိထားပြီး နမ်းပစ်လိုက်ချင်တယ်!-
ယွင်ဖန်း တောင့်တင်းစွာဖြင့် အကြည့်လွှဲလိုက်ကာ သူ့ဆေးရုံဝတ်စုံဆီ လက်လှမ်း၍ ဆွဲချပေးလိုက်ရင်း သေးသွယ်ပိန်ပါးသည့် ခါးလေးအား တင်းတင်းကြပ်ကြပ် ဖုံးအုပ်ပေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ?"
ရိချန်းလျန်က သူ့လှုပ်ရှားမှုကို အာရုံခံမိကာ ခေါင်းလှည့်လို့ ကြည့်လာ၏။ ပြူးကြောင်ကြောင်ဟန်ဖြင့် ပါးစပ်ထဲမှာ ဇွန်းကို ကိုက်လျှက်သား။
-ပြီးရင် နားထင်ကနေ နှာဖျားလေးထိ ၊ အဲ့ဒီကနေ လည်ဇလုတ်လေးထိ နမ်းပစ်မယ်။ မျက်လုံးတွေ ရဲသွားထဲအထိ ဖိအားပေးပြီးတော့ အေးစက်စက်မျက်လုံးတွေထဲကနေ မျက်ရည်ဥလေးတွေ ခိုတွဲအောင်လုပ်ပစ်မယ်။ ပြီးရင် လွှတ်ပေးပါတော့ ဆိုပြီး မပွင့်တပွင့်ညည်းလာတဲ့ထိ လုပ်ပစ်မှာ!
ယွင်ဖန်း၏ မျက်နှာက ပိုပြီး မှောင်မဲလာကာ သူ့ခေါင်းကိုဖိ၍ လူကို တစ်ဖက်ဆီ လှည့်လိုက်ပြီး အသံနက်နက်ဖြင့် ပြောလိုက်တော့၏။
"စားစရာရှိတာစား!”