[လှောင်ပြောင်ခြင်း]
ယွင်ဖန်းသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တာ မဟုတ်ခဲ့ပေ။ ပျော်တစ်ဝက် နိုးတစ်ဝက်ဖြင့် ဘတ်စ်ကားမှတ်တိုင် ကြော်ငြာသံကို နားထောင်နေတာဖြစ်သည်။
မသိလိုက်သောအချိန်တစ်ခုအကြာတွင် သူဟာ ရုတ်တရက် တစ်ယောက်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။
"ယွင်ဖန်း?"
ယွင်ဖန်းမျက်လုံးဖွင့်ကြည့်လိုက်တော့ စုန့်ချွင်၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရသည်။
ရိချန်းလျန်လည်းပဲ ယွင်ဖန်း၏နာမည်ကို ခေါ်လိုက်သံကြောင့် နိုးလာခဲ့၏။ သူက သူ ယွင်ဖန်း၏ပုခုံးပေါ် မှီနေခဲ့တာကို တွေ့လိုက်ရတော့ ချက်ချင်းဆိုသလို ကိုယ်ကို မတ်လိုက်ကာ လက်ကို ဒူးပေါ်တင်လို့ ရှေ့တည့်တည့်ကို ကြည့်နေလိုက်သည်။
"တိုက်ဆိုင်လိုက်တာ"
သူ့ပုခုံးထက်မှ အလေးချိန်က ရုတ်တရက် ပေါ့ပါးသွားပြီးနောက် ယွင်ဖန်းက သူ၏ထုံနေသော ပုခုံးကို လှုပ်ရှားလိုက်သည်။
စုန့်ချွင်က လက်တစ်ဖက်ဖြင့် လက်ကိုင်ကွင်းကို ကိုင်ထားကာ ထိုင်မနေခဲ့ပေ။ သူ့အကြည့်က ရိချန်းလျန်ထံပြောင်းသွားပြီး ပြုံးလိုက်၏။
"ဒီအတန်းဖော်ကိုကြည့်ရတာ မရင်းနှီးသလိုပဲ။ ယွင်ဖန်း မင်းသူနဲ့ ငါကို မိတ်ဆက်မပေးတော့ဘူးလား?"
ရိချန်းလျန်မှာ အနည်းငယ် ကသိကအောက်ဖြစ်သွားရသည်။ သူနှင့် ယွင်ဖန်းက ရှင်းလင်းကာ ရိုးသားကြသည်ကို သူခံစားရပေမဲ့လည်း အပြစ်ရှိသလို ထူးဆန်းသည့် ခံစားချက်တစ်ခုလည်း ရှိနေခဲ့၏။
ဤ ဆံပင်ကောက်ကောက်နှင့် တစ်ယောက်က ယွင်ဖန်းအား ဝန်ခံခဲ့ဖူးသည်ကို သူမှတ်မိနေဆဲပင်။
အထင်မလွဲနဲ့နော်၊ ငါက အဖြောင့်လူချောလေးကွ! မိန်းမလှလေးတွေကိုပဲကြိုက်တာ။
"ရိချန်းလျန်တဲ့။ ငါ့ရဲ့ ထိုင်ခုံဖော်လေ"
ယွင်ဖန်းက ရိုးရိုးရှင်းရှင်းသာ မိတ်ဆက်ပေးလိုက်သည်။
စုန့်ချွင်က ရိချန်းလျန်ကို ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"မင်္ဂလာပါ…ငါက စုန့်ချွင်ပါ။ ယွင်ဖန်းရဲ့ ငယ်သူငယ်ချင်း"
ရိချန်းလျန်က အနည်းငယ် ပဟေဠိဖြစ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ငယ်သူငယ်ချင်း" ဆိုတဲ့ အသုံးအနှုန်းကို ဒီလိုသုံးလို့ရော ရရဲ့လား?
