no

Font
Theme

[အရသာ]

ရိချန်းလျန်အဖြစ် သုံးဆယ့်ငါးနှစ်တိုင် ရှင်သန်ခဲ့ဖူးသော ယွင်ဖန်းဟာ တစ်ခါလေးမှ မချစ်ဖူးသလို ချစ်သူလည်းမရှိခဲ့။ ညအိပ်ဖော်ပင် မရှိခဲ့ဖူးချေ။သူ၏ စိတ်ခံစားချက်အတွေ့အကြုံက

ရေသန့်ကဲ့သို့ ဗြောင်ဖြစ်ကာ အရသာမရှိလှပါပေ။

ယင်းက သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးမည့်သူ မရှိ၍မဟုတ်။

မကောင်းဆိုးဝါးဖြစ်ခြင်းအပေါ် မယုံကြည်ကြသူများလည်းရှိသလို အေးစက်စက်သံချောင်းကို ‌အပူပေးနိုင်လိမ့်မည်ဟု ခေါင်းမာစွာတွေးထင်တတ်ခဲ့ကြသော်ငြား အဆုံးမှာတော့ ၎င်းတို့အားလုံး ရှုံးနိမ့်ခဲ့ကြရသည်ပင်။

သူ၏ နှလုံးသားမဲ့မှုကြောင့် သူမသေခင်က ဝမ်ဟွေ့ကပင် သူ့အား လူမဆန်ကြောင်း သွေးရူးသွေးတမ်းဖြင့် ဆဲဆိုခဲ့ဖူးသေးသည်ပင်။

ထိုသိုဆဲဆိုဖူးသည်က သူမ ပထမဆုံးမဟုတ်ပေမဲ့ ကံကောင်းစွာဖြင့် သူမက နောက်ဆုံးတစ်ယောက်ဖြစ်ခဲ့ပေသည်။

ဤလောကသို့ သူတစ်ယောက်တည်း ရောက်လာကာ တစ်ယောက်တည်း ထွက်သွားခဲ့ရ၏။ သူသေဆုံးချိန်တုန်းက သူအား စိတ်သက်သာရာရစေရန် ခွင့်ပြုခဲ့ပေးသည့် ဝမ်ဟွေ့အား အနည်းငယ် ကျေးဇူးတင်ခဲ့မိသေးသည်။

သူဟာ အစွဲလမ်းကြီးစွာဖြင့် လူတိုင်းအား သူ့ကမ္ဘာ၏အပြင်ဘက်သို့ တွန်းထုတ်ခဲ့လုနီးပါးဖြစ်ကာ ကြင်နာမှုများနှင့် ပိုးပန်းမှုများအား ‌ပျော်ရွှင်စွာ ငြင်းဆိုနိုင်သည်ဟု အေးစက်စက်တွေးခဲ့မိပြီး ထိုသို့ထပ်ပြီး လုပ်ရမည်ဆိုလျှင်တောင် ခြွင်းချက်ထားဖို့ရန် အစီစဉ် မရှိခဲ့ပါချေ။

သူက ဤလောကနှင့် မည်သည့်ချည်နှောင်မှုမှ မရှိကာ ရှင်းလင်းသေသပ်စွာ ငရဲသို့ထွက်ခွာမည်ဖြစ်သည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ "အရာရာတိုင်းမှာ ခြွင်းချက်အမြဲရှိသည်။' ဆိုသည့်အဓိပ္ပါယ်အား သူအမှန်တကယ်ကို တွေ့ကြုံလိုက်ရပြီပင်။

ဥပမာ ယခုအချိန်၌ သူနှင့် လက်တွဲထားဆဲဖြစ်ကာ နောက်ကနေ ခြေတစ်လှမ်းချင်း လိုက်လာနေသည့် ရိချန်လျန်ကဲ့သို့။

ယွင်ဖန်းသည် စိတ်ခံစားချက် ပြဿနာများကို ဖြေရှင်းရန် ဘယ်တုန်းကမှ စိတ်မရှည်ခဲ့ဖူးပေမဲ့ နှစ်ယောက်သား အနေရခက်စွာလက်တွဲပြီး ခြံဝန်းထဲ ဝင်လိုက်ချိန်အထိပင် ရိချန်းလျန်အား ဘယ်ပုံဘယ်နည်း နားချရမလဲ ဟူသည်ကို သူမတွေးရသေးပါချေ။

သူ အနည်းငယ် စိတ်ဖိစီးစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်တော့ ရိချန်းလျန်၏ တဲ့တိုးဆန်သောအကြည့်နှင့် မမျှော်လင့်ထားစွာ ဆုံလိုက်ရလေသည်။

"......"

ယွင်ဖန်းက သတ္တိများအားလုံး မောင်းတင်ကာ တွဲထားသည့်လက်အား ညင်သာစွာ လှုပ်ယမ်း၍ ထိုသူနှင့် ညှိနှိုင်းလိုက်၏။

"ငါတို့အရင်ဆုံး လက်လွှတ်လိုက်ကြမလား?"

ရိချန်းလျန်က နှုတ်ခမ်းစေ့ထားကာ အကြာကြီး တိတ်ဆိတ်နေ၏။ လေအေးကြောင့် ယွင်ဖန်းတစ်ယောက် အေးခဲသွားတော့မည်လားဟု တွေးမိသည်အထိကို ကြာရှည်ခဲ့ကာ နောက်ဆုံးတော့ သူ့လက်အား ဖြည်းဖြည်းချင်း လွတ်ပေးလာလေသည်။

တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသည့် လက်များက ရုတ်တရက် ပြေလျော့သွားခဲ့သည်မို့ လေအေးက လက်ချောင်းများကြားက နေရာလွတ်ထဲ ဝင်ရောက်လာပြီး တစ်ချိန်လုံး တောက်လောင်လာသည့် အနွေးဓာတ်အား ယူဆောင်သွားကြလေသည်။ ယွင်ဖန်းက အနည်းငယ် ကျင့်သားမရစွာ လက်ချောင်းများကို ပွတ်လိုက်မိ၏။

"မင်း သွားတော့မှာလား?"

ရိချန်းလျန်က မေးလာသည်။

ယွင်ဖန်းက သူ့ကော်လာကိုဆွဲကိုင်၍ အိမ်ထဲသို့ ဆွဲခေါ်သွားလိုက်တော့သည်။

လေ‌ကြောင့် သူ ခေါင်းကိုက်နေခဲ့ပြီပင်။

"သောက်ကျိုးနည်း ဆောင်းရာသီ ညလယ်ခေါင်မှာ မင်းက ငါ့ကို ဘယ်သွားစေချင်တာလဲ?"

ရိချန်းလျန် စကား‌မပြောလေတော့။

အခန်းက သိပ်ပြီး မနွေးပေ။ ယွင်ဖန်းက စောင်ကိုဆွဲယူကာ ‌အိပ်ရာထက်တွင် ဖြန့်ချလိုက်၏။ ရိုးရိုးရှင်းရှင်းသာ ဆေးကြောသန့်စင်ပြီးနောက် သူက အိပ်ရာဝင်ဖို့အဆင်သင့်ဖြစ်နေပြီပေမဲ့ သူ့မျက်လုံးထောင့်ကနေတဆင့် ရိချန်းလျန်ဟာ နေရာတွင်သာ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။

"လာအိပ်တော့"

သူက အိပ်ရာထက် ထိုင်ကာ ရိချန်းလျန်ကို လက်‌ယမ်းပြလိုက်သည်။

ရိချန်းလျန်က မျက်လွှာချကာ လျှောက်ထွက်သွားလေသည်။

"ငါ ဧည့်ခန်းမှာပဲ အိပ်လိုက်မယ်"

ယွင်ဖန်းက သူ့လက်ဆန့်၍ သူ့ကို အိပ်ရာထဲ ဆွဲခေါ်လိုက်သည်။ သူက အလွန် ပင်ပန်းနေပြီဖြစ်လေရာ မျက်လုံးဖွင့်ထားဖို့ ခက်ခဲနေပြီဖြစ်ပေမဲ့ ထိုသူအား စိုက်ကြည့်ရန် သူ့ကိုယ်သူ ဖိအားပေးထားဆဲပါပင်။

"ဧည့်ခန်းထဲမှာ ထိုင်ခုံတောင်မှ မရှိတာကို မင်းက ကြမ်းပြင်မှာ အိပ်မလို့လား?"

ရိချန်းလျန်က ပါးစပ်ဖွင့်လိုက်ပေမဲ့ နောက်တစ်စက္ကန့်အကြာ၌ တစ်ဖက်လူ၏ ခပ်တင်းတင်းဆွဲဖက်တာကို ခံလိုက်ရချေသည်။ယွင်ဖန်းက ဆွယ်တာခပ်ပါးပါးတစ်ထည်သာ ဝတ်ထားကာ သူ့မျက်နှာတစ်ခုလုံးက အမွေးပွပွလေးထဲ နစ်မြုပ်နေခဲ့၏။

ယွင်ဖန်း သက်ပြင်းချလိုက်သည်။

"ငါ စိတ်မဆိုးဘူး၊ နည်းနည်းလောက် လန့်သွားရုံပဲ"

"...တောင်းပန်ပါတယ်။"

ရိချန်းလျန်၏ အသံက ဆွယ်တာထဲမှနေ ဝေဝါးစွာထွက်လာသည်။

"ရပါတယ်"

ယွင်ဖန်းက ပင်ပန်းလွန်းနေပြီဖြစ်ကာ တောင့်မခံနိုင်တော့ပေမဲ့ ပြုံးနေဆဲဖြစ်ကာ မေးစေ့အား သူ့ပုခုံးထက်တင်လိုက်ကာ ပြောလိုက်သည်။

"ငါ ထွက်မသွားပါဘူး၊ မကြောက်နဲ့"

ရိချန်းလျန်က အသံတိုးတိုးဖြင့်ပြောလာ၏။

"နောက်ကို အဲ့လိုထပ်မလုပ်တော့ပါဘူး"

ယွင်ဖန်း ခဏလောက် ဘာပြောရမှန်းမသိ ဖြစ်သွားကာ သူ့နောက်ကျောကို ပုတ်ပေးလိုက်တော့သည်။

" ဟုတ်ပါပြီ အိပ်တော့၊ မင်း ဒီနေ့ မူးသွားရုံလေးပါ"

ယွင်ဖန်း ဤစကားပြောပြီးသည်နှင့် သူ့ကိုယ်သူအနည်းငယ် မနှစ်မမြို့ ဖြစ်သွားရသည်။

အရွယ်ရောက်ပြီး လူကြီးများတွင် သူတို့ မဆွေးနွေးလိုသော ပြဿနာကိစ္စများအား စဥ်းလဲစွာ ‌ရှောင်ရှားရန် အကြောင်းပြချက်များစွာ အမြဲရှိတတ်ကြပေသည်။ တစ်ဖက်လူအား သင့်တော်သော ထွက်ပေါက်ပေးရန်နှင့် နှစ်ဖက်စလုံးက သေချာ နားလည်ပြီးသော ရှက်ရွံမှုများကို ဖုံးကွယ်ရန်အတွက်ပါပင်။

ထင်သည့်အတိုင်းပင်။ ရိချန်းလျန်မှာ တိတ်ဆိတ်သွားရင်း သူ့ဆွယ်တာကို ကိုင်ထားသည့်လက်အား ဂရုတစိုက် လွှတ်ပေးလာလေသည်။

အလှည့်အပြောင်းများ၏ တစ်ညတာ ကုန်လွန်ပြီးနောက်တွင် ယွင်ဖန်းမှာ ပင်ပန်းကာ အိပ်ချင်နေပြီဖြစ်သည်။ သို့ပေမဲ့ သူအမှန်တကယ် မီးပိတ်၍ အိပ်ရန်ပြင်လိုက်ချိန်တွင် တဟုန်ထိုးတက်နေသည့် အိပ်ချင်စိတ်က အံ့ဩဖွယ်ကောင်းအောင် ‌လုံးဝပျောက်သွားခဲ့၏။ ဆန့်ကျင်ဘက်အားဖြင့် ရှေ့တစ်စက္ကန့်၌ အရှုပ်တွေ လုပ်ခဲ့သူ ရိချန်းလျန်ကတော့ ခေါင်းအုံးကို ထိလိုက်သည့် နောက်တစ်စက္ကန်မှာပင် အိပ်မောကျသွားခဲ့လေပြီ ဖြစ်သည်။ ယနေ့အလွန် ပင်ပန်းခဲ့တာကြောင့် အနည်းငယ်ပင် ဟောက်နေလိုက်သေး၏။

ချစ်စရာကောင်းလိုက်တာ။

ယွင်ဖန်းက သူ့ဘက်ကို လှည့်လိုက်ကာ မျက်စိမှေးကျဥ်း ၍ကြည့်လိုက်သည်။

သူဂရုတစိုက်စဥ်းစားကြည့်လျှင် ရိချန်းလျန်၏ အတွေးကို နားလည်နိုင်လိမ့်မှာပင်။

ထိုကလေးဟာ ဆယ်နှစ်ကျော်လောက် တစ်ကိုယ်တည်းနေခဲ့ရသည်။သူ့ကိုပျော်ရွှင်စေသောအရာနှင့် ချစ်သောလူဟာလည်း မရှိသလောက် ရှားသည်။ထို့နောက်မှာတော့ တစ်စုံတစ်ယောက်က သူ့ဘဝထဲမှာ ရုတ်တရက်ကြီးပေါ်လာကာ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလာသည်။ ထိုလူဆီကနေ သူတစ်ခါမှ မရရှိဖူးသော ဂရုစိုက်မှုနှင့် ကြင်နာမှုကို ရရှိလာချိန်မှာ အနှီသောက်ချီးဘဝထဲကနေ အမောဖြေစရာ အသက်ကယ်ကောက်ရိုးမျှင်အနေဖြင့် ဆုပ်ကိုင်လာခဲ့ခြင်းပင်။

ဤသည်က နားလည်ပေးနိုင်၏၊ သဘာဝလည်းကျပေသည်။ သူသာဆိုလျှင်လည်း ဒီထပ်တောင် ရူးသွပ်သွားနိုင်ပေသည်။

ယွင်ဖန်းအနေဖြင့် တစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်ခြင်းအဓိပ္ပါယ်ကို နားမလည်သလို ရိချန်းလျန်သည်လည်း ယခုချိန်မှာ နားလည်ဦးမှာမဟုတ်လောက်ပေ။ ထို့ကြောင့်လည်း တစ်ညလုံး ပါးစပ်ပိတ်နေကာ ဖွင့်ဟစကား မပြောခဲ့တာပင် ဖြစ်လိမ့်မည်။

ယွင်ဖန်းက လက်ဆန့်ကာ ရိချန်းလျန်၏ ပါးကို လက်ညိုးဖြင့် ထိုးလိုက်၏။

ငါကဖြင့် မင်းအပေါ် ဒီလောက်ကြီး ကောင်းပေးတာမဟုတ်ဘဲနဲ့ ငါ့ကိုသဘောကျလောက်အောင် ဘာကိစ္စများ ရူးနှမ်းရတာတုန်း။

အေးလာတာကြောင့်ဖြစ်မည်၊ ရိချန်းလျန်က စောင်ဖြင့်ပတ်ကာ ကွေးကွေး‌လေးဖြစ်သွားပြီး မသိစိတ်ဖြင့် သူ့ဘက်ဆီ မှီချလာ၏။

ရိချန်းလျန်က ပုံမှန်ဆို စောင်နှစ်ထပ်ခြုံလေ့ရှိပေမဲ့ အခုက တစ်ထည်ယူသွားခံလိုက်ရတာကြောင့် ဤအေးစိမ့်သောရာသီဥတုအား တောင့်ခံနိုင်ဖို့ ခက်ခဲလေသည်။ ယွင်ဖန်းက သူ့စောင်ကိုမကာ ရိချန်းလျန်ကိုခြုံပေးလိုက်သည်။

ရိချန်းလျန်း၏ ကသိကအောက်ဖြစ်စေသော ခံစားချက်အား သူ မတုန့်ပြန်နိုင်ပေမဲ့လည်း ထိုအရာကြောင့် ရိချန်းလျန်အပေါ်ကောင်းပေးခြင်းကိုတော့ မရပ်လိုက်နိုင်ပါချေ။

လက်မောင်းထဲက နွေးထွေးမှုကြီးကိုပွေ့ပိုက်ကာ ယွင်ဖန်း နောက်ဆုံးတော့ အိပ်ငိုက်လာကာ အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။

•••••••

နောက်တစ်နေ့ မနက်‌အစော၌မူ ယွင်ဖန်းဟာ ထန်ရိထံမှ ဖုန်းဆက်ပြီး အိပ်ပြန်လာခိုင်းခြင်း ခံရလေသည်။

အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့် ရိချန်းလျန်ကစောင်ထဲ ကွေးနေဆဲဖြစ်ရာ ယွင်ဖန်းက သူ့မျက်နှာကိုအသာပုတ်၍ နှိုးလိုက်သည်။

"ငါပြန်သွားရတော့မယ်"

ယွင်ဖန်းက အိပ်ရာထဲမှ ထရပ်ကာ အနွေးအင်္ကျီထပ်ဝတ်လိုက်သည်။

"ဟင်း"

ရိချန်းလျန်က အခုထိမနိုးသေးပေ။ သူက မျပ်လုံးဖွင့်လိုက်ပေမဲ့ ပြန်မှိတ်လိုက်ပြန်ကာ ဝေဝေဝါးဝါးသာ တုန့်ပြန်လိုက်၏။

ယွင်ဖန်းက ကိုယ်ကိုကိုင်းကာ သူကန်ထုတ်လိုက်သည့်စောင်ကို ပြန်ခြုံပေးလိုက်ပြီး အိပ်ရာဘေးထိုင်လျှက် သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်ပေးလိုက်သည်။

"အိုးထဲမှာ ဆန်ပြုတ်ရှိတယ်၊ နိုးတဲ့အချိန် နွှေးပြီးသောက်လိုက်။ မင်းအတွက် ပဲတောင့်နည်းနည်းကြော်ထားသေးတယ်၊ အဲ့ဒါကို ပန်းကန်ထဲမှာ အုပ်ထားတယ်၊ နေ့လည်မှစားမယ်ဆိုရင် ပြန်ကြော်လိုက်နော်"

"အင်း"

ရိချန်းလျန်က မသဲမကွဲပြန်ဖြေကာ စိတ်မရှည်စွာဖြင့် သူ့လက်ကို ပုတ်ထုတ်လာသည်။

ယွင်ဖန်းက ကြက်အသိုက်ထဲ အိပ်နေသကဲ့သို့သော သူ့ခေါင်းကို ပုတ်လိုက်လျက်ပြောလိုက်သည်။

"ငါ သွားပြီ"

တုန့်ပြန်မှုအနေဖြင့် ပြန်ရလိုက်တာက ရိချန်းလျန်၏‌ ဟောက်သံသေးသေးလေးများသာ။

••••••••

ယွင်ဖန်းပြန်ရောက်ရောက်ချင်းမှာ ထန်ရိက သူမ၏ မွေးရပ်မြေဆီ ပြန်ဆွဲခေါ်သွားရာ ထင်သည့်အတိုင်း စွင်းယွမ်နှင့် တွေ့ရတော့သည်။

စွင်းယွမ်က ကျောင်းအဆောင်ကို မပြောင်းခင် ယွင်ဖန်းအိမ်တွင် တစ်ပတ်လောက်သာနေခဲ့တာ ဖြစ်သည်။ ထန်ရိက သူ့အား မတွေ့ရတာကြာပြီဖြစ်တာကြောင့် သူမ ဘေးသို့ဆွဲခေါ်ကာ မေးခွန်းပေါင်းစုံမေး‌မြန်းလျှက် အိမ်ကို မကြာခဏလာရန်ပြောလေတော့သည်။

ထိုသည်ကိုကြားတော့ စွင်းယွမ်က ယွင်ဖန်းထံတစ်ချက် စိုက်ကြည့်လာ၏။

ယွင်ဖန်းက သူ့ဖုန်းကို ငုံ့ကြည့်နေတာဖြစ်သည်။QQကနေ သူငယ်ချင်းဖြစ်ခွင့်တောင်းသည့် အကောင့်တစ်ခုရှိနေ၏။

["မိုးသည်းညမှာပွင့်တဲ့ပန်း" က သင့်အား သူငယ်ချင်းအဖြစ် အပ်ထားပါသည်။] ဟူ၍။

ဘယ်လို ‌တောင်တုံးအလိုက်သလဲ။

"ထန်ထန်!"

ထန်ရိက သူ့ကိုရုတ်တရက် ခေါ်လိုက်တာကြောင့် ယွင်ဖန်းတစ်ယောက် လက်ချော်သွားကာ လက်ခံသည့် ခလုတ်ကို နှိပ်လိုက်မိတော့သည်။

ယွင်ဖန်း:"....."

"သား ရှောင်ယွမ်နဲ့ စကားပြောဦးလေ။၊ ဖုန်းချည်းပဲသုံးမနေနဲ့"

ထန်ရိက အော်လာ၏။

ယွင်ဖန်း သက်ပြင်းချလိုက်ကာ ဖုန်းကို အိတ်ထဲ ထည့်လိုက်ပြီး စွင်းယွမ်ထံ အပြုံးနှင့်မတူသော အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။

စွင်းယွမ်က အနည်းငယ် သတ္တိကြောင်ကာ ထန်ရိနောက်တွင်ပုန်းနေ၏။

"ဒေါ်လေးနှစ်နဲ့ စကားပြောရတာ ကြိုက်လို့ပါ”

သူ့အိတ်ထဲရှိ ဖုန်းက ရုတ်တရက် တုန်ခါလာပေမဲ့ ယွင်ဖန်းကတော့ ဂရုစိုက်ဖို့ရန် အစီစဉ်မရှိပေ။ သို့ပေမဲ့ ဖုန်း တုန်ခါမှုက တစ်ဒါဇင်ထက်မနည်းဖြစ်လာတော့ သူ ထုတ်ကြည့်လိုက်၏။

"မိုးသည်းညမှာ ပွင့်တဲ့ပန်း" ၏ ပုံက တစ်ဝက်သာပွင့်သေးသည့် နေကြာပန်းဖြစ်ကာ မိုးရော ညပါ မပါရှိဘဲ ဒီအတိုင်း ပန်းတစ်ပွင့် ပုံသာဖြစ်၏။

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[ယွင်ဖန်း ‌မရိုးသားတဲ့သောက်ကောင်]

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[မင်းငါ့ကိုတကယ်ကြီး ကျောင်းသားကောင်စီက ငတုံးကောင်နဲ့ ထားခဲ့တယ်ပေါ့]

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[ငါကဖြင့် မင်းကို တကယ့်ညီလေးလို စိတ်ရင်းနဲ့ ဆက်ဆံခဲ့တာကို!]

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[မင်းငါ့ကို စိတ်ပျက်အောင်လုပ်နေတာပဲ။ ငါတို့ကအတူတူ တိုက်ခိုက်သွေးထွက်ခဲ့ကြတဲ့ ညီအစ်ကိုတွေလေ ! ]

......တစ်ဒါဇင်ထက်မက များလှစွာသော မက်ဆေ့ခ်ျများထဲ၌ ဒေါသဖြင့်စွပ်စွဲခြင်းများအပြည့်ပါပင်။

ဤစိတ်တိုနေသည့် ပန်းပွင့်က မည်သူဖြစ်သည်ကို ယွင်ဖန်း သိလိုက်ပြီပင်။

တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[ဘာဖြစ်လို့လဲ?]

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[.....ဇာတ်လမ်းက အရှည်ကြီးပဲ]

တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[အတိုချုံ့လိုက်]

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[သောက်ကျိုးနည်း၊ မင်းတို့ စာတော်တဲ့ကောင်တွေအားလုံးက ညစ်ပတ်ချက်ပဲ!!!]

မိုးသည်းညမှာ ပွင့်တဲ့ပန်း:[မင်း ငါ့အတွက် တာဝန်ယူပေးရမယ်!!!]

ချီဟော့က သူ့ဒေါသကိုဖော်ပြရန် အာမေဋိတ်အမှတ်အသားသုံးခုတောင် သုံးထားပြီး အစမရှိအဆုံးမရှိသည့် ဝါကျနှစ်ကြောင်းပြောပြီးနောက် ထွက်သွားလေတော့သည်။

သူက ယွင်ဖန်းကို ကြိမ်းမောင်းရန် ရောက်လာပုံပင်။

ယွင်ဖန်းခမျာ စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းစခရင်အား ခဏလောက်ကြည့်နေရင်း ရံဖန်ရံခါ ဆိုသလို စွင်းယွမ်ထံကနေ တွန့်ဆုတ်ကာ ဒေါသပါသည့်အကြည့်ဖြင့် စိုက်ကြည့်ခြင်းကိုပါ ခံနေရလေသည်။

ဒီနေ့ခေတ်ရဲ့ အထက်တန်းကျောင်းသားတွေကတော့ တကယ်ကို နားလည်ရခက်တာပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment