[ကြောက်စရာကောင်းတယ်]
ရိချန်းလျန် ဆေးရုံမှ ဆင်းသည့်နေ့တွင် နှင်းများ ထူထပ်စွာ ကျနေခဲ့၏။
ကောင်းကင်ပေါ်မှ နှင်းများ ကျဆင်းနေလျှက် အရိုးခိုက်အောင်အေးစိမ့်သည့်လေက သူ့မျက်နှာအား ဓါးနှင့် မွှန်းနေသလိုပါပင်။ ရိချန်းလျန်က ဆေးရုံအောက်ထပ်မှာရပ်နေခဲ့ကာ ယွင်ဖန်းက တက္ကစီပေါ်မှ ဆင်းပြီး သူ့ရှိရာ အပြေးလာနေသည်ကို ကြည့်နေလိုက်သည်။
"မင်းဘာလို့ ဆင်းလာရတာလဲ?"
ဂျာကင်အနွေးတစ်ထည်သာဝတ်ထားကာ လည်ပင်းတွင် ဘာမှ ပတ်မထားသည့်သူ့ကိုကြည့်ကာ ယွင်ဖန်းက သူ့လည်စည်းထူထူကို ဖြုတ်၍ သူ့လည်ပင်းတွင် ပတ်ပေးလာသည်။
"ငါက မင်း ဒီကို မကြာခင်ပဲ ရောက်လာမယ်လို့ ခန့်မှန်းမိလို့လေ"
ရိချန်းလျန်က သူလည်ပင်းကျုံ့နေသည်ကို မြင်တော့ လူကို ကားဆီ ဆွဲခေါ်လိုက်၏။
"သွားကြစို့"
ယွင်ဖန်းက ကားဒရိုင်ဘာအား လိပ်စာပြောပြလိုက်ပြီး ရိချန်းလျန်ကိုပြောလာ၏။
"ငါ မင်းရဲ့ ပစ္စည်းတွေအားလုံးကိုတော့ ရွှေ့ထားပြီးပြီ။ ဒါပေမဲ့ အခုထိတော့ မရှင်းလင်းရသေးဘူး။ နောက်မှ အတူတူရှင်းကြရအောင်"
"မင်းခုနက မင်းရဲ့ အိမ်ရာလိပ်စာကိုပြောလိုက်တာလားလို့?"
ရိချန်းလျန်ကအနည်းငယ် အံ့အားသင့်နေသည်။
"ငါ မင်းအတွက် အိမ်တစ်လုံး ကူရှာပေးနေတုန်းက ငါတို့အိမ်ရဲ့ မျက်နှာချင်းဆိုင် အဆောက်အဦးမှာ အိမ်ငှားဖို့ရှိတာနဲ့ ကြုံသွားလို့လေ။ ဈေးနှုန်းကလည်းသက်သာတယ်။ ဒါကြောင့်မို့ မင်းအတွက် ငှားထားလိုက်တာ"
ကားထဲတွင် အပူရှိန် မြင့်နေခဲ့သည်မို့ ယွင်ဖန်း၏ မျက်မှန်ထက်ဝယ် ရေငွေ့ပါးပါးလေးတစ်ထပ်ရှိနေခဲ့ပေမဲ့ ရိချန်းလျန်က သူပြုံးလိုက်သည်ကို မြင်နိုင်ဆဲပါပင်။
"တကယ်လို့ မင်းက မသင့်တော်ဘူးလို့ ခံစားရရင် ငါတို့ နောက်တစ်ခု ထပ်ရှာလို့ရတယ်"
နောက်ထပ် မာယာများလှသည့် အပြုံးပါပင်။
"ငှားပြီးသွားပြီပဲဟာ"
ရိချန်းလျန်က ခေါင်းလှည့်ကာ ပြတင်းပေါက်အပြင်ရှိ နှင်းမှုန်များကိုကြည့်လျှက်
"ဖျက်သိမ်းလိုက်ဖို့က ဒုက္ခများလွန်းတယ်မလား"
ယွင်ဖန်း သူ့အတွက် ငှားပေးထားသည့် အခန်းက မျက်နှာချင်းဆိုင်အဆောက်အဦး၏ သုံးလွှာမြောက်မှာဖြစ်ကာ အိပ်ခန်းနှစ်ခန်း၊ မီးဖိုချောင်တစ်ခုနှင့် ရေချိုးခန်းတစ်ခန်း ပါ၏။ အိမ်က သိပ်မကြီးပေ။ အပြင်ဘက်တွင် တံခါးနှစ်ထပ်ဖြစ်ကာ တစ်ခုက သံတိုင်တံခါးဖြစ်၍ နောက်တစ်ခုက သူခိုးရန်ကာကွယ်သည့် တံခါးဖြစ်သည်။ အိမ် အတွင်းဘက်ရှိတံခါးများကို အဝါရောင်ဆေးခြယ်ထားပြီး တံခါးဂျက်များအားလုံးက ပျက်စီးနေပြီဖြစ်ကာ ကြမ်းပြင်က အနည်းငယ် အဝါရောင်သန်းနေသည့် ကြွေပြားများဖြစ်၍ နံရံအခြေများကိုတော့ အစိမ်းရောင်သုတ်ထားလေ၏။
ယွင်ဖန်းက တံခါးပိတ်လိုက်သည်။
"အိမ်ရှင်က ငှားဖို့အလျင်လိုနေတာနဲ့ အိပ်ရာတစ်ခု အဝတ်ဗီရိုတစ်လုံး၊ ဧည့်ခန်းထဲမှာ ဒီဆိုဖာတစ်ဆက်နဲ့ ကော်ဖီစားပွဲ၊ ပြီးတော့ မီးဖိုချောင်ထဲမှာ မီးခိုးစုပ်စက်တစ်ခု ထားပေးသွားတယ်။ အပူပေးစက်နဲ့ အဲ့ယားကွန်း မပါတာမို့ ဈေးနှုန်းက အရမ်းသက်သာတယ်"
ရိချန်းလျန်က တစ်ခေါက်လောက် ပတ်ကြည့်လိုက်တော့ အိမ်တစ်ခုလုံးက အနည်းငယ် ညစ်ပတ်နေပေမဲ့ ပြဿနာ မရှိကြောင်းကို တွေ့လိုက်ရ၏။
ဤနေရာက သူနေခဲ့ဖူးသည့် ခြံဝန်းငယ်လေးထက် ပိုပြီးကောင်းနေသေးသည်ပင်။
"ကျေးဇူးတင်ပါတယ်"
"မင်း ငါနဲ့ဆို ယဉ်ကျေးနေစရာမလိုပါဘူး"
ယွင်ဖန်းက သူ့အနွေးဂျာကင်ကို ချွတ်လိုက်ကာ ဆိုဖာပေါ် ပစ်တင်လိုက်၏။
"မင်း ထိုင်ပြီး ခဏလောက် နားလိုက်ဦး။ ငါ ရေနွေးနည်းနည်း သွားကျိုလိုက်ဦးမယ်"
သူက ရိချန်းလျန်၏ မီးဖိုခန်းပစ္စည်းများအားလုံးကို ရွှေ့ထားပြီးဖြစ်တာမို့ ရေထည့်ရန် လျှပ်စစ်ရေနွေးအိုးလေးကို တွေ့သွား၏။
မီးဖိုချောင်နှင့် ဧည့်ခန်းကြားတွင် ဖွင့်ထားသည့် ပြတင်းပေါက်လေးတစ်ခုရှိ၏။ ရိချန်းလျန် လှမ်းကြည့်လိုက်ချိန် ယွင်ဖန်းက ပြတင်းပေါက်အပြင်ရှိ နှင်းများကို ကြည့်နေခဲ့တာကို တွေ့လိုက်ရသည်။
"ပိုက်ဆံက လုံလုံလောက်လောက်ဖြစ်ရဲ့လား?"
ရိချန်းလျန်က ပြတင်းပေါက်ကို မှီကာ မေးလိုက်၏။
"လောက်တယ်"
ယွင်ဖန်းက အကြည့်ကို ရုတ်သိမ်းကာ လှည့်လာပြီး သူ့ကို ပြုံးပြလာ၏။
"မင်းရဲ့ သံဘူးလေးထဲမှာရှိနေတဲ့ ပိုက်ဆံတွေက ဆေးရုံစရိတ်ရယ် နှစ်ဝက်စာအိမ်ငှားခရယ် ပေးဖို့ လုံလောက်တယ်၊ အိမ်ရှင်က စပေါ်မတောင်းဘူးလေ"
"အင်း"
ရိချန်းလျန်က စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ညှင်သာစွာချလိုက်ကာ သူ့၏ အေးစက်စက်နီရဲနေသည့် နှာခေါင်းကို တစ်ချက်ထိလျက်
"အဲ့ဒါ…. မင်းလည်း ပိုက်ဆံတွေအများကြီး သုံးခဲ့ရတယ်မလား။ အဲ့ဒီထဲက မင်းသုံးခဲ့သလောက်ပြန်ယူလိုက်။ တကယ်လို့ မလောက်ရင် ငါနောက်မှာ ရှာပြီးပေးမယ်"
ယွင်ဖန်းက ထိုသူမှာ တခြားသူများအပေါ် ကျေးဇူးကြွေးတင်ရသည်ကို တကယ်မကြိုက်ကြောင်း သိပြီးသားဖြစ်ပေမဲ့ သိခြင်းက ကိစ္စတစ်ခုသာဖြစ်ကာ ရိချန်းလျန်က သူ့မျက်နှာရှေ့တည့်တည်တွင် ဤသို့လာပြောခြင်းကို ခံရသည်က သူ့အား အနည်းငယ် ဒေါသထွက်စေ၏။
ဘယ်လိုအဓိပ္ပါယ်ပဲ ပေါက်ပါစေ ၎င်းက သူတို့နှစ်ယောက်ကြားမှာ စည်းတစ်ခုတားလိုက်သည့်လေသံဟန် ရနေသည်။ မသိလျှင် အပြင်လူများထံထားသည့် ယဉ်ကျေးသည့် သဘောထား တစ်ခုလိုပင်။
“ဪ…”
ယွင်ဖန်းက ပြတင်းပေါက်ဆီ လျှောက်သွားလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ဒါဆို ငါ မင်းကို တစ်လခွဲနီးပါးလောက် ပြုစုပေးခဲ့တာတွေ၊ မင်းအတွက်ကူပြီး လည့်ပတ်ပြေးလွှား တရားစွဲဖို့ လုပ်ပေးခဲ့တာတွေနဲ့ မင်းကို အလကားစာပြပေးခဲ့တာတွေကျတော့ရော.... "
ရိချန်းလျန်က သူ့ကြောင့် နင်သွားခဲ့ကာ ခဏလောက် ပြောစရာမဲ့သွားရသည်။
ယွင်ဖန်း၏ မျက်လုံးနက်များက သူ့ကို စိုက်ကြည့်နေခဲ့ကာ သူ့ထံ မျက်ခုံးအသာပင့်ပြလာလျှက် လူတစ်ကိုယ်လုံးက ဆိုးဆိုးဝါးဝါးကို ဆူပွက်နေလေ၏။
သူက တမင်တကာ အသံနှိမ့်လိုက်ကာ
"အတန်းဖော်ရိချန်းလျန်၊ အဲ့ဒါတွေကိုရော မင်းဘယ်လို ပြန်ပေးမှာလဲ?"
ရိချန်းလျန်က တောင့်တောင့်ကြီး မျက်နှာလွှဲသွားကာ ပြတင်းဘောင်ကို ကိုင်ထားသည့် သူ့လက်တွေကမူ အားအနည်းငယ်ထည့်မိသွားသည်မို့လက်သည်းများပင် အဖြူရောင်သမ်းသွားရသည်။ သူ မသိလိုက်စွာဖြင့်
တံတွေးမျိုချလိုက်၏။
"မင်းက ဘယ်လို ပြန်ပေးစေချင်လဲ?"
ယွင်ဖန်းက မျက်လုံးမှေးကြည့်လိုက်ပြီး
"မင်းကရော ဘယ်လိုတွေးထားလဲ”
"ဟမ်?"
ရိချန်းလျန်က မေးခွန်းထုတ်လာ၏။
ယွင်ဖန်း၏ အမူအယာက အနည်းငယ် ရှုပ်ထွေးလာသည်။
"မင်းနားရွက်တွေ နီနေတယ်၊ ရှောင်ရိ"
မူလက နားရွက်များသာ နီနေခဲ့ပေမဲ့ သူက ရှောင်ရိ ဟု ခေါ်လာချိန်မှာတော့ ကြက်သွေးနီရောင်က နားရွက်ဖျားမှသည် လည်ပင်းအထိ ပျံ့သွားခဲ့ကာ နောက်ဆုံး သူ့မျက်နှာတစ်ခုလုံး နီသွားခဲ့လေသည်။
ယွင်ဖန်းက ချီဟော့ ခေါ်သည့်အတိုင်း ပေါ့ပေါ့ပါးပါး ခေါ်လိုက်ရုံသာပင်။ သို့ပေမဲ့ ရိချန်းလျန်က အများကြီး တုန့်ပြန်လာလိမ်မည်ဟု မမျှော်လင့်မိခဲ့။ ထိုသည်က သူ့အား အနည်းငယ် မသက်မသာဖြစ်သွားစေခဲ့သည်။ သူက လည်ချောင်းရှင်းလိုက်ပြီး ခေါင်းလည့်ကာ ရေနွေးအိုးကို ကြည့်လိုက်သည်။
"ဘာလို့ ဒီရေနွေးအိုးက အငွေ့ထွက်နေရပါလိမ့်...."
ယွင်ဖန်းပုံက ဤအရာအပေါ် တကယ့်ကို ပဟေဠိဖြစ်နေပုံပါပင်။
"အဲ့ဒါက ရေနွေးအိုးလေ၊ ရေနွေးအိုးက အငွေ့မထွက်ရင် မင်းကထွက်မှာလား?"
ရိချန်းလျန်ကလည်း ရေနွေးအိုးကို ကြည့်လာကာ ပြန်တုံ့ပြန်လိုက်သည်။
ရေဆူရန် ကြိုးစားလုပ်ဆောင်ပေးနေရသည့် ရေနွေးအိုး:.....
"သောက်ကျိုးနည်း"
ယွင်ဖန်းက ရှားရှားပါးပါးဆဲလိုက်ပြီး ရိချန်းလျန်ကို ခေါင်းလှည့်ကြည့်လိုက်၏။
မင်း-"
"ငါ-"
ရိချန်းလျန်က ပါးစပ်ဖွင့်လိုက်ပြီးနောက် ပြတ်သားစွာပင် ပြန်ပိတ်လိုက်၏။
နှစ်ယောက်သားက ပြတင်းပေါက် တစ်ဖက်ဆီတွင် ရပ်နေကာ နံရံတစ်ခြမ်းကို ဖြတ်၍ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြပြီး အနည်းငယ်သော ကသိကအောက်နိုင်မှုနှင့် အချို့သော အမည်မဖော်နိုင်သည့် အရာတို့က ရေနွေးငွေ့များနှင်အတူ ပျံနှံ့လာရသည်။
ချပ်၊
ရေနွေးဆူသွားခဲ့ပြီပင်။
"ဒီရေနွေးက ဆူတာမြန်သားပဲ"
ယွင်ဖန်းက တစ်ဖက်ပြန်လှည့်ကာ ခွက် လိုက်ရှာ၏။
"တကယ်ကို မြန်တယ်"
ရိချန်းလျန်က ခြေနှစ်လှမ်းပြန်ဆုတ်ကာ ဆိုဖာ လက်တင်ပေါ် ထိုင်ချလိုက်သည်။
ယွင်ဖန်းက သူ့အတွက် ရေနွေးတစ်ခွက် ယူလာပေး၏။
"ဒီနေ့တော့ မင်း ဒီည နေလို့ရအောင် အိပ်ခန်းကို အရင်ရှင်းကြရအောင်။"
"အင်း"
ရိချန်းလျန်က ရေအနည်းငယ် သောက်လိုက်ပြီး ရုတ်တရက် သတိရသွားကာ ခွက်ကို ယွင်ဖန်းထံ ကမ်းပေးလိုက်၏။
"မင်းရော သောက်ချင်လား?"
ယွင်ဖန်း ပါးစပ် မဖွင့်ရသေးခင်မှာ ရိချန်းလျန်က ခွက်ကို ပြတ်သားစွာ ပြန်ယူလိုက်ပြန်သည်။
"ဆောရီး၊ ငါမေ့သွားလို့။ ငါ မင်းအတွက်တစ်ခွက် ထည့်ပေးမယ်"
ယွင်ဖန်းက လက်တစ်ဖက်ဖြင့် သူ့ပုခုံးကို ကိုင်ထားကာ သက်ပြင်းချလိုက်သည်။
"ရိချန်းလျန်၊ စကားကောင်းကောင်းပြောရအောင်"
ရိချန်းလျန် တောင့်သွားလေသည်။
"ဘာအကြောင်းပြောမှာလဲ?"
"ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေအကြောင်း ပြောကြမယ်"
ယွင်ဖန်းက ခက်ခဲမှုတချို့နှင့်အတူ စတင်လိုက်သည်။
ရိချန်းလျန် မျက်မှောင်ကြုတ်သွားကာ ငါးစက္ကန့်လောက် တိတ်သွားပြီးနောက် နာကျင်စွာ ပြောလာချေ၏။
"ငါသိတယ်၊ ငါက ထိပ်ဆုံးအယောက်ငါးဆယ်ထဲ ဝင်အောင် မလုပ်နိုင်ဘူးဆိုတာကို"
ယွင်ဖန်း: "...အခုက ထိပ်ဆုံးအယောက်ငါးဆယ်အကြောင်း ပြောနေတာ မဟုတ်ဘူးလေ"
"မင်းက စောစောစီးစီး မချစ်ချင်ဘူး ပြီးတော့စာလေ့လာတဲ့နေရာမှာပဲ အာရုံစိုက်ထားချင်တယ် လို့ ပြောမှာကိုလည်း ငါသိတယ်။"
ရိချန်းလျန်က ထပ်ဖြည့်ပြောလာ၏။
ယွင်ဖန်း:"...."
သူ တကယ်ကိုပင် ထိုသို့ ပြောချင်ခဲ့တာပင်။
ရိချန်းလျန်က မျက်နှာသေဖြင့် ပြော၏။
"ဒါက မင်းအရင်က စုန့်ချွင်ကို ငြင်းခဲ့တဲ့ နည်းလမ်းပဲလေ"
"မင်းက စုန့်ချွင်နဲ့ မတူဘူး"
ယွင်ဖန်းက ဖြူရော်ရော် ရှင်းပြလိုက်သည်။
"တကယ်ကို မတူဘူးပဲ၊ အနည်းဆုံးတော့ သူက ထိပ်ဆုံးငါးဆယ်ထဲ ဝင်အောင် လုပ်နိုင်တယ်လေ"
ရိချန်းလျန်က ဆူပုတ်ပုတ်ပြောလာ၏။
ယွင်ဖန်း:"....."
"နောက်တစ်ခုက၊ ငါ အဲ့လိုတွေတွေးနေရင် မင်းလုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလို့လည်း မင်းပြောလာမှာပဲ"
ရိချန်းလျန်က အပျော်သာတွဲပြီး လက်မထပ်ချင်သည့်လူယုတ်မာတစ်ယောက်ကို ကြည့်နေပုံဖြင့် သူ့ကို စိုက်ကြည့်လာ၏။
"ငါ အဲ့လိုပြောဖို့ အစီစဉ် မရှိပါဘူ"
ယွင်ဖန်းက မျက်နှာကြက်ကို မော့ကြည့်လိုက်တော့ မျက်နှာကြက်ရှိ ပန်ကာက အနည်းငယ် ညစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။
"ဟက်"
ရိချန်းလျန်က သရော်လာသည်။
"မင်းက အခုထိ အရမ်းငယ်သေးတယ်၊ ဘာမှ နားမလည်သေးပါဘူး"
ယွင်ဖန်းက သူ့စကားကို ခက်ခက်ခဲခဲ စုစည်းလိုက်ကာ
"မင်းကြီးပြင်းလာတဲ့အခါ ပိုကောင်းတဲ့လူနဲ့ တွေ့လာပြီး နောက်ဆုံးမှာ ငါက ဒီအတိုင်း သာမန်ပဲဆိုတာကို နားလည်လာပါလိမ့်မယ်"
ရိချန်းလျန်က သု့အားမျက်မှောင်ကုပ်လျက် ကြည့်သည်။
"ငါအခု အသက် ဆယ့်ခြောက်နှစ်ရှိပြီ၊ ပြီးတော့ ထည့်မတွက်ထားတဲ့ အသက်နှစ်,နှစ်နဲ့ဆို ဆယ်ရှစ်နှစ် ပြည့်ပြီးသွားပြီ။ ငါ ဘာကို နားလည်သင့်တယ် နားမလည်သင့်ဘူးဆို တာ သိပြီးသား-"
ကာလရှည်ကြာ ဖိနှိပ်ထားခဲ့ရသည့် ခံစားချက်များက
ပုံပျက်လုနီးပါးပင်။ ရိချန်းလျန်က သူ့အား တည့်တည့်စိုက်ကြည့်နေခဲ့ကာ ဤသည်က ထိုသူနောက်ထပ်ရှာတွေ့သွားပြန်သည့် နှစ်ဖက်စလုံးမှ ဆင်ခြင်တုံတရားဖြင့် နောက်ဆုတ်ထွက်သွားနိုင်သော ဆင်ခြေနောက်တစ်ခုဖြစ်ကြောင်း သိသွားခဲ့လေသည်။
ထိုးထွက်လာသည့် ဒေါသများက သူ့၏ ဆင်ခြင်တုံတရားကို လောင်ကျွမ်း ပြာကျသွားစေခဲ့ပြီပင်။
သူက ယွင်ဖန်း၏ ပုခုံးကို ဆုပ်ကိုင်ကာ နံရံထက်တွန်းကပ်လိုက်ပြီး လူကို လွတ်ထွက်မသွားစေဖို့ သူ့ခြေထောက်များကြား ဒူးခေါင်းဖြင့် ပိတ်ကာထားလိုက်၏။ နှစ်ယောက်သားမှာ မူလကတည်းက အရပ်ချင်း မတိမ်းမယိမ်းသာဖြစ်တာကြောင့် ယခုချိန်တွင် နှာခေါင်းချင်း ဖိကပ်မိလုနီးပါးပါပင်။ ယွင်ဖန်းက သူ့ဒဏ်ရာများကို စိုးရိမ်တာကြောင့် ပြန်တိုက်ခိုက်ဖို့ မလုပ်ရဲလေရာ မျက်မှောင်သာ ကြုတ်လိုက်ပြီး သတိပေးလိုက်၏။
"ရိချန်းလျန်၊ ပြဿနာ မရှာစမ်းနဲ့"
ရိချန်းလျန်က ခပ်တိမ်တိမ် ရယ်မောလိုက်၏။
"ယွင်ဖန်း၊ အရင်လာစတဲ့သူက မင်းလေ။ ငါက မင်းနဲ့အတူ လူကောင်းယောင် ဆောင်နေရတာ လုံလောက်နေပြီ။ မင်း ငါ့ကို သဘောကျတာ အသိသာကြီးပေမဲ့ ဝန်မခံရဲဘူးပဲ!"
ရိချန်းလျန်က မည်သို့သော လူဖြစ်သည်ကို တခြားသူများထက် ယွင်ဖန်းက ပိုပြီးကောင်းကောင်းသိလေသည်။ သူက တခြားသူများ ကျေနပ်စေရန် မည်သို့သော လူတစ်ယောက်ဖြစ်လာရမည်ကို မွေးရာပါသိထားပြီးဖြစ်ပေမဲ့ တစ်ချို့အရာများက အရိုးထိတိုင်အောင် ထွင်းထုထားခဲ့ပြီးဖြစ်၏။ သူက ယွင်ဖန်းဖြစ်လာစေရန် အကြာကြီး ဟန်ဆောင်နေခဲ့ပေမဲ့ အစစ်အမှန်သဘာဝကတော့ နောက်နှစ်နှစ်ဆယ်အကြာ ရိချန်းလျန်အဖြစ်သာ ရှိနေသေးသကဲ့သို့ပင်။
သို့ပေမဲ့၊ သူက ယွင်ဖန်း ဖြစ်လာနိုင်ချိန်မှာ ထို ရိချန်းလျန်သည်လည်း လိမ္မာနာခံသောလူဖြစ်လာလိမ့်မည်ဟု တစ်ခါလောက်တော့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ဖူးလေ၏။
"မင်းကို ရိုက်ချင်လာအောင် ဖိအားမပေးနဲ့"
ယွင်ဖန်းက အကြည့်ကို အောက်ချလိုက်သည်။
"မင်းက ငါ့ကို ရိုက်မယ်ပေါ! ငါ့ရဲ့ ဒီအသက်က မင်းကယ်တင်ထားခဲ့တာပဲ။ ငါ့ကိုသေအောင်ရိုက်ရင်တောင် မင်းကို ပြန်ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့!"
ရိချန်းလျန်က သူ့မေးစေ့ကို ဆွဲပင့်ကာ ပြင်းပြင်းထန်ထန် နမ်းလာလေတော့သည်။
ဤသည်က အကြမ်းဖက်မှုနှင့် သွေးနံ့များပြည့်နေသည့် မနှစ်မြို့ဖွယ် အနမ်းတစ်ခုသာဖြစ်၏။ ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို ဆွဲဖို့ ကြိုးစားလိုက်ပေမဲ့ ရလဒ်အနေဖြင့် အားထည့်မိမည်ကိုလည်း စိုးမိလေရာ ရှောင်လိုက်မိပြန်သည်။
ထိုအစား တစ်ဖက်လူက မေးရိုးကို ညှစ်လာရာ နာကျင်သွားရသည်။တစ်ဆက်တည်းပင် သူ့ပါးစပ်က ပွင့်ဟသွားရာ နှုတ်ခမ်းနှင့် လျှာတို့က လျင်မြန်လှသည့် အသက်ရှုနှုန်းများနှင့်အတူ မရေမရာ ရစ်ပတ်သွားလေသည်။ ရိချန်းလျန်က သန်မာကာ စိုးမိုးလိုစိတ်ကြီးပြီး သူ့တစ်ကိုယ်လုံးအား မျိုချထားလိုက်ချင်သည့်ပုံပင်။
ယွင်ဖန်းက သူ့နံရိုးများ ထပ်ကျိုးသွားစေမိမည်ကို စိုးရိမ်မိနေ၏။ နောက်ဆုံးမှာ အတော်လေး ကောင်းမွန်လာသည်အထိ ပြုစုနိုင်ခဲ့ပြီးကာမှ ပြန်ထိခိုက်သွားလျှင်လည်း သနားစရာကောင်းလှသည်ဟု ခံစားမိ၍ပေ။
သို့ပေမဲ့ သူတခဏလောက် တုန့်ဆိုင်းမိခြင်းက ရိချန်းလျန်ကို ခရီးရောက်သွားစေခဲ့ကာ သူ့ဂုဏ်သိက္ခာက ကျရှုံးသွားရတော့သည်။
“မင်း …!”
ယွင်ဖန်း သူ့ပခုံးကိုကိုင်ကာ တွန်းဖို့လုပ်ပေမဲ့ မအောင်မြင်ချေ။
ရိချန်းလျန်က နဖူးကို သူ့နဖူးနှင့် ဖိကပ်ထားကာ သူ့သွားများက သူ့နှုတ်ခမ်းကို ဖိပွတ်လာရာ ယွင်ဖန်းမှာ နာကျင်မှုကြောင့် ပင့်သက်ရှိုက်မိသွားရသည်။
ရိချန်းလျန်၏အသံက အက်ကွဲနေသည်။
"မင်းငါ့ကို ခုနက တုန့်ပြန်လိုက်တယ်"
"ငါ့လူး!"
ယွင်ဖန်း၏ မျက်နှာက ဒေါသကြောင့် အနီရောင်ပြောင်းသွားကာ၊
"ငါ့လူး--"
ရိချန်းလျန်၏ လျှာကသူ့နှုတ်ခမ်းပေါ်ရှိ ဒဏ်ရာကို လျှက်လိုက်ပြီးနောက် သူ့စကားများအား လည်ပင်းထဲ ပြန်လျှောကျသွားစေလေသည်။ သူ့လက်များကတော့ဆွယ်တာကို ပင့်တင်လိုက်ကာ နောက်ကျောဘက်ဆီ ရွှေ့သွား၏။
ယွင်ဖန်းမှာ ထိုအထိအတွေ့ကြောင့် အလန့်တကြား ဖြစ်သွားကာသူ့အား ဆိုဖာဆီ တွန်းလှဲမိသွားတော့သည်။ သို့ပေမဲ့ လက်မြန်သူဖြစ်ရာ ခေါင်းအနောက်ဖက်ကို လက်တစ်ဖက်ဖြင့် ခံထားပေးလိုက်သည်။ အယုတ်တမာလေးကတော့ သူ့လည်ပင်းကိုဖက်လျက် ဆိုဖာပေါ် လဲကျသွား၏။ ခေါင်းအနောက်မှာ ခံပေးထားသော ယွင်ဖန်းလက်က သစ်သားဆိုဖာလက်ရန်းနှင့် ခိုက်မိသွားကာ နောက်တစ်ဖက်ကမူ ဖိမိလျှင်နံရိုးများကျိုးသွားမှာစိုးတာကြောင့် လဲမကျစေရန် ထောက်ထားရသည်။
ရိချန်းလျန်၏ ခြေထောက်တွေက ဆိုဖာလက်ရန်းပေါ် တင်နေလျက် ပေါင်နှစ်ဖက်ကမူ ယွင်ဖန်း၏ ခြေထောက်များကို မတ်တပ်ထမရပ်နိုင်အောင် ညှပ်ထားလေသည်
ယွက်ဖန်း၏ နဖူးသွေးကြောများမှာ ထောင်ထလာရလျက်သား။ ဆယ်စုနှစ်တစ်ခုအတွင်း သူဤမျှ ဒေါသမထွက်ဖူးပါချေ။ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်များပြည့်နေကာ သွားစေ့လျှက် အော်လိုက်သည်။
"ရိ၊ ချန်း၊ လျန်!"
ရိချန်းလျန်က သူ့လည်ပင်းတစ်ဝိုက်နှင့် နောက်ကျောကို ဖက်တွယ်ထားလျှက် သူ့အား ရင်ခွင်ထဲ ထွေးပွေ့ထားလုနီးပါးဖြစ်ကာ သူ့ကို ထပ်နမ်းလာပြန်လေသည်။
ယွင်ဖန်းက သူ့ဂုတ်ကနေဆွဲကာ နောက်ကိုတွန်းထုတ်လိုက်၏။ သူ ဒေါသတကြီးဖြင့်ပင် မရိုးမသားနိုင်လှသော အနှီနှုတ်ခမ်းအား ခပ်ကြမ်းကြမ်းနမ်းချလိုက်ရာ
ရိချန်းလျန်မှာ အံ့အားသင့်သွားတော့လေသည်။
ယွင်ဖန်းက အလွန်အမင်း ဒေါသထွက်နေပေမဲ့လည်း သူ့အနမ်းကတော့ မမျှော်လင့်ထားစွာပင် နူးညံ့နေသည်ကတော့ မငြင်းနိုင်ပါချေ။ ရိချန်းလျန်မှာ ခုခံနိုင်စွမ်း မဲ့သွားပုံရကာ နောက်ကိုပြင်းပြင်းထန်ထန် ပြန်ဆုတ်လိုက်ပေမဲ့ သူ့ခေါင်းက ယွင်ဖန်း၏ လက်ဖြင့် အောက်သို့ ဆွဲချခံလိုက်ရရာ ဆုတ်မရလေတော့။
သူ့လက်ချောင်းများက နူးညံ့သည့် ဆံနွယ်ကြားထဲရောက်နေခဲ့ရာ ယွင်ဖန်းမှာ သူ့ခေါင်းပေါ်ရှိ ချုပ်ရိုးနှစ်ကြောင်းကိုပင် ခံစားမိလေ၏။ သူ့အောက်ရှိလူက အသက်ရှုရခက်လုနီးပါးဖြစ်နေကာ သူ့အား ဆွဲကိုင်၍ တွန်းထုတ်လိုက်ရန် လက်လှမ်းလာသည်။
ယွင်ဖန်းက ခေါင်းကို အနည်းငယ် မလိုက်ကာမှ ရိချန်းလျန်မှာ နောက်ဆုံးတော့ လတ်ဆတ်သည့်လေကို ရှုနိုင်သွားပြီဖြစ်ကာ ပြင်းပြင်းထန်ထန် ရှုရှိုက်တော့သည်။
ယွင်ဖန်းက သူ့နားသံသီးလေးကို နမ်းလိုက်ပြီး မှောင်မဲနေသည့်အသံဖြင့် နားထဲ ပြောလာ၏။
"အားလုံးကို နားလည်တယ်ပေါ့? အသက်ရှုဖို့တောင် မတတ်နိုင်ဘဲနဲ့များ"
အထိခိုက်မခံနိုင်ဆုံး နားရွက်လေးက အနမ်းခဲ့လိုက်ရသည်မို့ ရိချန်းလျန်မှာ တောင့်ခဲသွားလေသည်။ ဒေါသထွက်သည်လား အသက်ရှူကြပ်သည်လား မသေချာစွာဖြင့် သူ့မျက်ဝန်းထောင့်လေးက နီရဲလာတော့သည်။
ယွင်ဖန်း၏ အကြည့်က ပိုမဲမှောင်သွားကာ ခေါင်းကို ငုံ့လိုက်ချိန် အေးစက်စက်အလင်းရောင်တစ်ချက်က သူ့မျက်မှန်ထက် အလင်းပြန်သွား၏။
သူ့လက်မက ခပ်ရဲရဲမျက်ဝန်းထောင့်အား ညင်သာစွာ ထိတွေ့လာချိန်၌ ရိချန်းလျန်မှာ တုန်ယင်သွားတော့သည်။
ထိုတုန်ယင်ခြင်းက ဒေါသကြောင့် အိမ်မှ ထွက်ပြေးသွားခါနီးဆဲဆဲ ယွင်ဖန်း၏ ကျိုးကြောင်းဆီလျှော်မှုအား ချက်ချင်းဆိုသလို ပြန်လည်ရရှိသွားစေသည်။ သူက သက်ပြင်းချလိုက်ပြီး အော်ရာကိုပြန်ထိန်းကာ လှောင်သလိုပြောလိုက်၏။
"မင်း ဘာမှ နားမလည်ပါဘူး"
ရိချန်းလျန်က သူ့အား မျက်လုံးပြူးဖြင့် ကြည့်နေကာ အပြောင်းအလဲအား မျက်မြင်တွေ့လိုက်ရပြီးနောက်ရင်းနှီးသည့် ယွင်ဖန်းပုံစံ ပြန်ရောက်သွားချိန်မှ ရိချန်းလျန်မှာ ကြောက်လန့်ခြင်းမှ သက်သာရာရစွာ သက်ပြင်း ချနိုင်သွားရသည်။
ခုနက ယွင်ဖန်းက....သေအောင် ကြောက်စရာကောင်းတယ်။
____
စာရေးသူမှာ ပြောစရာရှိသည်။
ကလေးစုတ်လေး…နင်က ဗီလိန်ကြီးနဲ့ ခုမှတွေ့ဖူးတဲ့ ဗီလိန်ပေါက်စလေးဟဲ့။ ဗီလိန်တိုင်းက သူတို့အကြောင်းသိနေတဲ့ ဗီလိန်ကြီးတွေကို ကြောက်ရတယ်။
နင် ဘာလို့ သူ့ကို သွားဆွရတာတုန်း ! !