ယွင်ဖန်းက ရှေ့မှာရှိသည့် ခုံအလွတ်ကို ညွှန်ပြလိုက်ကာဖြင့်။
"မင်းဆက်သွားရမဲ့ မှတ်တိုင်တွေ တော်တော်လေးကျန်သေးတယ်။ သွားထိုင်ပါလား"
စုန့်ချွင်ကဖြေသည်။
"မလိုပါဘူး။ အဲ့ဒီဘက်က နေထိုးတယ်။ ဒီမှာပဲ ခဏလောက် ရပ်နေလိုက်မယ်လေ"
"အိုး"
ယွင်ဖန်းက စကားပြောတာကို ရပ်လိုက်တော့သည်။
စုန့်ချွင်က ရိချန်းလျန်၏ ခုံဘေးတွင် ရပ်နေခဲ့ကာ သူ့အကြည့်တို့က ယွင်ဖန်း၏ မျက်နှာထက် ရောက်နေခဲ့သည်ပင်။
"ယွင်ဖန်း …ဆိုတော့…တကယ်ကြီး မင်း အတန်းတစ်ဆယ်ကို ရောက်သွားတာလား?"
"အင်း"
ယွင်ဖန်း ခေါင်းညိတ်လိုက်သည်။
စုန့်ချွင်၏ အပြုံးက အနည်းငယ် ခါးသက်သွား၏။
"ငါကနောက်ဆုံးမှာ အတန်းတစ်ကို ရောက်လာနိုင်တော့ မင်းက ထွက်သွားလိုက်တယ်"
ရိချန်းလျန်ခမျာ ခုံမှာ ထိုင်နေရသည်ကို ဖိအားများစွာ ခံစားနေခဲ့ရပြီး သူတို့ နှစ်ယောက်တည်းစကားပြောဖို့ လိုအပ်လောက်သည်ဟု တွေးမိလိုက်တာကြောင့် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"မင်း ဒီမှာထိုင်လို့ရတယ်"
သူစကားပြောပြီးသည်နှင့် ထရပ်မလို့ပြင်လိုက်ပေမဲ့ ယွင်ဖန်းက သူ့ကို လည်ဂုတ်ကနေ ဖိချကာ ပြန်ထိုင်ခိုင်းလာသည်။
“ငါအခု အဆင့်တွေအရမ်းကျသွားလို့ စာလုပ်တဲ့နေရာမှာပဲ အာရုံစိုက်ထားချင်တယ်"
ယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါအရင်က ပြောခဲ့ဖူးတာတွေက မင်းကို အထင်လွဲသွားမိစေခဲ့ရင် ငါတောင်းပန်ချင်တယ်။ ငါ တောင်းပန်ပါတယ်"
သူသည် သူ့ယခင်ဘဝ၏ ခံစားချက်ပြဿနာထဲ ဝင်မပါလိုသည့်အပြင် ယောက်ျားလေးတစ်ယောက်ကိုလည်း ချစ်မိသွားလိမ့်မှာ မဟုတ်တာကြောင့် တခြားသူ၏ အချိန်ကို မဆွဲထားဘဲ ရိုးရိုးရှင်းရှင်းပင် ငြင်းလိုက်တာဖြစ်သည်။
ထိုအပြင် သူ့လက်ရှိအဆင့်ကလည်း ချိန်တွေ့ဖို့လောက်အထိ ကောင်းမနေခဲ့ပေ။
စုန့်ချွင်က ဆက်မပြုံးနိုင်တော့ဘဲ အနည်းငယ် လမ်းပျောက်သွားဟန်ဖြင့် ပြောလာသည်။
"မင်းက ငါ့ကို အပြစ်တင်နေတုန်းပဲကိုး"
ရိချန်းလျန်ခမျာ သူတို့၏လျှို့ဝှက်စကားများကို နားထောင်ရင်း အပ်များ စူးချွန်များပေါ် ထိုင်နေရသလို ခံစားလိုက်ရသည်။ သူက နားမလည်လောက်ဟု ခံစားနေရပေမဲ့ နားလည်နေခဲ့ပုံပါပင်။
သူ ကားပေါ်မှာ ရှိမနေချင်တော့ဘဲ ကားပေါ်ကနေ ဆင်းသွားချင်လှပြီပင်။
ငါ့မှာ ဘာအမှားရှိလို့ ဒီယောက်ျားလေးနှစ်ယောက် အီစီကလီရိုက်နေတာကို ထိုင်ကြည့်နေရတာတုန်း?
ယွင်ဖန်း၏ စကားများကမူ စံပြလူရှုပ်လူပွေတစ်ဦး၏ စကားအလား။
"မင်းအတွေးလွန်နေပြီ"
စုန့်ချွင်က ရိချန်းလျန်ထံ တစ်ချက်ကြည့်လိုက်သည်။
"အဲ့လိုပဲဖြစ်ဖို့ မျှော်လင့်မိပါတယ်”
စုန့်ချွင်က စကားပြောပြီးသည့်နောက်မှာ ကားအရှေ့ပိုင်းရှိ ခုံအလွတ်မှာ သွားထိုင်လိုက်လေ၏။ ကြည့်ရသည်မှာ လမ်းပျောက်သွားပုံပင်။
ရိချန်းလျန်က သူ့အကြည့်ကို နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်လိုက်ကာ အဖြောင်ကောင့်တစ်ယောက်ကဲ့သို့ ကူကယ်ရာမဲ့စွာ ခေါင်းကုတ်လိုက်ပြီး ယွင်ဖန်းကိုပြောလိုက်သည်။
"သူအခု ငါ့ကိုရန်စသွားတာလား?"
ယွင်ဖန်းက ခဏလောက် တိတ်သွားကာ
"ငါတော့ အဲ့လိုမထင်ပါဘူး"
ရိချန်းလျန်က အတော်လေး စိတ်ကြီးဝင်ဟန်ဖြင့်
"ငါက သူ့လိုလူဆယ်ယောက်ကို လက်သီးတစ်ချက်ထဲနဲ့ ရိုက်ပစ်နိုင်တယ်"
"မင်း ငါ့ကိုတောင် မရိုက်နိုင်ဘဲနဲ့"
ယွင်ဖန်းက ပင်ပန်းနွမ်းလျစွာဖြင့် သူ့မျက်လုံးကို တင်းတင်းစေ့ထားလိုက်သည်။
ရိချန်းလျန်းကမူ သူ့ကို စိတ်ဆိုးတကြီးဖြင့် ကြည့်လိုက်လျက်။
" မင်း ဒီလောင်ဇီကိုစောင့်နေလိုက်!”
"မင်းက အမွေးတောင် စုံအောင်မပေါက်သေးဘဲ ဘာကို လောင်ဇီလုပ်နေတာလဲ”
ယွင်ဖန်းက အပင်ပန်းခံပြီး မျက်ခွံတောင် ပင့်မလာခဲ့ချေ။
"ငါတို့ ဆင်းရမဲ့မှတ်တိုင်ရောက်ရင် ပြောဦး"
ရိချန်းလျန်သည် စိတ်ဆိုးလွန်းစွာဖြင့် အံကြိတ်လိုက်သည်။ ယွင်ဖန်းက ပိုပိုပြီး စိတ်တိုစရာကောင်းလာသည်ဟု သူခံစားလိုက်ရလေသည်။
°°°°°°°°°°
နေ့လည်ခင်းအတန်း၌ ယွင်ဖန်းက အထူးသဖြင့်ကို အိပ်ချင်နေခဲ့ကာ သူ့ဦးနှောက်က အနည်းငယ် နှေးကွေးနေခဲ့ပေမဲ့ ခိုင်မာစွာဖြင့် မှတ်စုများလိုက်ရေးနေဆဲပါပင်။ ရိချန်းလျန်တစ်ယောက် ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ထားကာ သူ့မျက်လုံးတို့က ပွင့်မနေပေမဲ့ လက်ထဲက ဘောပင်ကတော့ လှုပ်ရှားနေဆဲဖြစ်သည်ကို သူ မြင်လိုက်ရသည်။
သူက မထိန်းနိုင်စွာပင် ရိချန်းလျန်၏ မှတ်စုကို ကြည့်လိုက်မိကာ ထိုပေါ်ရှိ ထူးဆန်းသော စာကြောင်းများကြောင့် လှုံ့ဆော်ခံလိုက်ရလေသည်။
ယွင်ဖန်းက ရိချန်းလျန်းလက်ကို တံတောင်ဖြင့်တွတ်လိုက်သည်။
ရိချန်းလျန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး မှတ်စုစာအုပ်ထက်ရှိ စာလုံးများကို ပဟေဠိဖြစ်နေသော အမူအယာဖြင့် ကြည့်လိုက်သည်။ သိသာစွာပင် သူဘာရေးထားသည်ကို သိမနေခဲ့ပါချေ။
ယွင်ဖန်းက သူ့ထံ မှတ်စုစာအုပ်ကို တိတ်တဆိတ် တွန်းပို့ပေးလိုက်သည်။
ရိချန်းလျန်၏ အဆင့်က ပျမ်းမျှသာဖြစ်ပေမဲ့လည်း သူ့၏ သင်ယူနိုင်စွမ်းသဘောထားက အတော်လေးမှန်ကန်လှသည်။ သန်းဝေလိုက်ပြီးနောက်မှာ သူက မှတ်စုကို မြန်မြန်လေး ကူးရေးလိုက်ပြီး ယွင်ဖန်းကို ပြန်ပေးလိုက်လေသည်။
ယွင်ဖန်းကမူ အတန်းကို ဆက်ပြီး နားထောင်ကာ မှတ်စုထုတ်နေလျက်သာ။
ထိုအခိုက် သူခေါင်းငုံ့လိုက်ချိန်မှာ ရိချန်းလျန် ပြန်တွန်းပေးလာသည့် မှတ်စုကို မြင်လိုက်ရသည်။ မှတ်စုပေါ်တွင် တုတ်ချောင်းပုံ လူရုပ် ရှိနေကာ ခါးထောက်ထားလျက် မျက်လုံးတို့က ရဲတင်းသောပုံစံဖြင့် ဒေါင်လိုက်အနေအထားဆွဲထားပြီး ပုံစံက ပြောမပြတတ်အောင်ကို စိတ်ကြီးဝင်နေမှန်း သိသာသည်။
လုံးဝန်းသောခေါင်းပေါ်၌မူ ကြမ်းတမ်းသည့် စကားပြောအကွက်ရှိနေကာ ထိုထဲတွင် အင်္ဂလိပ်စာလုံး နှစ်လုံး ပါရှိလေသည်။
[Thank you.]
ထိုသည်ကို မြင်သည်နှင့် ယွင်ဖန်းရယ်လိုက်မိသည်။ သူက အနီရောင်ဘောပင်ကိုကိုထုတ်ကာ လေးထောင့်ပုံခေါင်းနှင့် တင်ပါးထက်မှာ လက်ထောက်ထားသော တုတ်ချောင်းလူသားပုံလေးဆွဲလိုက်သည်။ သူက မျက်ခုံးနေရာတွင် 八 ပုံကို ထည့်သွင်းကာ ပါးစပ်ကိုပါဆွဲထားပြီး လေးထောင့်လူသားလေးအား ကြမ်းကြုတ်သည့်ပုံ ပေါ်စေလိုက်၏။ ထို့နောက် စကားပြောကွက်လေးထဲ စာလုံးသုံးလုံး ချရေးလိုက်၏။
[ကိစ္စမရှိဘူး]
ရိချန်းလျန်က မှတ်စုအနည်းငယ် ကူးနေတုန်း မှတ်စုစာအုပ် ပြန်ရောက်လာသည်ကိုမြင်လိုက်ရသည်။ သူက လေးထောင့်ခေါင်း တုတ်ချောင်းလူသားကို ခဏလောက် စိုက်ကြည့်ကာ မထိန်းနိုင်စွာပင် အနီရောင်ဘောပင်ဖြင့် မျက်မှန်တစ်လက်ထည့်ဆွဲပေးလိုက်သည်။
ကြည့်ရသည်မှာ ပေါတောတောနှင့် ချစ်စရာကောင်းလှသည်ပင်။
ယွင်ဖန်းက မှတ်စုထုတ်ရင်း အလုပ်ရှုပ်နေခဲ့ကာ သတိမထားလိုက်မိပေ။ ရိချန်းလျန်က အလွန် ဂုဏ်မောက်စွာဖြင့် သူ၏ ထူးချွန် ပြောင်မြောက်လှသော လက်ရာကို သိမ်းထားလိုက်တော့သည်။
အားလပ်ချိန်အတွင်း တစ်ယောက်ယောက်က ရိချန်းလျန်အား ဘောလုံးကစားဖို့ခေါ်လာသည်။ ရိချန်းလျန်မှာ အလွန်ပင်ပန်းနေကာ စားပွဲပေါ်မှာ လှဲနေခဲ့တာဖြစ်သည်။ သူက လက်ယမ်းကာ ငြင်းလိုက်ပြီး လှဲလိုက်ပြီး မကြာခင်မှာပင် အိပ်ပျော်သွားတော့သည်။
ယွင်ဖန်းမှာလည်း အိပ်ချင်စိတ်နှင့် ဒုက္ခများနေခဲ့ပြီးလေ့ကျင့်ခန်း စာမျက်နှာတစ်ဝက်လောက်လုပ်လိုက်ပေမဲ့ မထိန်းနိုင်စွာပင် လှဲအိပ်လိုက်မိတော့သည်။
သူတို့နှစ်ယောက်က စားပွဲထက်လှဲကာ အံ့ဩစရာကောင်းလှစွာပင် တစ်ထပ်တည်း တူညီသောအနေအထားဖြင့် အိပ်ပျော်နေခဲ့ကြသည်မှာ မိတ္တူကူးထားသည့်အတိုင်းပင်။ ဖြတ်သွားကြသည့် ကျောင်းသူလေးများမှာ မထိန်းနိုင်စွာ ကြည့်မိကြတော့သည်။
"ဘုရားရေ၊ သူတို့က အမြွှာတွေကျနေတာပဲ"
****
ယွင်ဖန်းက ကျောင်း၌ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အတန်းကို မတက်ပေ။ နေ့လည်ခင်း၏ နောက်ဆုံးအတန်းချိန်ပြီးသွားချိန် သူက ကျောင်းဝင်ပေါက်ကို ရောက်သွားတော့ အဝေးတစ်နေရာမှ လက်ဝှေ့ယမ်းပြနေသည့် ထန်ရိကို တွေ့လိုက်ရသည်။
ယွင်ဖန်းက ခြေလှမ်းအရှိန်ကိုမြှင့်ကာ ထိုနေရာကို လျှောက်သွားလိုက်၏။
"တကယ်ဆို ကျွန်တော့်ကို လာကြိုစရာမလိုပါဘူး။ ကျွန်တော့်ဘာသာ ဘတ်စ်ကားနဲ့ ပြန်လာလို့ရပါတယ်။"
"ဆိုင်မှာ အလုပ်သိပ်မရှိပါဘူး။ ဒါကြောင့် စောစောပိတ်လိုက်တာ"
ထန်ရိက သူ့ကျောပိုးအိတ်ကို ယူလိုက်ချင်ပေမဲ့ ယွင်ဖန်းက မပေးလိုက်ပေ။
"ကျွန်တော့်ဘာသာ သယ်ပါ့မယ်"
ထန်ရိက အတင်းမတိုက်တွန်းတော့။
"ယွမ်ယွမ်က အမှတ်တစ်အထက်တန်းကျောင်းဆီ ကျောင်းပြောင်းဖို့ စီစဉ်ထားပြီးပြီ။ အမေတို့အိမ်မှာ ခဏလောက် လာနေလိမ့်မယ်။"
ယွင်ဖန်း တန့်သွား၏။
"ဘယ်သူ?"
"တတိယအန်တီတို့ မိသားစုထဲက သားရဲ့ ဝမ်းကွဲလေ"
ထန်ရိက သူ့အား အနေရခက်နေသည့်မူအယာဖြင့် သူ့ကို ပုတ်လိုက်ကာ
"ယွမ်ယွမ်လာတဲ့အချိန်ကျရင် သူနဲ့ ထပ်ပြီး ရန်မဖြစ်နဲ့တော့နော်။ သားတို့နှစ်ယောက်က ရင်းနှီးခဲ့ကြတာပဲကို ဒီအခွင့်အရေးကိုသုံးပြီး ပြန်ပြေလည်လိုက်ကြတော့"
ယွင်ဖန်းက ထန်ရိ၏ စကားအတိုင်း သံယောင်လိုက်ကာ သူမနှင့် စကားအနည်းငယ်ဖလှယ်လိုက်ပြီးနောင် ဤ "ယွမ်ယွမ်" က ဘယ်သူမှန်း သိလိုက်လေသည်။
ယွင်ဖန်း တတိယအန်တီ၏ သားက သူနှင့်သက်တူရွယ်တူလောက်ဖြစ်ကာ စွင်းယွမ်ဟုခေါ်၏။ သူက အလယ်တန်းကျောင်းတက်ခဲ့ပေမဲ့ မြို့၏အထက်တန်းကျောင်းကို ဝင်ဖို့ရာ အမှတ်မမှီခဲ့ပေ။ နောက်ပိုင်းတွင် သူ့တတိယဦးလေးက အဆက်သွယ်များနှင့် တံစိုးလက်ဆောင်များသုံးကာ နောက်ဆုံးတော့ သူ့အား အမှတ်တစ် အထက်တန်းကျောင်းရှိ စာပေအနုပညာအတန်းကို ဝင်ခွင့် ရစေနိုင်ခဲ့ခြင်းဖြစ်သည်။
စွင်းယွမ်၏ အိမ်က မြို့ထဲတွင်ရှိကာ အဆင်မပြေပေ။ သူက ကျောင်းပြောင်းကျောင်းသာဖြစ်လေရာ နေထိုင်ဖို့အတွက်က ခဏအတွင်း အဆင်ပြေနိုင်မှာမဟုတ်ချေ။ ထို့ကြောင့် သူက ယွင်ဖန်းတို့အိမ်တွင် ခေတ္တမျှနေထိုင်ရန် တွေးထားခဲ့တာဖြစ်သည်။
ထန်ရိမှတဆင့် စွင်းယွမ်နှင့် ယွင်ဖန်းတို့ စကားများခဲ့ဖူးပုံရသည်ကို သိရကာ ထိုသည်က အလွန်ကို ကြီးမားခဲ့ပုံရပေမဲ့ အရွယ်ရောက်လူကြီးတစ်ယောက်၏ အမြင်တွင်တော့ အလေးအနက်မယူခဲ့ပေ။
အိမ်ပြန်ရောက်ချိန်တွင် ယွင်ဖန်းက ယွင်ဟဲယွီတစ်ယောက် အခန်းလွတ်ဖြစ်နေခဲ့သော အိပ်ခန်းအသေးလေးကို ရှင်းလင်းနေတာကို တွေ့လိုက်ရသည်။ အိပ်ခန်းအသေးလေးတွင် နှစ်ထပ်ကုတင်တစ်လုံးရှိကာ ယွင်ဖန်း၏ အဖိုးအဖွားများ တစ်ခါတစ်ရံလာချိန်၌ နေတတ်ကြသည်ပင်။ ယခုတော့ စွင်းယွမ်အတွက် အိပ်ခန်းအဖြစ် ပြင်ဆင်လိုက်ပြီဖြစ်သည်။
" ထန်ထန်…သူက အကြာကြီးမနေပါဘူး"
ယွင်ဟဲယွီက သူသဘောမတူမည်ကို စိုးရိမ်နေသည်မှာ သိသာလှသည်။
"သားရဲ့ တတိယဦးလေး နေထိုင်တဲ့နေရာပြင်ဆင်ပြီးတဲ့ အထိပဲ စောင့်နော်။ သူက ကျောင်းမှာ သွားနေမှာ ပြီးတော့ သားကို နှောင့်ယှက်မှာ မဟုတ်ဘူး"
ယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
"အဆင်ပြေပါတယ်"
သူ့၏ ရင့်ကျက်ကာ တသီးတခြားဆန်ပုံကို မြင်တော့ ထန်ရိက သူ စိတ်ကောက်သွားသည်ဟု ထင်လိုက်မိသည်။ သူမက မထိန်းနိုင်စွာပင် သူ့မျက်နှာကို ဆွဲဖျစ်လိုက်ပြီး ရယ်လိုက်ကာ
"ထန်ထန် လိမ္မာနော်။ အမေ သားကြိုက်တဲ့ နံရိုးချိုချဉ်လုပ်ပေးမယ်"
ယွင်ဖန်းမှာ မျက်နှာကိုဆွဲဖျစ်ခံလိုက်ရတာကြောင့် သတိလက်လွတ်ဖြစ်သွားကာ နေရာ၌တောင့်ခဲသွားလေတော့သည်။
သူ့ပုံကို ထန်ရိက ပိုပြီး ချစ်စရာကောင်းသည်ဟု မြင်လေသည်။ သူမက လက်ကိုဆန့်ကာ သူ့မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး
"အမလေး.. ငါ့သားလေးက ဘယ်လိုတောင်ချောရတာလဲ"
ယွင်ဖန်းက သူမလက်ကို ဖြည်းဖြည်းနှင့် တင်းတင်းကြပ်ကြပ် ဖယ်လိုက်ကာ တစ်ခါတည်း သူ့အခန်းထဲ ဝင်ပြီး တံခါးပိတ်လိုက်လေသည်။
ထို့နောက်မှာတော့ ထန်ရိ၏ ပျော်ရွှင်စွာရယ်မောသံကို ကြားလိုက်ရလေ၏။
"ဘာလို့ ကိုယ့်အမေကိုကိုယ် ရှက်နေရတာလဲ!"
ယွင်ဖန်းက ပူတက်နေသော နားရွက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး ဒေါသတကြီးဖြင့် အိပ်စာလုပ်ရန် စာအုပ်ထုတ်လိုက်တော့သည်။
ထိုသူတို့က ယွင်ဖန်း၏ မိဘအရင်းများသာဖြစ်ကာ သူ့မိဘများ မဟုတ်ပေ။
ထန်ရိနှင့် ယွင်ဟဲယွီတို့သာ သူ၏ အထောက်အထားအမှန်ကို သိသွားခဲ့လျှင် သူတို့က ဝေးနိုင်သမျှ ခပ်ဝေးဝေးကို ပြေထွက်သွားကြမှာပင်ဖြစ်သည်။
တို့၏ ရင်းနှီးမှုနှင့် ချစ်ခင်မှုတို့ကို သူပွင့်ပွင့်လင်းလင်း လက်မခံနိုင်ပါပေ။ ဤသို့ ကောင်းမွန်လှသောမိဘများက သူနှင့် မထိုက်တန်လှပေ။
ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာက စာကြိုးစားပြီး သူကိုယ်သူ ယွင်ဖန်းလောက် တော်လာစေကာ ထိုသူတို့အား စိတ်အေးစေရန်သာဖြစ်သည်။
••••••
အချိန်က အမြဲလို အကုန်မြန်လှ၏။ ယခုဆို ယွင်ဖန်း အတန်းတစ်ဆယ်ကို ရောက်နေသည်မှာ သုံးရက်ရှိသွားခဲ့ပြီဖြစ်ကာ နောက်ဆုံးတော့ အတန်းထဲရှိသမျှကျောင်းသားများကို ခက်ခဲစွာဖြင့် မှတ်မိသွားနိုင်ခဲ့ပြီဖြစ်သည်။
ရိချန်းလျန်အတွက် ရေဘူးကူပို့ပေးခဲ့ဖူးသည့် မျက်နှာဝိုင်းဝိုင်းလေးနှင့် အတန်းဖော်၏ နာမည်က ကျိရှူမော့ဖြစ်သည်။ သူပြောသည်က ယခင်က သူ လမ်းသရဲလေးများထဲမှ ကာကွယ်ကြေးဆိုကာ အတောင်းခံခဲ့ရဖူးပြီး ရိချန်းလျန်က ဖြတ်သွားရင်းဖြင့် သူ့ကို ကယ်ခဲ့ဖူးကာ ထိုစဉ်ကစလို့ ရိချန်းလျန်အား သူ့အစ်ကိုကြီးအဖြစ် သတ်မှတ်ထားခဲ့သည်ဟုပင်။
ကျိရှူမော့မှာ နောက်ဆုံးတော့ နားထောင်သူတစ်ယောက်ရှာတွ့သွားသကဲ့သို့ ရိချန်းလျန်၏ ဂုဏ်သရေရှိ အကျင့်များကို သာသာထိုးထိုးပြောပြကာ စိတ်လှုပ်ရှားစွာဖြင့် လက်ရောခြေများပါပါလာတော့ခဲ့သည်။
"ငါ့အစ်ကိုကြီးရိက ဆံပင်ခရမ်းရောင်နဲ့ကောင်ကို ဘယ်ဝိုက်လက်သီးတစ်ချက်တည်းနဲ့ နံရံထဲ တစ်ဆယ်စင်တီမီတာလောက် ဝင်သွားအောင် ကျွေးလိုက်တာလေ။ ပြီးတော့ လူသုံးယောက်ကို ခြေသိမ်းကွက်နဲ့ လှဲချပစ်လိုက်ပြီး တစ်ဆက်တည်း တံတောင်တစ်ချက်နဲ့ လမ်းသရဲခေါင်းဆောင်ကို အမှောက်သိပ်ပစ်လိုက်တာ။ ပြီးတော့ သူ့ကျောင်းလွယ်အိတ်ကို အေးဆေးကောက်ပြီး ထွက်သွားလိုက်ရော-"
"အဲ့ဒါကိုလေ 'ပွဲပြီးတာနဲ့ နာမည်နဲ့ အောင်မြင်မှုတွေကို မလိုချင်ဘဲ ဖုတ်ဖတ်ခါထွက်သွားတယ်' လို့ပြောလို့ရတယ်”
ကျိရှူမော့က လက်ဖဝါးကို လက်သီးဖြင့် ထိုးလိုက်ကာ
"မစိုးရိမ်နဲ့နော် စာနတ်ဘုရား။ အစ်ကိုကြီးရိက မင်းရဲ့ ထိုင်ခုံဖော်ဖြစ်နေမှတော့ မင်းကို ဘယ်သူမှ အနိုင်လာကျင့်ရဲမှာ မဟုတ်ဘူး"
ယွင်ဖန်းမှာ ဖြေပြီးသွားသော မေးခွန်းစာရွက်ကို စာအုပ်ပေါ်တင်လိုက်ကာ ကောင်ကလေးကို ခပ်ဖြည်းဖြည်း သံယောင်လိုက်ချီးမွှမ်းပေးလိုက်သည်။
"ဝိုး…..ရိချန်းလျန်က အရမ်း စွမ်းအားကြီးတာပဲကိုး"
ရိချန်းလျန်က သန့်စင်ခန်းဝင်ပြီးနောက် တံခါးကနေ ဝင်လာတာဖြစ်သည်။ ယွင်ဖန်း၏ ထူးဆန်းကာ စိတ်ရင်းမပါသော ချီးးကျုးသံကိုကြားလိုက်ရချိန်၌ သူက ဝမ်းချုပ်နေသည့် မျက်နှာဖြင့် ကြည့်လိုက်ရင်း မေးလိုက်လေသည်။
"မင်းငါ့ကို လှောင်နေတာလား?"