no

Font
Theme

[ထုတ်ဖော်ခြင်း]

ရိချန်းလျန်သည်

ပါးစပ်မှာ စီးကရက်ကို ခဲထားသော်ငြား အကြိမ်ရေများများ ကြိုးစားပြီးတာတောင်မှ မီးခြစ်ကို မီးမညှိနိုင်ခဲ့ပေ။

ယွင်ဖန်းက လက်လှမ်းကာ သူ့ပါးစပ်ထဲမှ စီးကရက်ကို ယူသွားပြီး ပါးစပ်ထဲထည့်လိုက်၏။ သူက ရိချန်းလျန်ထံ မေးဆတ်ပြလာကာ ပြောလိုက်သည်။

"မီးညှိလိုက်"

ရိချန်းလျန်က လက်ထဲရှိ မီးခြစ်ကို တင်းတင်းဆုပ်ကိုင်ထားလျက်။

"မင်း ဒီလို ပစ္စည်းမျိုး မသောက်သင့်ဘူး"

"ဒါဆို မင်းလည်း ငါ့ရှေ့မှာ ဆေးလိပ်မသောက်သင့်ဘူးလေ"

ယွင်ဖန်းက ဆေးလိပ်ကိုအမှိုက်ပုံးထဲ ထွေးထည့်လိုက်ကာ ရိချန်းလျန်အိပ်ကပ်ထဲက စီးကရက်နှစ်ဘူးကိုပါ ယူထုတ်လိုက်သည်။

"ဆေးလိပ်ဖြတ်လိုက်တော့၊ မင်းရဲ့အဆုတ်တွေအတွက် မကောင်းဘူး"

စီးကရက်များက အမှိုက်ပုံးထဲ လွှင့်ပစ်ခံလိုက်ရလေ၏။

"မင်းကြည့်လေ၊ မင်းကအမြဲတမ်းငါ့အပေါ်ကောင်းပေးတယ်။"

ရိချန်းလျန်က ဆိုဖာထက် မှီလိုက်ကာ သူ့ကို မော့ကြည့်၍ မိမိကိုယ်ကို နှိမ့်ချသည့်အပြုံးလေးဖြင့်

"ဒါပေမဲ့ မင်းငါ့ကို သဘောကျကြောင်း ဝန်ခံဖို့ကိုတော့ ငြင်းနေတုန်းပဲ"

"ငါ မင်းကို သဘောကျပါတယ်"

ယွင်ဖန်းက ဆိုဖာလက်ရန်းနားတွင် ရပ်နေလျှက် ခေါင်းအနည်းငယ် ငုံ့ချလိုက်သည်။ ရိချန်းလျန်ကိုက်ထားသည့်ကြောင့် ရထားသည့် နှုတ်ခမ်းဒဏ်ရာက စကားပြောချိန်မှာ အနည်းငယ် နာကျင်နေသည်​။

"ဒါပေမဲ့ မင်းလိုချင်တဲ့ သဘောကျပုံမျိုးနဲ့တော့ မဟုတ်ဘူး"

"သဘောကျတာမှာ သောက်ကျိုးနည်း ပုံစံပေါင်းစုံရှိသေးတာလား"

ရိချန်းလျန်က ခြေတစ်ဖက်ကိုကွေးကာ ဆ်ိုဖာပေါ်တင်လိုက်၏။ လက်ထဲက မီးခြစ်အား အရှိန်နှုန်းမြင့်မြင့်ဖြင့် လှည့်နေပြီး မျက်လွှာကမူ အောက်စိုက်ချထားလျက်သား။

"မင်းငါ့အပေါ် ကြုံသလို ကြင်နာပေးလိုက်တာမျိုး တော့မဖြစ်နိုင်ဘူးလေ"

ရုတ်တရက်ပင် ယွင်ဖန်းမှာ စီးကရက်တစ်လိပ်လောက် သောက်ချင်စိတ် ပြင်းပြသွားရသည်။ သို့ပေမဲ့ ခုလေးတင် ရှိသမျှ စီးကရက်အားလုံးအား အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပြီပင်။ သူက နောက်သို့ ခြေနှစ်လှမ်းဆုတ်က ပြတင်းပေါက်ဘောင်ကို မှီလိုက်၏။

"မင်းကြားချင်တယ်ဆိုတာ သေချာရဲ့လား?"

ရိချန်းလျန်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကာဖြင့်

"ငါ့ကို တည့်တည့်ပဲဖြေပေး။ မင်းငါ့ကို ဒီပုံစံအတိုင်းပဲ ဆက်ဆွဲထားမယ်ဆိုရင် ငါရူးသွားလိမ့်မယ်။ မင်းက ငါ့ရဲ့ ညီအရင်းများလို့တောင် ငါ သံသယဝင်နေမိပြီ"

"ဒါက မင်းရဲ့ ညီအရင်း ဖြစ်နေတာထက်ကို ပိုပြီး ဆန်းကြယ်နေလိမ့်မယ်"

ယွင်ဖန်းက သက်ပြင်းချလိုက်၏။

ရိချန်းလျန်က စိတ်ရှုပ်‌ထွေးသွားသည့်အမူအယာဖြင့် သူ့ကိုကြည့်လာကာ

" ညီမအရင်းလား?"

ယွင်ဖန်းခမျာ ထိုသူ့ကို စိတ်မထိန်းနိုင်စွာဖြင့် တစ်ချက်လောက် ရိုက်ပစ်လုနီးပါး။

ရိချန်းလျန်က သူ့ခန့်မှန်းချက်များမှာ အတော်လေးဝေးလွန်းသည်ဟု ‌နားလည်သွားပုံရကာ မထိန်းနိုင်စွာရယ်လိုက်၏။

"သောက်ကျိုးနည်းပါလား"

"ပြီးခဲ့တဲ့ လနည်းနည်းလောက်တုန်းကအထိ ငါ့နာမည်က ယွင်ဖန်း မဟုတ်ခဲ့ဘူး"

ယွင်ဖန်းက ရိချန်းလျန်ထံ စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ငါနာမည်က ရိချန်းလျန်"

ရိချန်းလျန်မျက်နှာထက်ရှိ အပြုံးမှာ တောင့်ခဲသွားလေကာ စက်ရုပ်တစ်ရုပ်နှယ် ထရပ်လိုက်မိ၏။ ယွင်ဖန်းထံကြည့်သည့် သူ့အကြည့်ထဲ သိသာရှင်းလင်းသည့် မယုံနိုင်မှုများ ပါဝင်နေပေသည်။

"မင်း ဘာစောက်စကားတွေ ပြောနေတာလဲ?"

သူ့က သူ့ကို ငြင်းချင်သည်ဆိုလျှင်တောင်မှ ဤမျှလောက် ဇာချဲ့စရာ မလိုပါချေ။

ယွင်ဖန်းက ပြုံးလျှက်ဖြင့် သူ့ကိုယ်သူ ညွှန်ပြကာ

"ဒီကလေးရဲ့နာမည်က ယွင်ဖန်း၊ ပြီးခဲ့တဲ့ လနည်းနည်းလောက်က အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့တယ်။ ပြန်နိုးလာတဲ့အချိန်မှာတော့ ဒီကိုယ်အထဲမှာရှိတဲ့လူက ငါအဖြစ်ပြောင်းသွားခဲ့တယ်။ အရင်ဘဝက ငါမသေခင်မှာ အသက် သုံးဆယ်ငါးနှစ်ရှိခဲ့ပြီ"

ရိချန်းလျန်က မျက်မှောင်ကြုတ်လိုက်၏။

"အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့"

"မင်းက ချိုးရှန်မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာ။ မင်းကို ပန်းပွင့်တွေပါတဲ့အိတ်ထဲထည့်ပြီး မိဘမဲ့ဂေဟာရဲ့တံခါးဝမှာ ဒီတိုင်းစွန့်ပစ်ခဲ့တာ။တကယ်လို့ တစ်ယောက်ယောက်က ညဘက်ကြီး သန့်စင်ခန်းသွားဖို့ ထွက်လာပြီး မင်းကိုတွေ့ခဲ့လို့သာ မဟုတ်ခဲ့ရင် မင်း အေးခဲပြီး သေသွားပြီးလောက်ပြီ"

ယွင်ဖန်း၏ အကြည့်က သူ့ပေါင်ထက် ရောက်သွား၏။

"မင်းရဲ့ ပေါင် အတွင်းပိုင်းမှာ မှဲ့နက်တစ်လုံးရှိတယ်။ မင်းရဲ့ ခါးနားလေးမှာလည်း သိပ်ပြီး မထင်ရှားတဲ့ တြိဂံပုံ မွေးရာပါ အမှတ်တစ်ခုရှိတယ်-"

"မင်း အသက်ခြောက်နှစ်မှာ စုန့်လိလိနဲ့ ရိမင်ကျစ်တို့က အဆက်သွယ်တွေကနေတဆင့် မင်းကို မိဘမဲ့ဂေဟာကနေ ခေါ်ပြီး မွေးစားလိုက်တယ်။ အစပိုင်းတုန်းကတော့ သူတို့က မင်းအပေါ် ကောင်းကြသေးပေမဲ့ နောက်ပိုင်းကျတော့ မင်းကို မကြာခဏ ရိုတ်တတ်လာကြတယ်။ ပြီးတော့ ရိချန်းကျယ် မွေးပြီးနောက်မှာတော့ မင်းကို ရောင်းပဲ ရောင်းပစ်ချင်ကြတော့တယ်။ မင်း ဒူးထောက်ပြီ သူတို့ကိုတောင်းပန်ခဲ့သေးတယ်။ မင်းရဲ့ ခေါင်းကိုအကွဲခံပြီးတောင်မှပေါ့။

မင်းက ညာဘက်ကိုစောင်းအိပ်ရတာကို ကြိုက်တယ်။ စိတ်လှုပ်ရှားလာရင် မင်းရဲ့ လက်ဆစ်တွေကို ချိုးနေတတ်တယ်၊ ကလေးတစ်ယောက်အနေနဲ့ မင်းရဲ့ သွေးရင်းမိဘတွေကို ရှာတွေ့ချင်လို့ဆိုပြီး စောင်ထဲမှာ တိတ်တိတ်လေး ခိုးငိုဖူးတယ်-သေချာတာပေါ့ ဒါတွေအားလုံးက အပေါ်ယံ ကိစ္စတွေပါပဲ။ စိတ်ဝင်စားတဲ့ ဘယ်သူမဆို နည်းနည်းလောက် စုံစမ်းရုံနဲ့ သိနိုင်တဲ့အရာတွေလေ"

ယွင်ဖန်းက နှုတ်ခမ်းထောင့်ကိုကွေးလိုက်ကာ သူ့နားကို တိုးကပ်လို့ တီးတိုးပြောလိုက်၏။

"မင်း ပထမဆုံးအကြိမ် အာသာဖြေတာက အလယ်တန်း ရှေ့ခုံက မင်းကြိုက်တဲ့ ကောင်မလေးကြောင့်ပဲ၊ မင်းရဲ့ အိပ်မက်ထဲမှာတောင် နွေဦးအိမ်မက်လေး မက်လိုက်သေးတယ်လေ...."

ရိချန်းလျန်မှာ နားထောင်လေလေ မျက်နှာကပိုပိုပြီး ရုပ်ဆိုးလာလေလေပင်။

"မင်းရဲ့ကိုယ်ပိုင်....လှုပ်ရှားမှုသေးသေး လေးတွေကိုလည်း ငါသိတယ်...."

ယွင်ဖန်းက ခပ်တိုးတိုး ရယ်လိုက်၏။

"မင်းက အသံထွက်ရတာကို မကြိုက်ဘူး....တိတ်တိတ်လေးပဲလုပ်တတ်တာ...."

ရိချန်းလျန်မျက်နှာက ရုတ်တရတ် အနီရောင်ပြောင်းသွားခဲ့ကာ ဒေါသထွက်ပြီး ရှက်ရွံ့လာလေ၏။

"ငိုးလိုပဲ! ပါးစပ်ပိတ်ထား!"

ယွင်ဖန်းက သူ၏အနီရောင်နားရွက်ကို ပွတ်သပ်ကာ လေဖြင့်မှုတ်လိုက်ပြီး ရယ်လိုက်၏။

"မင်းရဲ့ နားရွက်လည်း အထိမခံနိုင်တဲ့ နေရာတစ်ခုပဲ”

ရိချန်းလျန်မှာ ချက်ပြီးသား ပုဇွန်လေးကဲ့သို့ပင်၊ ပြောကောင်းသည့် အရာတွေရော၊ ပြောမကောင်းသည့်အရာတွေရော အားလုံးဟာ သည်းမခံနိုင်လောက်အောင် ရှေ့မှောက်မှာ ချပြခံလိုက်ရသည်။

ရှက်ရွံ့ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းနောက်တွင် ထိတ်လန့်မှုနှင့် မယုံနိုင်ခြင်းများ ကပ်ပါလာကာ သူ့၏ လောကအမြင်မှာ တစ်စစီကွဲကြေသွားခဲ့၏။ သူက တုန်ယင်နေသည့်လက်ဖြင့် ယွင်ဖန်းကို တွန်းထုတ်လိုက်တော့သည်။

"ဒါက သိပ္ပံနည်းကျမနေဘူး!"

"ဒါကတော်တော်လေး သိပ္ပံနည်း မကျဘူး"

ယွင်ဖန်းက မသိလိုက်ဘာသာ ပုခုံးတွန့်ကာ

"ဒါက စိတ်ကူးယဉ်ဆန်တယ်လို့ ငါလည်းထင်ပါတယ်"

ရိချန်းလျန်က သူ့အား ရှုပ်ထွေးစွာကြည့်လာကာ

"ဒါဆို မင်း ဘယ်လို သေသွားခဲ့တာလဲ?"

ယွင်ဖန်းက ရယ်ကာ သက်ပြင်းချလိုက်၏။

"အတန်းဖော် ရှောင်ရိ၊ ငါ့ကို မျက်နှာလေးနည်းနည်းပေးပါဦးလား"

ကြည့်ရတာ အတော်လေး သနားစရာကာ‌င်းစွာ သေဆုံးခဲ့ရသည့်ပုံပါပင်။ ရိချန်းလျန်မှာ အကြောင်းရင်းမရှိ တွေးလိုက်မိ၏။ အဆုံးမှာတော့ သိချင်စိတ်က ကြောက်လန့်မှုနင့် တုန်လှုပ်မှုတို့ကိုကျော်သွားကာ ယွင်ဖန်းအား အပေါ်အောက်ကြည့်လိုက်ပြီး မယုံနိုင်စွာ အဖြေရှာနေမိသည်။

"ငါ့လူးလိုပဲ.....ငါခဏလောက် စိတ်ငြိမ်အောင် လုပ်ရတော့မယ်...."

မထူးဆန်းတော့။ မထူးဆန်းလေတော့။ယွင်ဖန်းက ရှင်းနန်လမ်းကြားတွင် ရုတ်တရက်ပေါ်လာပြီး လက်ဗလာဖြင့် ဓါးကိုဖမ်းခဲ့တာ။ သူ့အိမ် ဘယ်မှာရှိသည်ကိုလည်း သိနေတာ။ သူနှင့်အတူ အတန်းတစ်ဆယ်သို့ရောက်နိုင်ရန် ရှိသမျှအားကုန် စိုက်ထုတ်ခဲ့တာ။ရှောင်ဝူရွာသို့ သူ့ကိုကယ်ရန် တစ်ယောက်တည်း ရောက်လာပေးခဲ့တာ……။

ယွင်ဖန်း သူ့အပေါ် အတော်လေး ကောင်းပေးသည်က မထူးဆန်းတော့။

ယွင်ဖန်းက သူ့ကို သဘောကျပေမဲ့ သူလိုချင်သည့် သဘောကျမှုမျိုး မဟုတ်ကြောင်း ပြောခဲ့သည်ကလည်း မထူးဆန်းတော့ပါချေ။

မည်သူကမှ ကိုယ့်အပေါ်ကိုယ် မကောင်းတာ ဖြစ်စေချင်သည်မဟုတ်။ အဆုံးမှာတော့ လူတိုင်းက သူတို့ကိုယ်တိုင်၏ လိုအပ်ချက်များ အပေါ်အခြေခံ၍သာ ရှင်သန်ကြသည်ပင်။

ရိချန်းလျန်မှာ သူမည်‌သို့ ခံစားနေရသည်ကို ပြောမပြနိုင်တော့ပေ၊ မသိလျှင် မယုံနိုင်စရာကောင်းလှသည့် အိပ်မက်တစ်ခုအလား။ ထိုအိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က သူ့အပေါ် နှလုံးသားနှင့် ရင်း၍ ကောင်းပေး၏၊ သူ့မှာ ထိုလူအား မထိန်းနိုင်စွာပင် သဘောကျမိသွားခဲ့ပြီး ဘုရားက သူ့အား တစ်ခါလောက်တော့ ကြင်နာပေးလာသည်ဟု ထင်ခဲ့မိသည်။ သို့ပေမဲ့ ထိုအိပ်မက်မှ သူနိုးထလာချိန်၌ အရာအားလုံးက သူ့၏ စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်နေသည်ကို သိလိုက်ရလေသည်။

သူသဘောကျသည့်လူ ယွင်ဖန်းဆိုသည်မှာ ရေမြုပ်ပူပေါင်းဖြင့် လုပ်ထားသူသာဖြစ်၏။ ခဏတာလှုံ့ဆော်မှုကြောင့် သူ့ကိုယ်တိုင်၏ လက်ဖြင့် ရေမြုပ်ပူပေါင်းကို ဖမ်းဆုပ်ခဲ့ပေမဲ့ အဆုံးမှာ သူ့တွင် ဘာမှ ရှိမနေတော့တာကို သိလိုက်ရလေသည်။

သူဟာ အထီးကျန်သူ၊ ကံမကောင်းသည့် ဥအဟောင်းတစ်လုံး ဖြစ်နေဆဲပါပင်။

ရိချန်းလျန်ကလက်လှမ်းကာ သူ့ဆံပင်ကို ဖွလိုက်ပြီး ရယ်လိုက်တော့သည်။

"ချီးလိုပဲ!၊ ဒီဟာက....တောင်းပန်ပါတယ် သူငယ်ချင်းလေးရာ၊ ဟေး ဒါက ဒီလို ရက်စက်တဲ့ အရာမျိုး ဖြစ်နေလိမ့်မယ်လို့ ငါလည်း မထင်မိခဲ့ဘူး"

ယွင်ဖန်းမှာ သူ့ တုန့်ပြန်ချက်ကြောင့် ခဏလောက် ကြောင်အမ်းနေပြီးမှ အတင်းဆွဲဆန့်ပြုံးကာ သီးခြားဆန်သည့်အပြုအမူဖြင့်

"ရပါတယ်၊ ငါက မင်းကိုစောစောစီးစီးပြောခဲ့သင့်တာကို၊ မင်းအထင်လွဲသွားတာကို အပြစ်မတင်နဲ့"

"အနာဂတ်မှာ ငါ အရမ်းကို အထင်ကြီးစရာကောင်းလာမှာလား?"

ရိချန်းလျန်က သူ့ကိုမေးလာသည်။

ယွင်ဖန်းက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ဆိုဖာလက်ရန်းပေါ်ထိုင်ချလိုက်သည်။

"အင်း၊ သိပ်တော့မဆိုးပါဘူး"

ရိချန်းလျန်ကမေးပြန်သည်။

"ငါ မိန်းမရော ရခဲ့လား? ကလေးရော ရှိခဲ့လား? ဘယ်နှစ်ယောက်ရှိခဲ့လဲ?"

ယွင်ဖန်း:"....မိန်းမမရှာရသေးခင်မှာ ငါသေသွားတာ"

"အိုး၊ ဒါက နည်းနည်းတော့ သနားစရာပဲ"

ရိချန်းလျန်က​ ဆိုလိုက်သည်။

ယွင်ဖန်း:"....."

ရိချန်းလျန်:"......"

"မင်းရဲ့ အနာဂတ်က ငါနဲ့ တူမှာမဟုတ်ဘူးလေ"

ယွင်ဖန်းက သူ့ခေါင်းကို ပုတ်လိုက်လျက်

"ငါ အထက်တန်းတက်ပြီး တစ်လအကြာမှာ ကျောင်းကထွက်လိုက်ရပြီး လူငယ် ထိန်းသိမ်းရေးစခန်းကို ရောက်သွားတယ်။ အဲ့ဒီနောက်မှာ လူမှုအသိုင်းအဝိုင်းထဲ ကြုံသလို ဝင်ရောရတော့တာပဲ။ မင်းကတော့ တက္ကသိုလ်ကောင်းကောင်းတက်ပြီး အလုပ်ကောင်းကောင်းရှာ၊ မိန်းမကောင်းလေးရှာလက်ထပ်ပြီး ကလေးတွေယူ၊ အဲ့ဒါမျိုးကကောင်းတယ်"

"အင်း၊ နားထောင်ရကောင်းသားပဲ"

ရိချန်းလျန်က မျက်နှာကြက်ကိုမော့ကြည့်ကာ

"မင်းလည်း ယွင်ဖန်း ဖြစ်လာပြီဆိုတော့ ကျောင်းကနေ ထပ်ပြီး မထွက်ရတော့ဘူးလေ"

"ဟုတ်တယ်"

ယွင်ဖန်းက ဟင်းလင်းပြင်တစ်နေရာကိုစိုက်ကြည့်ရင်း

"အဲ့ဒါ ကောင်းတယ်"

ခွက်ထဲရှိ ရေနွေးက တစ်ဖြည်းဖြည်း အေးသွားပြီဖြစ်ကာ အပူများပျောက်သွားခဲ့ပြီပင်။ နှစ်ယောက်သား ဆိုဖာတွင်ထိုင်ကာ တစ်ယောက်မှ စကားမပြောကြတော့ပေ။

ရိချန်းလျန်၏ စိတ်က ရှုပ်ယှက်ခတ်နေခဲ့၏။ တခဏတွင် ဤသည်က မဖြစ်နိုင်ဟု သူခံစားရကာ နောက်တခဏမှာတော့ ထို ထူးဆန်းပြီး စစ်မှန်သည့် သက်သေများက လုံးဝကို မှန်ကန်‌သည်ဟု ခံစား‌ရပြန်၏။ အတွေးနှစ်ခုက သူ့ဝိညာဉ်ကို ဆုတ်ဖြဲပစ်နေသည့် လက်နှစ်ဖက်အလား သူ့အား အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲမိလုနီးပါးပါပင်။

ယွင်ဖန်း ထရပ်ကာ သူ့အနွေးဂျာကင်ကိုယူလိုက်ပြီး ရိချန်းလျန်ကိုပြောလိုက်သည်။

"အများကြီး မတွေးနဲ့တော့ ၊ ငါသာမင်းဆိုရင်လည်း ဒီလိုလူတစ်ယောက်အပေါ် သဘောကျမိသွားမှာပဲ၊ ဒီပြဿနာက အစကတည်းက ငါ့အမှားတွေပါပဲ-"

"မင်းကို ခြောက်လှန့်မိမှာ ကြောက်လို့ ငါမပြောပြနိုင်ခဲ့ဘူး"

ယွင်ဖန်းက ခါးသက်သက်ပြုံးလိုက်၏။

"အခုက ဘာလို့ ပြောတာလဲ?"

ရိချန်းလျန်က ခေါင်းမာသည့် မျက်လုံးမျိုးဖြင့် သူ့ကိုမော့ကြည့်၏။

"မင်း ငါ့ကို ပြောပြစရာ မလိုပါဘူး"

"ဒါမျိုးက မင်းအတွက် မတရားဘူးလေ"

ယွင်ဖန်းက သူ့အား ရင်နာစွာ ကြည့်လာ၏။

"မင်းတကယ်ကြိုက်တဲ့သူကို ရှာသင့်တယ်"

"ငါ့အပေါ် မင်းထက်ပိုကောင်းကောင်း ဆက်ဆံပေးမဲ့သူမျိုး ရှိနိုင်ပါဦးမလား?"

ရိချန်းလျန်က သူ့အား စိုက်ကြည့်ကာ စနောက်သည့်လေသံဖြင့် မေးလာသည်။

"သေချာပေါက်ကို ရှာလာမှာပါ"

ယွင်ဖန်းက ညင်သာသည့်လေးပြုံးလိုက်၏။

"တကယ်တော့-ငါက ငါ့ကိုယ်ငါ အဲ့လောက် ချစ်တတ်တဲ့ လူစား မဟုတ်ဘူး"

ဗလာကျင်းနေသည့်အခန်းထဲ၌ ‌လုံခြုံရေးတံခါးပိတ်သွားသည့်အသံက အထူးသဖြင့်ကို ကျယ်လောင်လွန်းလှပေသည်။

ရိချန်းလျန်က ဆိုဖာတွင် လှဲနေကာ ကိုယ်ကိုဖြည်းဖြည်းကွေးလိုက်မိသည်။ အခန်းက အပူရှိန်နှင့်အတူ နွေးလာပေမဲ့ သူကတော့ လှိုင်းလုံးများကြား အေးစက်စက်ခံစားနေရဆဲပါပင်။

သေချာပေါက်ပင် ရိချန်းလျန်က ရိချန်းလျန်ကို သဘောကျနိုင်ပါ၏။ သို့ပေမဲ့ ရိချန်းလျန်က ယွင်ဖန်းကို သဘောကျသည့် ပုံစံမျိုးဖြင့်တော့ မဟုတ်ပါချေ။

အနာဂတ်မှ သူက တကယ်ကို စက်ဆုပ်ဖွယ်ကောင်းလှ၏။

သို့ပေမဲ့လည်း။

ရိချန်းလျန် လက်မြှောက်ကာ မျက်လုံးကို အုပ်လိုက်ပြီး သူ့နှလုံးသားထဲရှိ အားနည်းချက် ၊ ရှောင်တိမ်းလိုမှုနှင့် တုန့်ဆိုင်းသည့် ခံစားချက်များ အားလုံးကို ဖိနှိပ်လိုက်၏။

ယခင်က သူ့ဘာသာ ကောင်းကောင်း ရှင်သန်ခဲ့ပြီးပြီမို့ အနာဂတ်မှာလည်း ထိုသူ့၏ စေတနာနှင့် သနားကြင်နာမှုများ မပါဘဲလည်း သူ့ဘာသာ ကောင်းကောင်း ရှင်သန်သွား နိုင်လိမ့်မည်ပင်။

'တကယ်တော့-ငါက ငါ့ကိုယ်ငါ အဲ့လောက် ချစ်တတ်တဲ့လူစား မဟုတ်ပါဘူး’

ထိုလူ မထွက်သွားခင်က ပြောခဲ့သည့်စကားလုံးများ သူ့နားထဲ ပဲ့ထင်ထပ်နေဆဲပါပင်။

“ငါက ငါ့ကိုယ်ငါ အဲ့လောက် ချစ်တတ်တဲ့လူစား မဟုတ်ပါဘူး”

ရိချန်းလျန် သူ့ဘာသာရေရွတ်လိုက်၏။

"ငါက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့လူ မဟုတ်ဘူး"

****

ညရောက်လာပြီ ဖြစ်သည်။ ယွင်ဖန်းက စာရေးခုံတွင် ထိုင်ကာ လမ်းတစ်ဖက်ရှ် အဆောက်အဦး၏ သုံးလွှာမြောက် ပြတင်းပေါက်ဆီ ကြည့်နေမိသည်။

မီးက အခုထိ မဖွင့်သေးပါချေ။

သူအရမ်းကြီး စိတ်လိုက်မာန်ပါဖြင့် ရိချန်းလျန်အား အမှန်တရားကို မပြောလိုက်သင့်တာမျိုးလည်း ဖြစ်နိုင်ပေသည်။

နေ့လည်က ထိုရူးသွပ်သည့် ထိန်းချုပ်မရနိုင်သော အနမ်းက သူ ဘယ်တုန်းမှ မခံစားခဲ့ဖူးသည့် ထိတ်ပြာမှုကို ခံစားရစေခဲ့၏။ တခဏလောက်တော့ ဒီတိုင်းလေး ဆက်သွားလျှင်တောင် မဆိုးလှဟုပင် တွေးလိုက်မိသေးသည်။ ရိချန်းလျန်အား ဖုံးထားနိုင်သရွေ့ သူဟာ ယွင်ဖန်းသာ ဖြစ်နေလိမ့်မည်ပင်။

တစ်ကိုယ်ကောင်းဆန်ကာ ရယ်စရာကောင်းလှသည်။

ဘယ်တုန်းကတည်းက စတင်ခဲ့သည်မသိပေမဲ့ ရိချန်းလျန်အပေါ် သူ တစ်ကိုယ်ကောင်း မဆန်နိုင်တော့ပေ။ ဤမျှ သန့်ရှင်းသည့် ရိချန်းလျန်အား သူ့၏ ညစ်ပတ်ကာ ရုပ်ဆိုးလှသည့် ဝိညာဉ်ဖြင့် အရောင်မစွန်းစေသင့်တော့ပါချေ။

သူက သူ့အား ကြောက်နေခဲ့ပြီဖြစ်၏။

ပြတင်းပေါက်ရှေ့တွင် သူ မည်မျှကြာကြာ ရပ်နေခဲ့မိသည် မသိပါချေ။ တစ်ဖက်ရှိ ပြတင်းပေါက်က နောက်ဆုံးမှာ မီးမှိန်မှိန်လေး လင်းလာကာ အတွင်းဘက်ရှိလူက ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် လုပ်နေတာကို ဝေဝါးဝါး မြင်လိုက်ရသည်။

သူ အနည်းငယ် ကတိုက်ကရိုက် ထွက်လာခဲ့မိပြီး ရိချန်းလျန်ကို ကူညီ သိမ်းဆည်းပေးဖို့ မေ့သွားခဲ့သည်ပင်။

°°°°°°°°

ရိချန်းလျန်မှာ တစ်ညလုံး သိမ်းဆည်း နေရာချရင်းဖြင့် အလုပ်များနေခဲ့ကာ ဘာစားရမှန်း မသိစွာဖြင့် အိပ်ရာထက် ခြေပစ်လက်ပစ် လှဲလိုက်၏။

လမ်းတစ်ဖက်ရှိ အိမ်ရာအဆောက်အဦးများရှိ ပြတင်းအများစုမှာ ဖွင့်ထားတာ ဖြစ်သည်။ ချက်ပြုတ်သံ၊ ရယ်မောသံများက ဘဝတွင် တွေ့ကြုံရသော မီးပန်းများ၏ အထိအတွေ့ကို တည်ဆောက်ပေးနေလေ၏။

ယွင်ဖန်း၏ အိမ်က လေးလွှာတွင် ဖြစ်သည်။ ယွင်ဖန်းအခန်း၏ ပြတင်းပေါက်ရှေ့တွင် ယွီရှု ပင်တစ်ပင်ရှိသည်ကို သူယောင်ဝါးဝါး မှတ်မိနေသည်။

သူမော့ကြည့်လိုက်၏။ ယွီရှုအပင်က သစ်ရွက်အားလုံးကြွေကျကုန်ပြီဖြစ်ရာ ကြမ်းတမ်းသည့် အကိုင်းအခက်တို့မှဖြတ်၍ ပြတင်းပေါက်မှ အလင်းရောင် ကိုမြင်နိုင်လေသည်။

ရိချန်းလျန်က ထကာ မီးပိတ်လိုက်ပြီး ပြတင်းပေါက်ကိုမှီကာမော့ကြည့်လိုက်သည်။

သုံးလွှာ၏ ဖွင်ထားခဲ့သောမီးက ပြန်ပိတ်သွားသည်ကိုယွင်ဖန်းမြင်တော့ သူ့အခန်းမီးကိုလည်း ပိတ်ပစ်လိုက်ပြီး ပြတင်းပေါက်ရှေ့တွင် လာရပ်ကာ အောက်ငုံ့ကြည့်လိုက်သည်။

ယွီရှုပင်အိုက အရွက်များ မရှိတော့သည်မို့ မြင်ကွင်းကိုကွယ်မထားနိုင်လေကာ မဲမှောင်နေသည့် ပြတင်းပေါက်တွင်တော့ မည်သည့်လူရိပ်ကိုမှ မမြင်နိုင်ပါချေ။ အကြည့်နှစ်ခုသည် ညနှင့် ညှိုးနွမ်းနေသော အကိုင်းအခက်များမှတစ်ဆင့် ကူးလူးနေခဲ့ပေမဲ့ နှစ်ဖက်လုံးက သတိမထားမိခဲ့ကြပါချေ။

ဤသည်က လျှို့ဝှက်ကာ မိမိကိုယ်ကိုယ် ထိန်းမနိုင်သိမ်းမရ အလိုလိုက်ထားမှု တစ်ခုကဲ့သို့ပါပင်။

____

စာရေးသူမှာ ပြောစရာရှိသည်။

သာ့ရိက ယွင်ဖန်းဆိုတဲ့ ကိုယ်ထည်ကိုသုံးပြီး ရှောင်ရိကို ဒိတ်မှာ မဟုတ်ဘူး။ သူက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး လွှမ်းမိုးလိုစိတ် များတယ်လေ[ခွေးကောင်]

အဲ့ဒါကြောင့် နောက်ပိုင်းမှာ ရှောင်ရိကလည်း ယွင်ဖန်းအစား တကယ့်သာ့ရိကိုပဲ ချစ်မိသွားလိမ့်မယ်။ တကယ့်ကို ခွေးကောင်ဆိုပေမဲ့ပေါ့[ခွေးကောင် X2]

သာ့ရိက ရှောင်ရိကို ထိန်းချုပ်တယ်။သာ့ရိကို ရှောင်ရိက လက်ချာရိုက်တယ်။ အခြေအနေက ဗြောင်းဆန်နေရောပဲ။[ခွေးကောင် X3]

ဘာညှင်းပမ်းနှိပ်စက်မှုမှ မရှိဘူး။ငါနဲ့အတူ စီးမြောလိုက်။ဒါက သေးငယ် ချိုမြတဲ့ ကိတ်တစ်လုံးပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment