နှစ်သစ်ကူး (၁)
"ချီဟော့ ဒီည ကျင်းရွှေပန်းခြံမှာ မီးပန်းလွှတ်ပွဲရှိတယ်။ သား ရှောင်ချွင်ကိုခေါ်ပြီး သွားကြည့်ပါလား"
ချီရွှမ်းက အိတ်ကိုင်ကာ ဒေါက်မြင့်ဖိနပ်စီးလျက် ချီဟော့၏အိပ်ခန်းတံခါးဆီ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။
"အမေ ဒီနေ့အပြင်သွားစရာရှိလို့"
ချီဟော့က အိပ်ရာထက်၌ တစ်ဖက်လှည့်လိုက်ကာ အော်လိုက်၏။
"ကျွန်တော် မသွားဘူး!"
"အမေ ဘာပြောထားလဲ?"
ချီရွှမ်းက တံခါးဖွင့်လိုက်လျက်
"စုန့်ချွင်က နောက်ဆို သားနဲ့ညီအစ်ကိုဖြစ်လာမှာလေ-"
"သောက်ကျိုးနည်း ညီအစ်ကိုက ဘယ်ကရလာရတာလဲ!"
ချီဟော့က စိတ်ဆိုးမာန်ဆိုးဖြင့် အိပ်ရာပေါ်တွင် ထထိုင်လိုက်ကာ
"အမေက အဖေ့ကိစ္စတွေကိုလည်း ဖုံးထားတယ်။ ကွာရှင်းတာကိုလည်း ဖုံးထားသေးတာပဲ။ သတ္တိရှိရင် အိမ်ထောင်ထပ်ပြုမယ့်ကိစ္စကိုလည်း ထပ်ပြီး ဖုံးကွယ်လိုက်ပါတော့လား ! ဘယ်သူက သောက်ကျိုးနည်း ညီလေး လိုချင်နေလို့လဲ!”
ချီရွှမ်းက ထိုနေရာတွင် မတ်တပ်ရပ်နေလျက် မျက်ဝန်းတွေက ရုတ်တရက် နီစွေးလာသည်။ သူမက ပါးစပ်ဟလိုက်၏။
"ချီဟော့...."
ချီဟော့က အခုထိ အိပ်ရေးမဝသေးကာ စိတ်ကလည်း အလွန်သုန်မှုန်နေသည်။ သူက ဖိနပ်ပါးစီးလျှက် ချီရွှမ်းဘေးမှ ဖြတ်ကာ သန့်စင်ခန်းထဲ ဝင်သွားတော့သည်။
သန့်စင်ခန်းမှ ထွက်လာချိန်မှာတော့ ချီရွှမ်းက ထွက်သွားပြီဖြစ်၏။ ဧည့်ခန်းရှိ ကော်ဖီစားပွဲထက်တွင်မူ ငွေတစ်ထပ်ရှိနေပြီး မှတ်စုတစ်ခုလည်း ထိုအောက်တွင် ရှိနေလျက်သား။
ချီဟော့က မှတ်စုအား စိတ်တိုစွာဖြင့် ကောက်ယူကာ စုတ်ဖြဲ၍ အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်သည်။
"ချီးကို စုန့်ချွင်!"
သူက ငွေအထပ်လိုက်အား စိုက်ကြည့်လျှက် ဒေါသတရားကမူ အကန့်အသတ်ကို ချိုးဖောက်တော့မတတ်ဖြစ်နေပြီ ဖြစ်သည်။
ချီဟော့က ခေါင်းလှည့်ပြီး နံရံပေါ်မှ နာရီကိုကြည့်လိုက်သည်။ ယခုက နေ့လည် ငါးနာရီ ခွဲနေပြီပင်။
****
တံခါးခေါင်းလောင်းသံ မြည်လာတော့ ထန်ရိက တံခါးဖွင့်ကြည့်လိုက်၏။
"ရှောင်ချွင်၊?"
ထန်ရိ အနည်းငယ် အံ့သြသွားသည်။
ထို့နောက် သူမက သူ့ကို အိမ်ထဲအမြန်ခေါ်လိုက်၏။
"ဝင်လာခဲ့လေ၊ သားနောက်ဆုံးတစ်ခေါက်လာခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ"
"အန်တီထန်၊ ကျွန်တော် ယွင်ဖန်းနဲ့ လျှောက်လည်ကြဖို့ လာရှာတာပါ။ ဒါကြောင့် မဝင်တော့ပါဘူး"
စုန့်ချွင်က ပြုံးလျက် ဖြေလိုက်၏။
"ထန်ထန်က သူ့အတန်းဖော်နဲ့ လျှောက်လည်ဖို့ ထွက်သွားတယ် သားရဲ့"
ထန်ရိကပြောလိုက်သည်။
စုန့်ချွင် : "သူ ဘယ်တော့လောက် ပြန်လာမှာလဲ?"
"အန်တီလည်း သေချာမသိပါဘူး၊ သူ့ကို ဖုန်းခေါ်ပြီး မေးကြည့်ရင်ရော"
ထန်ရိက အနည်းငယ် အနေခက်နေလျက်။
စုန့်ချွင် တန့်သွားခဲ့လေသည်။
"ကောင်းပါပြီ၊ ကျေးဇူးပါအန်တီ"
"ခဏလောက် ဝင်ထိုင်ပါဦးလားကွယ်"
ထန်ရိ သူ့ကို တစ်ခေါက် ထပ်ပြီး ဖိတ်ခေါ်လိုက်၏။
"မဝင်တော့ပါဘူ အန်တီ၊ ကျွန်တော် လုပ်စရာရှိသေးလို့ပါ။"
စုန့်ချွင်က နှုတ်ခမ်းထောင့်ကို ကွေးလိုက်ကာ လှည့်ထွက်သွားတော့သည်။
"ထန်ရိ၊ ဘယ်သူလဲ?"
ယွင်ဟဲယွီက မီးဖိုချောင်မှနေ လှမ်းမေးလာသည်။
"ရှောင်ချွင်လေ၊ ထန်ထန်နဲ့ လျှောက်လည်မလို့တဲ့"
ထန်ရိက တံခါးပိတ်လိုက်သည်။
"ထန်ထန်က မရှိတော့ သူပြန်သွားပြီ"
"အဲ့ဒီကလေး...."
ယွင်ဟဲယွီ သက်ပြင်းချလိုက်သည်။
"သူမလာတာ နှစ်တစ်ဝက်လောက်တောင် ရှိသွားခဲ့ပြီပဲ"
"သူ့အဖေရဲ့ နောက်အိမ်ထောင်ပြုမဲ့ ကိစ္စကြောင့် ဖြစ်နိုင်တယ်"
ထန်ရိက သူ့ကို ကူညီရန် မီးဖိုချောင်ထဲ ဝင်သွားလိုက်လေသည်။
"ချီရွှမ်းက လူကောင်းပါ၊ လောင်စုန့်က အမြင့်ကိုတက်လှမ်းတယ်လို့ တွေးလို့ရတယ်"
ယွင်ဟဲယွီက ရယ်လိုက်၏။
"ကလေးနှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် အဖော်ရသွားကြတာပေါ့"
(T/N: ဒီမှာ အမြင့်တက်တယ်ဆိုတာက မိတ်ဆွေဖွဲ့တာ ဒါမှမဟုတ် လူမှုရေးရာထူးမြင့်သူတစ်ယောက်ယောက်နဲ့ ချည်နှောင်ပတ်သတ်တာကို ပြောတာပါ')
"ကျွန်မတော့ မထင်ဘူး"
ထန်ရိက ခေါင်းခါလိုက်၏။
"ချီရွှမ်းပြောတာက ချီဟော့က ငယ်ငယ်လေးကတည်းက ထိန်းရခက်တယ်တဲ့။ အရင်နေ့တုန်းက ညစာစားပွဲမှာ ရှင်တွေ့ခဲ့တာပဲ၊ သူက ဘာမှ မပြောလာတာတောင် မျက်နှာက တင်းထန်နေတာ။ ရှောင်ချွင်ကတော့ ဒုက္ခခံရတော့မဲ့ပုံပါပဲ"
"မလိုအပ်တာကွာ၊ ရှောင်ချွင်က သူ့အမေနဲ့တူပြီး အရမ်းလိမ္မာ ပါးနပ်တာပဲကို"
ယွင်ဟဲယွီက ရယ်လိုက်သည်။
"ကိုယ့်ကို ရှာလကာရည် ပေးပါဦး"
ထန်ရိက ကမ်းပေးလိုက်ကာ သက်ပြင်းချလိုက်၏။
"အားလုံးက မလွယ်ကူပါဘူးလေ"
"ဘဝက လွယ်ကူတယ်ဆိုတာ ဘယ်မှာရှိလို့လဲ?"
ယွင်ဟဲယွီက ခေါင်းယမ်းလိုက်သည်။
"ထန်ထန် ဒီည ပြန်မလာဘူးလား?"
"ဒီလောက်နောက်ကျနေမှတော့ ရှောင်ရိရဲ့ အိမ်မှာပဲ ထပ်နေတော့မှာ ဖြစ်နိုင်တယ်"
ထန်ရိက အနည်းငယ် သဘောမကျပေ။
"သူတို့က တွဲနေတယ်ဆိုရင်တောင်၊ အဲ့လို…ကတော့ မဖြစ်သင့်ဘူးလားလို့”
"အင်း၊ ဒါဆိုလည်း ထန်ထန်ကို ပြန်ခေါ်လိုက်ပါလား"
ယွင်ဟဲယွီက ချက်ပြုတ်နေရင်းဖြင့်
"သူ့ကို အရမ်းထက်သန်မနေနဲ့လို့ မဟုတ်ရင် လူတွေက တန်ဖိုးမထားတော့ဘူး ဆိုပြီး ပြောပြလိုက်လေ"
ထန်ရိက သူ့အား စိတ်တိုစွာ ထုလိုက်လေသည်။
"ရှင်ခေါ်လိုက်ပါလား၊ ကျွန်မ လူဆိုး အဖြစ်မခံနိုင်ဘူး"
ယွင်ဟဲယွီက ရယ်လိုက်တော့သည်။
****
ကျင်းရွှေပန်းခြံက အလွန်ကျယ်ဝန်းကာ ဝူမြို့တော် မြို့တော်ဗဟို၏ စိမ်းလန်းရေး ပရောဂျက်၏ သော့ချက်လည်းဖြစ်၏။ ကျင်းရွှေမြစ်က ပန်းခြံတစ်ခုလုံး ဖြတ်ကာစီးဆင်းနေပြီး သာမန်နေ့များတွင်လည်း ပန်းခြံထဲလာရောက်ကြသူ များပြားကာ ယနေ့မှာတော့ နှစ်သစ်ကူးဆင်နွှဲရန် လာရောက်ကြသူများ ပို၍ များပြားလေသည်။
ပန်းခြံအပြင်ဘက်၌ ဝူမြို့၏ နာမည်အကြီးဆုံး ညဈေးရှိပြီး များပြားလှသည့် အစားအသောက်ရောင်းချသည့် ဆိုင်ခန်းကြီးများ၊ အရုပ် ၊သရေစာ၊နှင့် အဝတ်အထည်များ ရောင်းချသည့် ဆိုင်ခန်းငယ်များစွာက လမ်းတစ်လျှောက် အပြည့်ပါပင်။
ခြောက်နာရီအချိန်က မှောင်နေခဲ့ပြီဖြစ်ကာ မီးများ လင်းလာခဲ့ပြီး လူအုပ်က စည်ကားသက်ဝင်နေ၏။ ယွင်ဖန်းနှင့် ရိချန်းလျန်တို့က ပန်းခြံဆီ ဦးတည်သွားနေရင်း ညဈေးရှိ ဆိုင်ခန်းများအား ကြည့်ရှု့နေကြလေရာ မပျင်းရိအားကြပေ။
ရိချန်းလျန်က အရုပ်ဆိုင်ရှေ့တွင် ကလေးတစ်အုပ်နှင့် ရောနှောလျှက် ဆောင့်ကြောင့်ထိုင်ကာ “လက်စွပ်ကိုးကွင်းပဟေဠိ”အား လှမ်းယူလိုက်၏။ ခဏလောက် ဟိုရွှေ့သည်ရွှေ့လုပ်ပြီးနောက်မှာ လက်စွပ်တစ်ကွင်းအား သော့ဖြည်နိုင်သွားလေသည်။
ယွင်ဖန်းလည်း သူနှင့်အတူ ဆောင့်ကြောင့်ထိုင်ကာ “လူပန်းလော့ခ်”ကို ကောက်ယူကာ ခွဲလိုက် ပြန်ဆက်လိုက်ဖြင့် လုပ်နေရာ ရိချန်းလျန်နှင့် တခြားကလေးများ၏ အထင်ကြီးအားကျသည့်မျက်လုံးများကို ဆွဲဆောင်လိုက်လေသည်။
ယွင်ဖန်းမှာ အာရုံစိုက်ခံရမှုကြောင့် အနည်းငယ် ရှက်သွားရရင်း ရိချန်းလျန်ကို ဆွဲထူလိုက်၏။
"မင်း ဗိုက်ဆာနေပြီလား?"
"နည်းနည်း"
ရိချန်းလျန်က သိပ်မဝေးသည့်နေရာရှိ အစားအသောက်ဆိုင်ကြီးကို လက်ညှိုးထိုးကာ
"အသားကင်သွားစားကြမယ်လေ?"
"သွားကြစို့"
ယွင်ဖန်းက သူ့ကို ဆွဲခေါ်လိုက်သည်။
"မီးပန်းပွဲက ရှစ်နာရီမှာစမှာ၊ ညစာစားဖို့ အချိန်အတော်ပဲ၊ အစ်ကိုကြီးက မင်းကို ဒကာခံမယ်"
"ဘယ်သူ့ကို အစ်ကိုကြီးလို့ ပြောလိုက်တာလဲ!"
ရိချန်းလျန်က သူ့ထက်ပိုပြီး ခြေလှမ်းအနည်းငယ် မြန်မြန် လျှောက်လိုက်၏။
"ငါက မင်းထက်ကြီးတယ်"
ယွင်ဖန်းက ဖြောင့်မတ်စွာဖြင့် ပြောလိုက်သည်။
"မင်းမွေးနေ့က ဘယ်တော့လဲ?"
ရိချန်းလျန်က မေးလာသည်။
"ဂျူလိုင်"
ယွင်ဖန်းက မူလပိုင်ရှင်၏ အိမ်ထောင်စုဇယားမှ မွေးနေ့ကို ယောင်ဝါးဝါးမှတ်မိနေခဲ့တာဖြစ်ပြီး ပြောပြီးနောက်တွင်တော့ တစ်ခုခုမှားနေသလို ခံစားလိုက်ရလေသည်။
"ငါ့မွေးနေ့က မတ်လမှာ!"
ရိချန်းလျန်က ဂုဏ်ယူစွာဖြင့် ခေါင်းလှည့်လာကာ သူ့ကိုကြည့်လိုက်ပြီး အော်လာ၏။
"မြန်မြန်လေး ငါ့ကို အစ်ကိုကြီးလို့ခေါ်!"
"ငါက စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်ကိုပြောနေတာ"
ယွင်ဖန်းက ခိုင်ခိုင်မာမာ ငြင်းချက်ထုတ်လေသည်။
"အဲ့လို ထင်ယောင် ထင်မှားကိစ္စတွေကို တွေကို ငါတို့ သဘောမတူဘူးလေ"
ရိချန်းလျန်က ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်ပြလာကာ သံရှည်ဆွဲ၍ ခေါ်လိုက်လေသည်။
"ညီလေးထန်ထန်……."
"ရိချန်းလျန်၊ ဒီကိုလာစမ်း! မင်းကို သေအောင်မသတ်ဘူးလို့ ကတိပေးတယ်!"
ယွင်ဖန်းက လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ချိန် ရိချန်းလျန်က ထွက်ပြေးသွားလေသည်။
•••••••
ညဈေး၏အပြင်ဘက် လမ်းတွင် များလှစွာသော ယာဉ်များကြောင့် များသောအားဖြင့် ပြည့်ကြပ်နေကာ ကားဟွန်းသံများလည်း မပြတ်ပေ။
"ကြိုသိခဲ့ရင် ဒီလမ်းကို မရွေးခဲ့ပါဘူး"
ဒရိုင်ဘာက အနောက်ခုံအား မသက်မသာဖြစ်စွာကြည့်ကာ ရယ်လိုက်ပြီး
"ကျစ်ချီး ၊ မင်း ဥက္ကဌချန်နဲ့ သူ့ဇနီးကို ဖုန်းခေါ်ချင်လား?"
ချန်ကျစ်ချီးက ကားပြတင်းပေါက်မှတစ်ဆင့် လမ်းဘေးရှိ ညဈေးအား ပျင်းရိစွာကြည့်ကာ ပြုံးလိုက်သည်။
"မလိုပါဘူး"
သူစကားပြောပြီးသည်နှင့် ဖုန်းသံမြည်လာသည်။ ချန်ကျစ်ချီးက ဖုန်းခေါ်ဆိုသူကိုကြည့်ကာ ဖြေလိုက်၏။
"အတွင်းရေးမှူးဝူ"
"ကျစ်ချီး၊ ဒီလိုပါ၊ ဥက္ကဌချန်နဲ့ ပါမောက္ခချူးတို့ သူတို့ရဲ့ အစီစဉ်ကို ယာယီပြောင်းလိုက်ပြီး ဒီညပဲ ဂျာမဏီကို သွားမှာပါ။ ဒါကြောင့်မို့-"
"ကျွန်တော် သိပြီ"
"ဥက္ကဌချန်က ဆန်းယမှာ မင်းကိုအဖော်ပြုဖို့ တစ်ယောက်ယောက် စီစဉ်ပေးထားပါတယ်။ ကျစ်ချီး…. ဒီတစ်ခေါက် ဥက္ကဌချန်နဲ့ ပါမောက္ခချူးတို့က တကယ်ကိုအဖော်ပြုပေးချင်ခဲ့တာပါ။ ရုတ်တရက်ကြီး မတော်တဆပေါ်လာတာကြောင့်မို့သာ....."
"အဆင်ပြေပါတယ်၊ ကျွန်တော်နားလည်တယ်"
ဖုန်းချလိုက်ပြီးနောက် ဒရိုင်ဘာက သခင်ငယ်လေးထံ နောက်ကြည့်မှန်မှတစ်ဆင့် ထောက်ထားညှာတာစွာကြည့်လိုက်ပြီး စကားဆိုလိုက်သည်။
"ကျစ်ချီး…ဥက္ကဌချန်နဲ့ ဇနီးတို့ အလုပ်ရှုပ်နေကြတာက…..-"
"ကျွန်တော်သိတယ်"
ချန်ကျစ်ချီး၏ မျက်နှာထက် ဘာအမူအယာမှ မရှိပေ။
"အန်ကယ်လီ ပြန်လိုက်ပါ။ ကျွန်တော်ဆင်းပြီး လမ်းလျှောက်လိုက်ဦးမယ်"
"အာ? လေဆိပ်က ဘယ်လိုလုပ်မလဲ?"
"တစ်ယောက်တည်းသွားရတာ စိတ်မဝင်စားဘူး"
ချန်ကျစ်ချီးက ကားတံခါးဖွင့်ကာ ဆင်းလိုက်၏။
"ကျွန်တော့်ကို စိတ်မပူပါနဲ့။ ပြီးရင် တက္ကစီစီးလိုက်မယ်"
ဒရိုင်ဘာက သက်ပြင်းချလိုက်သည်။
ဒီကလေးကို တစ်နေကုန် ပြုံးလာအောင် ကြိုးစားပမ်းစား လုပ်ထားရပေမဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုက သူ့အား မူလအခြေအနေဆီ ပြန်ပို့လိုက်ချေလေပြီ။
****
"သိုးသားကင် အချောင်းသုံးဆယ်၊ ကျောက်ကပ်ကင် ဆယ်ချောင်း!"
ယွင်ဖန်းက မီနူးကိုကြည့်နေလျှက်၊
"ပြီးတော့ အသီးအရွက်ကင်နှစ်ချောင်းနဲ့ ပေါက်စီနှစ်လုံးပေးပါ"
"ဘီယာနှစ်ပုလင်းပါပေါင်းမှာပေးပါဦး!"
ရိချန်လျန်က ထပ်ဖြည့်ပြောလိုက်သည်။
ယွင်ဖန်းက သူ့ထံတစ်ချက် စိုက်ကြည့်လိုက်၏။
ရိချန်းလျန်က နှာခေါင်းကိုထိလိုက်လျက်
"ဒါဆိုလည်း စပရိုက်နှစ်ဘူးပေါ့"
အသားကင်ဆိုင်၏ ဘေးမှာက ကွင်းပစ်ကစားသည့်ဆိုင်ဖြစ်ကာ လူကြီးနှင့် ကလေးငယ်များ၏ ရယ်သံများက အဝေးကနေတောင် ကြားနိုင်လေသည်။ ချန်ကျစ်ချီးက အနည်းငယ် ဆီဝေ့နေသည့် အသားကင်အနံ့ကိုခံကာ ဆိုင်ရှေ့တွင်ရပ်၍ ကလေးငယ်များ ကွင်းပစ်ကစားနေကြသည်ကို ကြည့်နေလိုက်သည်။
"လူချောလေး၊ စမ်းကြည့်ချင်လား?"
ဆိုင်ရှင်က သူ့ကို ကွင်းတစ်ခုပေးလာ၏။
ချန်ကျစ်ချီး ခေါင်းယမ်းလိုက်သည်။
"ကြည့်ရုံတင်ပါ"
ဆိုင်ရှင်က တခြားဧည့်သည်များကို ကြိုဆိုရန် ထွက်သွားလေသည်။
"ရပ်လိုက်!"
"ငတုံးကောင်! မင်းမှာ သတ္တိရှိရင် မပြေးနဲ့!"
"သူ့ကို သတ်ကြ!"
အဝေးတစ်နေရာမှ ဒေါသတကြီးအော်သံတစ်ခုထွက်လာကာ လူအုပ်ကြီးမှာ ပျံ့ကြဲသွားခဲ့ပြီး အမျိုးမျိုးသော ဆဲသံများကို ကြားလာရလေသည်။
ချီဟော့က သူ့ရှေ့တွင်ပိတ်နေသူတိုင်းကို တွန်းဖယ်ကာ အသားကုန်ပြေးနေ၏။
"ဟေး မင်းရူးနေလား!"
"ဘယ်လိုလုပ်တာလဲ!"
"ရူးနေတာလား!"
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်!"
ချီဟော့က နောက်လှည်မကြည့်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူ့ရှေ့မှလူအား အော်ဟစ်ရင်း တွန်းဖယ်လိုက်ပြန်သည်။
"တဆိတ်လောက်၊ တဆိတ်လောက်!"
"အဲ့ဒီမြေးလေးကို ဖမ်းပေး၊ သူ့ကိုသတ်ပစ်မယ်!"
"ရပ်စမ်း ! မအေဘေးလေး !"
မူလက စည်ကားကာ ငြိမ်းချမ်းနေခဲ့သည့် ညဈေးလမ်းက ရုတ်တရက် ပွတ်လောရိုက်သွားလေသည်။
ချီဟော့က ခေါင်းလှည့်ကာ သူ့နောက်ကနေ မရပ်မနားလိုက်နေသည့် တက်တူးနှင့်လူကြီးကိုကြည့်၍ မကျေမချမ်း အော်လိုက်၏။
"သောက်ကျိုးနည်း၊ မင်းတို့တကယ် လူမှားနေတာပါဆိုနေ!"
"အဲ့ဒါမင်းပဲ! အရင်တစ်ခေါက်က အင်တာနက်ဆိုင်မှာ ငါ့ရဲ့ ပစ္စည်းတွေကို ခိုးသွားပြီး လောင်ဇီရဲ့ ပလပ်ကိုပါ ဖြုတ်သွားတဲ့ ခွေးမသား!"
"ချီးပဲ၊ ငါ ဘယ်တုန်းကမှ အင်တာနက်ဆိုင် မသွားခဲ့ဘူးကွ"
ချီဟော့က ပြေးနေရင်းဖြင့် ဒေါသတကြီးအော်လိုက်သည်။
"မင်းက ငါ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စွပ်စွဲနေတာပဲ!"
ဘေးနားတွင် ကွင်းပစ်ကစားသည့်ဆိုင်ရှိနေ၏။ လူအများကြီးရှိနေသည်ကိုမြင်တော့ ချီဟော့က တိုးဝင်သွားလိုက်သည်။ မမျှော်လင့်စွာပင် တစ်ယောက်ယောက်က သူ့လက်ကို ဖမ်းဆွဲလိုက်လေရာ ဆိုင်ထဲ လဲကျမလိုဖြစ်သွားလေသည်။
"ငါ့လူး! ဘယ်ကောင်လဲကွ?"
ချီဟော့က သူ့ကိုတားလာသူကို တစ်ချက်ကြည့်လိုက်ချိန်မှာ ရင်ထဲ ထိတ်ခနဲ့ ခံစားလိုက်ရသည်။
ပြီးခဲ့သည့်တစ်ခေါက်က နံရံကျော်တက်တုန်း သူ့ကိုဖမ်းမိသွားခဲ့သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ငတုံးကောင်ပါပင်။
ချန်ကျစ်ချီးက မျက်မှောင်ကြုတ်လာသည်။
"မင်း ဘာဖြစ်လို့ ပြေးလွှားနေရတာလဲ?"
"ငါ့ကိုလွှတ်!"
သူ့ကိုလိုက်နေသူများ၏ အသံက တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ကာ သူကတော့ အဆွဲခံထားရလေ၏။ ချီဟော့က ချက်ချင်းပင် ဒေါသထွက်လာရကာ
"မင်း မလွှတ်ပေးရင် အကျိုးဆက်ကို တောင့်ခံနိုင်ဖို့ ပြင်ထားလိုက်ပေတော့!"
ချန်ကျစ်ချီးက သဘာဝတကျပင် သူ့ကို မလွှတ်ပေးခဲ့ပေ။
"မင်းနာမည်က ဘယ်လိုခေါ်လဲ?"
"လောင်ဇီရဲ့နာမည်ကဘာဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လဲ!"
ချီဟော့က သူ့လက်ကို ဆောင့်တွန်းပစ်လိုက်သည်။
"ချီးသွားစားနေလိုက်!"
ချန်ကျစ်ချီးက မမျှော်လင့်စွာ အတွန်းခံလိုက်ရသည်မို့ လူအများကြီးနှင့် ဝင်တိုးမိသွားရသည်။ သူခေါင်းလှည့်လိုက်ချိန်မှာ ချီဟော့က မီတာအနည်းငယ်အကွာကို ရောက်နှင့်နေပြီဖြစ်လေသည်။ သူက မျက်မှောင်ကြုတ်ကာ သူ့နောက် လိုက်တော့၏။
ချီဟော့မှာ ချန်ကျစ်ချီး၏ ကြားဖြတ်မှုကြောင့် သတိလွတ်သွားကာ အနီးနားရှိ အသားကင်ဆိုင်ဆီ ပြေးမိပြီး မကြာခင်မှာပင် လူ ခုနှစ်ယောက် ရှစ်ယောက်လောက်၏ အဝိုင်းခံလိုက်ရတော့သည်။
"သူတို့တွေ ရန်ဖြစ်ကြတော့မယ်"
ရိချန်းလျန်က အသားတစ်ဖဲ့ဝါးနေရင်း ယွင်ဖန်းကိုကြည့်လိုက်သည်။
ယွင်ဖန်းကတော့ အေးဆေးသက်သာစွာဖြင့် အသားပေါင်းတစ်ခုအား ဖဲ့ကာ တစ်ကိုက်ကိုက်၍ အချိုရည်ကို တစ်ငုံသောက်လိုက်၏။
"စိတ်မပူနဲ့၊ ငါတို့နဲ့ ဘာမှ ဆိုင်မနေဘူး"
သူပြောပြီးပြီးချင်းမှာပင် အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့သည့် ဆွေမျိုးအား ပြန်ဆုံရသကဲ့သို့ အူလှိုက်သည်းလှိုက်အော်သံတစ်ခုကြားလိုက်ရလေသည်။
"ဘော်ဒါကြီးတို့! မင်းတို့လည်း ဒီရောက်နေတာပဲ!"
ယွင်ဖန်း ကြောင်အမ်းစွာ မော့ကြည့်လိုက်တော့ သူတို့အား စိတ်ရင်းပါပါဖြင့် ကြည့်နေသည့် ချီဟော့ကို တွေ့လိုက်ရလေသည်။
"ကောင်းတယ်၊ အကူနှစ်ယောက် ထပ်ရှိလာပြီပဲ!"
နောက်မှလိုက်လာသူများက ယွင်ဖန်းနှင့် ရိချန်းလျန်တို့ထံ မဖော်ရွေစွာ စိုက်ကြည့်လာကြလေသည်။
ယွင်ဖန်းနှင့် ရိချန်းလျန်:"......"
"သူ့တို့ကိုသတ်!"
တက်တူးဖြင့် အစ်ကိုကြီးက သံတုတ်ကိုကောက်ကာဒေါသတကြီး ဟိန်းဟောက်လာလေ၏။
လူအုပ်ကြားကနေ စီခနဲ အော်သံထွက်လာကာ မြင်ကွင်းက တမဟုတ်ချင်း ဖရိုဖရဲဖြစ်ကုန်တော့သည်။
ခုလေးတင်ရောက်လာသည့် ချန်ကျစ်ချီးက ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။ တုတ်တစ်ချောင်းက ချီဟော့ခေါင်းကိုရိုက်မိတော့မည်ကိုမြင်တော့ သူက ချက်ချင်းဆိုသလို စားပွဲထက်ခုန်တက်လိုက်ကာ လေထဲ၌ တစ်ပတ်လည်ကန်ချက်တစ်ခု လှလှပပလေးဖန်တီးလိုက်ပြီး တုတ်ကို အဝေးဆီ ကန်ထုတ်လိုက်လေ၏။
နေရာမှာရှိနေသူတိုင်း တိတ်ကျသွားကုန်လျက်သား။
ချီဟော့က အံ့ဩတကြီးဖြင့် သူ့ထံ ခေါင်းလှည့်ကြည့်လိုက်သည်။
"သောက်ကျိုးနည်း....."
"သောက်ကျိုးနည်း နောက်ထပ် အကူတစ်ယောက်ပဲ!"
တက်တူးနှင့် ခေါင်းဆောင်မှာ ဒေါထွက်လွန်း၍သွေးအန်လုနီးပါးပင်။
"မင်းတို့ ဒီမှာ ဘာရပ်လုပ်နေကြသေးတာလဲ! သူ့ကိုသွားဖမ်း!"
ယွင်ဖန်းနှင့် ရိချန်းလျန်တို့ဟာ ရန်ဖြစ်သည့်နေရာမှာ ဆရာကြီးများဆိုသော်လည်း ကိုယ့်ဟာကိုယ် အေးဆေးနေနေချိန်မှာ ဆွဲသွင်းခံရသည့်ကိစ္စမျိုးကိုတော့ ဒေါသထွက်လေသည်။ ယွင်ဖန်းက သူစားမကုန်သေးသော အသားပေါင်းအကြောင်း တွေးမိသွားရာ နောက်လိုက်လေးတစ်ယောက်၏ လက်ကို ဖိညှစ်ကာ လိမ်ပစ်လိုက်၏။ နောက်လိုက်လေးမှာ နာကျင်မှုကြောင့် အော်ဟစ်မြည်တမ်းရတော့သည်။
"ငါတို့နဲ့ ချီဟော့က ဘာမှ မဆိုင်ဘူးကွ!"
ယွင်ဖန်းက ဒေါသတကြီး အော်ပစ်လိုက်သည်။
"ညီလေး မင်းဘာတွေပြောနေတာလဲ!"
ချီဟော့က သူ့ရန်သူ၏ မျက်ကွင်းကို ထိုးလိုက်ပြီးနောက် နာကျင်မှုကြောင့် လက်ကို ခါလိုက်ကာ
"အို့ခ်ျ-ငါတို့က အဖေမတူအမေကွဲ ညီအစ်ကိုကောင်းတွေလေ!"
"ဆိုတော့ မင်းနာမည်က ချီဟော့ပေါ့"
ချန်ကျစ်ချီးက အသံနက်နက်ဖြင့် ပြောရင်း သူ့ထံ ပြေးထိုးလာသူအား ပိတ်ကန်ပစ်လိုက်လေသည်။
နှစ်သစ်ကူး_၂
လူအနည်းငယ်ကြား၌ ယွင်ဖန်းက အကျွမ်းကျင်ဆုံးဖြစ်နေကာ သာမာန်လူများက သူ့အနားကိုတောင် မကပ်နိုင်ကြပေ။ သို့ငြား ယွင်ဖန်း ဘယ်လောက်ပဲ အတိုက်အခိုက်တော်ပါစေ ကိုယ်ကာယပိုင်းမှာတော့ အားနည်းချက် ရှိပေသည်။တခဏအကြာမှာတော့ သူ့အားအင်များက ဆက်သွားဖို့ မတတ်နိုင်တော့လေကာ ရိချန်းလျန်က သူ့ကိုအများကြီး ပိတ်ဆို့ ကာကွယ်ပေးရတော့သည်။
တအောင့်အကြာ၌၊ နောက်ထပ် လူခုနှစ်ယောက်ရှစ်ယောက်က အလျင်စလို ဝင်လာကြပြန်၏။ ခေါင်းဆောင်လုပ်သူကတော့ သူတို့ရင်းနှီးသည့် ဝမ်းယိုဝေပါပင်။ သူက လက်မောင်းမှာ ပန်းပွင့်ကြီးကြီး ထိုးထားသည့်လူအားပြောလာသည်။
"အစ်ကိုလီက လာကူခိုင်းလိုက်လို့! "
သူ့အကြည့်တို့က ယွင်ဖန်းနှင့် ရိချန်းလျန်တို့ထံ ရောက်သွားချိန်မှာတော့ အကျင်ယုတ်စွာ ရယ်မောလာလေသည်။
"ကောင်းလိုက်တာ၊ မင်းတို့နှစ်ယောက်ပါလား၊ မင်းတို့ကို ရှာမတွေ့မှာကို စိတ်ပူနေခဲ့လိုက်ရတာ!"
“ငါ့လူး !”
ချီဟော့ခမျာ ဤပွဲအကြီးကြီးကြောင့် သိသာစွာပင် လန့်သွားတော့သည်။
" အဲ့လောက်ထိ လိုလို့လား! နက်ဝေါ့ကေဘယ်လ်ကြိုးလေးကို ဖြုတ်ခဲ့မိရုံလေးပဲ မဟုတ်ဘူးလား!"
"ခွေးမသား၊ မင်းက ထုတ်ပြောရဲသေးတယ်ပေါ့!"
ထို တက်တူးလက်ကြီးက ဟိန်းဟောက်လာ၏။
"ငါ တစ်နှစ်လောက် စုထားခဲ့ရတဲ့ ပစ္စည်းတွေအားလုံး ဆုံးရှုံးလိုက်ရတာကွ!"
ယွင်ဖန်းက နှစ်ဖက်ကြားရှိ လူအရေအတွက် ကွာဟချက်ကို တွက်ချက်ကြည့်လိုက်ကာ ဇီယာမှုန့်ဖြူးထားသည့် အသားကင်တစ်ပိုင်းအား လက်လျှော့လိုက်ဖို့ နာကျင်စွာ ဆုံးဖြတ်လိုက်ရလျက် ရိချန်းလျန်ကို အကြည့်တစ်ချက်ပေးလိုက်ကာ အားလုံး၏ အာရုံက ချီဟော့ထံ ရောက်နေသည်ကို အခွင့်ကောင်းယူ၍ အော်လိုက်တော့သည်။
"ပြေး!"
"ညီလေးရေ! မင်းက အကျင့်မကောင်းဘူးပဲ!"
ချီဟော့က အခြေအနေမဟန်သည်ကိုမြင်တော့ ဦးဆောင်သူကို ပြတ်ပြတ်သားသားပြောင်းလိုက်ကာ ယွင်ဖန်းအား ဖော်ထုတ်လိုက်ပြီး နောက်မှ ပြေးလိုက်သွားလေတော့သည်။
"စောင့်ဦး!"
ချန်ကျစ်ချီးက တစ်စက္ကန့်လောက် တုန့်ဆိုင်းနေခဲ့ပြီးမှ ပြတ်သားစွာပင် သူ့နောက်မှလိုက်သွားတော့သည်။
လေးယောက်သားမှာ အလဲလဲအပြိုပြိုဖြင့်ပင် ခြေကုန်သုတ်ခဲ့ကြလေ၏။
"လိုက်ဖမ်းကြ!"
ဝမ်းယိုဝေကလည်း တုတ်ချောင်းကိုင်ကာ အနောက်မှလိုက်လာလျက်သား။
"ဘန်း!'
"ဘန်း ဘန်း!"
ရုတ်တရက်ပင် မဲနက်နေသော ကောင်းကင်ထက်ဝယ် တောက်ပလှသည့် မီးပန်းများက ပေါက်ကွဲထွက်လာလေသည်။
တောက်ပပြီး စည်ကားလှသည့် လမ်းထက်တွင်တော့ ဆယ်ကျော်သက်လေးလေးယောက်မှာ အားကုန် ပြေးလွှားနေကြ၏။ သူတို့၏ အဝတ်အစားများက ညလေအေးထဲမယ် တဖျတ်ဖျတ်လွင့်ခါနေကာ သူတို့အနောက်တွင်တော့ အန္တရာယ်များပြီး ခြိမ်းခြောက်နိုင်စွမ်းရှိပုံပေါ်သည့် လမ်းသရဲများက အတန်းလိုက် လိုက်ပါလာကြလျက်သား။
"ယွင်ဖန်း၊ ညီလေးရေ၊ မင်းကတော့ သိက္ခာကို မရှိဘူးပဲနော်!"
ချီဟော့က ယွင်ဖန်းထက် ပိုမြန်အောင်ပြေးကာ ခေါင်းလှည့်လို့ သူ့ကို အော်လာ၏။
"ဘယ်သူက မင်းရဲ့ ညီလေးလဲ!"
ယွင်ဖန်းက မပျော်ရွှင်စွာဖြင့် သူ့ကိုတစ်ချက် စိုက်ကြည့်လိုက်သည်။
"သူက ငါ့ရဲ့ညီလေး!"
ရိချန်းလျန်က ကြားဖြတ်အော်ရင်း လူသတ်ချင်သည့်ရည်ရွယ်ချက်ဖြင့် ချီဟော့နောက်မှ လိုက်လာ၏။
"မင်းကတော့ ဘာကောင်မှ မဟုတ်ဘူး!"
ယွင်ဖန်းခမျာ ထိုနှစ်ယောက်ကြောင့် ဒေါသထွက်ရလွန်းပြီး အသက်ရှုကြပ်လုနီးပါး။
"မင်းတို့သုံးယောက်!"
ချန်ကျစ်ချီးက နီးကပ်စွာ လိုက်ပါလာ၏။
"ကျောင်းပြင်ပမှာ ရန်ဖြစ်တယ်ပေါ့! ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင် သတင်းပို့ပြီး ကိုယ်တိုင်သုံးသပ်စာရေးတင်ကြ!"
"သောက်ကျိုးနည်း၊ မင်းရူးနေလား!"
ချီဟော့က ဒေါသထွက်သွား၏။
"မင်းလည်း ရန်ဖြစ်ခဲ့တာပဲလေ!"
"ငါက မှန်ကန်တဲ့အရာကို လုပ်ခဲ့တာ!"
ချန်ကျစ်ချီးက အော်လာ၏။
"ချီးကိုလား! မင်းရိုက်တာ အပြင်းဆုံးပဲကွ!"
ရိချန်းလျန်က သူ့အား စိတ်တိုစွာအော်လိုက်ပြန်သည်။
ယွင်ဖန်းမှာတော့ နောက်မှလိုက်လာသူများက သူတို့ကို လိုက်မှီတော့မည်ကို ကြည့်ရင်း နှလုံးရောဂါပါ ရချင်လာသည်။ထို ဆိုးသွမ်းလူငယ်များက ရက်စက်တတ်ကြပြီး အကြိမ်တိုင်းမှာ ဓားကိုပါ ထုတ်လာတတ်ကြတာကို သူသိပေသည်။ သူတို့အဖွဲ့သာ အမိခံလိုက်ရပါက မကောင်းသည့်အရာတစ်ခုခု ဖြစ်လာလိမ့်မည်ပင်။
"မငြင်းကြနဲ့တော့! ငါ့နောက်က မြန်မြန်လိုက်ခဲ့ကြ!"
သူက ရုတ်တရက် ခြေလှမ်းရပ်ကာ ပန်းခြံတံတိုင်းကို ကျော်တက်လိုက်သည်။
ရိချန်းလျန်နှင့် ချီဟော့တို့လည်း နီးကပ်စွာ လိုက်သွားခဲ့ကြ၏။ ချန်ကျစ်ချီးက နောက်မှ လိုက်လာသူများကို ခေါင်းတစ်ချက်လှည့်ကြည့်လိုက်တော့ တစ်ဖက်လူများက အင်္ကျီတွေကြားကနေ ဓါးများ ထုတ်လာကြသည်ကို မြင်လိုက်ရလေသည်။
ချန်ကျစ်ချီး၏ သူငယ်အိမ်က ကျုံ့သွားရင်း တံတိုင်းကိုကျော်တက်လိုက်တော့သည်။
ကျင်းရွှေမြစ်က ကွေ့ကောက်ကာ ရေမျက်နှာပြင်ကလည်း ကျယ်ဝန်းတာကြောင့် ကျင်းရွှေပန်းခြံကလည်း အတော်လေး ကြီးမားသည်။ ယနေ့ညတွင် မီးပန်းပွဲတော်ကလည်းရှိနေလေရာ လူအများစုက ရင်ပြင်တွင် စုနေကြ၏။
ယွင်ဖန်းက ဤနေရာနှင့် ပိုပြီး ရင်းနှီးလေသည်။ သူ့ နောက်မှလူသုံးယောက်အား မြစ်ရေပြင်၏ စင်္ကြန်မှနေ ဦးဆောင်ကာ ကြီးမားလှသည့် သစ်တောအုပ်ကိုဖြတ်၍ ခြောက်သွေ့သည့် တံတားအပေါက်ထဲသို့ တိုးဝင်လိုက်သည်။
ဝမ်းယိုဝေ၏ ဆဲဆိုသံက တံတားအပေါက်၏ အပြင်မှ ထွက်ပေါ်လာခဲ့ကာ ထို့နောက်တွင် ခြေသံများက တဖြည်းဖြည်း တိုးသွားလေသည်။
တံတားအပေါက်က သိပ်ပြီး မကြီးပေ။ ထို့ပြင် အတွင်းထဲ၌ မဲမှောင်နေ၏။ လေးယောက်သားက ဒူးချင်းတိုက် မျက်နှာချင်းဆိုင်လျှက် အတူဆောင့်ကြောင့်ထိုင်လျှက် ရှိနေကြသည်။
"ငိုး သိုးသားကင်အနံ့ပြင်းပြင်းရတယ်"
ချီဟော့က တိတ်တိတ်လေး ရေရွတ်လာသည်။
"ဒါဆို မင်းအပြင်ထွက်သွားလေ"
ရိချန်းလျန်က ပြန်ချေပ၏။
"ဟေး၊ မင်းကဘာလို့ အရမ်း စိတ်တိုနေရတာလဲ၊ အတန်းဖော်လေးရ"
ချီဟော့က ခေါင်းလှည့်ကာ ယွင်ဖန်းကိုကြည့်လိုက်လျက်
"ညီလေး မင်း ငါတို့ကို မိတ်ဆက်မပေးတော့ဘူးလား?"
ယွင်ဖန်းက နှာမှုတ်လိုက်လေ၏။
"ချီဟော့၊ ယွင်ဖန်း၊ ရိချန်းလျန်"
ချန်ကျစ်ချီးက အသံတိုးတိုးနှင့် ပြောလာသည်။
“မင်းသို့သုံးယောက်-အု! ”
ချီဟော့က သူ့ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်လိုက်ကာ စဉ်းလဲစွာ ရယ်လိုက်သည်။
“စီနီယာရေ၊ မင်းအသံကို လျှော့ပေးလို့ရမလား၊ မင်းလည်း ငါတို့ထဲကတစ်ယောက်ပဲလေ။ အပြင်က အဲ့ဒီကောင်တွေကြားသွားရင် အကုန်လုံး ဓါးထိုးခံရလိမ့်မယ်နော်"
ချန်ကျစ်ချီးက အမှောင်ထဲမှနေ သူ့ကို စိုက်ကြည့်လာလေသည်။
ရိချန်းလျန်က ခေါင်းပြူ၍ချောင်းကြည့်လိုက်ချင်ပေမဲ့လည်း ယွင်ဖန်းက ပြန်ဆွဲထားလိုက်၏။
"နည်းနည်းလောက်ကြာအောင် ထပ်စောင့်လိုက်ဦး “
"ဘန်း!"
အပြင်ဘက်၌ နောက်ထပ် မီးပန်းတချို့ ပေါက်ကွဲသွားပြန်လေရာ ကျဉ်းမြောင်းလှသည့် တံတားအပေါက်လေးအား ခဏလောက် လင်းထိန်သွားစေလျက်သား။
ချန်ကျစ်ချီးသည် ချီဟော့၏ မထီတရီအပြုံးမျက်နှာနှင့် ဆုံလိုက်ရချိန်၌ တစ်ခဏလောက် တန့်သွားခဲ့လေသည်။
ချီဟော့ကမူ ရိချန်းလျန်နှင့်အတူ မီးပန်းကိုကြည့်ရန် အပြင်ဘက်သို့ ခေါင်းစောင်းလိုက်၏။
"ညီလေး…မင်းလည်း မီးပန်းကြည့်ရတာကြိုက်တာလား?"
ချီဟော့က စကားပြောရန် ကြိုးစားလိုက်သည်။
"ဘယ်သူကမင်းရဲ့ ညီလေးလဲ!"
ရိချန်းလျန်က သူ့ကိုပင် သိပ်အဖက်လုပ်ချင်တာမဟုတ်။
"ယွင်ဖန်းက ငါ့ရဲ့ ညီလေးဆိုတော့ မင်းလည်း ညီလေးပဲ မဟုတ်ဘူးလား?"
ချီဟော့က ယုံကြည်ချက်ရှိရှိပြောလာ၏။
"ဟေး၊ ဒီအနီနဲ့အဝါရောင် မီးပန်းက ပိုပြီးလှတယ်"
"အခုလေးတင်တက်လာတဲ့ အပြာရောင်ကမှ လှတာ အသိသာကြီးကို"
ရိချန်းလျန်က မျက်မှောင်ကြုတ်လိုက်သည်။
"မဟာတ်တာ၊ အနီနဲ့အဝါတစ်ခုကမှ လှတာ၊ ပြီးတော့ အဲ့ဒါက ပျော်ပွဲရွှင်ပွဲနဲ့ သက်ဆိုင်တဲ့အရောင်လေ..."
ချီဟော့ကလည်း အရှုံးမပေးချေ။
နှစ်ယောက်သားက အပြင်ဘက်ဆီ ခေါင်းစောင်းလျက် မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြလေသည်။
ယွင်ဖန်းကမူ အပြင်ဘက်မှ ဆူညံသံများကို ဂရုတစိုက်နားထောင်နေခဲ့ပြီးနောက် ချန်ကျစ်ချီးထံ တစ်ယောက်ကိုတစ်ယောက် အသံတိတ် ကြည့်လိုက်ကြသည်။
"ယွင်ဖန်း၊ ငါတို့ အပြင်ထွက်လို့ရပြီလား?"
ရိချန်းလျန်၏ ခြေထောက်များက ဆောင့်ကြောင့်ထိုင်ရခြင်းကြောင့် အနည်းငယ် ထုံနေပြီဖြစ်ရာ သူက ခေါင်းလှည့်လို့မေးလာသည်။
"သွားကြစို့"
ယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
လူလေးယောက်က တံတားအပေါက်ထဲမှ တွားထွက်လာကြပြီးနောက် ချီဟော့က ယွင်ဖန်း၏ ပုခုံးကို ပုတ်လိုက်လေသည်။
"ကျေးဇူးပါပဲ ညီလေးရာ"
ယွင်ဖန်းက ခွန်းတုံ့ပြန်မနေပါဘဲ မီးပန်းကိုသာ စိုက်ကြည့်နေဆဲဖြစ်သည့် ရိချန်းလျန်ကို လှမ်းကြည့်လိုက်သည်။ သူက မထိန်းနိုင်စွာ ပြုံးမိသွားလေသည်။
"သွားရအောင်၊ မင်းကြည့်ရအောင် အမြင့်ဆုံးနေရာကိုခေါ်သွားပေးမယ်"
"အတူတူကြည့်ကြမလား?"
ချီဟော့က အရှက်မရှိပြောလာ၏။
"ငါက အခုမှ ဝူမြို့ကိုရောက်တာမို့ မင်းလောက် မရင်းနှီးဘူးလေ။ ငါလည်း မီးပန်းကြည့်ချင်တာပေါ့"
ထိုသို့ပြောပြီးနောက် သူက ထွက်သွားရန်ပြင်နေသည့် ချန်ကျစ်ချီးအား အရှက်မရှိ ဆွဲထားလိုက်ပြန်ကာ
"စီနီယာချန်… ကျွန်တော်တို့က တစ်လှေတည်းစီးတွေ ဖြစ်သွားပြီလေ။ သွားကြစို့။ မီးပန်းအတူကြည့်ရအောင် သွားကြစို့! ဟားဟားဟား!"
ချန်ကျစ်ချီးက မျက်မှောင်ကြုတ်သွား၏။ မူလက သူအိမ်ပြန်ချင်ခဲ့တာပေမဲ့ လစ်ဟာကာ အေးစက်စက်ဖြစ်နေမည့် အိမ်အကြောင်းစဉ်းစားကြည့်လိုက်ပြီး နောက်မှာတော့ ရှင်းပြမရနိုင်စွာဖြင့် နောက်က လိုက်သွားမိတော့သည်။
ယွင်ဖန်း:"......"
လူလေးယောက်ထဲတွင် သုံးယောက်က စကားပြောရတာမကြိုက်ကြပေ။ ချီဟော့တစ်ယောက်တည်းကသာ မပြတ်တမ်း စကားများနေတာဖြစ်ကာ လေးယောက်ကို ဦးဆောင်နေခဲ့ပြီး တိတ်ဆိတ်ကာ ကအောက်ကအောက် ဖြစ်နေသင့်သည့်လေထုအား အသက်ဝင်အောင် လုပ်နေခဲ့လေ၏။
ယွင်ဖန်းက ပန်းခြံ၏ လူထုအား ဝင်ခွင့်မပြုထားသော အမြင့်ဆုံးပလက်ဖောင်းရှိရာနေရာကို သိ၏။ ထိုနေရာက ပေါင်းပင်များအလွန်များပြားစွာပေါက်ရောက်နေသည့် ဝေးကွာသည့်တစ်နေရာတွင်ရှိကာ လူအနည်းငယ်လောက်သာ လာတတ်ကြသည်။ ယခုက ဆောင်းရာသီဖြစ်နေကာ မြက်ပင်များ ညှိုးနွမ်းနေပြီး ပိုပြီး သီးခြားဆန်၍ အေးစက်စက်ပုံပေါက်နေခဲ့ပေမဲ့ မြင်ကွင်းကတော့ ရင်သပ်ရှုမောဖွယ်ပါပင်။ မီးပန်းဖောက်တာက ညသန်းခေါင်အထိရှိမှာဖြစ်တာမို့ ထိုအမြင့်နေရာမှ ဒီအတိုင်း ကြည့်နေရုံသာဖြစ်လေသည်။
လူလေးယောက်က မီးပန်းကြည့်ရန် ပလက်ဖောင်းထက်တွင် ထိုင်လိုက်ကြသည်။
ချီဟော့က ဗိုက်ဆာနေတာကြောင့် ဒီအတိုင်းထိုင်မနေနိုင်ခဲ့ပေ။ သူက ရိချန်းလျန်အား စားစရာသွားဝယ်ရန် မရမကဆွဲခေါ်လာသည်။ ရိချန်းလျန်မှာ သူ့ကြောင့် အနည်းငယ် စိတ်ရှုပ်လာကာ ကသိကအောက် မျက်နှာထားဖြင့် နောက်ကလိုက်သွားရလေသည်။
ယွင်ဖန်းက မိန်းမောစွာဖြင့် မီးရှုးမီးပန်းများကို ကြည့်နေခဲ့ရင်း ထန်ရိ၏ ဖုန်းခေါ်မှုကို ပြန်ဖြေလိုက်သေးသည်။
"...အင်း၊ ကျွန်တော် ပြန်မလာတော့ဘူး၊ ရိချန်းလျန်အိမ်မှာပဲ နေလိုက်တော့မယ်။ ဟုတ်....ဂွဒ်ဘိုင်အမေ"
"မင်းအမေလား?"
ချန်ကျစ်ချီးက ရုတ်တရက်မေးလာသည်။
"ဟုတ်တယ်၊ သူက အိမ်ပြန်ပြီး ညစာစားမှာလားလို့ မေးတာလေ"
ယွင်ဖန်းက သူ့ကို တစ်ချက်ကြည့်လိုက်၏။
"မင်းလည်းဘာလို့ ချီဟော့နားမှာ ရှုပ်နေရတာလဲ?"
ရိုးရိုးသားသားပြောရလျှင် ချန်ကျစ်ချီးကဲ့သို့ လေးနက်ကာ ကွေးညွှတ်မလွယ်သည့်သူက ချီဟော့၏ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ချန်ကျစ်ချီး၏ စရိုက်အရ အလွန်ဆုံးမှ လူအုပ်ကြားထဲရပ်ကာ ရဲစခန်းကိုဖုန်းဆက်လိုက်မည်သာဖြစ်၏။
ချန်ကျစ်ချီးက လှောင်ရယ်ရယ်သည်။
“လုပ်ချင်စိတ်ပေါက်လို့ လုပ်တာ”
ယွင်ဖန်း:"....."
သေချာပေါက်ကို ဤသည်က သူရင်းနှီးသည့် ဟိတ်ဟန်များသော ချန်ကျစ်ချီးသာပင်။
မင်းလည်း ငိုရမဲ့အချိန်ရောက်လာဦးမှာပါ။
ယွင်ဖန်းက စိတ်ထဲကနေအေးစက်စက် ကဲ့ရဲ့လိုက်၏။
ယခင်ဘဝဟောင်းက ချန်ကျစ်ချီးတစ်ယောက် come out လုပ်ခဲ့ချိန်၌ လူထုအား အထိတ်တလန့်ဖြစ်စေခဲ့ကာ သတင်းခေါင်းကြီးပိုင်း၌ပင် ပါခဲ့သေးသည်။
ဝမ်ဟွေ့သည်ပင် ချန်ကျစ်ချီးအား လုယူသွားခဲ့သည့် မသိနိုင်သည့် ဆန်းကြယ်သည့်လူအား ဆဲဆိုခဲ့သေး၏။ သို့ပေမဲ့ ချန်ကျစ်ချီးကတော့ သူ့ချစ်သူ၏ သတင်းများကို အတော်လေးကောင်းစွာ ကာကွယ်ထားခဲ့ပေသည်။ ယွင်ဖန်း၏အမြင်အရ ထိုသူက တာဝန်ယူတတ်သူပါပင်။
သို့ပေမဲ့ သူ့ဇနီးလေးကတော့ ရာဇဝတ်ဂိုဏ်းတစ်ခုထဲမှာ သူလျိုဝင်လုပ်၍ တစ်ကိုယ်တော်လှုပ်ရှားကာ လူသတ်သမားတစ်ယောက်နောက်ကိုတောင် သေနတ်တစ်လက်ဖြင့် ကီလိုမီတာ ၃ထောင်လောက်ထိ လိုက်ဖမ်းတတ်သော ကြမ်းတမ်းသည့်ပုဂ္ဂိုလ်ဖြစ်၏။ နောက်ဆုံး၌ ရာဇဝတ်သားများအား တရားစီရင်နိုင်ခဲ့သော်ငြား စီအီးအိုချန်အား နေ့တိုင်းကို ရင်တလှပ်လှပ်ဖြစ်စေပြီး ကြောက်လန့်မှုကြောင့် တစ်ဝက်သေအောင်ပင် လုပ်နိုင်ခဲ့သူပင်။
ထို့ကြောင့် ချီဟော့နှင့် ပထမဆုံးတွေ့ချိန်၌ အနာဂတ်တွင် စူးရှရဲရင့်ပြီး ခေါင်းမာကာ စိတ်ရှုပ်စရာကောင်းလှသည့် ဤလူငယ်လေးနှင့် ယွင်ဖန်း မပတ်သက်ချင်တာ ဖြစ်သည်။
ဤနှစ်ယောက် ချစ်ကျွမ်းဝင်သွားကြမည်ကိုလည်း သူမကြည့်ချင်ပေ။ သူ့ယခင်ဘဝက ဤလူနှစ်ယောက်၏ လူသိရှင်ကြား ချစ်ခင်မှုများက လုံလောက်နေပြီဖြစ်ကာ ဤဘဝမှာထိ ခွေးစာများ ထပ်မစားချင်တော့ပါပေ။
“ဘုတ်”
"ငါတို့ပြန်ရောက်ပြီ"
ချီဟော့က အိတ်အကြီးကြီးတစ်ခုနှင့်အတူ ထိုင်ချလိုက်သည်။
"လာ၊ ဒီနေ့တော့ ငါ ဒကာခံမယ်။ ညီအစ်ကိုတို့၊ စားကြရအောင်!"
ချန်ကျစ်ချီးက ထိုအရာတို့ကို အထင်သေးစွာကြည့်လိုက်သည်။
ရိချန်းလျန်က ယွင်ဖန်း၏ ဖိနှိပ်ချုပ်ချယ်လိုသော အကြည့်အောက်တွင် ဘီယာတစ်ပုလင်းကိုင်ထားကာ ချီဟော့အား ပြတ်သားစွာ သစ္စာဖောက်လို့ ဖြောင့်မတ်စွာပြောလိုက်၏။
"သူက အတင်းဝယ်ခိုင်းတာလေ၊ တားလို့ကို မရလိုက်ဘူး"
ချီဟော့က သူ့လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်လျက်
"နှစ်သစ်ကူးအကြိုညမှာ သောက်ပြီးမှ နှစ်သစ်ကို ကြိုဆိုရမှာပေါ့!”
"တနင်္လာနေ့ ရီပို့--"
ချန်ကျစ်ချီးခမျာ ပြောနေရင်း မျက်မှောင်ကြုတ်သွားကာ ပါးစပ်ထဲသို့ သိုးသားကင်တစ်ဖဲ့ ထိုးသွပ်ခံလိုက်ရလေသည်။
"ဥက္ကဌချန်ရေ၊ စီနီယာချန်ရဲ့၊ အတန်းဖော် ကျစ်ချီရဲ့"
ချီဟော့က လက်အုပ်ချီလိုက်လျက်
"မရွတ်နေပါနဲ့တော့! ငါ့ခေါင်း ပေါက်ထွက်တော့မယ်! ငါတို့တွေ အေးအေးချမ်းချမ်းနဲ့ နှစ်သစ်ကူးလို့ မရဘူးလား!”
အကင်ကို တမြုံ့မြုံ့ဝါးမိသွားသော ချစ်ကျစ်ချီး : "..."
လူငယ်များအကြား ရင်းနှီးမှုက အမြဲလို ရှင်းပြမရနိုင်ကာ ရုတ်တရက်ဆန်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ အတူတူတိုက်ခိုက်၊ အတူတူထွက်ပြေး၍ တံတားအောက်မှာ တူတူရန်ဖြစ်ငြင်းခုံခဲ့ကြပြီးနောက် ရုတ်တရက်ကြီးပင် ပို၍ ရင်းနှီးသွားကာ ပလက်ဖောင်းအမြင့်တစ်နေရာ၌ အတူထိုင်၍ ဘီယာလေးသောက် သိုးသားကင်လေးဝါးရင်း မီးပန်းအတူကြည့်နေကြသည်က ယခင်ကတည်းက လုပ်ခဲ့ဖူးကြသည့်နှယ်ပင်။
အရူးကောင် ချီဟော့က မတ်တပ်ရပ်၍ ခါးထောက်ကာ ကောင်းကင်ထက်သို့ တစ်ခုခုလှမ်းအော်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ ချန်ကျစ်ချီးကတော့ သိုးသားကင်အား ကြော့မော့စွာ ဝါးနေလျှက် သူ့အား မျက်လုံးမှေးကြည့်နေခဲ့၏။
ရိချန်းလျန်ကမူ နောက်ဆုံးမှာ တောင့်တနေခဲ့ရသည့် ဘီယာကိုသောက်နိုင်ခဲ့ပြီဖြစ်သည်။ သူက ယွင်ဖန်းဘေးတွင် တင်ပျဥ်ခွေထိုင်ကာ ကောင်းကင်ထက်ရှိ မီးရှုးမီးပန်းများကို ညွှန်ပြနေ၏။ ယွင်ဖန်းက ဇီယာဖျန်းထားသည့် ပေါင်မုန့်ကင်ကို တစ်ကိုက်ကိုက်ပြီး သူညွှန်ပြရာဆီ ကြည့်လိုက်သည်။
အဝေးတစ်နေရာမှာက ဆူညံလှသည့် လူအုပ်ကြီးနှင့် ပြည့်ကြပ်နေသည့် ယာဉ်ကြောများရှိနေ၏။ အနက်ရောင် ကောင်းကင်အောက်တွင် အိမ်ခြေထောင်ပေါင်းများစွာ၏ အဝေးမှ မီးရောင်များကိုလည်း မြင်ရနိုင်လေသည်။
"ရိချန်းလျန်"
ယွင်ဖန်းက ခေါင်းအနည်းငယ်လှည့်ကာ သူ့ဘေးရှိလူကိုကြည့်လိုက်သည်။
ရိချန်းလျန်ကလည်း သူ့ဘက်ကို ခေါင်းလှည့်လာကာ တောက်ဖြာသွားသည့် မီးပန်း၏ ရောင်ပြန်က သူ့မျက်လုံးထဲ ထင်ဟပ်လျက် ရှိသည်။
"ဟင်?"
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ”
ယွင်ဖန်းက ဘီယာဘူးချင်း တိုက်လိုက်သည်။
ရိချန်းလျန်က ပြုံးလိုက်၏။
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ”
ညကောင်းကင်ထက်၌မူ တောက်ပကာ နွေးထွေးသည့် မီးရှူးမီးပန်းများ ပေါက်ကွဲထွက်သွားခဲ့လေသည်။