no

Font
Theme

[ရှင်းလင်းခြင်း]

အချိန်က ညနက်နေပြီဖြစ်ကာ လမ်း‌မပေါ်၌ ကားများကျဲပါးနေပြီဖြစ်၏။ နွေးထွေးသည့်အဝါရောင်မီးရောင်များက လူနှစ်ယောက်၏ အရိပ်တို့ကို ပိုပြီးရှည်‌အောင် ဆွဲဆန့်ပေးနေခဲ့သည်။

ယွင်ဖန်းထံမှ ရုတ်တရက် ခေါင်းကို အထိခံလိုက်ရသော ရိချန်းလျန်က ထူးထူးခြားခြား စိတ်မဆိုးခဲ့ပေ။

ကောင်ငယ်လေး၏ အနက်ရောင်မျက်လုံးများနှင့် စိုက်ကြည့်ခံရသောအခါ ယွင်ဖန်းမှာ ရုတ်တရက် နောက်ကျောဆီမှ အေးစက်စက်ခံစားလာရလေသည်။

ရိချန်းလျန်က သူ့ကို ဝါးစားပစ်ချင်သလိုမျိုး စိုက်ကြည့်နေခဲ့တာပင်။

ယွင်ဖန်းက ခုလေးတင် သူ့ခေါင်းကိုထိခဲ့မိသည့် လက်ချောင်းများကို မသိလိုက်စွာ ပွတ်သပ်နေမိပြီး ဒီကောင်စုတ်လေးကို ကျေနပ်အောင်လုပ်ပေးရတာ တယ်ခက်လှပါလားဟု စိတ်ထဲကတွေး၍ သက်ပြင်းချလိုက်ကာ သူ့ကိုယ်သူ ကိုယ်ပိုင် အောက်ခြေစည်းကို ထပ်ကာထပ်ကာ ချိုးဖျက်၍ သားဖြစ်သူအား ကျိုးကြောင်းမဆီလျော်စွာ အလိုလိုက်နေရသော အဖေအိုကြီးတစ်ယောက်နှင့် တူနေလောက်ပြီဟု ဝမ်းနည်းစွာ တွေးမိသွားရသည်။

သူက လက်ကိုမြှောက်ကာ ကသိကအောက်ဖြစ်စွာ ရယ်လိုက်ပြီး သူ့ရှေ့မှလူအား ချော့မော့လိုက်သည်။

"အိုခေ၊ အိုခေ၊ ငါ နောက်ထပ် ထပ်မထိတော့ပါဘူးကွာ"

ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများ၏ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုက မြင့်မားကြ၏။ သူတို့က မကြာခဏဆိုသလို ခေါင်းကို လာထိခြင်းများအား သေချာပေါက် ကြိုက်ကြလိမ့်မှာမဟုတ်။ သို့ငြား သူဟာလည်း အကြိမ်တိုင်းမှာ သူ့ကိုယ်သူ မထိန်းနိုင်ချေ။

ယွင်ဖန်းက လူကို ချော့မော့ရန်ဦးနှောက်ကိုဆွဲဆန့်နေဆဲဖြစ်ကာ သူသတိလွတ်‌နေချိန် လက်ကိုအကိုင်ခံလိုက်ရသည်။

သူ့ကို ကိုင်လိုက်သောလက်က အေးစက်နေကာ သွယ်လျပြီး လက်ဆစ်များက အနည်းငယ် ဖြူဖျော့နေလျက် အားဖြင့် ဆုပ်ထားခြင်းကြောင့် အပြာရောင်သွေးကြောများ ထင်းထွက်နေလျက်သား။

လက်ပိုင်ရှင်က စကားတစ်ခွန်းမှ မပြောဘဲ မျက်လွှာချလျက် သူ့ကိုရှေ့သို့ဆွဲခေါ်သွားလေ၏။

ယွင်ဖန်းမှာ ထိုသူ့ထံမှ ဤသို့ ဆွဲခေါ်ခံရချိန်၌အနည်းငယ် ဒယိမ်းဒယိုင်ဖြစ်သွားကာ ချက်ချင်းဆိုသလို ခြေလှမ်းအမီလှမ်းကာ ပူပန်မှုအနည်းငယ်ဖြင့် သူ့ကိုကြည့်လိုက်သည်။

"မင်းအဆင်ပြေရဲ့လား?"

ရိချန်းလျန်မှာ အခြေအနေတစ်ခုကနေ ရုတ်တရက်ရုန်းထွက်လိုက်ပုံရကာ သူ့အကြည့်အား အနည်းငယ် ကသိကအောက်ဖြစ်စွာ ရှောင်လွှဲနေခဲ့ပြီး သူ့လက်ကိုပါ ရုတ်တရက် လွှတ်လိုက်၏။

ယွင်ဖန်းတဖြည်းဖြည်းနှင့် မျက်မှောင်ကြုတ်သွားရသည်။

ဒီကလေး ဘာဖြစ်နေတာပါလိမ့်။

"မင်း နေလို့မကောင်းဘူးလား?"

ယွင်ဖန်းက သူ စကားတစ်ခွန်းမှမပြောဘဲ ရှေ့ကိုသာ လျှောက်နေတာမြင်တော့ သူ့နောက်မှ အမှီလိုက်ကာ ပုခုံးကို ဆွဲလှည့်လိုက်သည်။ သူ့အသံက ခက်ထန်နေလျက်ဖြင့်

"စကားပြော!"

ရိချန်းလျန်က နှုတ်ခမ်းစေ့လျှက် သူ့ကိုမော့ကြည့်လာ၏။

"နောက်ကျနေပြီကို အိမ်မပြန်တာ မင်းအတွက် အဆင်ပြေရဲ့လား?"

ယွင်ဖန်းမှာဒေါသကြောင့် ရယ်မိလုနီးပါးပင်။

"ချီးကို အိမ်ပြန်၊ မင်းဘာဖြစ်နေတာလဲ?"

"ငါ...."

ရိချန်းလျန်ကိုယ်တိုင်လည်း ဘာဖြစ်နေသည်ကို နားမလည်နိုင်ပေ။ ပူလောင်မှုတစ်ခဏ၌ တစ်စုံတစ်ယောက်၏လက်ကို ဆွဲကိုင်မိခဲ့၏။ တစ်ခဏအကြာ၌မူ သူ ရေရွတ်လိုက်သည်။

"ဒီည ငါ ပန်းကန်လုံးတစ်ခု မတော်တဆ ခွဲလိုက်မိတယ်။"

"......"

ယွင်ဖန်းမှာ ခဏလောက် ပြောစရာမရှိ ဖြစ်သွားရလေသည်။

"အိုး၊ မင်း ပန်းကန်တစ်လုံး ခွဲလိုက်တာပဲ"

ရိချန်းလျန်က သူ့ကိုယ်သူ တုံးအလှသည်ဟု ခံစားလိုက်ရသည်။ သူက မသက်မသာစွာဖြင့် နှာခေါင်းကို ထိလိုက်ပြီး စကားပြောဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။

"နောက်ကျနေမှ မင်းအပြင်ရောက်နေတာကို မင်းမိဘတွေ စိတ်မပူလောက်ဘူးလား?"

"ငါ သူတို့ကိုပြောခဲ့တယ်"

ယွင်ဖန်း မျက်ခုံးပင့်လိုက်၏။

"ငါဒီည မင်းအိမ်မှာအိပ်မှာ"

ရိချန်းလျန် နှုတ်ခမ်းပွင့်ဟသွားပေမဲ့ သူဘာမှ မပြောလိုက်နိုင်ခင်မှာ ယွင်ဖန်းက သိုင်းဖက်ကာ ဆတ်ခနဲ ငုံ့ချလိုက်၏။

"မင်းက မကြိုဆိုဘူးဆိုရင်တောင် နည်းလမ်းမရှိတော့ဘူး၊ ငါ့မိဘတွေက ပြန်သွားကြပြီ"

"အပြင်မှာမင်းငါ့ကို ဘယ်လောက်ထိ‌ စောင့်နေခဲ့တာလဲ?"

ရိချန်းလျန်မှာ သူရင်ဘတ်ဆီမှာ မြှင့်တက်လာသည့် ပြင်းထန်လှသော နှလုံးခုန်သံကို နားထောင်နေရင်းမှ ရုတ်တရက် ရုန်းကြွလာသော ထိုပျော်ရွှင်မှုကို တိတ်တိတ်လေး အတင်းဖိနှိပ်ထားလိုက်ရသည်။

"မိနှစ်နှစ်ဆယ်လောက်ပါပဲ"

ယွင်ဖန်းက သူ့နာရီကိုငုံ့ကြည့်လိုက်သည်။

"အချိန်မဖြုန်းနဲ့တော့ မြန်မြန်ပြန်ရအောင်။ ငါတို့မနက်ကျရင် အတန်းရှိသေးတယ်လေ"

"အိုး"

ရိချန်းလျန်က အသံတိုးတိုးဖြင့်သာ တုန့်ပြန်လိုက်ပေမဲ့ သူ့ခြေလှမ်းများကတော့ သူ့နှင့် နီးနီးကပ်ကပ် လိုက်သွားခဲ့လေသည်။

ယွင်ဖန်းက ညစာစားရန်အဝတ် လဲဝတ်ထားသည့် ပေါ့ပေါ့ပါးပါးဂျာကင်ကို ဝတ်ထားဆဲဖြစ်သည်။ အင်္ကျီလက်များက အနည်းငယ် ရှည်နေကာ သူ့လက်ဖမိုးတစ်ဝက်အထိ ဖုံးနေခဲ့၏။

ရိချန်းလျန်က သူနှင့် ဘေးချင်းယှဉ်လျှောက်နေတာပင်။ နှစ်ယောက်သား၏ လက်များက ရံဖန်ရံခါ ထိသွားတတ်ကြသည်။ တိတ်ဆိတ်သောညထဲ အဝတ်စတို့၏ မဆိုစလောက် ပွတ်တိုက်မှုအသံက အထူးသဖြင့်ကို ရှင်းလင်းနေခဲ့သည်ပင်။ ဖြတ်သွားဖြတ်လာဖြစ်‌နေသည့် လက်နှစ်ဖက်မှာ နီးလာလိုက် ဝေးသွားလိုက်ဖြင့် နောက်တစ်စက္ကန့်အတွင်း ထိမိဝောာ့မလိုပေမဲ့ ဘယ်တော့မှလည်း မထိနိုင်တော့သလိုပါပင်။

ရိချန်းလျန်၏ တစ်ခြားလက်တစ်ဖက်ကမူ အနည်းငယ် ကွေးဆုပ်ထားကာ သူ့လက်မက လက်ညှိုးအဆစ်အား အတင်း ဖိညှစ်ထားမိနေလေသည်။

"ယွင်ဖန်း"

သူ့အသံက တိတ်ဆိတ်သည့်ညထဲ ခပ်ကျယ်ကျယ်ဖြစ်သွားတာကိုကြားလိုက်ရကာ ဝါကျ၏အဆုံးမှာတောင် စိတ်လှုပ်ရှားမှုကြောင့် တုန်နေခဲ့သေးသည်။

"ဟမ်?"

ယွင်ဖန်းက အနည်းငယ် အိပ်ချင်နေကာ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

"ငါ-"

ရိချန်းလျန်၏ စကားလုံးများက ရုတ်တရက် လည်ချောင်းမှာတစ်သွားသည်။

နွေးထွေးသည့် လက်ဖဝါးက သူ့နဖူးပေါ်ရောက်လာခဲ့ကာ ယွင်ဖန်း၏ မျက်လုံးထဲမှ တောင့်တင်းနေသည့် သူ့ပုံရိပ်ကိုတောင် သူပြန်မြင်လိုက်ရ၏။

"မင်းဖျားနေတာလား?"

ယွင်ဖန်းက စိုးရိမ်မှုအနည်းငယ်နှင့်အတူ သူ့ကိုကြည့်လာသည်။

"မင်းမျက်နှာက အရမ်းနီနေတယ်"

ရိချန်းလျန်သည် လေးလံလှသည့် ဝန်ထုတ်တစ်ခု လျှော့ကျသွားသကဲ့သို့ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။ စောနက သူ စိတ်လိုက်မာန်ပါဖြင့် တစ်ခုခု ပြောတော့မလို့ပင်။သို့သော်လည်း ဘာပြောချင်မှန်းတောင် သူမသိ။ သူက ယွင်ဖန်း၏လက်ကို ဖယ်လိုက်ကာ လည်ချောင်းရှင်းလိုက်၏။

"ငါအဆင်ပြေပါတယ်။ အိမ်ပြန်ကြစို့"

ယွင်ဖန်း ဤနေရာတွင် နောက်ဆုံးနေသွားခဲ့သည်က တစ်လခွဲလောက်ရှိခဲ့ပြီဖြစ်သည်။ ခြံဝန်းထဲရှိ သံပိုက်ချောင်းနှင့် စတီးပိုက်ချောင်းအပုံလိုက်မှာ အတော်များများ လျှော့ပါးသွားခဲ့ပြီပင်။ အဓိကအခန်းကျယ်ထဲရှိ စွန့်ပစ်ပစ္စည်းများကို ရိချန်းလျန် ရောင်းလိုက်တာဖြစ်လိမ့်မည်။ အခန်းက အတော်လေးသပ်သပ်ရပ်ရပ် ရှင်းလင်းခံထားရကာ စားပွဲတစ်လုံးတောင် အပိုရှိနေလိုက်သေးသည်။ ထိုအပေါ်တွင် စားကြွင်းစားကျန် ပန်းကန်တစ်ချပ်နှင့်တူတစ်စုံဖြစ်ပုံရသည်တို့ကို ပစ်တင်ထား၏။ ဘေးဘက်တွင်လည်း တစ်ဝက်စားပြီးသား ပန်ကိတ်တစ်ခုပါ ရှိနေသေးလေသည်။

"သွားတိုက်တံ၊ ရေခွက်နဲ့ အရင်တစ်ခေါက်က မင်းသုံးခဲ့တဲ့ ပုဝါတွေက ဗီရိုထဲမှာ"

ရိချန်းလျန်က တံခါးမှဝင်လိုက်သည်နှင့် စားပွဲပေါ်မှ ရှုပ်ယှက်ခတ်နေသည့်ပစ္စည်း အနည်းငယ်ကို စရှင်းလိုက်သည်။

"အိပ်ရာခေါင်းရင်းဘေးမှာ ရှိနေတဲ့တစ်ခု"

ယွင်ဖန်း အိပ်ခန်းထဲ ဝင်သွားလိုက်တော့ သစ်သားကုတင်ထက်၌ရှိခဲ့ဖူးသည့် ဝါးဖျာမှာ နောက်ဆုံးတော့ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်ကို တွေ့လိုက်သည်။ မွေ့ယာတစ်ခုကို ရိချန်းလျန် ဘယ်ကရှာလာခဲ့သည်ကို သူမသိပေ။ ထိုအပေါ်၌ အဝါနုရောင်အိပ်ရာခင်းတစ်ခုကိုပါ ခင်းထားလိုက်သေးသည်။ ထိုအရောင်က ဤအခန်းနှင့်ဖြစ်စေ ရိချန်းလျန် ကိုယ်တိုင်နှင့် ဖြစ်စေ လိုက်ဖက်မနေပေမဲ့လည်း အနှီအရောင်ဖျော့ဖျော့က အတော်လေး နွေးထွေးကာ လူများအား လှဲအိပ်ချင်စိတ် ပေါက်စေလေသည်။

သို့ပေမဲ့ ရိချန်းလျန်တွင် စောင်ခေါက်တတ်သည့် အကျင့်မရှိသည်မှာတော့ သိသာလှ၏။ ရှုပ်ပွနေသည့် စောင်က နံရံတွင် ကပ်နေကာ တွန့်ခေါက်နေပေသည်။

ဤအချိန်၌ ရိချန်းလျန်ကလည်း အပြင်တံခါးမှဝင်လာကာ အဝါနုရောင် အိပ်ရာခင်းအား တွေ့လိုက်ချိန်၌ အနည်းငယ် နေရခက်စွာကြည့်လိုက်၏။

"အရောင်းချထားတာတွေ့လို့ ဝယ်လာခဲ့တာ။ ဈေးပေါတယ်လေအဲဒါက"

ယွင်ဖန်းက သူ့အား နောက်ပြောင်ချင်စိတ်ဖြင့်ကြည့်လာကာ ရယ်လိုက်သည်။

"အရမ်းကြည့်လို့ကောင်းတယ်၊ မင်းနဲ့လိုက်သားပဲ"

ရိချန်းလျန်က သူ့အားရိုက်ချင်စိတ်ကို အတင်းဖိနှိပ်လိုက်ရကာ ဗီရိုထဲမှ သွားတိုက်တံနှင့် ပုဝါယူရန် ငုံ့ကိုင်းလိုက်ပြီး တောင့်တင်းစွာပြောလိုက်သည်။

"မင်း မအိပ်ချင်ရင် ကြမ်းပြင်ပေါ်မှာ အိပ်ရာပြင်လိုက်လို့ရတယ်။"

ယွင်ဖန်းကမူ အိပ်ရာထက်မှာ လှဲချလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူအတော်လေးသက်သောင့်သက်သာ ရှိသွားရသည်။ သူက ခေါင်းပေါ်ရှိ မီးလုံးဟောင်းကြီးကို စိုက်ကြည့်နေလျက်မှ မျက်လုံးကို တဖြည်းဖြည်းကျဉ်းလိုက်၏။ သူ့နှုတ်ခမ်းထောင့်စွန်း၌ အပြုံးဖျော့ဖျော့လေးတင်နေဆဲပင်။

"ငါ အဲ့လိုမပြောမိပါဘူးနော်၊ မင်းရိုက်ချင်တယ်ဆိုလည်း ရိုက်ပေါ့"

ရိချန်းလျန်က သူ့ကို ပုဝါနှင့် ပစ်ပေါက်လာသည်။

"မြန်မြန်ထ ဆေးကြောပြီး အိပ်ရာဝင်တော့"

ယွင်ဖန်းက သက်တောင့်သက်သာရှိစွာ အကြောဆန့်လိုက်ပြီး သူ့ထံ လက်တစ်ဖက် ချိနဲ့စွာ ကမ်းပေးလိုက်၏။

"မင်းကို ဒုက္ခပေးမိပြီ"

ရိချန်းလျန်မှာ ထိုင်းမှိုင်းသောလေထုနှင့်အတူ သူ့ကိုတစ်ချက်စိုက်ကြည့်ကာ ဆွဲထူလိုက်ပြီးနောက် အပြင်ဘက်ကို တွန်းပို့လိုက်တော့သည်။

"အပြင်ဘက်က စည်ထဲမှာ ရေရှိတယ်”

မီးအိမ်ဖြင့် လင်းနေသည့် ခြံဝန်းငယ်လေးထဲဝယ် ဆယ်ကျော်သက်လေးနှစ်ယောက်ဟာ ဂျူဂျူဘီးပင်အောက်၌ ဆောင့်ကြောင့်ထိုင်ကာ သွားတိုက်နေခဲ့ကြသည်။ တံခါးဝဆီမှ အဝါရောင်ဖျော့ဖျော့အလင်းက ဂျူဂျူဘီးပင်၏ ဘေးဘက်ကို အလင်းရစေဖို့ ကြိုးစားပေးနေခဲ့တာကြောင့် သူတို့က အမှောင်ထဲ ရောက်မနေခဲ့ပါချေ။

ယွင်ဖန်းက သွားတိုက်ဆေးအမြှုပ်များကို ထွေးလိုက်ကာ ပါးစပ်ကို မြန်မြန်ဆေးလိုက်၏။ ပါးစပ်ထဲမှ လတ်ဆတ်သည့် ပူစီနံအရသာက အိပ်ချင်စိတ်အများစုကို ဖယ်ထုတ်ပစ်လိုက်လေသည်။

"မင်းအိမ်စာလုပ်ပြီးပြီလား?"

ပလုပ်ကျင်းနေသည့် ရိချန်းလျန်ခမျာ သီးသွားလုနီးပါး။ သူက ပါးစပ်ထဲမှ အမြှုပ်များကို ခပ်ပြင်းပြင်းထွေးထုတ်လိုက်ကာ ဖြေလိုက်သည်။

"ငါ မနက်ဖြန်မနက်ကျရင် လုပ်လိုက်မယ်"

ယွင်ဖန်းက မယုံသင်္ကာဟန်ဖြင့်

"အချိန်လောက်ပါ့မလား?"

"လောက်တယ်"

‌တစ်နေကုန် ပင်ပန်းနေခဲ့သည့် ရိချန်းလျန်မှာ ညသန်းခေါင်ထိ ကြိုးစားမနေချင်တော့။ သူယွင်ဖန်းအား မျက်နှာသစ်ပြီး အိပ်ရာဝင်ရန် တိုက်တွန်းတော့သည်။

လက်ရှိရိချန်းလျန် ကြုံတွေ့နေရသည်များအားလုံးမှာ သူ(ယွင်ဖန်း)မှတ်မိသည်များ မဟုတ်ပါချေ။ သူ့တွင် အတွေ့အကြုံကိုအခြေခံ၍ တူညီသော တန်ပြန်မှုများပြုလုပ်ရန် နည်းလမ်းမရှိတော့သော်လည်း ထိုသည်က ယွင်ဖန်းအား သူ့ကိုယ်ပိုင်ဇာတ်လမ်းကို ရှာတွေ့နိုင်စေသလို ခံစားရစေလေသည်။

အဆုံးမရှိ ဖြစ်နိုင်ချေများအပြည့်နှင့် လုံးဝကွဲပြားပါသည့် ရိချန်းလျန်….။

ညအချိန်၌ အသံတိတ် ရယ်မောလိုက်မိသည့်သူက ရိချန်းလျန်ဆီမှ မျက်နှာ သစ်ရန် ဆွဲခေါ်ခံလိုက်ရလေသည်။

နှစ်ယောက်သား ဆေးကြောသန့်စင်ကြပြီးနောက် မီးပိတ်ကာ ကုတင်ပေါ်တက်ပြီး စောင်ထဲတွားဝင်လိုက်ကြချိန်မှာ ဆယ့်တစ်နာရီထိုးခါနီးပြီဖြစ်သည်။

အေးမြသည့် လရောင်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေခဲ့ကာ စောင်နှစ်ထည်ပေါ်မှ ဒီဇိုင်းပုံစံကွက်များကို တောက်ပနေစေလေသည်။ ဆောင်းရာသီအစောပိုင်း၏ ရာသီဥတုက အေးစပြုလာပြီဖြစ်ကာ ယွင်ဖန်းက အပြင်ရောက်နေသည့် သူ့လက်ကို စောင်အတွင်းသို့ ထည့်လိုက်၏။

"အေးနေတာလား?"

ရိချန်းလျန်က ဘေးမှမေးလာသည်။

"မအေးပါဘူး"

ယွင်ဖန်းက ခေါင်းလှည့်ကာ သူ့ကိုကြည့်လိုက်၏။

"မင်း မအိပ်သေးဘူးလား?"

ရိချန်းလျန်က သူ့ဘက်ကို မျက်နှာမူကာလှဲနေသည်ဖြစ်ကာ ခဏအကြာ၌ သူကပြောလာ၏။

"မင်းဘာလို့ ဒီနေ့ငါ့ကို အိမ်ပြန်လိုက်ပို့ပေးတာလဲ?"

တစ်လမ်းလုံး သူက ထိုအကြောင်း တွေးလာခဲ့ပေမဲ့ ယွင်ဖန်းက သူ့အား ဘာကြောင့် အိမ်ပြန်လိုက်ပို့ပေးသည်ကို စဉ်းစားမရကာ သူက သူ့ကိုယ်သူ အပြင်လူတစ်ယောက်လိုမနေခဲ့ဘဲ ရဲရင့်နေခဲ့သည်ပင်။

သေချာပေါက် ယွင်ဖန်းနှင့် ပတ်သတ်၍ သူနားမလည်နိုင်သည့်အရာ များစွာရှိနေသေးပါ၏။

ဘာကြောင့်လဲ?

ယွင်ဖန်လည်းပဲ ကိုယ်တိုင် သိချင်မိလေသည်။

ထိုနေရာမှာတစ်ယောက်တည်းရပ်နေတာက သနားစရာကောင်းတယ်လို့ ခံစားရလို့လား။သူက သူ့ကို စိတ်အားထက်သန်စွာကြည့်နေတာကို နာကျင်ခံစားခဲ့ရလို့လား ဒါမှမဟုတ် ဘယ်တုန်းကမှ ဂရုစိုက်မခံခဲ့ရတဲ့ ရိချန်းလျန်ဆိုတဲ့ သူကိုယ်တိုင်ကြောင့်ဆိုတဲ့ ရိုးရှင်းတဲ့ အကြောင်းအရင်းကြောင့်လား။

ယွင်ဖန်းမှာ ပြင်းပြင်းထန်ထန် တွေးမိလုနီးပါးဖြစ်သွားရသည်။ သို့သော်လည်း ပြောရပါက တစ်နည်းအားဖြင့် သူနှင့် ရိချန်းလျန်တို့ဟာ အမှီအခိုကင်းသည့် လူများဖြစ်သွားပြီပင်။ သူ့ဂရုစိုက်မှုမရှိလျှင်လည်း ရိချန်းလျန်က သူ့ဘာသာ နေနိုင်လိမ့်မှာဖြစ်သည်။ သူက ရိချန်းလျန်ကို ဂရုစိုက်ပေးချင်လျှင်တောင်မှ ဤမျှလောက်အထိ လုပ်စရာမလိုပါချေ။

သို့ပေမဲ့ သူလုပ်ခဲ့သည်။ ဘာကြောင့်လဲကိုမူ ဆက်မတွေးတတ်တော့ရာ ရိုးရိုးလေးပင် တွေးနေသည်ကို ရပ်လိုက်တော့သည်။

"အာ"

ယွင်ဖန်းက အိပ်ချင်စိတ်ဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူ့အသံထဲမှာ ရယ်သံအချို့ပင် မသိလိုက်ဘာသာ ပါသွားလျက်သား ။

"ဒီနေ့ရဲ့ ရာသီဥတုက သာယာနေလို့ ဖြစ်လိမ့်မယ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment