no

Font
Theme

[ရှောင်နျန်]

နောက်ဆုံးမှာတော့ နှင်းတွေ ထူထဲစွာ ကျနေသော ဒုတိယဆောင်းရာသီမှာ ပထမနှစ်ကျောင်းသားများအဖို့ ၎င်းတို့၏ ပထမစာသင်နှစ် နောက်ဆုံးစာမေးပွဲနှင့် ရင်ဆိုင်ကြရပြီဖြစ်သည်။

ကျောပိုးအိတ် အသီးသီးဖြင့် ကျောင်းသားများမှာ စာမေးပွဲဖြေရမည့် အခန်းနှင့် ထိုင်ခုံများကို အဆောက်အဦးအမျိုးမျိုးတွင် ရှာဖွေကြရ၏။ လူသွားစင်္ကြန်အချို့၌ ပြတင်းပေါက်များ ဖွင့်ထားပြီး နှင်းမုန်တိုင်းကို စိမ့်ဝင်လာဖို့ ခွင့်ပြုထားလေရာ စင်္ကြန်ရှိကျောင်းသားများမှာ အအေးဒဏ်ကြောင့် တုန်ယင်နေကြလေသည်။

တချို့က စာမေးပွဲပြီးတိုင်း အဖြေတိုက်ဖို့ပြင်နေ၏။ တချို့မှာမူ ကျလေမလားဟု သောကများကာ အိမ်မှာ အဆူခံရမှာကို ကြိုတွေးနေကြသည်။ တချို့ကမူ ရသလောက်ကို အလွတ်ထပ်ကျက်နေကာ အဖြေမှန်ရလိုရငြား လုပ်နေကြကာ တချို့ကတော့ နှင်းတောထဲမှာ ပြေးလွှားနေကြရင်း စာမေးပွဲကို မေ့လျော့ထားကြလေသည်။

နောက်ဆုံးစာမေးပွဲမစတင်မီတွင် ယွင်ဖန်းက စင်္ကြန်ရှိ ပြတင်းပေါက်တစ်ခုဘေးတွင်ရပ်ကာ အောက်ဘက်ရှိ နှင်းထုထဲ ကြည့်နေတာ ဖြစ်သည်။ အလယ်ရှိ လူသွားလမ်းမှာ အရမ်းရောင် ဇီးရွက်များဖြင့် ပြည့်နေကာ လှပလှသည်။

ထိုနေရာတွင် အဆောက်အဦးဆီသို့ ဦးတည်လျှောက်လာနေသည့် ကျောင်းဝတ်စုံတစ်ထပ်တည်းသာ ဝတ်ထားသော အရူးတစ်ယောက်လည်း ရှိနေသေး၏။ သူ့တစ်ကိုယ်လုံးက ‌အေးလွန်းတာကြောင့် ဘောလုံးတစ်လုံးလို အေးခဲလုနီးပါးဖြစ်နေသည်။ စာသင်ခန်းထဲ ပြန်ဝင်တော့မည့်အချိန်၌ ယွင်ဖန်း၏အကြည့်က ထိုသူ့အပေါ် ဖြတ်သွားခဲ့ကာ ဤအရူးထံမှ ရင်းနှီးနေသည့်ခံစားချက်တစ်ခု ရလိုက်လေသည်။

"ရိချန်းလျန်!"

သူ မထိန်းနိုင်ဘဲ အော်လိုက်မိသည်။

ထိုသူ့နာမည်ကို မခေါ်ဖြစ်သည်မှာ လဝတ်နီးပါးကြာခဲ့ပြီ ဖြစ်ကာ ထိုတစ်ခဏ၌ သူ့မှာ အတ်ိတ်ကို အနည်းငယ် သတိရသွားသလိုပင် ခံစားလိုက်ရလေသည်။

ရိချန်းလျန်က ဘော့ပင်ဝယ်ဖို့ ကျောင်းဈေးဆိုင်ဆီ သွားနေတာ ဖြစ်ကာ အတော်လေး ချမ်းတုန်နေ၏။သူက စိတ်မရှည်စွာဖြင့် အသံလာရာဆီ ခေါင်းမော့ကာ မျက်လုံးမှေးကြည့်လိုက်တော့ လေးလွှာမြောက်၏ စင်္ကြန်ပြတင်းပေါက်ရှေ့တွင် လက်ထဲ စာအုပ်ကိုင်ထားရင်း ရပ်နေသည့် ယွင်ဖန်းကိုသာ တွေ့လိုက်ရလေသည်။

"မင်းရဲ့ အပေါ်ဝတ်က ဘယ်မှာလဲ?"

ယွင်ဖန်းက ခပ်ကျယ်ကျယ်မေးလိုက်သည်။

"ဝတ်လာဖို့ မေ့သွားတယ်!'

မော့ကြည့်နေသည့် ရိချန်းလျန်၏ မျက်နှာထက်သို့ နှင်းမှုန်များ ကျလာတာကြောင့် ပိုအေးလာသည်။ ထိုနေရာတွင်ရပ်နေသည်က အနည်းငယ် ကြောင်တောင်တောင်နိုင်သည်ဟု သူခံစားလိုက်‌ရပေမဲ့ သူ့ခြေဖဝါးကတော့ ထိုနေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ လုံးဝကို ရွှေ့မရခဲ့ပါချေ။

ထိုသူ၏ စာမေးပွဲခန်းက ဤနေရာနှင့် အတော်လေးဝေးလှသည့် အဆောက်အဦး E တွင် ဖြစ်သည်ကို ယွင်ဖန်း မှတ်မိနေသည်။ သူက ဝတ်ထားသည့် အနွေးဂျာကင်ကိုချွတ်ကာ လေးလွှာမှနေ ပစ်ချလိုက်သည်။

ရိချန်းလျန်က လက်လှမ်းကာ တန်းဖမ်းလိုက်၏။ အနွေးဂျာကင်က လေးလံကာ ဖွင့်လိုက်ချိန် အထဲ၌ ပထမနှစ် ရူပဗေဒဖော်မြူလာ လမ်းညွှန်မိတ္တူတစ်ရွက် ရှ်ိနေသည်ကို တွေ့လိုက်ရချေသည်။

"အဲ့ဒါကိုဝတ်ပြီး မြန်မြန်ပြန်သွားတော့!"

ယွင်ဖန်းကသူ့ကိုအော်ပြောလာသည်။

ရိချန်းလျန်က စကားတစ်လုံးမှ မပြောပါချေ။ သူအမှန်ကို အတော်လေး အေးနေပြီဖြစ်၏။ သူက အတွင်ပိုင်းထဲတွင် နွေးနေဆဲဖြစ်သော အနွေးဂျာကင်ကို ဝတ်လိုက်ပြီး ယွင်ဖန်းရှိရာ မော့ကြည့်လိုက်သည်။

ယွင်ဖန်းက သူ့ထံ လက်ယမ်းပြနေကာ သူအမြန်ပြန်သင့်ကြောင်း လက်ဟန်ပြနေသည်။

ထို့ကြောင့် အေးစက်နေသည့် လက်နှစ်ဖက်ကို အနွေးဂျာကင်ထဲ ထိုးထည့်လိုက်ကာ ခေါင်းငုံ့လျက် လျှောက်သွားလိုက်လေသည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် အိက်ကပ်ထဲမှ အဖြူရောင် ယုန်ခရင်မီသကြားလုံးနှစ်လုံးကို ယူထုတ်လိုက်သည်။

စာမေးပွဲဖြေနေစဉ်အတွင်း ရိချန်းလျန်သည် ထို အဖြူရောင်ယုန်ခရင်မီသကြားလုံးနှစ်လုံးကို စိုက်ကြည့်ကာ အကြာကြီး ရယ်မောနေမိလေသည်။

အသက်သုံးဆယ်တွင်းရောက်နေပြီဖြစ်တဲ့ ယောက်ျားတစ်ယောက်က အဖြူရောင် ယုန်ခရင်မီသကြားလုံးကို စားနေတုန်းပဲတဲ့လေ။

သို့ပေမဲ့ သူတွေးမိပြန်သည်။ ယွင်ဖန်းသာ ဒါကို ကြိုက်လျှင် သူကိုယ်တိုင်လည်း ကြိုက်လိမ့်မှာဖြစ်ကာ ယွင်ဖန်းစားတာက သူစားတာနှင့်မကွာဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။

ထို့ကြောင့် သူက ထုတ်ပိုးထားသည့် သကြားလုံး စက္ကူကို ဖောက်လိုက်ပြီး သကြားလုံးကို ပါးစပ်ထဲထည့်ကာ စားနေရင်းဖြင့် စာမေးပွဲ ဆက်ဖြေလိုက်တော့သည်။

စာမေးပွဲ ပြီးသွားချိန်တွင် သူတို့မှာ အတန်းအစည်းအဝေးအတွက် အတန်းထဲကို ပြန်သွားရမှာဖြစ်သည်။ ရိချန်းလျန်က ယွင်ဖန်းထက် အရင်ပြန်ရောက်လာသည်မို့ အနွေးဂျာကင်အား ယွင်ဖန်း၏ ခုံတွင် တင်ထားလိုက်ပြီး နောက်ဆုံးတန်းရှိ သူ့ထိုင်ခုံဆီ ပြန်သွားလိုက်သည်။

ယွင်ဖန်းတစ်ယောက် ကျောပိုးအိတ်လွယ်လျက် စာသင်ခန်းထဲ ပြန်ရောက်ချိန်မှာတော့ သပ်ရပ်စွာ ခေါက်ထားသည့် အနွေးဂျာကင်ကို စာကြည့်စားပွဲပေါ်တွင် တွေ့လိုက်ရသည်။ သူက စာသင်ခန်း၏ နောက်ဆုံးခုံဆီ လှမ်းကြည့်မိသွားလေသည်။

ရိချန်းလျန်က သူ့အပေါ်ဝတ်သူ ဝတ်ထားပြီး စားပွဲခုံပေါ် အိပ်ပျော်နေ၏။

ယွင်ဖန်း အကြည့်ပြန်သိမ်းလိုက်သည်။ သူ့အ‌နောက်တွင် ချင်ကျွင်းက သူနှင့် အဖြေတိုက်ချင်ကြောင်း အဆက်မပြတ် မြည်တမ်းနေခဲ့ကာ ရှန်ကျိုးကျိုးကလည်း မျှော်လင့်တကြီး မျက်နှာဖြင့် ရောက်လာလေ၏။

ယွင်ဖန်းက သူ၏ ရူပဗေဒ စာရွက်ကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

"အဖြေတွေအားလုံးက မှန်လိမ့်မယ်လို့တော့ ငါ အာ,မမခံနိုင်ဘူးနော်"

"ပြသနာမရှိပါဘူး၊ ငါတို့ စိတ်မရှိဘူးရယ်!"

ချင်ကျွင်းက စာရွက်ကို အရယူကာ ဘေးနားရှိလူများကို အတူတူအဖြေတိုက်ကြရန် ခေါ်လိုက်၏။

စာသင်ခန်းက ဆူညံ‌နေသည်မှာ လောင်ဖုန်းဝင်လာမှပင် ရုတ်ချည်းတိတ်ကျသွားရသည်။

ထုံးစံအတိုင်း ရှည်ကြာကာ အတော်လေးပျင်းစရာ ကောင်းလှသည့် အတန်း အစည်းအဝေးပါပင် ။ စင်အောက်ရှိ ကျောင်းသားများမှာ ပင်ပန်းနေကြပြီဖြစ်ကာ အများစုက အလေးအနက်ထား နားမထောင်ကြပါချေ။ လောင်ဖုန်းက ပြောလာသည်။

“အားလုံးပဲ….နှစ်သစ်မှာ ပျော်ရွှင်ကြဖို့ ကြိုဆုတောင်းပေးလိုက်တယ်ကွာ!”

ထိုစကားကြားချိန်မှ ကျောင်းသားများခမျာ အသက်ပြန်ဝင်လာကြရင်း တက်ကြွလာကြလျက် ပြန်ကြဖို့ရန် စတင်သိမ်းဆည်းကြတော့သည်။

"အတန်း ကိုယ်စားလှယ်တွေက သန့်ရှင်းရေးလုပ်ဖို့ နေခဲ့ကြ!"

လောင်ဖုန်းက အော်လိုက်၏။

"လမ်းပေါ်မှာ ဂရုစိုက်ပြီးသွားကြဦး! မင်းတို့ရဲ့ ဆောင်းရာသီ အားလပ်ရက်အိမ်စာတွေ လုပ်ဖို့လည်း မမေ့ကြနဲ့။ ကျောင်းစဖွင့်တာနဲ့ ငါလာသိမ်းမယ်!"

ယွင်ဖန်းက သူ့အနွေးဂျာကင်ကို ဝတ်လိုက်ပြီး အိပ်ကပ်ဆီ လက် လှမ်းလိုက်တော့ သူ၏ အဖြူရောင်ယုန် ခရင်မီသကြားလုံး မရှိတော့တာကို သိလိုက်ရသည်။ ထိုအစား မှတ်စုအတိုလေးတစ်ခုကိုသာ ရှာတွေ့ သွား၏။

မှတ်စုထဲ၌ ခေါင်းဝိုင်းဝိုင်းနှင့် တုတ်ချောင်းပုံစံ လူရုပ်က စကားပြောနှင့်အတူ ထွက်ပေါ်လာသည်။

[Thank You !]

ယွင်ဖန်းမှာ ထိုတုတ်ချောင်းပုံလူသား၏ အမူအယာမှတဆင့် မည်သည့် ကျေးဇူးတင်ခြင်းကိုမှ မမြင်ရပေ။ ထိုအစား ၎င်းက သူ့နှင့် တစ်ပွဲလောက်ထပ်ပြီး တိုက်ခိုက်တော့မည့်အလား ထင်မှတ်ရလေ၏။

ယွင်ဖန်းက မှတ်စုစာရွက်လေးကိုကြည့်ပြီး ရယ်လိုက်သည်။

"သူများရဲ့ သကြားလုံးကိုစားပြီးလည်း ခက်ထန်နေတုန်းပဲပေါ့"

ရိချန်းလျန် စာသင်ခန်း တံခါးမှ ထွက်လိုက်သည်နှင့် ကျောပိုးအိတ်လွယ်ထားသော ယွင်ဖန်းကို တွေ့လိုက်ရသည်။

"အတူပြန်ရအောင်"

ယွင်ဖန်းက လည်ချောင်းရှင်းလိုက်ကာ

"လမ်းချင်းအတူတူပဲလေ"

ရိချန်းလျန်က သူ့ကျော‌ပိုးအိတ်ကို ကောက်ယူက နောက်ကလိုက်လာလေသည်။

ယနေ့က ရှောင်နျန်[အသေးစားနှစ်သစ်ကူး]ဖြစ်သည်မို့ လမ်းပေါ်တွင် နှစ်သစ်ကူးပစ္စည်းများ ရောင်းချနေသည့် အမျိုးစုံသော ဆိုင်ခန်းများစွာဖြင့် အတော်လေး စည်ကားလှသည်။ ရှေ့တွင်ရှိသော စူပါမားကပ်က အသက်ဝင်လှသည့် ပွဲတော်ဂီတသံကို ဖွင့်ထားကာ ယခုတိုင် နှင်းကျနေဆဲဖြစ်ပေမဲ့လည်း သက်င်စည်ကားမှုများကိုတော့ လုံးဝ မလျှော့ချနိုင်ခဲ့ပါချေ။

(t/n: ရှောင်နျန် ဆိုတာက ဆယ်နှစ်ခုမြောက် လူနာလရဲ့ နှစ်ဆယ့်သုံးရက်မြောက်ကနေ နှစ်ဆယ့်ငါးရက်နေ့အထိကို ရည်ညွှန်းပါတယ်။)

ဘတ်စ်ကားပေါ်တွင် အိမ်ပြန်ကြမည့် ကျောင်းသားများစွာပါရှ်ိကာ လူများစွာ ပြည့်သိပ်နေပြီး ယွင်ဖန်းနှင့် ရိချန်းလျန်တို့မှာ အနည်းငယ် နောက်ကျပြီးမှ ရောက်လာကြတာကြောင့် ထိုင်ခုံနေရာမရတော့လေကာ နောက်ဘက်တံခါးဆီ တိုးဝှေ့‌သွားရုံသာ တတ်နိုင်တော့လေ၏။ ရိချန်းလျန်က တိုင်ကို ကိုင်ထားကာ ယွင်ဖန်းက လက်ကိုင်ကွင်းကို ဆွဲထား၏။ ရှေ့တံခါးမှ တက်လာသည့် ကျောင်းသားများလည်း ထပ်ရှိနေဆဲပါပင်။

အဆင်းဖြစ်သည့် အနောက်ဘက်တံခါးနားတွင် ရပ်နေခဲ့သည့် ယွင်ဖန်းက လက်လှမ်းကာ ရိချန်းလျန်ကိုပါ ဆွဲခေါ်လိုက်သည်။ ရိချန်းလျန်ကောင်းကောင်းပင် မရပ်နိုင်သေးခင်မှာ ဘတ်စ်ကားက စတင်ထွက်ခွာလေရာ သူ့မှာ မှန်တံခါးနှင့် တိုက်မိသွားမလိုဖြစ်သွားရပေမဲ့ ယွင်ဖန်းက အမြန် ဖမ်းထားလိုက်၏။

ဘတ်စ်ကားပေါ်တွင် လူကြပ်ကာ ပြွတ်သိပ်နေပြီး ကျောပိုးအိတ်များနှင့် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ထားရလေကာ လူများကလည်း အနောက်ဘက်ဆီ မဆုတ်မနစ် ဆက်တိုးနေကြဆဲပါပင်။ ယွင်ဖန်းမှာ ရိချန်းလျန်ကို ဝင်တိုက်မိကာ ထိုသူ့အား ဘတ်စ်ကား တံခါးဆီ ဖိထားသလို ဖြစ်သွားတော့သည်။

ယွင်ဖန်း၏ လက်က ဘတ်စ်ကားတံခါးရှိ တိုင်ကိုကိုင်ထားကာ ခက်ခက်ခဲခဲ ရပ်နေခဲ့ရသည်။ နှစ်ယောက်သားမှာ မျက်နှာချင်း ကပ်မိတော့မတက်ဖြစ်နေကာ တစ်ယောက်မျက်တောင်မွှေးကိုတောင်မှ တစ်ယောက်က ရေတွက်လို့ ရနိုင်သည်အထိ နီးကပ်နေခဲ့ကြတာ ဖြစ်၏။

"လူအရမ်းများတယ်"

ယွင်ဖန်းက နောက်ဆုတ်ဖို့ရန် ကြိုးစားလိုက်ပမေဲ့ အနောက်တွင်က အပြည့်အကြပ်ပင်ဖြစ်ကာ သူ့မှာ လုံးဝလှုပ်လို့တောင် မရနိုင်ပါချေ။

ရိချန်းလျန်က အွန်းဟု အသံပြုလာသည်။ သူလည်း ယွင်ဖန်းရင်ခွင်ထဲရောက်လုနီးပါး ဖြစ်နေပြီပင်။ သူ အနည်းငယ် မသက်မသာနိုင်စွာ ခေါင်းငုံ့ထားလိုက်မိသည်။

ယွင်ဖန်းက ထူထူထဲထဲ လည်စည်းပုဝါကို ဝတ်ထားခဲ့ရာ သူ့မျက်နှာ တစ်ဝက်လောက်က ထိုအထဲ နစ်နေပြီး မျက်မှန်ပေါ်ကို အာငွေ့ရိုက်နေလေရာ ဝါးနေလျက် ရိချန်းလျန်၏ အမူအယာကို မြင်ဖို့ မဖြစ်နိုင်အောင် ဖြစ်နေခဲ့လေသည်။

"ရိချန်းလျန်"

"ဟွန်?"

"လည်စည်းပုဝါကို အောက်ဆွဲချပေးဦး"

ယွင်ဖန်းက သူ့လည်ပင်းကို မနည်းငယ် မသက်မသာနိုင်လှစွာ လှည့်လိုက်သည်။

ရိချန်းလျန်က လက်လှမ်းကာ သူ့လည်စီးကို ဆွဲချပေးကာ မျက်လုံးကို အမြန်အ‌အောက်စိုက်လိုက်ပြန်၏။

ယွင်ဖန်းက အသက်တစ်ချက်ရှူလိုက်သည်။

"ငါ့ကို ရှောင်နေတာ ရပ်လိုက်တော့"

"ငါ မင်းကို ‌မရှောင်ပါဘူး"

ရိချန်းလျန်၏ အကြည့်က သူ့နှုတ်ခမ်းကျလာပြီးနောက် လွှဲဖယ်သွားလေ၏။

မျက်မှန်ပေါ်ရှိ ရေငွေ့ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်မို့ ယွင်ဖန်း၏ နက်ရှိုင်းသည့်မျက်လုံးကို ထုတ်ဖော်လာလေသည်။

"ငါ မင်းကို ရှာချင်တဲ့ အချိန်တိုင်းမှာ မင်းကို ရှာမတွေ့ခဲ့ဘူးလေ!"

ရိချန်းလျန်က တည်ငြိမ်စွာဖြေသည်။

"မင်းက ငါ့ကို ဘာအတွက် ရှာတာလဲ?"

"တစ်ခုခုမှ ဖြစ်မနေရင် မင်းကိုရှာလို့ မရဘူးလား?"

ယွင်ဖန်းကလည်း တူညီစွာပင် တည်ငြိမ်လျှက်သား။

ရိချန်းလျန် ပါးစပ်ပိတ်ကာ မျက်လွှာချလို့ ပြန်မဖြေပါချေ။

"စိတ်မဆိုးပါနဲ့"

ယွင်ဖန်းက အသံတိုးလိုက်ပြီး

"မင်းကို အဖြူရောင် ယုန်ခရင်မီ သကြားလုံး ဝယ်ကျွေးရမလား?"

ရိချန်းလျန်က သူ့ကိုမော့ကြည့်လာ၏။

"အဲ့တာကို စားရတာကြိုက်တာက မင်းလေ!"

"ငါ ကြိုက်တယ်ဆိုရင် မင်းလည်းကြိုက်တယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား?"

ယွင်ဖန်းက သူ့ကို ဆက်ချော့လိုက်သည်။

"နောက် ငါတို့ ဘတ်စ်ကားပေါ်ကနေ ဆင်းတဲ့အခါ အိမ်ရာဧရိယာမှာ အာတာပူစီနဲ့ ထန်ကွားရောင်းတဲ့ ဆိုင်ရ်ှိတယ်။ မင်းကို အကြီးကြီးနှစ်ခု ဝယ်ကျွေးပါ့မယ်"

ရိချန်းလျန် သူ့အား ပြောစရာမဲ့စွာ ကြည့်လာ၏။

"မင်း ကလေး ချော့နေတာလား?"

"ငါက ငါ့ကိုယ်ငါ ချော့နေတာလေ"

ယွင်ဖန်းက သူ့ကို ပြုံးပြလိုက်သည်။

"ဒါမှမဟုတ် မင်းက ငါ့ကိုပြန်ချော့ချင်လို့လား?"

ထင်ထားသည့်အတိုင်း ရိချန်းလျန်က အသံထွက်မလာတော့ပေ။

နှစ်ယောက်သားမှာ တစ်လမ်းလုံး ဖိညှစ်ခံလာခဲ့ကြရပြီးနောက် ကားပေါ်က ဆင်းလိုက်ကြသည်။

အိမ်ရာဧရိယာအဝင်၌မူ အာတာပူစီနှင့် ထန်ကွားရောင်းသည့် အဖိုးအိုတစ်ယောက်ရှိသည်။ ယွင်ဖန်းက နူးညံ့ကာ ကြီးမားသည့် အာတာပူစီနှင့် ထန်ကွားတစ်ခုကို ယူလိုက်သည်။

သူက အာတာပူစီကို ရိချန်းလျန်ဆီပေးလိုက်၏။

နှင်းတွေက သည်းထန်စွာ ကျဆင်းနေပြီး အာတာပူစီနှင့် နှင်းမှုန်တွေကြား ဘယ်ဟာက ပိုဖြူသည်ကိုပင် ပြောရခက်လှသည်။ ရိချန်းလျန်က သုံးစက္ကန့်လောက် တွေဝေနေပြီးမှ အာတာပူစီကို လက်လှမ်းယူလိုက်သည်။

နှင်းထူထူကြားထဲမယ် သူက ၎င်းကိုတစ်ကိုက် ကိုက်လိုက်ရာ ချိုမြလှပေသည်။

ယွင်ဖန်းသည် သူဟာ တကယ့်ကို ချော့ရလွယ်ကြောင်း ရုတ်တရက်ကြီး သတိရသွားရ၏။

သူ ဆယ်ကျော်သက်ဘဝတွင် တစ်ယောက်ယောက်က သူ့အား သကြားလုံးလေးတစ်စိတ် လာပေးလျှင်တောင်မှ အကြာကြီး ပျော်‌ရွှင်နေလိမ့်မှာဖြစ်ပြီး- တစ်ယောက်ယောက်က သူ့အပေါ် အနည်းငယ် ပိုကောင်းပေးလာပါလျှင်လည်း သူက လက်ယမ်းပြကာ ထိုသူတို့ထံ အလွယ်တကူ ချည်းကပ်သွားလိမ့်မည်ဖြစ်သည်။

သူ ရိချန်းလျန်အား ပထမဆုံးအကြိမ် အိမ်သို့ သယ်သွားစဉ်ကလို၊ ရိချန်းလျန်မှာ သတိကင်းကာ သူ့အတွက် ရေယူပေးရန် ကူညီသကဲ့သို့ မျက်နှာလုပ်ပြီး သူ့ထံ စူးစမ်းလိုစွာ ချည်းကပ်ခဲ့ဖူးသည်ပင်။

အကွာအဝေးအနည်းငယ်ထားသည်က ရိချန်းလျန်အား စိတ်သက်သာရာရစေမည်ဟု သူတွေးခဲ့ဖူးပေမဲ့ သူ့ရှေ့ရှိ ရိချန်းလျန်က ဆိုးသွမ်းမှုများစွာနှင့် လောကကြီး၏ ပြောင်းလဲမှုများကို မကြုံတွေ့ရသေးသည်ကို သူမေ့နေခဲ့တာဖြစ်သည်။ သူက လှည့်ဖျားခံရပြီး စွန့်ပစ်ခံခဲ့ရသည်ကို သိရှိခဲ့လျှင်တောင်မှ နေရာတွင်သာ ကူကယ်ရာမဲ့စွာ စောင့်နေလိမ့်မှာပင်။

ထိုလူဆိုးက လက်ယပ်ခေါ်လာပါလျှင် သူက တဖန်ထပ်ပြီး ချည်းကပ်သွားလိမ့်ဦးမှာပင်။

ယွင်ဖန်းက နှင်းကြားထဲ လက်ဆန့်တန်းလိုက်၏။

"လာပြီး ဖက်ချင်လား?"

ရိချန်းလျန်က သူ့အား သံသယဖြင့်ကြည့်ကာ ခဏလောက် တုန့်ဆိုင်းနေခဲ့ပေမဲ့ ရှေ့တိုးကာ သူ့ကိုပွေ့ဖက်လာဆဲ ဖြစ်ပြီး မပျော်ရွှင်စွာ ပြောလာ၏။

"မင်းဘာလုပ်နေတာလဲ?"

လူဆိုးကောင်က သူ့ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ကာ အပြုံးဖြင့် ပြောလာသည်။

"ရှောင်ရိကို တောင်းပန်တာ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment