[နေ့စဉ်ဘဝ]
ရက်များက အမြဲလို လျင်မြန်စွာ ကုန်ဆုံးတတ်လေသည်။ ကျောင်းသားများ၏ လက်တိုအင်္ကျီက လက်ရှည်အင်္ကျီအဖြစ် ပြောင်းသွားပြီဖြစ်ကာ ပထမနှစ်ကျောင်းသားများက ၎င်းတို့၏ နှစ်ဝက်စာမေးပွဲကို ရင်ဆိုင်ကြရတော့မည်ပင်။
ယွင်ဖန်းက ပုံမှန်ဆို ကျောင်းကို စောစောရောက်နေတတ်ပေမဲ့ ဒီနေ့မှာတော့ မနေ့ညက အိမ်စာကြောင့် နောက်ကျသွားကာ မနက်ပိုင်းစာဖတ်ချိန်ကိုတောင် လွတ်သွားလုနီးပါးပင်။
ရိချန်းလျန်က အင်္ဂလိပ်စာလုံးများကိုမှတ်နေရင်း သန်းလိုက်၏။ ယွင်ဖန်းရောက်လာတာကိုမြင်တော့ သူက သိပ်ပြီး မတုန့်ပြန်ခဲ့ဘဲ အိပ်ချင်စိတ်တစ်ဝက်ဖြင့် ကြည့်လာသည်။
သူ့ အိမ်စာကို ပေးလိုက်ပြီးနောက်မှာ ယွင်ဖန်းလည်းပဲ သူ့အင်္ဂလိပ်စာအုပ်ကို ဆွဲထုတ်လို့ စာလုံးများကို စတင်မှတ်သားလိုက်သည်။ အင်္ဂလိပ်ဆရာက စာသင်ခန်းကို တစ်ကြိမ်မျှပတ်လျှောက်ပြီးနောက်မှ ပြန်ထွက်သွားခဲ့၏။ ယွင်ဖန်းက တံခါးကို ခဏလောက် စိုက်ကြည့်နေခဲ့ပြီးနောက် သင်္ချာစာရွက်ကိုဆွဲထုတ်ကာ ပုစ္ဆာစတွက်လေသည်။
သူက စားပွဲခုံနှင့် ရိုက်မိတော့မလိုဖြစ်နေသည့် ရိချန်းလျန်အား ကြုံသလို ဆွဲလိုက်ကာ ခေါင်းမမော့လာပါဘဲနှင့် ပြောလိုက်သည်။
“Apology ဆက်ကျက်လေ”
ရိချန်းလျန်မှာ မျက်လုံးဖွင့်ဖို့ကို ရုန်းကန်နေခဲ့ရကာ တစ်ဝက်သေနေသည့်ပုံစံဖြင့် စာကိုဆက်ပြီး ဖတ်နေလေ၏။
“a-p-o-l-o-g-y၊ တောင်းပန်ခြင်း၊ နာမ်၊ apology-”
ယွင်ဖန်းက ခေါင်းငုံ့ကာ ပုစ္ဆာဆက်တွက်လိုက်၏။ စာရွက်တစ်ဝက်လောက် ပြီးသွားပြီးနောက် မနက်ပိုင်း စာဖတ်ချိန် ပြီးဆုံးကြောင်း ခေါင်းလောင်းသံ မြည်လာလေသည်။ သူက ခေါင်းမော့လိုက်ချိန် ရိချန်းလျန်က စာကို ရေရွတ်နေဆဲဖြစ်သည်ကို ကြားလိုက်ရသည်။
“Stare—စိုက်ကြည့်သည်။ s-t-a-r-e၊ stare-at—”
“ရပြီ ‘at’ကို တော်လိုက်တော့”
ယွင်ဖန်းက သူ့လက်ကို တိုက်လိုက်ကာ
“လေ့ကျင့်ခန်းလုပ်ဖို့ အောက်ကိုသွားမယ်”
ရိချန်းလျန်က သူ့ကိုစိုက်ကြည့်ကာ အကျယ်ကြီး သန်းလိုက်၏။
ယွင်ဖန်းက သူ့ကို ဆွဲခေါ်ကာ လူအုပ်ထဲရောနှောလို့ အောက်ထပ်ကို ဆင်းသွားလိုက်သည်။ နှစ်ယောက် ကအရပ်တူတာကြောင့် နောက်ဆုံးတန်းမှာရပ်လိုက်ကြသည်။ ကျောင်းတစ်ပတ် စက်ဝိုင်းကြီးတစ်ခုလို ပြေးပြီးနောက် နောက်ဆုံးတော့ ရိချန်းလျန် အပြည့်အဝ နိုးကြားသွားခဲ့ပြီပင်။
“ဒီလောက်ပင်ပန်းရအောင် မနေ့ညက ဘာလုပ်နေလို့လဲ?”
ယွင်ဖန်းက သူ့ကိုမေးလိုက်သည်။
ရိချန်းလျန်က မျက်လုံးပွတ်ကာ ဖြေသည်။
“ဘာမှ မလုပ်ဘူး”
“ကျစ်၊ မျက်လုံးကို လက်နဲ့မပွတ်နဲ့လေ”
ယွင်ဖန်းက စိုးရိမ်စွာနှင့် သူ့လက်ကို ဆွဲချလိုက်သည်။
“အပေါ်တက်ပြီး ရေအေးနဲ့ ဆေးလိုက်။”
“အင်း”
ရိချန်းလျန်က အိပ်ချင်နေချိန်တွင် ဒေါသမထွက်တတ်၊ ဆဲလည်းမဆဲတတ်သလို ပုံမှန်နှင့် မတူစွာ နာခံတတ်လေပြီး ခိုင်းသလို လုပ်တတ်၏။
ယွင်ဖန်းက လူကို အလျင်စလိုဖြင့် အပေါ်တက်ခိုင်းပြီး သူက စူပါမားကပ်သွား၍ ကော်ဖီနှစ်ဗူးဝယ်လိုက်သည်။
အားလပ်ချိန်အရှည်ကြီးအတွင်း ရိချန်းလျန်က ကော်ဖီတစ်ငုံသောက်လိုက်ရင်း ကျိရှုမော့ လျှောက်လာတာကို မြင်လိုက်ရသည်။ ကော်ဖီကိုမြင်တော့ ကျိရှုမော့ မျက်လုံးတို့က လင်းလက်သွားကာ ပြောလာသည်။
“အစ်ကိုကြီး ရိ.. ငါလည်းသောက်ချင်-“
“မရဘူး၊ မင်းသောက်လို့မရဘူး”
ရိချန်းလျန်က ကော်ဖီနောက်တစ်ဗူးအား ခုံထဲ တွန့်တိုစွာ ထည့်လိုက်၏။
ကျိရှူမော့က သူ့ကိုစလာသည်။
“ဒါကို စာနတ်ဘုရားဝယ်ပေးတာ ငါတွေ့လိုက်တယ်”
ယွင်ဖန်းက အတန်းပြီးသည်နှင့် အတန်းပိုင်ဆရာထံမှ ရုံခန်းဆီသို့ အခေါ်ခံလိုက်ရာ ခဏလောက်တောင် အပြင်ထွက်ဖို့မရနိုင်တော့ဟု တွက်နိုင်လေသည်။ ရိချန်းလျန်က မျက်ခွံပင့်ကာ သူ့ကိုကြည့်လိုက်သည်။
“ပြသနာရှိလို့လား?”
ကျိရှူမော့က မေးစေ့ကိုပွတ်ရင်း စဉ်းစားလိုက်သည်။
“စာနတ်ဘုရားက ငါတို့အတန်းထဲမှာ ရှိနေတာ တစ်လနီးပါးရှိနေပြီ။ သူက တခြားသူတွေကို လျစ်လျူရှုပေမဲ့ မင်းကို ကပ်လွန်းတယ်။ သူ မင်းကို ကြိုက်နေတာများလား?”
ရိချန်းလျန်မှာ သူ့မျက်နှာပေါ် ကော်ဖီတွေ ဖူးခနဲ မှုတ်ထုတ်လုနီးပါး။
“”မင်း အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ ရပ်လိုက်တော့”
အစတုန်းက သူသည်လည်း ယွင်ဖန်းတစ်ယောင် အတန်းတစ်ဆယ်သို့ ‘မကောင်းသည့်’ ရည်ရွယ်ချက်များဖြင့် လာခဲ့ခြင်းဟု ကြောက်စရာကောင်းအောင် သံသယဝင်ခဲ့ပေမဲ့ ယွင်ဖန်းနှင့် ခင်မင်လာပြီးနောက်မှာတော့ တဖြည်းဖြည်းနှင့် သူ့သံသယများ မှေးမှိန်လာခဲ့သည်ပင်။
ယွင်ဖန်းက သူ့အပေါ်တွင် အတော်လေး အေးဆေးတည်ငြိမ်၏။ တစ်ခါမှ မချစ်ဖူးခဲ့ပေမဲ့လည်း ရိချန်းလျန် မြင်ဖူးပါသည်။ သူသာ တကယ်ကြိုက်လျှင် တည်ငြိမ်ပြီး သဘောထားကြီးနေဖို့ မဖြစ်နိုင်ပါချေ။ ထို့အပြင် ယွင်ဖန်း၏ စာလေ့လာခြင်းကို ကြိုးကြိုးစားစားလုပ်နေခြင်းအရ သူ့တွင်ခံစားချက် ပြဿနာများကို တွေးဖို့ စွမ်းအင်အပိုလည်း မရှိလောက်ပါချေ။
ကျိရှူမော့က ပုခုံးတွန့်ပြသည်။
“ဘာပဲဖြစ်ဖြစ်ပါလေ…သူက မင်းအပေါ်ဆို အတော်လေးကွဲပြားတယ်လို့ ငါထင်တယ်။”
ဤသည်ကိုကြားတော့ ရိချန်းလျန်က အတော်လေး ဂုဏ်ယူမိကာ တည်ငြိမ်ဟန်ဆောင်လိုက်လျက်
“သာမာန်ပါပဲ၊ သူနဲ့ငါက သူငယ်ချင်းတွေပဲဟာ”
တစ်ယောက်အိမ်ကို တစ်ယောက် လည်ပတ်ဖူးသော သူငယ်ချင်းကောင်းများပင်။
ကျိရှူမော့က သူ့ကို လေးစားစွာဖြင့် လက်မထောင်ပြလာသည်။
“အစ်ကိုကြီးရိ…မင်းက တကယ်အမြင်ကောင်းရှိတာပဲ”
ရိချန်းလျန်က ကော်ဖီခွက်လေးကို ပျော်ရွှင်စွာ လက်စသတ်လိုက်၏။ တကယ့်ကို သူ့တွင် အတော်လေးကောင်းမွန်သော သူငယ်ချင်းရှိသည်ပင်။
ဤ ထူးဆန်းလှသော သဘောပေါက်မှုက သူ့အား ပိတ်ရက်တစ်ခုလုံး ပျော်ရွှင်စေနိုင်ခဲ့ကာ ပျော်စရာကောင်းမနေသော တနင်္လာနေ့တောင်မှပင် သိပ်ပြီး မခက်ခဲတော့ပါချေ။
“ဒါပေမဲ့ တခြားအတန်းတွေက ပြောတာကို ငါကြားခဲ့တယ်”
ကျိရှူမော့က အနည်းငယ် ရှုပ်ထွေးနေပုံပေါ်ကာ ရိချန်းလျန်အား ကြိုတင်ကာကွယ်သော စကားလုံးများ ထပ်ကာထပ်ကာ ပစ်သွင်းခဲ့လေ၏။
“ငါတကယ် ကြားခဲ့ရုံပဲနော်”
“မင်း ဘာကိုကြားခဲ့တာလဲ ဆိုတာပဲ ပြောစမ်းပါ”
ရိချန်းလျန်က မထိန်းနိုင်စွာ သူ့ထိုင်ခုံကို ကန်လိုက်သည်။
ကျိရှူမော့က အသံနှိမ့်လိုက်ကာ တီးတိုးပြောလာ၏
“သူတို့ပြောတာက ယွင်ဖန်းက.....ဂေးတဲ့”
ကော်ဖီသံဗူးက ဖိညှစ်ခံလိုက်ရ၏။
ရိချန်းလျန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်း အဲ့ဒါကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ?”
“အဲ့ဒါက ဒီရက်ပိုင်းမှာ ပျံ့နေတာပဲ”
ကျိရှုမော့က ရိချန်းလျန်၏ မဲမှောင်နေသည့် မျက်နှာကိုသက်မသာဖြင့်ကြည့်ကာ
“အစ်ကိုကြီးရိ မင်း ကျောင်းရဲ့ ဖိုရမ်ကို ဝင်မကြည့်ဖူးရင် သိမှာမဟုတ်ဘူး။ အဲ့ဒီမှာ ယွင်ဖန်းက...တကယ်ကြီး ယောက်ျားတွေကိုကြိုက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးထားတဲ့ ယွင်ဖန်းရဲ့ အလယ်တန်းတုန်းက အတန်းဖော်တစ်ယောက်လည်း ရှိတယ်”
ကျိရှူမော့၏ အသံက ရိချန်းလျန်၏ အုံ့မှိုင်းလာသည်ဘ အကြည့်အောက်တွင် ပိုပိုပြီး တိုးသွားခဲ့ကာသူက မတရားခံရဟန်ဖြင့် ပြောလာသည်။
“အဲ့ဒါကို ငါဖြန့်တာ မဟုတ်ဘူး။ ပြီးတော့ ငါက စာနတ်ဘုရားကို တကယ် လေးစားတာပါကွာ။ သူက ခွေးတစ်ကောင်ကို ကြိုက်တယ်ဆိုရင်တောင် ဒါက ပြဿနာလို့ ငါမထင်ပါဘူး”
“လစ်လိုက်တော့! မင်းသာ ခွေးကိုကြိုက်တဲ့ စောက်ကျိုးနည်းကောင်!”
ဤအချိန်များအတွင်း ယွင်ဖန်းနှင့်အတူ စာလုပ်ရင်း ငြိမ်သက် ငြိမ်းချမ်းနေခဲ့သည့် သူ၏ စိတ်အခြေအနေက ဒေါသဟုန်းဟုန်းထွက်လာခဲ့ပြီပင်။
ကျိရှူမော့က အနည်းငယ် စိတ်မအေးစွာ နှာခေါင်းကိုထိလိုက်ရင်းဖြင့်
“ငါ ထင်တာကတော့ စာနတ်ဘုရားက ခုတလော စာထဲမှာပဲ ခေါင်းနှစ်ထားတာပါ။ပြီးတော့ ငါတို့အတန်းရဲ့ စာလေ့လာတဲ့ ပုံစံလည်း တိုးတက်လာခဲ့သေးတာပဲဟာ။ အစ်ကိုကြီး ရိတောင်မှ မျက်တောင်မခတ်တမ်း ပုစ္ဆာတွေ လုပ်တတ်နေပြီ...။ အပြင်ဘက်က ကြားမကောင်းတဲ့ ကောလဟာလတွေကတော့…. မင်းက စာနတ်ဘုရားနဲ့ ရင်းနှီးတော့ သူ့ကို လူတွေ ဒီလိုအဓိပ္ပါယ်မရှိတာတွေ ပြောနေတာကို ပေးမသိလိုက်နဲ့ဦးနော်”
ရိချန်းလျန်က ဒေါကို ဖိနှိပ်ထားရင်းမှ ခေါင်းညိတ်ပြလိုက်သည်။
“ငါ သိတယ်”
ယွင်ဖန်း အတန်းထဲ ပြန်ရောက်ချိန်တွင် ရိချန်းလျန်က တွန့်လိမ်နေသော ကော်ဖီသံဘူးကို နက်ရှိုင်းသော မုန်းတီးမှုမျိုးဖြင့် ဖိညှစ်တော့မတတ်စိုက်ကြည့်နေတာကိုတွေ့လိုက်ရဝာာကြောင့် ရယ်လိုက်၏။
“ဘာဖြစ်လို့လဲ? ဘူးထဲမှာ အဆိပ်တွေ ပါနေလို့လား?”
ရိချန်းလျန်က ခေါင်းယမ်းလိုက်သည်။
“မင်းရဲ့ သုံးသပ်ချက်က ဘယ်လိုနေလဲ?”
ယွင်ဖန်းက ရုံးခန်းထဲမှ ယူပြန်လာသည့် မေးခွန်းလွှာများကို စီလိုက်ကာ မသေချာပုံဖြင့် ပြောလာသည်။
“ငါ့အထင် ငါ အမှတ် ငါးဆယ်ကနေ ခြောက်ဆယ်ကြားလောက်ထိ မြှင့်နိုင်မယ်လို့ ခန့်မှန်းမိတယ်။”
ရိချန်းလျန်က သူ့အား အနည်းငယ် ရှုပ်ထွေးပုံဖြင့် ကြည့်လာသည်။
“မင်း အတန်းသုံးကို ပြန် မသွားချင်ဘူးလား?”
“……”
ယွင်ဖန်းမှာ ခဏလောက်တော့ ပြောစရာမရှိလေတော့။
“ဒါက ရှင်းပြရခက်တဲ့ ကိစ္စပဲ”
ဖြစ်နိုင်မည်ဆိုလျှင် မည်သူက အဆင့်အလိုက်ဝင်ရသော ဂုဏ်သရေရှိ ထိပ်တန်းကျောင်းသားများ၏ အတန်းထဲ ပြန်မသွားချင်ဘဲ နေပါမည်နည်း?
ရိချန်းလျန်က သူ့ပုခုံးကို ပုတ်ပေးလာပြီး တုန့်ဆိုင်းနေပြီးနောက် ပြောလာ၏။
“ငါက ဆယ်ကျော်ဆက်အချစ်ကို မဆန့်ကျင်ဘူးဆိုပေမဲ့လည်း ငါတို့လိုကျောင်းသားတွေရဲ့ အဓိကတာဝန်က စာလေ့လာတဲ့နေရာမှာ အာရုံစိုက်ထားဖို့ပဲမလား”
ယွင်ဖန်းက သူ့အား စပ်စုလိုစွာ ကြည့်လိုက်၏။
“မင်း ဘာလို့ လောင်ဖုန်းလိုမျိုး ပြောနေတာလဲ?”
“......”
ရိချန်းလျန်မှာ စက္ကန့်အနည်းငယ်လောက် မျက်နှာသေကြီး ဖြစ်သွား၏။
“ဒါက ရှင်းပြရခက်တယ်”
“……”
နှစ်ယောက်သားက အချင်းချင်းနားမလည်သည့် ဝေ့လည်ကြောင်ပတ်စကားတို့ဖြင့်ပင် အဆုံးသတ်သွားလေသည်။
ထားပါတော့။-လပတ်ပညာရေးလုပ်ဆောင်ချက်များက သိပ်မကောင်းသည့် အထက်တန်းကျောင်းသားတစ်ယောက်အနေဖြင့် သူတို့တွင် ချစ်မိဖို့ လတ်တလော၌ အချိန်မရှိပါချေ။
ကောလဟာလများအတွက်ကတော့ ထိုသည်တို့က ယွင်ဖန်းနားထဲ မရောက်သရွေ့ ရိချန်းလျန်က ဂရုမစိုက်ပါပေ။
ရိချန်းလျန်ကိုယ်တိုင်ဟာ မှတ်မိစအရွယ်ကတည်းက တခြားလူတွေ၏ အပြစ်တင်စကားနှင့် အတင်းအဖျင်းများကို ကြားခဲ့ရတာဖြစ်သည်။ အနှီ ‘ကောလဟာလ’ ‘ လက်ညိုးထိုးခြင်း’ ကဲ့သို့သော ကိစ္စများအတွက် သူ့အနေဖြင့် ထုံထိုင်းကာ ဂရုမစိုက်တော့သည်မှာ ကြာပြီပင်။
ယွင်ဖန်းက ထိုထက် ပိုနေရုံသာ။
°°°°°°
ဤသို့ဖြင့် တင်းမာလှသည့် သုံးသပ်ချက်အောက်၌အထက်တန်း ပထမနှစ်များ အားလုံးအတွက် နှစ်ဝက်စာမေးပွဲ ကြေငြာချက် ထွက်လာခဲ့လေသည်။
“ရိချန်းလျန်”
စာမေးပွဲ ကြိုတင်ပြင်ဆင်ရန် ခေါင်းလောင်း မြည်လာကာ ကျောင်းသားများက သက်ဆိုင်ရာ စာမေးပွဲ အခန်းများဆီ ဝင်သွားကြချိန် ယွင်ဖန်းက သူ့ကို ရုတ်တရက် တားလာသည်။
ရိချန်းလျန်က ခေါင်းလှည့်ကာ သူ့အားနားမလည်စွာကြည့်လိုက်သည်။
ယွင်ဖန်း၏ စာမေးပွဲခန်းက သူ့အခန်းထဲမှာဖြစ်၏။ သူက စာသင်ခန်း တံခါးနားတွင်ရပ်ကာ ရပ်ကာ ရိချန်းလျန်ထံ ပြုံးပြလာလျက် စကားဆိုလာသည်။
“စာမေးပွဲမှာ ကံကောင်းပါစေနော်”
“မင်းရောပဲ၊ ကံကောင်းပါစေ”
ရိချန်းလျန်က သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
ပြီးခဲ့သည့်လမှ ရှုပ်ထွေးပွေလီမှုများနှင့် ရူးလောက်ဖွယ် ပုစ္ဆာများဖြေရှင်းခြင်းက နောက်ဆုံးမှာ သက်ရောက်မှုရှိလာတာဖြစ်နိုင်လေသည်။ ဤတစ်ကြိမ် မေးခွန်းများက အထူးသဖြင့် သင်္ချာနှင့် ရူပဗေဒတို့တွင် ယွင်ဖန်းအတွက် ထင်ထားသည့်အတိုင်း ချောမွေ့နေခဲ့ကာ အမှတ်ပြည့်ရလောက်သည်ဟု ထင်ယောင်ထင်မှား ဖြစ်လောက်သည့်အထိပင်။
စာမေးပွဲ၏ ညှင်းပမ်းနှိပ်စက်ခံရသော ရက်အနည်းငယ်အပြီး၌ သက်ဝင်လှုပ်ရှားနေခဲ့သော ပန်းပွင့်လေးများ ကြွေကျသွားခဲ့ကြပြီပင်။ လောင်ဖုန်းက ပိတ်ရက်အတွင်း အိမ်စာမရှိဟု စင်မြင့်ထက်မှ ကြောငြာလာချိန်မှာတောင် တစ်ယောက်မှ သက်ဝင်တက်ကြွခြင်း မရှိတော့ပါချေ။
“ငါ ဒီည မင်းအိမ်မှာ ညစာလိုက်စားလို့ရမလား?”
ယွင်ဖန်းက ရိချန်းလျန်ကို စိတ်ရင်းဖြင့် ကြည့်လိုက်သည်။
“အာ?”
ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ ညနေပိုင်းစာကြည့်ချိန် မရှိတာကြောင့် ပျော်ရွှင်နေခဲ့ကြသည်။ သူတို့က ကျောင်းလွယ်အိတ်များကိုသိမ်းဆည်းကာ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ပြေးထွက်သွားကြပြီဖြစ်သည်။ ရိချန်းလျန်က အကျင့်ပါစွာ လေ့ကျင့်ခန်းစာအုပ်နှင့် စာအုပ်များအား ကျောင်းလွယ်အိတ်ထဲ ထည့်ကာ ပိတ်ရက်အတွက် ပြင်ဆင်နေခဲ့တာပင်။ ဤစကားများကို ကြားချိန်၌ သူတောင့်သွားခဲ့လေသည်။
“ငါ့မိဘတွေက ဒီနေ့ ဇာတိမြို့ကို ပြန်သွားကြပြီ။ တနင်္လာနေ့မနက်အထိ ပြန်လာမှာ မဟုတ်ဘူး။”
ယွင်ဖန်းက လည်ချောင်းရှင်းလိုက်လျက်
“ငါ မချက်တတ်ဘူး”
ရိချန်းလျန်က သူ့ကို စိုက်ကြည့်နေကာ သူ့ကိုယ်သူ လက်ညှိုးထိုး၍ ပြောလာ၏။
“ငါကရော ချက်တတ်တယ်လို့ မင်းထင်နေတာလား?”
ယွင်ဖန်းက တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရိချန်းလျန်:”.....”
ရိချန်းလျန် မချက်တတ်သည်ကို ယွင်ဖန်း သေချာပေါက် သိပြီးဖြစ်ကာ နှစ်နှစ်ဆယ် ကြာပြီးနောက်မှာတောင်လည်း ချက်ပြုတ်ခြင်း စွမ်းရည်ကို မမြှင်တင်နိုင်တာကိုလည်း သိလေ၏။ သို့ပေမဲ့ ဤသည်က သူ ရိချန်းလျန် အိမ်သို့လိုက်သွားကာ သုံးရက်တာ စားသောက်နေထိုင်လိုခြင်းအား မတားနိုင်ပါချေ။
ထန်ရိနှင့် ယွင်ဟဲယွီတို့က သူတို့၏ ဇာတိကို ပြန်သွားကာ စွင်းယွမ်၏ မိခင်ဖြစ်သော အမည်ခံ တတိယအန်တီ ထန်စစ်အား အိမ်သို့လာ၍ သူနှင့် စွင်းယွမ်ကို ကြည့်ရှူပေးရန် အကူအညီတောင်းခဲ့၏။ ယွင်ဖန်းက ထိုသည်ကို တွေးမိသည်နှင့် ဦးရေပြားပင် ထုံကျင်ရလေသည်။
သူက ကောင်းကင်နှင့် မြေကြီးကို မကြောက်ပေမဲ့ ထန်စစ်၏ ပါးစပ်ကိုတော့ ကြောက်လေသည်။ ထန်ရိက သူအား စွင်းယွမ်အိမ်ကို ခေါ်သွားဖူးသည့် နောက်ဆုံးတစ်ကြိမ်၌ သူ သေလုနီးပါးဖြစ်ခဲ့ရဖူး၏။
ယွင်ဖန်း၏ အကြည့်တို့ကို မခုခံနိုင်တော့စွာဖြင့် ရိချန်းလျန်မှာ ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်ရတော့သည်။
“ကောင်းပြီလေ”
ယွင်ဖန်းက ပျော်ရွှင်စွာပင် သူ့ပုခုံးကိုတံတောင်ဖြင့် တိုက်လိုက်၏။
“ညီအစ်ကိုကောင်းကြီး”
နှစ်ယောက်သား ဘတ်စ်ကားပေါ်မှ ဆင်းချိန်တွင် မှောင်နေခဲ့ပြီဖြစ်ကာ မကြာမီတွင် လေတိုက်လာခဲ့ပြီး ဆောင်းဦးမိုးဖွဲကျလာလေသည်။ ပါးလွှာသော ကျောင်းဝတ်စုံက တိုးလာသည့် အေးစက်မှုပြင်းပြင်းကို ခုခံနိုင်ဖို့ ခက်လာသည်ပင်။
“မြန်မြန်လာ”
ရိချန်းလျန်က ဦးဆောင်ပြေးသွားကာ ယွင်ဖန်းက သူ့နောက်နီးနီးမှ လိုက်သွားခဲ့၏။ သူတို့က ကျဉ်းမြောင်းပိတ်သိပ်နေသည့် ရှင်းနန်လမ်းကြားကို ဖြတ်ကာ နောက်ဆုံးမှာ ရိချန်းလျန်၏ ခြံဝန်းလေးထဲ ရောက်သွားခဲ့ကြလေသည်။
ရိချန်းလျန်က ဝင်ပေါက်မီးကိုဖွင့်လိုက်ပြီး တံခါးဖွင့်ရန် သော့ထုတ်လိုက်ကာ ယွင်ဖန်းကတော့ အင်္ကျီအနားစကို ဆွဲထုတ်လျက် မျက်မှန်ကို သန့်ရှင်းနေလိုက်သည်။ သို့ပေမဲ့ ကျောင်းအင်္ကျီလက်တို၏ ပစ္စည်းအရည် အသွေးက မျက်မှန် သုတ်ဖို့ရန် သိပ်ပြီး မသင့်တော်ကာ မျက်မှန်ပေါ်တွင် ရေကွက်များ ကျန်နေခဲ့မြဲပါပင်။
မိုးက အရမ်းကြီး မသည်းပေမဲ့ ထူထဲလှသော မျက်မှန်၏ မှန်နှစ်ဖက်ကိုတော့ စိုစွတ်စေဖို့ လုံလောက်ခဲ့ကာ ယွင်ဖန်းက အနည်းငယ် မသက်သာစွာ မျက်လုံးပွတ်လိုက်ချိန်၌ ရိချန်းလျန်၏ အိမ်ထဲ ဆွဲသွင်းခြင်းကို ခံလိုက်ရသည်။
“တစ်ရှုးနဲ့ သုတ်လေ”
ရိချန်းလျန်က သူ့အိတ်ကပ်ထဲမှ တစ်ရှုးတစ်ပုံလိုက် ထုတ်လာကာ သူ့ထံ ကမ်းပေးလာ၏။
ယွင်ဖန်းက စိတ်မရှိပေ။ သူ့မျက်လုံးကို မှေးစင်းကာ ယူလိုက်ပြီး ရေကိုစင်အောင်သုတ်လိုက်သည်။
“မင်း မျက်မှန်မှာ ပါဝါ ဘယ်လောက်တောင်လဲ?”
ရိချန်းလျန်က ရုတ်တရတ် မေးလာသည်။
“ပါဝါ လေးရာ ငါးရာလောက်ပေါ့”
ယွင်ဖန်းက နောက်ဆုံးမှာ မျက်မှန်ကို ပြန်တပ်လိုက်ကာ တစ်ကိုယ်လုံး စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ရိချန်းလျန်က လက်လှမ်းကာ မျက်မှန်ကိုင်းပေါ်ရှိ တစ်ရှုးစများကို ဆွဲယူပေးလာသည်။
“မင်း ဒီည ဘာစားချင်လဲ?”
ယွင်ဖန်းက ဤနေရာတွင် အိုးခွက်များ၊ ပန်းကန်လုံးများနှင့် ဇွန်းများ၊ ချက်ပြတ်ရန် ဟင်းခတ်များ မရှိသည်ကို သိပြီးသားပင်။ သူက ရိချန်းလျန်း၏ အိမ်ကိုဒီတိုင်း လိုက်လာချင်ခဲ့ရုံပင်။ သူ နာရီကိုငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အခုမှ ငါးနာရီကျော်ပဲရှိသေးတယ်။ ခဏလောက်နားပြီးမှ စူပါမားကပ်သွားပြီး စားသောက်စရာ သွားဝယ်ကြမယ်”
“အိုခေ”
ရိချန်းလျန်က သူ့ကျောင်းလွယ်အိတ်ကို အိပ်ရာပေါ် လွှင့်ပစ်လိုက်ကာ ကျောင်းဝတ်စုံအစိုကို ချွတ်လိုက်၏။
“မင်းလည်း အဝတ်တွေချွတ်ပြီး အခြောက်ခံလိုက်ဦး”
ယွင်ဖန်းက သဘာဝတကျပင် ကျောင်းဝတ်စုံကို ချွတ်ကာ သူ့အိမ်ကို ပြန်ရောက်နေသည့်အတိုင်း ကျွမ်းကျင်စွာဖြင့် ပြတင်းပေါက်ရှေ့ရှိ ကြိုးတန်းပေါ် လှန်းလိုက်၏။ ကံကောင်းစွာပင် ရိချန်းလျန်က သဘောထားကြီးကာ လုံးဝ သတိမထားမိခဲ့ပေ။ သူက အိပ်ရာထက်၌ ပျင်းရိစွာ ကျောခင်းနေခဲ့လေ၏။
ယွင်ဖန်းက ထိုင်ခုံအသေးလေးကို ထုတ်ကာ အိပ်ရာအစွန်းတွင် ထိုင်လိုက်ပြီး အိပ်ရာထက်က အေးစက်စက် ဖျာကို ကိုင်လိုက်ကာ သူ့အကြည့်တို့က အိပ်ရာခင်းအပါးထက်ကို ရောက်သွားလေသည်။
“ညဘက်တွေ အိပ်ရတာ မအေးဘူးလား?”
“အဆင်ပြေပါတယ်။”
ရိချန်းလျန်က မျက်လုံးကိုဖွင့်တစ်ဝက်ပိတ်တစ်ဝက်ဖြင့် ပျင်းကြောဆန့်ကာ ဖြေလာသည်။
ယွင်ဖန်းမှာ ထပ်ပြီး သည်းမခံနိုင်တော့။ သူ့ပေါင်သူ ဖတ်ခနဲ ရိုက်လိုက်ရင်းဖြင့်
“ထတော့၊ စူပါမားကပ်သွားမယ်”
“အပြင်မှာ မိုးရွာနေတုန်းပဲကို”
ရိချန်းလျန်က တွန့်ဆုတ်စွာဖြင့် တစ်ဖက်လှည့်ကာ သူ့ကို ကျောပေးလိုက်သည်။
“ခဏလောက်စောင့်ဦး’
“အခုသွားမယ်”
ယွင်ဖန်းက အိပ်ရာထက်သို့ ဒူးတစ်ဝက်ထောက်လိုက်ကာ သူ့ကိုဆွဲထူလိုက်၏။ ရလဒ်အနေဖြင့် သူက အားအများကြီး သုံးလိုက်မိကာ နှစ်ယောက်သား နှာခေါင်းချင်း မိတ်ဆက်လုနီးပါး ဖြစ်သွားလေတော့သည်။
နှစ်ယောက်သား၏ ဝင်သက်ထွက်သက်များက ချက်ချင်းပင် ရောနှောသွားခဲ့ကာ ထပ်ပြီး နီးကပ်သွားခဲ့ပါက တန်းနမ်းမိသွားနိုင်လေသည်။
ရိချန်းလျန်က သူ့ကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေခဲ့ပြီးမှ ရုတ်တရတ် ပြန်ရုတ်လိုက်ရင်း
“ဟေး၊ ငါ-ိုးးးးး!”
သူပေါက်ကွဲသည်ကို ယွင်ဖန်း မြင်ရသည့်အကြိမ်တိုင်း စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိကာ မထိန်းနိုင်စွာ စလိုက်ပြန်သည်။
“မင်းက ဘယ်သူကို -ိုးမှာတုန်း”