no

Font
Theme

[အစာသွပ်ပေါက်စီပေါင်း]

ချန်ကျစ်ချီးက အနီနှင့်အဖြူကျောင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်တစ်ချောင်းချင်းစီကပင် နေရာတစ်ကျရှိနေသည်။ သူ့ပုံစံက

အမှတ်တစ်အထက်တန်းကျောင်း၏ ကျောင်းသားသစ် ပရိုမိုးရှင်း ရိုက်ကူးရေးများကို အချိန်မရွေး ဝင်ရိုက်ပေးနိုင်သည့်အလား။

သူက ယွင်ဖန်းနှင့် ရိချန်းလျန်တို့ထက် ခေါင်းတစ်ဝက်စာလောက်ပိုရှည်ကာ ထိုနေရာမှာ ရပ်နေရုံဖြင့်ပင် ဖိနှိပ်နိုင်စွမ်းရှိနေပြီပင်။

"မင်းတို့နှစ်ယောက်ကို မေးစရာရှိတယ်"

ယွင်ဖန်းသည် သူတို့ကျောင်းနောက်ကျခဲ့သည့်အကြောင်းဟု ထင်လိုက်ကာ သူ့အား ပြုံးပြလိုက်၏။

"ကျွန်တော်တို့ နံရံကျော်တက်တာအတွက် ကိုယ်တိုင်သုံးသပ်စာရေးစေချင် တာများလား?"

"မဟုတ်ဘူး"

ဤကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်က ဘာတွေးနေသည်ကို မသိနိုင်ချေ။ သူ့မျက်နှာက အတော်လေး ဆိုးရွားနေခဲ့၏။

"အဲ့ဒီနေ့က မင်းတို့နဲ့အတူ နံရံကျော်တက်ခဲ့တဲ့ကောင်လေးရဲ့ နာမည်က ဘာလဲ?"

"ကျွန်တော်မသိဘူး"

ရိချန်းလျန်၏ အလိုအလျှောက်အသိက ချန်ကျစ်ချီးအားအတော်လေး သတိထားနေမိကာ ယွင်ဖန်းကိုဆွဲခေါ်လို့ ထွက်သွားချင်နေပြီပင်။

" မင်း သူ့ကို ဘာလို့ရှာနေတာလဲ?"

ယွင်ဖန်းက မသွားခင် မေးလိုက်သေးသည်။

ချန်ကျစ်ချီးကပြော၏။

"ကိုယ်ရေးကိုယ်တာကိစ္စပါ"

ယွင်ဖန်းက သူ့လက်ကို ရိချန်းလျန်၏ ပုခုံးထက်တင်ကာ အနည်းငယ်ပြုံးလိုက်၏။

"အိုး၊ ဒါဆိုလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော့"

ထို့နောက် သူနှင့် ညီလေးရိချန်းလျန်တို့ဟာ တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ အပေါ်တက်သွားကြလေသည်။

ချန်ကျစ်ချီးက သူ့၏ပွေ့ဖက်ထားသော ပုံစံမှ ရှင်းပြမရနိုင်သည့် မောက်မာမှုတစ်ခုကို ခံစားလိုက်ရလေသည်။

"နံရံကျော်တက်ခဲ့တဲ့တစ်ယောက်ကို မင်းသိတာလား?"

ရိချန်းလျန်က ယွင်ဖန်း၏အပြုံးကို မြင်တော့ မထိန်းနိုင်စွာ တံတောင်ဖြင့်တွတ်လိုက်သည်။

"အင်း"

ယွင်ဖန်းက အပြုံးကိုရုတ်သိမ်းလိုက်ကာ

"သူ့ကို ချီဟော့လို့ခေါ်တယ်။ ငါ့အမေရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ သားလေ။ ပြီးတော့ စုန့်ချွင်ရဲ့ အမေမတူအဖေကွဲအစ်ကို။ သူ့ကို အဲ့ဒီနေ့ညက ညစာစားပွဲမှာတွေ့ခဲ့တာ"

စုန့်ချွင်နာမည်ကို ကြားသည်နှင့် ရိချန်းလျန်မှာ မရွှင်မပျဖြစ်သွားကာ ရှုပ်ထွေးလိုက်သည့် ဆက်ဆံရေးဟု တွေးကြည့်လိုက်ပေမဲ့ သူ့သိချင်စိတ်အား မဖိနှိပ်နိုင်လိုက်ဘဲ မေးလိုက်မိသည်။

"ဒါဆို ချန်ကျစ်ချီးကို ဘာလို့ မပြောလိုက်တာလဲ?"

"ငါက ကြင်နာတတ်တဲ့သူလေ"

ယွင်ဖန်းက သက်ပြင်းချဟန်ဆောင်လိုက်သည်။

"ကိုယ်နဲ့ နံရံကျော်တက်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မတဲ့လဲ?"

ရိချန်းလျန်က သူ့လက်မောင်းကို အားနှင့် တွန်းပစ်လိုက်ကာ အမူအယာမဲ့စွာဖြင့် ပြောလိုက်သည်။

"အိုး၊ ညစာလေးတစ်ခါစား၊ နံရံတစ်ခါလောက် အတူကျော်တက်ဖူးတာနဲ့ပဲ ညီအစ်ကိုကောင်းတွေ ဖြစ်သွားပြီပေါ့လေ?"

ယွင်ဖန်းက လက်လှမ်းကာ သူ့လည်ပင်းကို သိုင်းဖက်ကာ စနောက်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် အေးတူပူမျှ ခံစားပြီးကြပြီ မဟုတ်လား”

“ဖယ်စမ်းပါ!”

ရိချန်းလျန်က စိတ်ဆိုးဆိုးဖြင့် ယွင်ဖန်း၏ ဗိုက်ကို တံတောင်ဖြင့် ခပ်ပြင်းပြင်းတွတတ်ကာ အပေါ်ထက်သို့ ခြေလှမ်းကြဲကြဲ လှမ်းသွားတော့သည်။

ယွင်ဖန်းမှာ နာကျင်မှုကြောင့် လေကိုရှိုက်သွင်းလိုက်မိကာ ဗိုက်ကို ဖိလို့ သူ့အား မယုံနိုင်စွာ လက်ညှိုးထိုးလျှက်ဖြင့် အော်လိုက်၏။

"ရိချန်းလျန်! မင်းအရိုက်ခံချင်နေတာမလား!"

ရိချန်းလျန်ကခေါင်းလှည့်ကာ သူ့ကိုတစ်ချက်ကြည့်လာသည်။

"မင်းရဲ့ ညီအစ်ကိုကောင်းကိုသာ သွားရှာလိုက်"

ယွင်ဖန်းက ရိချန်းလျန်နောက်ကနေ အေးအေးဆေးဆေး လိုက်ဝင်လာသည်မို့ သူစာသင်ခန်းထဲသို့ နောက်တံခါးကနေ ဝင်လိုက်သည်နှင့် ရိချန်းလျန်က သူ့လက်ထဲမှ အဖြေလွှာစာရွက်အား ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ဘာမှားနေလို့လဲ?"

ယွင်ဖန်းက သူ့အမူအယာအနည်းငယ် အဆင်မပြေဖြစ်နေသည်ကိုမြင်တော့ လက်လှမ်းကာ အဖြေလွှာစာရွက်ကိုယူလိုက်သည်။

ဤသည်က ပြီးခဲ့သည့် လပတ်အစမ်း စာမေးပွဲ၏ အဖြေလွှာ စာရွက်ဖြစ်ကာ အပေါ်တွင်‌စာလုံးနီဖြင့်ရေးထားသည့် ၁၅၀ က အထူးသဖြင့်ကို မျက်လုံးဖမ်းစားနေခဲ့လေသည်။

"သောက်ကျိုးနည်းဟေ့ အစ်ကိုကြီးရိ..မင်း အမှတ်ပြည့်ရတာပဲ"

ပျော်စရာများတွင် ပါဝင်ရသည်ကို နှစ်သက်သော ကျိရှူမော့က ကျယ်လောင်စွာ အော်လာ၏။

ပတ်ဝန်းကျင်ရှိ ဆူညံသံများ ခဏလောက် တိတ်ကျသွားကာ ပိုပြီး ပြင်းထန်သည့် ဆွေးနွေးမှုအဖြစ် ပေါက်ကွဲထွက်လာတော့သည်။

"သောက်ကျိုးနည်း၊ ရိချန်းလျန်က?"

"သူယွင်ဖန်းဆီက ကူးချတာများလား?"

"သင်္ချာဆရာပြောတာတော့ ဒီတစ်ခေါက် ငါတို့အတန်းမှာအမှတ်ပြည့်ရတဲ့သူ တစ်ယောက်တည်း ရှိတာတဲ့....."

"သူက အဲ့လောက်တောင် တော်တာလား? ငါတို့အတန်းထဲ အဲ့လိုလူရှိတယ်ဆိုတာတောင် မေ့လုနီးပါးပဲ"

"တကယ့်လူတွေက သူတို့မျက်နှာကို မပြကြဘူး‌လေ ..."

ရိချန်းလျန်မှာ အတန်းတစ်ဆယ်ထဲ မတည်ရှိလုနီးပါပင်။ သူက ကျောင်းဝန်းထဲမှာလည်း မနေကာ တစ်ယောက်တည်းသာနေတတ်သူဖြစ်၏။ ယွင်ဖန်း ရောက်မလာခင်အထိ သူစကားပြောသည့် တစ်ဦးတည်းသောသူမှာ ကျိရှူမော့သာဖြစ်ခဲ့သည်။

သူ့၏ ပညာရေးရလဒ်များက မထူးချွန်သလို မျှော်လင့်ချက်မဲ့သည်မျိုးလည်း မဟုတ်ကာ အလယ်အလတ်တွင် ထိန်းထားနိုင်ခဲ့တာမျိုးပင်။ သူက ဆရာများနှင့် ဆွယ်သွယ်ပြောဆိုသည့်အကြိမ်ရေက သုညဖြစ်ပြီး တစ်ဦး‌တစ်ယောက်၏ အာရုံကိုဆွဲဆောင်နိုင်ရန် ခက်ခဲခဲ့သည့် မထင်မရှား ကျောင်းသားတစ်ဦးသာ ဖြစ်၏။

ပြီးခဲ့သည့် နှစ်ဝက်စာမေးပွဲတုန်းက သူ့အမှတ်များ ရှစ်ဆယ် အထိ တိုးတက်သွားခဲ့ချိန်တုန်းကမူ လောင်ဖုန်းဆီမှ နာမည်ခေါ်၍ အကြိမ်အနည်းငယ်လောက် ချီးကျူးခံခဲ့ရပြီး ဤအတိုင်း ဆက်သွားရန် ပြောဆိုခဲ့သည်လောက်သာပင်။

သူက တခြားသူများ၏ သတိပြုခံရသည်အား အတော်လေး မသက်မသာ ခံစားရပုံပေါ်ကာ စားပွဲကိုကိုင်ထားသည့် သူ့လက်ချောင်းများက အားဖြင့်ဖိထားသည့်ကြောင့် အနည်းငယ်ဖြူဖျော့လာလေသည်။

ယွင်ဖန်းက အဖြေလွှာစာရွက်ကိုကိုင်ကာ တောက်တောက်ပပပြုံးလျက် သူ့ကိုပြလိုက်သည်။

"ရိချန်းလျန် မင်းကအရမ်းအထင်ကြီးစရာကောင်းလိုက်တာ"

ရိချန်းလျန်က သူ့အား ဗလာဖြစ်စွာ စိုက်ကြည့်လာ၏။ သူ့ဘေးပတ်ဝန်းကျင်ရှိ တီးတိုးသံများနှင့် မရေရာသည့်အကြည့်များက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကာ ယွင်ဖန်း၏ အလေးအနက်အသံတစ်ခုတည်းသာ ကျစ်ရစ်ခဲ့လေသည်။

ယွင်ဖန်းက သူ့ကို ချီးကျူးနေတယ်။

ယွင်ဖန်းက သူ့ကိုချီးကျူးနေတယ်။

ရိချန်းလျန်မှာ မျက်နှာသေအမူအရာကို ထိန်းကာ ကွေးတက်သွားတော့မည့် နှုတ်ခမ်းထောင့်စွန်းအား အတင်းဖိနှိပ်ထားရရင်း ယွင်ဖန်းကို ကျော်၍ သူ့ထိုင်ခုံတွင် တည်တည်ငြိမ်ငြိမ် ဝင်ထိုင်လိုက်ပြီး ယွင်ဖန်း၏ စကားများအား သူစိတ်ထဲမှပင် ထပ်ကာ ထပ်ကာ ပြန်တွေးနေမိလေသည်။

ရိချန်းလျန် မင်းကအရမ်းအထင်ကြီးစရာပဲ။

မင်းက အရမ်း အထင်ကြီးစရာပဲ-အရမ်း အထင်ကြီးစရာပဲ-အထင်ကြီးစရာပဲ-အထင်ကြီးစရာပဲ

"ကံကောင်းသွားရုံပါ"

ရိချန်းလျန်က မျက်နှာတည်ကို ထိန်းထားခဲ့ကာ သူ့ရှေ့ရှိစာအုပ်ကို တည်ငြိမ်စွာ ဖွင့်လိုက်၏။

ထို့နောက်တွင်မူ အတန်းစသည့် ခေါင်းလောင်းသံမြည်လာပြီး သင်္ချာဆရာက စာသင်ခန်းထဲ ဝင်လာခဲ့လေသည်။

"အဖြေလွှာစာရွက်တွေ ဝေပေးပြီးပြီမလား?"

သင်္ချာဆရာက သင်ပုန်းကို ခေါက်လိုက်ရင်း

"လပတ်စာမေးပွဲဖြေဖို့က တစ်ပတ်တောင်မလိုတော့ဘူး။ မင်းတို့ရတဲ့အမှတ်တွေကို သေသေချာချာ ပြန်ကြည့်ကြဦး!"

"ဒီတစ်ကြိမ်၊ ငါတို့အတန်းမှာ ကျောင်းသားတစ်ယောက်တည်း အမှတ်ပြည့်ရတယ်။ သူကတော့ ရိချန်းလျန်ပဲ။ ရိချန်းလျန်ရဲ့ ပြီးခဲ့တဲ့ နှစ်ဝက်စာမေးပွဲတုန်းက ပညာရေးရလဒ်တွေက အကြီးကျယ်တိုးတက်လာခဲ့ပြီး ဒီတစ်ခေါက်ကတော့ ဒီဆရာကို အံ့ဩစရာအကြီးကြီး ပေးလိုက်တာပဲ။ တခြားကျောင်းသားတွေလည်း ရိချန်းလျန်ဆီက သင်ယူသင့်တယ်...."

သင်္ချာဆရာက ရိချန်းလျန်အား ဥပမာတစ်ခုအဖြစ် စတင်အသုံးပြုကာ စာမေးပွဲအကြို စည်းရုံးရေး အစည်းအဝေးအား နှလုံးသားပျော်ဝင်သွားစေမည့် စကားလုံးများဖြင့် စတင်လိုက်လေသည်။

ရိချန်းလျန်က ကအောက်ကအောက်ဖြစ်စွာ ခေါင်းလှည့်လို့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။

ယွင်ဖန်းမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရလျက် သူ့ကိုကြည့်နေရင်း မှတ်စုစာအုပ်ထဲမှ စာရွက်တစ်ခု ဖြဲလိုက်ကာ ခေါင်းဝိုင်းဝိုင်းနှင့် တုတ်ချောင်းပုံသဏ္ဍာန်ကို ဘောပင်အနီဖြင့် ဆွဲလိုက်ပြီး အထူး‌အနေနှင့် သရဖူလေးတစ်ခု ဆောင်းပေးလိုက်ကာ ဘေးနားတွင် လက်ခုပ်တီးနေသည့် ကြယ်ရောင်တောက်တောက်မျက်ဝန်းများဖြင့် လူသေးသေးလေးများဆွဲကာ ရိချန်းလျန်ထံ တွန်းပို့ပေးလိုက်သည်။

ရိချန်းလျန်က လှမ်းယူကာ ခဏလောက်ကြည့်နေခဲ့ပြီးမှ လေးထောင့်ခေါင်းနှင့် မျက်မှန်တပ်ထားကာ ခါးပေါ်လက်ထောက်လျှက် ဂုဏ်ယူဝင့်ကြွားစွာ မြင့်မြင့်မားမားရပ်နေသည့် လူသေးသေးလေးအား သရဖူဆောင်းထားသည့် တုတ်ချောင်းလူသား၏ဘေးတွင်ဆွဲကာ ယွင်ဖန်းထံ ပြန်တွန်းပို့ပေးလိုက်သည်။

ယွင်ဖန်းက ၎င်းကိုစိုက်ကြည့်ကာ တခဏအကြာထိ ရယ်နေခဲ့ပြီးနောက် သူ၏အပြောင်မြောက်ဆုံးသော လက်ရာအား သင်္ချာစာအုပ်ထဲ ပေါ့ပေါ့ပါးပါး ထည့်ညှပ်ထားလိုက်လေတော့သည်။

°°°°°°°°°

ကျောင်းသားများအား နှစ်သစ်ကူးပိတ်ရက်တွင် ပျော်ရွှင်ကြစေရန်အလို့ငှာ လပတ်စာမေးပွဲရလဒ်များအား ပိတ်ရက်အပြီးတွင်မှ ကြေငြာပေးမှာဖြစ်ကြောင်း၊ ဂရုစိုက်တတ်သည့် အတန်းပိုင်နှင့် လောင်ဖုန်းတို့က ထိုသို့ပြောလေသည်။

ပိတ်ရက် ပထမဆုံးနေ့တွင် ယွင်ဖန်းခမျာ ထန်ရိထံမှ အနိုးခံလိုက်ရ၏။

"ထန်ထန်၊ ထတော့!"

ထန်ရိက သူ့မျက်နှာကို ညှစ်ကာ လှုပ်ယမ်းလိုက်၏။

ယွင်ဖန်းက စိန်မရှည်စွာဖြင့် လက်ဝေ့ယမ်းလျှက် နိုးတစ်ဝက် ပျော်တစ်ဝက်ဖြင့်

"ကျွန်တော်နည်းနည်း ထပ်အိပ်ဦးမှာ"

"နေဖင်ထိုးနေပြီလေ၊ ထပ်မအိပ်ရတော့ဘူး"

ထန်ရိက သူ့အား ဆွဲထူ၏။

"ထန်ထန်၊ လိမ္မာတယ်နော်။အဖေက ဒီမနက် သားကြိုက်တဲ့ ပေါက်စီလေးတွေပေါင်းပေးထားတယ်။ သားမထရင် တစ်ခုမှ မချန်တော့ဘူးနော်"

ယွင်ဖန်းမှာ ခက်ခက်ခဲခဲ မျက်စိဖွင့်လိုက်၏။

"အမေတို့နှစ်ယောက်ပဲ စားလိုက်တော့၊ ကျွန်တော့်ကို ထည့်မတွက်နဲ့"

"ဒါက ဘယ်လိုစကားလဲ"

ထန်ရိက သူ့ကိုရိုက်လိုက်ကာ ငိုရမလား ရယ်ရမလား မသိစွာဖြင့်၊

"အရမ်း ရိုင်းတယ်နော်"

"ဒါနဲ့၊ ရှောင်ရိမှာ ဆောင်းရာသီ အဝတ်အစားတွေမရှိလို့ အမေ့ကို နှစ်စုံလောက် ယူလာဖို့ပြောထားတယ်မလား? သားမှာ အချိန်ရှိရင် မြန်မြန်ထပြီး ပို့ပေးလိုက်ဦး။"

ထန်ရိက သူ့စောင်ကို တန်း လှန်ပစ်လိုက်သည်။

နောက်ဆုံးမှာတော့ ယွင်ဖန်းမှာ သမ်းဝေကာ အိပ်ရာထဲမှာ တွားထွက်လာခဲ့ပြီဖြစ်သည်။

ထန်ရိက သူ့အား စနောက်လိုသောအမူအယာဖြင့်ကြည့်လိုက်၏။

"......ဒါက အမေထင်နေသလိုမဟုတ်ဘူးနော်"

ယွင်ဖန်းက အမူအယာမဲ့စွာ ပြောလိုက်သည်။

ထန်ရိက သဘောပေါက်တယ်ဟူသော ဟန်အမူအရာဖြင့်

"အိုး၊ သူ့နဲ့အတူ ဈေးဝယ်ထွက်တာက သားမဟုတ်ဘူးလား။ သူ့ကို အိမ်ပြန်ပို့ပေးတာကရော သားပဲ မဟုတ်ဘူးလား။သူ့အိမ်မှာနေတာကလည်း သားမဟုတ်ဘူးလား။ ပြီးတော့ သူ့ကို အဝတ်တွေ ပို့ပေးချင်တာကရော သားပဲ မဟုတ်ဘူးလား"

ယွင်ဖန်း:".....ဒီမေးခွန်းကို အမေ့ကိုရှင်းပြဖို့က ကျွန်တော့်အတွက် အရမ်းခက်ခဲတယ်။"

“အမေလည်း ဒီမေးခွန်းက နားလည်နိုင်ဖို့အရမ်းခက်တာ သိပါတယ်။"

ထန်ရိက သူ့ခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်လိုက်၏။

ယွင်ဟဲယွီက ယောင်းမကိုင်လျှက် အိပ်ခန်းတံခါးဝတွင် မည်သည့်အချိန်ကတည်းက ရပ်ကာ ခိုးနားထောင်နေခဲ့သည်မသိပေ။

"ထန်ထန်၊ အဖေက စည်းမျဉ်းအဟောင်းတွေက် ‌ထောက်ခံနေတုန်းပဲနော်။ ကောင်းတဲ့ ပစ္စည်းတစ်ခုခုသာရှိရင် အဖေတို့အရင်ယူလိုက်သင့်တယ်လေ၊ အနာဂတ်မှာ သားအတွက် လက်တွဲဖော်ရှာဖို့ဆိုရင် အတော်လေး ခက်ခဲလောက်တယ်....အဲ့ဒီရှောင်ရိ-"

"ပေါက်စီသွားစားကြစို့"

ယွင်ဖန်းခမျာ ပင်ပန်းလှသည့်အပြုံးလေးဖြင့် မချိပြုံး ပြုံးပြလိုက်ရတော့သည်။

••••••

ဒီဇင်ဘာနောက်ဆုံးရက်၌ ယွင်ဖန်းက ရိချန်းလျန်၏ ခြံဝန်းငယ်လေးဆီ ပစ္စည်းအိတ်အကြီးကြီးဖြင့် ရောက်ချလာသည်။

ရိချန်းလျန်က ပါးလှသည့် မီးခိုးရောင် ဆွယ်တာတစ်ထည်ဝတ်ထားကာ လျှော်ဖွတ်ထားသည့် အဖြူရောင်ဂျင်းဘောင်းဘီကိုဝတ်လျက် ဖိနပ်ပါးတစ်ရံစီးထားပြီး ပါးစပ်ထဲ စီးကရက်တစ်လိပ်ရှိနေကာ အိပ်ရာထခါစ ကြက်ခြံပုံဆံပင်ဘုတ်သိုက်နှင့်အတူ ခိုက်ခိုက်တုန်လှသည့် အေးစက်စက်လေကြားမှာ ခြံဝန်းအား တံမြက်စည်းလှည်းနေခဲ့လေသည်။

သံတံခါးကြီးက သော့မခတ်ထားသည်မို့ တံခါးကိုတွန်းဖွင့်လိုက်ချိန် ယွင်ဖန်း ပထမဆုံးမြင်လိုက်ရသည်က ထို ထူးဆန်းသည့် ရှုခင်းကိုပင်ဖြစ်သည်။

ရိချန်းလျန်က အသံကြားတာကြောင့် မော့ကြည့်လာရာ ခဏတွင်း၌ သူနှင့် ယွင်ဖန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြပြီး သူ့ပါးစပ်ထဲမှ စီးကရက်က ဂလောက်ခနဲ ပြုတ်ကျသွားလေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment