no

Font
Theme

[ငွေပေးခြင်း]

ယွင်ဖန်း၏ မျက်နှာတစ်ဝက်က ထူထူထဲထဲ လည်စည်းပုဝါထဲ နစ်မြုပ်နေခဲ့ကာ သူ့အသံက အနည်းငယ် ခပ်အုပ်အုပ် ဖြစ်နေလေသည်။

"မင်း ဆေးလိပ်သောက်နေတာကို နှောက်ယှက်မိသွားလား?"

ရိချန်းလျန်က ဖိနပ်ပါးဖြင့် မြေပေါ်ကျသွားသည့် စီးကရက်ကို နင်းခြေလိုက်ကာ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ရန် ကြိုးစားလိုက်၏။ သူက သူ့လက်ထဲက အိတ်အကြီးများကို လှမ်းယူလိုက်ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြလိုက်သည်။

"အဟမ်း..အပြင်မှာအေးတယ်။ အထဲဝင်ခဲ့လေ"

ယွင်ဖန်းက သူနောက်မှအိမ်ထဲလိုက်ဝင်လိုက်သည်။

အိမ်ထဲတွင် အပူပေးစက်ရော လေအေးပေးစက်ပါ မရှိသည့်အပြင် အပူဓာတ်ရစေသည့် မီးသွေးမီးဖိုပင် မရှိပါချေ။ အခန်းအပူချိန်က အပြင်ဘက်နှင့် သိပ်မကွာလှ။ အမှိုက်များကို ရိချန်းလျန်ရောင်းလိုက်ပြီးနောက် ဧည့်ခန်းတစ်ခုလုံးမှာ ပြောင်ရှင်းနေခဲ့ကာ အထူးသဖြင့်ကို ဆိတ်ညံလှပေသည်။

ယွင်ဖန်း၏ မှတ်ဉာဏ်အတွင်း ဤငှားထားသည့် အခန်းငယ်လေးထဲ သူက နွေရာသီတိုလေးတစ်ခုတည်းသာ နေထိုင်ခဲ့ကာ ဆောင်းရာသီ၏ အတွေ့အကြုံမျိုး မခံစားခဲ့ရပေ။သူ့အနေဖြင့် ရိချန်းလျန်အပေါ် အမြဲလို ဂရုစိုက်တတ်သော်လည်း အရာအားလုံးမှာတော့ လိုက်ပြီး ဂရုမစိုက်ပေးနိုင်ခဲ့ကာ ဆောင်း‌ရာသီ၌ မည်သို့နွေးအောင်နေရမည့်အကြောင်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ထို့ပြင် ရိချန်းလျန်က ကလေးတစ်ယောက်သာဖြစ်နေသေးကာ အရွယ်မရောက်သေးချေ။ အိမ်မှ ထွက်ပြေးလာချိန်တွင် တစ်ယောက်တည်း နေထိုင်ခဲ့ပြီး အရာများစွာအပေါ် ဂရုးတစိုက်မလုပ်နိုင်ခဲ့ပါပေ။ အိုးများနှင့် စောင်များကိုတောင်မှ ယွင်ဖန်းကဝယ်ပေးခဲ့တာဖြစ်သည်။

ကြည့်ရသည်မှာ သူက နောက် စာသင်နှစ်အတွက် ငွေစုချင်တာကြောင့်လည်း ဖြစ်နိုင်၏။

ယွင်ဖန်းက သူ့၏အနောက်အိပ်ကပ်ထဲ လက်နှိုက်ကာ စီးကရက်ဘူးနှင့် မီးခြစ်ကိုထုတ်လိုက်သည်။ ရိချန်းလျန်မှာ ပစ္စည်းများကို ချရန် ကိုယ်ကိုကိုင်းထားဆဲပင်ဖြစ်ပြီး ရုတ်တရက် ခေါင်းလှည့်မိတာကြောင့် ခါးအဆစ်လွဲသွားလုနီးပါဖြစ်သွားခဲ့၏။

ယွင်ဖန်းက လည်စည်းပုဝါကို အိပ်ရာထက် ပစ်တင်လိုက်ကာ စီးကရက်ကိုထုတ်၍ ပါးစပ်မှာခဲရင်း မီးတစ်ချက်ခြစ်ပြီး မီးတို့ရန်လုပ်လိုက်၏။ နောက်တစ်က္ကန့်၌ ရိချန်းလျန်က မီးခြစ်အားလုကာ အားနှင့် လွှင့်ပစ်လိုက်လေသည်။

"မင်း ဘာလုပ်တာလဲ!"

ရိချန်းလျန်က သူ့အားကြည့်လာသည်။

ယွင်ဖန်းက ထရပ်လိုက်ကာ လက်နွေးစေရန် အနွေးအင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး ကျားသွားလေးများဖြင့် စီးကရက်ကို ကိုက်ကာ ဖြည်းဖြည်းချင်းပြုံးပြလာသည်။

"မင်းက ဘယ်လိုထင်လို့လဲ?"

ရိချန်းလျန်က သူ့ပါးစပ်ထဲမှ စီးကရက်အား ဆွဲယူလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလာသည်။

"မကောင်းတဲ့အကျင့်တွေ မသင်ယူစမ်းနဲ့"

ယွင်ဖန်းက စနောက်လိုဟန်ဖြင့်

"မင်းကကျ သောက်လို့ရပြီး ငါကဘာလို့မရမှာလဲ?"

"ငါက---"

ရိချန်းလျန်က စကားနှစ်လုံးသာပြောကာ ယွင်ဖန်း၏ ပြုံးနေသည့်အမူအယာနှင့်ဆုံတော့ ချက်ချင်းဆိုသလို အသံပျောက်သွားရလေပြီး အချိန်အနည်းငယ်ကြာပြီးကာမှ ပြောလိုက်၏။

"ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်"

ယွင်ဖန်း:"ဒါဆို မင်းကကျ ဘာလို့သောက်နေသေးတာလဲ?"

သူ့၏ ‌စီးကရက်အပေါ်စွဲလမ်းမှုက ပိုပိုပြီး ဆိုးရွားလာတော့မည်ကို ယွင်ဖန်း သိပြီးသားဖြစ်၏။ သူက နှစ်နှစ်ဆယ်ကျော်ခန့် ဆေးလိပ်သောက်ခဲ့သူဖြစ်ကာ သူ့အဆုတ်က မကောင်းတော့ပါချေ။ သူက ထိုအတွက် ဆေးတောင် သောက်‌ခဲ့ရသေး၏။ ခြုံပြောရလျှင် ထိုသည်က မကောင်းသည့် အကျင့်ဆိုးတစ်ခုသာဖြစ်သည်။

ပုံမှန်အားဖြင့် ရိချန်းလျန်က သူ့ရှေ့တွင် တစ်ခါမှ ဆေးလိပ်မသောက်ခဲ့ဖူးသည်မို့ ထိုအကြောင်းကိုတောင်မှ မေ့လုနီးပါး ဖြစ်သွားတာ ဖြစ်သည်။

"..."

ရိချန်းလျန်က ယွင်ဖန်း၏ အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ယူထုတ်လိုက်ကာ အိပ်ရာဘေးစားပွဲပေါ် ပစ်တင်လိုက်ပြီး ခိုင်မာစွာ ပြောလာ၏။

"ငါ ဆေးလိပ်မသောက်တော့ဘူး။ပြီးတော့ မင်းကိုလည်း သောက်ခွင့်မပြုဘူး”

"အိုး"

ယွင်ဖန်းက ‌နှမြောတသနေသည့်အမူအယာဖြင့် စီးကရက်ဘူးကိုကြည့်လိုက်၏။

"ကောင်းပြီလေ ဒါဆိုလဲ….”

ရိချန်းလျန်က စီးကရက်ဘူးအား အမှိုက်တောင်းထဲ လွှင်ပစ်လိုက်ဖို့ ဟန်ပြင်လိုက်သည်။

"မင်းလာမှာကို ဘာလို့ မပြောခဲ့တာလဲ?"

သူက ယွင်ဖန်း၏ အာရုံအား စီးကရက်မှနေ ဆွဲယူနိုင်ရန် ကြိုးစားကာ မေးလိုက်၏။

ယွင်ဖန်းက အိပ်ရာထက်ရှိ အိတ်အကြီးကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းအတွက် အဝတ်အစားတွေ ယူလာပေးတာလေ"

"အရမ်းများတာလား?"

ရိချန်းလျန်က ဖုဖောင်းနေသည့် အိတ်ကိုကြည့်လိုက်ကာ သူ့မျက်လုံးထံ ထိတ်လန့်မှုတို့က သိသာလှပေသည်။

"မင်း အန်တီ့ကို နှစ်ထည်လောက်ပဲ ယူလာခိုင်းမှာလို့ မပြောခဲ့ဘူးလား?"

"ဒါက လက်ကားရောင်းတဲ့ဆိုင်က ဈေးသက်သာလို့ထင်တယ်"

ယွင်ဖန်းသည် ယူလာချိန်၌ မည်သည့်အဝတ်အစားမျိုးဖြစ်သည်ကို အနီးကပ် မကြည့်ခဲ့ပေ။

"ဖွင့်ပြီးတော့ ဝတ်ကြည့်ဦး တော်မတော်ကြည့်ရအောင်လို့"

ရိချန်းလျန်က အိတ်ထဲမှ အဝတ်အစားများကို အိပ်ရာထက် သွန်ချလိုက်သည်။

အနက်ရောင် အနွေးဂျာကင်တစ်ထည်၊ အနက်ရောင် ၊ အဖြူရောင်၊ မီးခိုးရောင် စသဖြင့် ဆွယ်တာ သုံးထည်၊ အောက်ခံ အနွေးဝတ်စုံတစ်ဆက်၊ ကတ္တီပါ ပါသော ဂျင်းဘောင်းဘီတစ်ထည်၊ ပေါ့ပေါ့ပါးပါး ဘောင်းဘီတစ်ထည်၊ ကုတ်အရှည်တစ်ထည်.....နှင့် ဆောင်းဦး အဝတ်အစား နှစ်စုံတို့ ဖြစ်သည်။

ရိချန်းလျန်မှာ ထိုသို့များပြားလှသည့် အဝတ်အစားများကို တစ်ကြိမ်တည်းစုကာ မဝယ်ခဲ့ဖူးချေ။ သူက ပလက်စတစ်အိတ်ထဲကနေ အောက်ခံဘောင်းဘီနှစ်စုံနှင့် ခြေအိတ်တစ်ဒါဇင်တို့ကိုပါ တွေ့လိုက်ရသေး၏။

"ယွင်ဖန်း"

ရိချန်းလျန်၏ မျက်လုံးထဲ ထိတ်လန့်မှုတို့က သိသာလှသည်။

"မင်းရဲ့အမေကို မင်း ဘာတွေ ပြောခဲ့သေးလဲ?"

ယွင်ဖန်းက ထန်ရိ ထိုမျှလောက် အဝတ်အစားအတော်များများ ဝယ်ခဲ့လိမ့်မည်ဟု ထင်မထားသည်မှာ သိသာလှသည်။ ရိချန်းလျန်၏ မေးခွန်းပါသော အကြည့်အောက်တွင် သူက ထိုအချိန်တုန်းက မြင်ကွင်းကို ပြန်တွေးကြည့်လိုက်သည်။

-"အမေ၊ ကျွန်တော့်အတန်းဖော်မှာ ဆောင်းရာသီထဲ ဝတ်စရာ မရှိဘူးဖြစ်နေတာ၊ ဒီတစ်ပတ်ပိတ်ရက် အမေ လက်ကားဆိုင်ကိုသွားရင် နှစ်ထည်လောက် ကူပြီး ယူလာပေးလို့ရမလား?"

-" ဝတ်စရာမရှိဘူး?"

-"အင်း"

_"အမလေး၊ ဘာလို့များ ဝတ်စရာမရှိရတာလဲကွယ်? သူမိဘတွေကတော့ ဘယ်ရောက်ကုန်လို့လဲ?"

-"သူက မိဘမဲ့ပါ။ အဖေမရှိ၊ အမေမရှိ၊ တစ်ယောက်တည်း နေနေတာ"

-"အိုး၊ သနားစရာလေး....သူက ဘယ်ဆိုဒ် ဝတ်တာလဲ?"

-"သူ့ဆိုဒ်က ကျွန်တော်နဲ့ တူတူပဲ၊ အရမ်းကောင်းတာထဲက ဝယ်လာစရာမလိုပါဘူး၊ သူ့မှာ ပိုက်ဆံ မရှိဘူးရယ်"

“ထန်ထန်…သူက အရင်တစ်ခေါက်က ဆိုင်ကို လာဖူးတဲ့ ရှောင်ရိမလား?"

"....အာ"

ပြန်စဉ်းစားကြည့်လိုက်ပြီးနောက် ယွင်ဖန်းမှာ ထိုအချိန်က သူက "အဝတ်နှစ်ထည်" ဟုသာ ပြောခဲ့မိသည်ကို အတော်လေး သေချာနေကာ ဈေးကြီးသည့်အဝတ်များ မဝယ်ခဲ့ဖို့ကိုလည်း ထန်ရိအား အထူးပြောခဲ့သေးလေ၏။

သို့ပေမဲ့ ဤ အဝတ်အစားထုတ်ကြီးကို ကြည့်ရသည်မှာ ဈေးပေါသညိ့ လက်ကားဆိုင်မှ ပစ္စည်းများနှင့်လည်း တူမနေပါချေ။ ၎င်းတို့အပေါ်ရှိ ဈေနှုန်းကဒ်များမှာလည်း တမင်အဖြတ်ခံထားရကာ ဈေးပေါသည့် ပလက်စတစ်အိတ်ထဲ တမင်ထည့်လိုက်ပုံပင်။

ယွင်ဖန်းက အပြစ်ရှိစိတ်ဖြင့် နှာခေါင်းကိုထိလိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ငါ သူ့ကို ပေါ့ပေါ့ပါးပါး နှစ်ထည်လောက်ပဲ ယူလာပေးဖို့ ပြောခဲ့တာပါ"

ရိချန်းလျန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပေမဲ့ ယွင်ဖန်းထံ ပြုံးပြလာသည်။

"ဒါပေမဲ့လည်း၊ ကျေးဇူးတင်ပါတယ်"

ယွင်ဖန်းက သူခြေဗလာဖြစ်ကာအေးနေသည်ကို မြင်တော့ ပြောလိုက်၏။

"မြန်မြန် ဝတ်ကြည့်ပြီး တော်ရဲ့လားကြည့်ကြည့်"

ရိချန်းလျန်တစ်ယောက် ဆွယ်တာတစ်ထည်နှင့် ဘောင်းဘီတစ်ထည် လဲဝတ်ပြီးနောက်မှာ ယွင်ဖန်းက အံ့အားသင့်မိပြန်လေသည်။ ထန်ရိ၏ အလှအ‌ပအပေါ် အကဲဖြတ်တတ်သည့်အမြင်က တကယ့်ကို လိုရင်းရောက်ကာ ရိချန်းလျန်ကို ယခုကြည့်ရသည်မှာ ပိုပြီး နွေးထွေးပုံပေါက်‌နေ၏။

ရိချန်းလျန်က ဝတ်စားပြီးနောက် အိပ်ရာထက်ထိုင်လိုက်ရင်းဖြင့်

"ဒီ အဝတ်အစားတွေအားလုံး ဘယ်လောက်ကျလဲ?"

"ငါမသိဘူး၊ နှစ်ရာတော့ မကျော်လောက်ပါဘူး"

ယွင်ဖန်းက ရပ်နေရသည်ကို ပင်ပန်းလာတာကြောင့် အဝတ်အထည်များပြည့်နေသည့် ကုတင်ပေါ် ထိုင်ချလိုက်သည်။

ရိချန်းလျန်မှာ သူ မည်သည့်နေရာမှ ရခဲ့မှန်း မသိသည့်ငွေအပုံလိုက်အား သူ့လက်ထဲ ထိုးထည့်ပေးလာ၏။

"အရင်တစ်ခေါက်က မင်းကူဝယ်ပေးခဲ့တဲ့ အိုးနဲ့ ဒယ်အိုးဖိုးပါအပါ၊ ယူလိုက်"

ယွင်ဖန်းက ငွေကို တွန့်ဆုတ်ခြင်းမရှိ ရေတွက်လိုက်သည်။

"ရှစ်ရာ‌၊ အများကြီးပဲ?"

"ဒီအထည်တွေက ဈေးမပေါဘူးလေ"

ရိချန်းလျန်က ပြောသည်။

"ဒါဆိုလည်း ဆိုင်ပြန်သွင်းကြတာပေါ့"

ယွင်ဖန်းကပြောလိုက်သည်။

တံဆိပ်ဖြုတ်ပြီးသားကို ဘယ်လိုလုပ် ပြန်သွင်းလို့ရမှာလဲ?"

ရိချန်းလျန်က ရယ်လိုက်သည်။

"ပြီးတော့ ငါ ဆောင်းရာသီအဝတ်တွေ ဝယ်ဖို့လိုနေတာပဲလေ၊ ပြန်သွားပြီး ငါ့ကိုယ်စား အန်တီ့ကို ကျေးဇူးတင်စကား ပြောပေးဦး"

"မင်း နောက်စာသင်နှစ် ကျောင်းလခအတွက် ငွေလုံလုံလောက်လောက်စုပြီးပြီလား?"

ယွင်ဖန်းက သူ့ကိုကြည့်ကာ မေးလိုက်သည်။

"အင်း၊ ပြည့်တော့မယ်"

ရိချန်းလျန်က မျက်နှာ မပြောင်းစွာ ပြော၏။

နှစ်ယောက်သားကာ အိပ်ရာထက်ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိသွားကြသည်။ ယွင်ဖန်းက မထိန်းနိုင်စွာဖြင့် အနည်းငယ်ခေါက်နေသည့် သူ့ကော်လာဆီ လက်ရောက်သွားခဲ့ပြီး မေးလိုက်သည်။ မသိလျှင် သူ့အသံက ညစာ ဘာစားကြမလဲမေးနေသကဲ့သို့နှယ်။

"ဘယ်လောက်ကျန်သေးလဲ?"

"....နှစ်ထောင်"

ရိချန်းလျန်က သူ့ဆံပင်ကို အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ကုတ်လိုက်သည်။

ယွင်ဖန်းက သူ့လက်ထဲမှငွေကို စိုက်ကြည့်ကာ

"ဒါဆိုလည်း---"

ရိချန်းလျန်က သူ့လက်ကို ဆုပ်ကိုင်ကာ ၎င်းကိုခိုင်မာစွာ ပြန်တွန်းပေးလျက်

"ကုဒ်တစ်ခုအတွက် ကုဒ်တစ်ခုလေ ညီအစ်ကိုအရင်းတွေတောင် ငွေစာရင်းကို ရှင်းလင်းထားဖို့‌လိုတယ်"

(T/N: ကုဒ်တစ်ခုအတွက် ကုဒ်တစ်ခု -မရောထွေးသင့်တာကို မရောထွေးရဘူး လို့ပြောချင်တာပါ)

ထိုအခါ ယွင်ဖန်းက ပိုက်ဆံကို သူ့အိတ်ကပ်ထဲ ခပ်ကြမ်းကြမ်းထိုးထည့်လိုက်ပြီး ခပ်တည်တည်ပြောလိုက်၏။

“ဒါဖြင့် အားမနာတော့ဘူးနော်”

ရိချန်းလျန်မှာ မျက်နှာတည်မထားနိုင်တော့ဘဲ မထိန်းနိုင်စွာ ရယ်လိုက်တော့သည်။

"မင်းက ပိုက်ဆံကိုအဲ့လောက်တောင် ကြိုက်တာလား?"

"ပိုက်ဆံမကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ?"

ယွင်ဖန်းက သူပျော်ရွှင်စွာရယ်နေသည်ကို မြင်ရသည်မှာ ရှားပါးလှတာကြောင့် သူ့ဆံပင်ကို လှမ်းဖွလိုက်မိသည်။

"နောက်ထပ် နှစ်ရာထပ်ပေးဦး။ နံပါတ်အပြည့်တစ်ခုဖြစ်အောင်လုပ်ရမယ်"

ရိချန်းလျန်က လုံးဝကို မတွန့်ဆုတ်နေခဲ့ဘဲ သူ့အားနောက်ထပ် နှစ်ရာ ထပ်ပေးလိုက်၏။

ယွင်ဖန်းက သူ့ရှေ့တွင် ပိုက်ဆံကိုဝှေ့ယမ်းပြကာ အပြုံးနှင့်မေးလိုက်သည်။

"တကယ်ကြီး ငါ့ကိုပေးတာလား?"

"တကယ် မင်းကိုပေးတာ"

ရိချန်းလျန်က ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ယူလိုက်မယ်"

ယွင်ဖန်းက ပိုက်ဆံကို အိတ်ထဲ ထည့်လိုက်၏။

"ဘာလို့လဲဆိုတာ မင်း မမေးတော့ဘူးလား?"

ရိချန်းလျန်က ခေါင်းခါသည်။ သူ့မျက်လုံးက အနည်းငယ်တောက်ပနေ၏။

"ဆောင်းရာသီ ပိတ်ရက်ရှည်မှာ ငါအလုပ်လုပ်ပြီး ပိုရှာနိင်တယ်။"

ယွင်ဖန်းက သူ့၏ ပွရှုပ်နေသော ဆံပင်ဆီ လက်ရောက်သွားခဲ့ပေမဲ့ ရိချန်းလျန်ဆီမှာ အဖမ်းခံလိုက်ရ၏။

‌"ဟေး၊ မင်းဘာလုပ်တာလဲ? ပေးထားပြီးရင် ပြန်ယူလို့မရဘူးလေ"

ယွင်ဖန်းက သူ့အိတ်ကပ်ကို တစ်ခြားလက်တစ်ဖက်ဖြင့် ကာထားကာ နောက်ကို ကိုယ်ယိမ်းလိုက်သည်။

ရိချန်းလျန်က သူ့လက်ကိုကိုင်ထားကာ လွှတ်မပေးပေ။ သူနောက်ကို ယိမ်းလိုက်သည်ကို မြင်တော့ သူ့ဘက်ကို ပြန်ဆွဲလိုက်ကာ ကလိ‌ထိုးလိုက်‌၏။

"ငါ့ခေါင်းကို ထပ်မထိနဲ့လို့!"

ယွင်ဖန်းက ရယ်မောနေခဲ့ရင်းမှ

"ဒါက အဆင်ပြေပါတယ်၊ ခေါင်းထိတာက မင်းရဲ့အရပ်ရှည်တဲ့ ဖွံ့ဖြိုးမှုကို မထိခိုက်စေပါဘူး။ အနာဂတ်မှာဆို မင်းက ၁၈၈စင်တီမီတာလောက် ရှည်လာဦးမှာ"

ရိချန်းလျန် ကြက်သေသေသွားလေသည်။

"မင်းက ဘယ်လိုလုပ်သိလဲ?"

"အဓိပ္ပါယ်မရှိတာ၊ ငါအရပ်ဘယ်လောက်ရှည်တယ်ဆိုတာကို---"

ယွင်ဖန်းသည် ပြောရင်းတန်းလန်း ချက်ချင်းကို ပါးစပ် ပိတ်ပစ်လိုက်ရလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment