no

Font
Theme

[လည်ပင်း]

ရိချန်းလျန်က ထပ်​မေးလာသည်။

"ငါ့ အရပ်ဘယ်လောက် ရှည်တာ?”

ယွင်ဖန်းက လက်ဆန့်ကာ သူ့ခေါင်းအား ကြမ်းကြမ်းတမ်းတမ်းပွတ်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

"မင်းအရပ်ဘယ်လောက်ရှည် လဲဆိုတာတောင် မသိဘူးလား?"

ရိချန်းလျန်သည် ခေါင်းပွတ်ခံလိုက်ရသဖြင့် ဒေါသအနည်းငယ်ထွက်သွား၏။ထို့ကြောင့် အားသုံး၍ တစ်ဖက်လူကို ကုတင်ပေါ် တွန်းချကာ လက်ကောက်ဝတ်ကနေဖမ်းဆုပ်လျက် ခေါင်းပေါ် မြှောက်တင်ပစ်လိုက်သည်။

ယွင်ဖန်းမှာ ရယ်ရလွန်း၍ မောဟိုက်နေရင်း လွတ်အောင်ရုန်းဖို့ ဟန်ပြင်လိုက်သည်။ သို့ပေသိ ချက်ချင်းပင် အားတွေ လျော့သွားရကာ ရိချန်းလျန်၏ တစ်ချက် အချုပ်မှာ လှုပ်မရတော့ပေ။

ရိချန်းလျန်က သူ့ကို လှုပ်မရအောင် ဖိထားကာ လေသံမာချင်ယောင်ဆောင်လျှက်

"မင်း ထိရဲတယ်လား?"

"သေချာပေါက် ထိရဲတာပေါ့"

ယွင်ဖန်းက အနည်းငယ် အသက်ရှုကြပ်နေလျှက် မထိန်းနိုင်စွာရယ်နေဆဲဖြင့်သာ။

"မြန်မြန်လေး ငါ့ကို လွှတ်ပေးတော့!"

ယွင်ဖန်းက ခေါင်းစောင်းကာ ပြင်းပြင်းထန်ထန်ရယ်မောလိုက်တာကြောင့် အင်္ကျီကော်လာအောက် ကွယ်မြုပ်နေခဲ့သည့် သွယ်လျသော လည်တိုင်ကပေါ်လာသည်။ ရိချန်းလျန်၏ မျက်ဝန်းတို့က နေရာမရွေ့နိုင်ဖြစ်သွားရရင်း တင်းနေပြီးသားကြိုးက ရုတ်ချည်း ထောက် ခနဲ ပြတ်တောက်သွားတော့သည်။

ကျိုးပဲ့လွယ်သည့် ပျော့ပျော့​ပျောင်းပျောင်း လည်တိုင်လေးခမျာ ထင်မှတ်မထားစွာဖြင့် အကိုက်ခံလိုက်ရကာ အနည်းငယ်သော စပ်ဖျဥ်းဖျဥ်းနာကျင်မှုနှင့် ပူလောင်နေသည့် အသက်ရှုငွေ့တို့က ရောယှက်နေခဲ့လေသည်။ အနည်းငယ်သော တုန်လှုပ်မှုက မြီးညှောင့်ရိုးဆီထိ အလျင်စလို ပျံ့သွားခဲ့ပြီး ဆုပ်ကိုင်ခံထားရသည့် ယွင်ဖန်း၏လက်ချောင်းများ မှာ ရုတ်ချည်းကွေးတက်သွားလျှက် ဒေါသတကြီး ဟိန်းဟောက်လာလေတော့သည်။

"ရိချန်းလျန်၊ မင်းကခွေးလား!"

ရိချန်းလျန်၏ ဦးနှောက်က ဗလာဖြစ်နေခဲ့ကာ နှုတ်ခမ်းတို့က မရင်းနှီးသည့် နွေးထွေးသောအရေပြားထက်၌ရှိနေခဲ့လျှက် ယွင်ဖန်း၏ အော်သံက ဝေးကွာသည့်နေရာတစ်ခုမှလာသလို ဝေ‌ဝါးနေခဲ့၏။

ထို့ပြင် သူ့လျှာဖျားလေးမှာ မထိန်းနိုင်စွာဖြင့် ခဲထားသည့်အရေပြားလေးပေါ်သို့ တို့ထိမိလိုက်ရင်း သရဲပူးနေသည့်နှယ် တစ်ချက်လောက်လျက်ပစ်လိုက်တော့သည်။ချက်ချင်းပင် သူ့အောက်မှလူ ၏ ကိုယ်က တင်းမာသွားလေသည်။

"ရိချန်းလျန်!"

ယွင်ဖန်းက သူ့ပေါ်မှလူကို ရုတ်တရတ် တွန်းထုတ်ပစ်လိုက်သည်။

ရိချန်းလျန်ကတော့ သူ့လည်ပင်းကို အနည်းငယ် ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေဆဲပါပင်။ သူ့လည်ဇလုတ်က အနည်းငယ် ရွှေ့လျားသွားကာ မသိစိတ်မှနေ တံတွေးမြိုချလိုက်မိသည်။

ဘာအရသာမရှိပါချေ။ သို့ပေမဲ့ သူ့လျှာဖျားဆီမှ ရှင်းပြမရနိုင်သည့် ချိုမြမြအရသာတစ်ခုဆန်တက်လာခဲ့ပြီး သူ့အားအတော်လေး ဆာလောင်စေလာခဲ့၏။

ယွင်ဖန်းကိုကြည့်ရတာ........ အရမ်းအရသာရှိမဲ့ပုံပဲ။

ရိချန်းလျန်က တံတွေးမြိုချလိုက်ပြန်ကာ သူ့နှုတ်ခမ်းသူ လျှာဖျားနှင့် လျက်လိုက်၏။ မသိလျှင် ထိုသို့ပြုလုပ်ခြင်းက ပြန်လည်အရသာခံနိုင်၍ သူ့သွေးထဲရှိ အဆုံးမရှိသော ဆာလောင်မှုကို အာသာပြေစေသည့်နှယ်။

ယွင်ဖန်းက လက်ဆန့်ကာ အကိုက်ခံလိုက်ရသည့် လည်ပင်းကို ထိလိုက်တော့ နာကျင်မှုကြောင့် စုပ်သပ်လိုက်မိကာ ရိချန်းလျန်ကြောင့် ဒေါသတကြီး အော်ရယ်မိလုနီးပါးပင်။

"ငါ့ကို မရိုက်နိုင်တော့ ပါးစပ်သုံးလိုက်တယ်ပေါ့လေ! မင်း ရူးနေတာလား!”

သူ့မှာ ဒီလိုမျိုး ဆိုးရွားတဲ့ အကျင့်စရိုက် ‌ရှိခဲ့မှန်း ဘာကြောင့် မသိခဲ့ရတာပါလိမ့်နော်။

"ယွင်ဖန်း-"

ရိချန်းလျန်က သူ့အား ကြောင်အမ်းစွာ စိုက်ကြည့်လာလျက် စိတ်လွင့်နေပုံဖြင့်

"ငါ ဗိုက်ဆာတယ်"

ယွင်ဖန်းက သူ့မျက်နှာကို လှမ်းညှစ်လိုက်၏။ သူ့ဒေါသက မလျှော့ပါးသေးပေမဲ့ ရိချန်းလျန်၏ အမူအယာကိုကြည့်ကာ ဒေါသမထွက်နိုင်တော့ပေ။

"ဗိုက်ဆာတာကို ငါ့ကိုဘာလို့ လာကိုက်ရတာလဲ?"

ရိချန်းလျန်က နှုတ်ခမ်းစေ့လိုက်ကာ တံတွေးမျိုချပြီး ရိုးသားစွာပြောလာသည်။

"မင်းလည်ပင်းက အရသာရှိတဲ့ပုံပေါ်လို့လေ"

ဒီကလေး ဆာလောင်လွန်းနေတာဖြစ်ရမည်။

ယွင်ဖန်းသက်ပြင်းချလိုက်ကာ အိပ်ရာထက်မှ ထလိုက်ပြီး မေးလိုက်၏။

"နေ့လည်စာ ဘာစားချင်လဲ?"

ရိချန်းလျန်က သူ့လည်ပင်းကိုသာ လျှက်ရင်းဖြင့် ထပ်ကိုက်ချင်တာ ဖြစ်ပေမဲ့လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။

"မနေ့ကဝယ်ထားတဲ့ ခရမ်းသီးနဲ့ ခရမ်းချဉ်သီးတွေရှိတယ်”

ယွင်ဖန်းက ဟောခန်းထဲရှိ ရိုးရှင်းသည့် မီးဖိုချောင်ထဲ ဦးတည်လိုက်သည်။

"မင်းက ပေါက်စီနည်းနည်းသွားဝယ်လိုက်"

"အိုကေ"

ရိချန်းလျန်က အိပ်ရာမှ ထရပ်ကာ သူ့မျက်နှာအား ပြင်းပြင်းထန်ထန်ပွတ်လိုက်၏။

သို့ပေမဲ့ သူစိတ်ထဲမှာတော့ ယွင်ဖန်းနှင့်သာ ပြည့်နေဆဲပင်။

သူ ယွင်ဖန်းနှင့်မကြာခဏဆိုသလို ပွေ့ဖက် ကပ်တွယ်နေခဲ့ဖူးပေမဲ့ ဤတစ်‌ကြိမ်လောက် တစ်ခါမျှ မထူးဆန်းခဲ့ဖူးပေ။ သူက အိပ်ရာဘေးစားပွဲပေါ်ရှိ ရေခွက်ကို ယူလိုက်ကာ အလုပ်အနည်းငယ်သောက်လိုက်ပြီး နှလုံးသားထဲမှ အပူအား ရေအေးဖြင့် ထိန်းထားလိုက်၏။

သူ ဟောခန်းကို ဖြတ်ချိန်မှာတောင် ယွင်ဖန်းရှိရာဆီ မကြည့်ရဲခဲ့ပေ။

မနေ့ညက သူ ညစာမစားခဲ့တာကြောင့် ဗိုက်ဆာနေတာပဲ ဖြစ်ရမည်။

°°°°°°

နေ့လည်စာက ယွင်ဖန်း ချက်သည့် ကြက်သွန်ဖြူခရမ်းသီးချက်နှင့် ခရမ်းချဉ်သီးကြက်ဥမွှေကြော်ဖြစ်၏။ ရိချန်းလျန်က ပေါက်စီများဝယ်လာကာ နှစ်ယောက်သား နေ့လည်စာစားရန် ခုံပုလေးများ စီစဉ်လိုက်သည်။

ရိချန်းလျန်က အငမ်းမရ စားလေသည်။

"မင်း မနက်စာမစားရသေးဘူးလား?"

ယွင်ဖန်းက ရေနွေးတစ်ငုံသောက်လိုက်သည်။

"ဟင့်အင်း၊ မစားချင်လို့"

ရိချန်းလျန်၏ အကြည့်က သူ့လည်ပင်းရှိ အနီစက်သေးသေးလေးထက် နှစ်စက္ကန့်ခန့် တန့်နေခဲ့ပြီးနောက်မှ ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်သည်။

"မင်း မနေ့ညတုန်းကလည်း ဘာမှ မစားခဲ့ဘူးပေါ့"

ယွင်ဖန်းက နားလည်သည်။

"ငါ မချက်ချင်ဘူး"

ရိချန်းလျန်က သက်ပြင်းချလိုက်လျက်

"အဲ့ဒါက ဒုက္ခများလွန်းတယ်"

"မင်းကိုယ်မင်း အဆာခံနေတယ်ပေါ့"

ယွင်ဖန်းက သူ့ထံ တူဖြင့်ထိုးပြလာကာ

"မင်းအသက်ငယ်သေးတာနဲ့ပဲ ကျန်းမာသေးတယ်ဆိုပြီး အလေးမထားလို့မရဘူး။ မင်းအစာအိမ်ရောဂါဖြစ်လာရင် မင်းပဲ ခံစားရမှာ"

၎င်းက ဘယ်လောက်ထိ မသက်မသာဖြစ်ရသည်ကို သူသိလေသည်။ အစာအိမ်နာကျင်ခြင်းက သူ့အား အိပ်ရာမှမထနိုင်အောင်ပင် လုပ်နိုင်ပြီး ရေနွေးတစ်ငုံမှပင် မသောက်နိုင်ခဲ့ကာ အာရုံတက်သည့် အချိန်ထိ မျက်လုံးပွင့်နေ့ခဲ့ရသည်။ ယွင်ဖန်းက ထိုအကြောင်းတွေးမိချိန်မှာ မသိလိုက်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းစကားပြောတဲ့ပုံက လမ်းကြားအဆုံးက ကားပြင်တဲ့ အဖိုးကြီးလိုပဲ"

ရိချန်းလျန်က အညှာအတာမဲ့စွာ သူ့ကိုလှောင်လိုက်၏။

ယွင်ဖန်းက နှာမှုတ်လိုက်ကာ စကားပြောမလို့ပြင်လိုက်ပေမဲ့ ခုနကစကားက ကိုယ့်ကိုယ်ကိုယ်ဖော်သလို ဖြစ်သွားတာကြောင့် စကားပြောတာကိုရပ်ပစ်လိုက်သည်။

သူက ရိချန်းလျန်ရှေ့မှာဆို အတော်စိတ်အေးလက်အေးရှိနေတတ်ကာ ကိုယ့်သရုပ်ကိုယ် ဖော်နေမိတတ်သည်ပင်။ သို့ငြား သူ့နှာခေါင်းသူ လက်ညှိုးထိုးလျှက် သူဟာ အနာဂတ် နှစ်နှစ်ဆယ်အကြာမှ ရိချန်းလျန်ဖြစ်ကြောင်း ပြောလိုက်လျှင်တောင်မှ ရိချန်းလျန်ထံမှ သူ့အား ငကြောင်အဖြစ် သတ်မှတ်ခြင်းကိုသာ ခံရမည်ဖြစ်၏။ ထို့ကြောင့် သတိထားသည်က ပိုကောင်းပေသည်။

ဗိုက်ပြည့်အောင် ဖြည့်တင်းလိုက်ပြီးနောက် ရိချန်းလျန်က ကျေနပ်စွာ ပါးစပ်သုတ်လိုက်သည်။

"ကျင်းရွှေပန်းခြံထဲမှာ နှစ်သစ်ကူးအကြိုညကျရင် မီးပန်းပွဲရှိလိမ့်မယ်။"

ယွင်ဖန်းက သူ့ခြေဗလာအား ကန်လိုက်ကာ

"သွားကြည့်ချင်လား?"

"မင်းသွားကြည့်ချင်လား?"

ရိချန်းလျန်က ယွင်ဖန်း၏ ဖိနပ်ကို ခြေထောက်ဖြင့်တက်နင်းလိုက်ပြီး ကျေနပ်စွာဖြင့် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။

ယွင်ဖန်းက ထိုသို့သော နှစ်သစ်ကူးအကြိုနှင့် မီးပန်းဆိုသည်တို့အား စိတ်မဝင်စားပေမဲ့ ရိချန်းလျန်က အိမ်တွင် တစ်ယောက်တည်း ဖြစ်နေမည်ကိုတွေးကြည့်ကာ ပြောလိုက်၏။

"အတူတူသွားကြည့်ရအောင်လေ"

"အိုခေ"

ရိချန်းလျန်သည် ခုမှစားသောက်ပြီးခါစဖြစ်ရာ မလှုပ်ချင်ပေ။ သူက ခုံပုလေးတွင်ထိုင်နေရင်းမှ ခြေဆန့်ကာ ယွင်ဖန်း၏ ဖိနပ်အား ခြေဗလာဖြင့် တက်နင်းလိုက်သည်။

ယွင်ဖန်းကတော့ ရိချန်းလျန်တစ်ယောက် ခွေးပေါက်လေးနှင့် တူသည်ဟု ပိုပိုပြီး ခံစားလာရ၏။ သူ့အားနည်းနည်းလောက် ပိုပြီးကောင်းကောင်းဆက်ဆံပေးလိုက်သည်နှင့် ကပ်တွယ်နေတတ်သည်မှာ အရိုက်ခံရတာကို မေ့သွားတတ်သော ခွေးလေးအလားပင်။ လူကို အမြဲလို ပူးကပ်နေရသည်ကိုလည်း သဘောကျတတ်ပြီး သူ့အား ရိုက်ဖို့အခက်တွေ့အောင် လုပ်တတ်လေသည်။

ဤ ခွေးပေါက်လေးက လူတွေကိုလည်း ကိုက်တတ်သေး၏။

ယွင်ဖန်းက ထိုသည်ကို တွေးမိချိန် စိတ်တိုလာရကာ ထိုသူ့ပေါင်ကို ရိုက်ပစ်လိုက်၏။

"ခြေအိတ်သွားဝတ်စမ်း"

ရိချန်းလျန်က သူ့ဗိုက်ကို ပွတ်ကာ မျက်လုံးကျဉ်းလိုက်လျှက်

"ငါ မလှုပ်ချင်ဘူး"

ယွင်ဖန်းက သူ့ကို ထပ်ရိုက်လိုက်ပြီး အိပ်ခန်းထဲ ခြေအိပ်သွားယူရန် ထရပ်လိုက်ပေမဲ့ သူတံခါးကို လျှောက်သွားချိန်မှာပဲ သူ့နောက်ကျောက လေးလံသွားရသည်။

ရိချန်းလျန်၏ တစ်ကိုယ်လုံးက သူ့ကျောပေါ် ရောက်နေခဲ့ကာ အတော်လေးနွေးထွေးသည့် ဆံပင်ပွပွ ခေါင်းလေးက သူ့လည်ပင်းထက် ဖိကပ်လာသည်။

ထိုသူ့ကြောင့် ယွင်ဖန်း၏ ဦးရေပြားက ထုံသွားခဲ့ကာသတိပေးလိုက်သည်။

"မင်းငါ့ကို ထပ်ကိုက်ရဲတဲ့ သတ္တိရှိရင် မင်းကိုတကယ်ရိုက်ပစ်မှာ"

"ငါ မကိုက်ပါဘူး၊ အနံ့ခံရုံပဲ"

ရိချန်းလျန်က လက်တစ်ဖက်ဖြင့် သူ့လည်ပင်းတစ်ဝိုက်ချိတ်လိုက်ကာ အိပ်ခန်းထဲသို့ ခိုပြီးလိုက်လာလေသည်။

ရိချန်းလျန်၏ နှာဖျားက အနည်းငယ်အေးနေပြီး သူ့လည်ပင်းအနောက်ဘက်အား ပွတ်တိုက်နေသည်က ယွင်ဖန်းကို ကြက်သီးနည်းနည်း ထစေရာ လက်လှမ်းပြီး ထိုလူကို ဆွဲချလိုက်သည်။

"ချီးကိုအနံ့ခံ! မင်းကို တကယ်ရိုက်တော့မှာ ယုံရဲ့လား?"

ရိချန်းလျန်က အံ့ကိုတင်းတင်းကြိတ်ကာ ယွင်ဖန်း၏ စကားကြောင့် တွန့်ဆုတ်စွာဖြင့် ခေါင်းကို မော့လိုက်ပြီး အလေးအနက်မေးလိုက်သည်။

"မင်း ဘာနဲ့ ရေချိုးတာလဲ?"

ယနေ့ ရိချန်းလျန် အနည်းငယ် မူမမှန်ဟု ယွင်ဖန်းခံစားနေရ၏။ တွယ်ကပ်နေကာ ချွဲသဲနေသလိုပင်။ ထို့ကြောင့် ယွင်ဖန်းက သူ့မျက်နှာကို ဖတ်ခနဲရိုက်လိုက်ကာ တွန်းဖယ်လိုက်သည်။

“ရှုးဖူးကျားဆပ်ပြာ ”

"အနံ့ကအရမ်းကောင်းတယ်"

ရိချန်းလျန်က မျက်နှာမပြောင်းဘဲ လိမ်လိုက်၏။ သူက ဘာအနံ့မှ မရပါချေ။ သို့ပေမဲ့ ယွင်ဖန်း၏အနံ့ကကောင်းသည်ဟု သူတွေးမိနေတုန်းပင်။

ထို့ပြင် အလွန်လည်းချိုသည်။

ရိချန်းလျန်သည် သူ့ကိုယ်သူ သရဲပူးနေပြီလားဟုပင် ထင်မှတ်မိသည်။ ဗိုက်ဝနေတာတောင် ယွင်ဖန်းကို တလုတ်လောက်ကိုက်ရလျှင် အရသာရှိလောက်ရဲ့ဟု တွေးမိနေသောကြောင့်ပင်။

“အေး …အဲ့လောက်တောင်ဖြစ်တာ။ ဝယ်ကိုပေးဦးမယ်။ ရှုစမ်း အဝရှု!’

ယွင်ဖန်းက စိတ်တိုတိုဖြင့် သူ့ထံ ခြေအိတ်များ ပစ်ပေါက်ပေးလိုက်သည်။

ရိချန်းလျန်က ကျသွားတော့မည့် ခြေအိတ်ကို ဖမ်းယူကာ ယွင်ဖန်း၏လည်တိုင်မှ အနီရောင်အစက်လေးအား စိုက်ကြည့်လျှက် ‌ဖျော့တော့သောအကြည့်ဖြင့် ပြောလာလေသည်။

"ယွင်ဖန်း ငါ မင်းလည်ပင်းကို ကိုက်ချင်နေတာ ထင်တယ်”

ယွင်ဖန်း:"......"

ဒီကောင်တော့ ဒီည သူနဲ့ ရန်ဖြစ်ချင်နေပြီပဲ ! !

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment