no

Font
Theme

[ပုစ္ဆာတွက်ခြင်း]

ရိချန်းလျန်က ယွင်ဖန်းရှေ့ကနေ ကတိုက်ကရိုက် လျှောက်သွားကာ ယွင်ဖန်းကတော့ သူ့ကို မှီဖို့ရန် အလျင်လိုမနေပါချေ။

လူငယ်လေး၏ သွင်ပြင်က အနည်းငယ် ပိန်ပါးကာ အဖြူရောင် လက်တိုအင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ထားလျှက် နှစ်ပေါင်းများစွာစီးခဲ့ပြီးဖြစ်ကာ ယခုဆို ချုပ်ရိုးများတောင် ကွဲနေ၍ ကော်ကပ်ထားရသော ဖိနပ်တစ်ရံကို ဝတ်ဆင်ထားလေကာ လူအုပ်ကြားထဲ ပျောက်သွားခဲ့ပါက ရှာဖို့ ခက်မည်ပင်။

ရိချန်းလျန်၏ အဖြူရောင် ရှပ်လက်တို ဝတ်ခါနီးတုန့်ဆိုင်းသွားခဲ့သေးသည့် တခဏ၊ ရေခဲမုန့် ယူလိုက်ချိန် သူ့၏ အခက်တွေ့မှု၊ သူ့အတွက် ဘတ်စ်ကားခပေးခဲ့သော ဂရုစိုက်မှု၊ ဒါတွေကို ယွင်ဖန်းသိခဲ့ပါ၏။

တောက်ပကာ လှပသည့် လူစုလူဝေးနှင့် ရင်ဆိုင်ရချိန်၌ ရုတ်တရက်ဆန်သော ကူကယ်ရာမဲ့မှုနှင့် လွတ်မြောက်လိုမှုတို့က ရုတ်တရက် တိုးထွက်လာလိမ့်မည်ပင်။

လူငယ်လေး၏ မာနနှင့် မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်းတို့က သူ့အား ဤ ဆတ်ဆတ်ထိမခံနိုင်ခြင်းနှင့် သိမ်ငယ်တတ်ခြင်းများကို ခွင့်မပြုခဲ့ပေမဲ့ သူရှုံးနိမ့်ရချိန်များ၌ ၎င်းတို့က အမှတ်တမဲ့ ထွက်ပေါ်လာတတ်ကာ သူ့ကို အမြဲကြည့်နေတတ်သူအား ဝမ်းနည်းရစေလေသည်။

ထို့ကြောင့် အဆုံး၌ သူ့က ထိုသူ့အား သိုးသားတုတ်ထိုးသွားစားရန် ဆွဲခေါ်သွားဖို့အထိ မလုပ်နိုင်ခဲ့ဘဲ လမ်းမဘေးရှိ ဈေးအသက်သာဆုံး ခေါက်ဆွဲဆိုင်သို့ ခေါ်သွားခဲ့တာဖြစ်သည်။

ယွင်ဖန်းက သူ့အား ဤသို့ခံစားရန် မလိုအပ်ကြောင်း ပြောချင်ခဲ့ပါ၏။ သူ ကြီးပြင်းလာချိန်တွင် ငွေကို ရေလိုဖြုန်းလျှင်တောင် နည်းနည်းလေးမှ ရင်နာရလိမ့်မည်မဟုတ်ကြောင်း၊ ငွေကို များပြားစွာ ရှာနိုင်မည်ဖြစ်သလို ခုလိုအရှက်ရစရာအခိုက်အတန့်များကို ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း။ တစ်ခါတစ်ရံ၌ မိမိကိုယ်ကို တန်ဖိုးထားခြင်းသည် လက်တွေ့ဘဝရှေ့၌ ထုတ်ပြောရန်ပင် မထိုက်တန်ကြောင်း။

သို့ပေမဲ့ ဤသည်ကို ရိချန်းလျန်အား သူ မပြောပြနိုင်ပါချေ။

သူ့အသက် ဆယ့်ငါးနှစ်တုန်းက ထမင်းတစ်နပ်စားနိုင်ဖို့ရန်ပင် ဒူးထောက်ကာ သနားညှာတာမှုကို တောင်းဆိုခဲ့ရပေမဲ့ ယခု ရိချန်းလျန်ကတော့ ထိုသို့လုပ်ရန် မလိုပါချေ။

ရိချန်းလျန်တွင် သူဆိုသော ယွင်ဖန်းရှိပေသည်။

ဤ ရုတ်တရက်အတွေးက သူ့ကို နည်းနည်းလောက် ပျော်ရွှင်လာစေ၏။ ယွင်ဖန်းက သူ့နောက်ကျောကိုကြည့်ကာ ပြုံးလိုက်သည်။ ထိုအချိန်တွင် ရိချန်းလျန်က ရပ်သွားပြီး သူ့ကိုစောင့်ရန် တစ်ဖက်ကို လှည့်လာခဲ့လေသည်။

ရိချန်းလျန်သည် လူအုပ်ကြားထဲ ရပ်နေသော သန့်ရှင်း သပ်ရပ်သည့် လူငယ်လေးတစ်ယောက်က သူ့ကို ပြုံးပြနေခြင်းအား မြင်လိုက်ရသည်။ ဆူညံ သက်ဝင်နေခဲ့သော လူအုပ်မှာ ရုတ်တရက် တိတ်ကျသွားသည့်အလား။

မသိလျှင် အချိန်ကာလတစ်ခုဖြတ်ကျော်သွားသော သူ့ကိုယ်သူအား လူအုပ်ကြားမှဖြတ်၍ ကြည့်လိုက်ရသည့်နှယ်။ ခပ်ဖျော့ဖျော့ထိုအပြုံးတွင်မူ နောင်တတရား၊ လွမ်းဆွေးမှုတို့ ပြည့်လျက်။

ရိချန်းလျန် အနည်းငယ်လောက် ရှင်းပြမရနိုင်စွာ ဝမ်းနည်းမိသွားခဲ့တာကြောင့် လူအုပ်ကြားမှဖြတ်ကာ ယွင်ဖန်းဆီ လှမ်းသွားလိုက်သည်။

“ခုနက မင်းကို အော်ဖို့မရည်ရွယ်ခဲ့ပါဘူး”

ရိချန်းလျန်သည် စောနတုန်းက သူ့အသံအတော်လေး ပြင်းထန်သွားခဲ့‌သောကြောင့်ဟု ထင်မိကာ သူ့ကို ကိုးရိုးကားယားနိုင်စွာ တောင်းပန်လာ၏။

“သွားကြရအောင်”

သူက ခဏလောက် တုန့်ဆိုင်းနေခဲ့ပြီးမှ ယွင်ဖန်း၏ လက်ကောက်ဝတ်အား ကိုးရိုးကားယားနိုင်စွာ ကိုင်လိုက်ပြီး ရှေ့ကို ဆွဲခေါ်သွားလိုက်သည်။

အထက်စီးဆန်ကာ လွှမ်းမိုးတတ်သည့်နေရာ၌သာ တော်တတ်ကောင်းမွန်သော ဝံပုလွေလေးက နောက်ဆုံးမှာတော့ တစ်ဖက်လူ၏ လက်ဖဝါးထဲ အမွှေးပွပွခေါင်းလေးထည့်လို့ အားနည်းချက်ကို မည်သို့ ပြသရန်ကို သင်ယူနိုင်ခဲ့သကဲ့သို့ပင်။

သို့ပေမဲ့ ခဏလေးသာ။

ရိချန်းလျန်က ခြေနှစ်လှမ်းလောက် လှမ်းပြီးချိန်တွင် သူ့လက်ကို လွှတ်လိုက်သည်။

လက်ကောက်ဝတ်ကိုသာ ကိုင်ထားခဲ့တာပေမဲ့လည်း ဤသည်က ယောက်ျားနှစ်ယောက်ကြား အတော်လေး ပူးကပ်လွန်းမိနေသလို သူခံစားရတာကြောင့်ပင်။

သို့ပေမဲ့ ဤမျှလောက်ကပင် ယွင်ဖန်း၏ အတိတ်က အုံ့မှိုင်းမှုများနှင့် မဲမှောင်နေသည့် မှတ်ဉာဏ်များအတွင်းမှ ဆွဲထုတ်နိုင်လိုက်၏။ ရိချန်းလျန်နှင့် ဘေးချင်းယှဉ်လျှောက်နေရင်းပင် သူသည် ဝူမြို့၏ ဤနွေရာသီက ဒီလောက်ကြီး မရှည်လျားတော့ဟုပင် ရုတ်တရက် ခံစားလိုက်ရလေသည်။

“အိမ်စာယူဖို့ ငါတို့အိမ်ကို သွားရအောင်”

ယွင်ဖန်းက ပြောလိုက်သည်။

ယွင်ဖန်းအိမ်က ဝူဖုလမ်းနှင့် သိပ်မဝေးပေ။ သူတို့က ဘတ်စ်ကားစီးရန်မလိုဘဲ ဆယ်မိနစ်လောက် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်သည်ပင်။

ရိချန်းလျန်က မူလက လှေကားအောက်မှာသာ စောင့်နေချင်ခဲ့တာဖြစ်ပေမဲ့ ယွင်ဖန်းကပြောလာ၏။

“အိမ်မှာ ဘယ်သူမှမရှိဘူး။ အအေးခံဖို့ အခွင့်အရေးကောင်းပဲ”

ရိချန်းလျန် မျက်မှောင်ကြုတ်သွား၏။

“ မလိုဘူး။ငါ ဒီကပဲစောင့်နေမယ်”

ယွင်ဖန်းက သူ့အား အဆောက်အဦးဆီ ဆွဲခေါ်သွားလျက်သာ။

“အပူဒဏ်ကို မင်းစိတ်မရှိဘူးဆိုရင်တောင် ငါကတော့ရှိတယ်။ တက်လာခဲ့။ ငါ မင်းကို ကိုက်မစားပါဘူး။”

ထို့နောက် မှာတော့ ရိချန်းလျန်တစ်ယောက် အိမ်ထဲသို့ဆွဲသွင်းခံလိုက်ရတော့လေသည်။

ထန်ရိက ချက်ပြုတ်ရသည်ကို မနှစ်သက်ပေမဲ့လည်း အိမ်ကို ရှင်းလင်းရသည်ကိုတော့ နှစ်သက်သည်ပင်။ အိမ်က သေးပေမဲ့ နွေးထွေးလှ၏။

ရိချန်းလျန် တံခါးမှ ဝင်လိုက်သည်နှင့် ခွေးခေါင်း ခေါင်းအုံးနှစ်လုံးထံ စိုက်ကြည့်မိသွားသည်။

ယွင်ဖန်းလည်းပဲ ခွေးခေါင်းခေါင်းအုံးနှစ်လုံးကို ပထမဆုံးတွေဖူးချိန်က အချိန်အကြာကြီး စိုက်ကြည့်ခဲ့ဖူးသည်ပင်။ သူကရယ်လိုက်ကာ

“သူတို့က တုံးအအပုံပေါက်တယ်မလား?”

ရိချန်းလျန်က သူ့ကို တစ်ချက်ကြည့်လိုက်၏။

“ပိုင်ရှင်နဲ့ ပစ္စည်းက တစ်ပုံစံတည်းပဲ”

ယွင်ဖန်းက သူ့အတွက်သူ ရေတစ်ခွက် ထည့်နေရင်း ဤသည်ကိုကြားတော့ သူ့ထံ ရေခွက် ကမ်းပေးလိုက်ပြီး

“မင်းဘာသာမင်းထည့်သောက်တော့”

ရိချန်းလျန်က အမှန်ကို ရေဆာနေခဲ့တာဖြစ်ကာ နှစ်ယောက်သားက ‌ခွက်အသီးသီးကိုင်ပြီး အသက်ပြန်ရှင်လာပြီဟု ခံစားရသည်အထိ သောက်ကြတော့သည်။

“ဝင်လာခဲ့လေ။ အိမ်စာအကြောင်း ပြောပြမယ်”

ယွင်ဖန်းက အိပ်ခန်းထဲဝင်သွားကာ ရိချန်းလျန်ကလည်း ခွက်ကိုချပြီး လိုက်သွားလိုက်သည်။

ယွင်ဖန်း၏ အိပ်ခန်းကသန့်ရှင်းကာ အေးမြမြလေး ဖြစ်ပြီး ပိုင်ရှင်အတိုင်းပင်ဖြစ်ပေမဲ့ ထူးဆန်းသည့် မကိုက်ညီသောအရာတစ်ခုလည်း ရှိနေခဲ့၏။ ရိချန်းလျန် ဂရုတစိုက် စဉ်းစားချိန် မရသေးခင်မှာ ယွင်ဖန်းက သူ့ကျောင်းလွယ်အိတ်ထဲမှ စာရွက်အပုံလိုက်ကြီး ထုတ်လိုက်တာကို မြင်လိုက်ရလေသည်။

ရိချန်းလျန်၏ အကြည့်က တစ်ခဏအတွင်း ငူငူငိုင်ငိုင်ဖြစ်သွားလျက်သား။

သူ အိမ်စာ မလုပ်ချင်ပါချေ။

စာလေ့လာခြင်းက အရေးကြီးတာကို သူသိပါ၏။ ဤအခြေအနေတွင် သူ ဖမ်းဆုပ်နိုင်သော တစ်ခုတည်းသောကောက်ရိုးမျှင်လည်းပဲ ဖြစ်သည်ဆိုပေမဲ့လည်း သူ့၏အတွင်းပိုင်းခုခံမှုကတော့ အတော်လေး လက်တွေ့ဆန်ပေသည်။

“မင်း ဒီမှာပဲလုပ်လို့ရတယ်။”

ယွင်ဖန်းက အကြည့်တစ်ချက်ဖြင့်ပင် သူ့၏အတွေးတို့ကို သိသွားပေသည်။

ကောင်စုတ်လေးက အိမ်ကိုယူသွားခဲ့လျှင် သေချာပေါက် ဤအိမ်စာကို ရိုးရိုးသားသား လုပ်လိမ့်မှာမဟုတ်ပေ။

ရိချန်းလျန်က ငြင်းဆန်ချင်သော အရိပ်အယောင်ပြလာပေမဲ့ ယွင်ဖန်းက သူ့အား စာကြည့်စားပွဲရှေ့ရှိ ထိုင်ခုံပေါ် အတင်း ဖိချလိုက်သည်။ သူက ဘောပင်အိတ်ထဲမှ ဘောပင်တစ်ချောင်းထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်ကာဖြင့်

“မင်း အင်္ဂလိပ်စာ အရင်လုပ်ချင်လား သင်္ချာအရင်လုပ်ချင်လား?”

ထိပ်တန်းကျောင်းသားကို နာခံချင်စေသည့် ထူးဆန်းသော ခံစားချက်တစ်ခုကြောင့် ဘာမှ မလုပ်ချင်ခဲ့ပါသည့် ရိချန်းလျန်မှာ စကားနှစ်လုံးသာ ထုတ်ပြောလိုက်ရလေသည်။

“.......သင်္ချာ”

ယွင်ဖန်း စာကြည့်စားပွဲက အတော်လေး ကျယ်ဝန်းကာ လူနှစ်ယောက်စာအတွက် အပိုအလိုမရှိပေ။ သူက အနည်းငယ် ပိုမြင့်သည့် ခုံတစ်လုံးကို ဧည့်ခန်းမှသွားယူလာခဲ့ပြီး ပန်ကာကိုလည်း စာကြည့်စားပွဲဘေးကိုရွှေ့ကာ ဖွင့်လိုက်ပြီးနောက် ရိချန်းလျန်၏ ဘေးတွင် ထိုင်လိုက်ပြီး လွတ်သွားသည့် သင်ခန်းစာများ စလုပ်ရန် ပြင်လိုက်သည်။

ဧည့်ခန်းထဲက နာရီသံတစ်ချက်ချက်မြည်နေကာ လေအေးအေးတို့က ချွေးစိုနေသည့် ရှပ်အင်္ကျီကိုဖြတ်လာခဲ့သည်။ စာရေးရတာ ပင်ပန်းလာချိန်မှာ ယွင်ဖန်းမော့ကြည့်လိုက်တော့ ပြတင်းပေါက် အပြင်ဘက်ရှိ ထိပေါက်ပင်၏ အရွက်စိမ်းစိမ်းတို့ကို မြင်လိုက်ရသည်။

သူ့ဘေးရှိ ထိုင်ခုံကျောမှီကို မှီကာထိုင်နေသော ရိချန်းလျန်က ပုစ္ဆာကို စိုက်ကြည့်ကာ တွက်ချက်နေရင်း ရံဖန်ရံခါ၌ သူ့လက်ကို လာတိုက်မိနေတတ်သည်။

ယွင်ဖန်းမှာ ရုတ်တရက် သူ့နှလုံးသားထဲ ငြိမ်သက်သွားသည်ကို ခံစားလိုက်ကာ ခေါင်းပြန်ငုံ့လိုက်ပြီး ခုနလေးကတင် သူ့အား ဒေါသထွက်အောင် လုပ်ခဲ့သည့် ရူပဗေဒ ပုစ္ဆာကို ကြည့်လိုက်သည်။

နာရီလက်တံအရှည် တစ်ပတ်ပြည့်သွားချိန်မှာ ရိချန်းလျန်က သင်္ချာမေးခွန်းလွှာ ‌ပြီးသွားခဲ့ပြီဖြစ်ကာ ယွင်ဖန်းက အဖြေတိုက်ဖို့ယူသွားခဲ့ပြီး သူ့လက်ထဲ အင်္ဂလိပ်မေးခွန်းလွှာ ထိုးထည့်လိုက်သည်။

ရိချန်းလျန်မှာ တွန့်ဆုတ်စွာနှင့်ပင် စာရွက်ပေါ်ရှိ အင်္ဂလိပ်စာလုံးသေးများနှင့် ရင်ဆိုင်လိုက်ရရင်း သူ့အမူအယာက သင်္ချာတွက်နေစဉ်ကထက် ပို၍ စိတ်ဖိစီးသွားခဲ့လေသည်။

ယွင်ဖန်းက သင်္ချာအဖြေများ စစ်ပြီးနောက် သူ့အတွက် ပုစ္ဆာတချို့ကိုခဲတံဖြင့် ဝိုင်းနေရင်းမှ ရိချန်းလျန်၏ စိတ်ဖိစီးနေသောအမူအယာကို မြင်လိုက်ရတာကြောင့် မတတ်နိုင်စွာမေးလိုက်မိသည်။

“မင်းဘာကို နားမလည်တာလဲ?”

“ငါ နားမလည်တာက”

ရိချန်းလျန်က ဝါကျတစ်ကြောင်းကို ညွှန်ပြပြီး အထစ်ထစ်ဖြင့် ဖတ်လိုက်၏။

“I could have enjoyed loneliness if I hadn’t met you”

ဤသည်ကို ကြားချိန်မှာ ယွင်ဖန်းက တန့်သွားခဲ့ပြီး ရိချန်းလျန်ကတော့ သိလိုသည့် ဆန္ဒဖြင့် သူ့ထံ မျက်လုံးဝိုင်းဖြင့် ကြည့်နေခဲ့လေသည်။

“အဲ့ဒါက ဘာကို ဆိုလိုတာလဲ?”

“မင်းနဲ့သာ မဆုံခဲ့မိရင်… အထီးကျန်နေရတာကို ငါပျော်မွေ့နေမိလောက်တယ်..”

ယွင်ဖန်းက ဝါကျကို မသိစိတ်ဖြင့် ဘာသာပြန်လိုက်ပေမဲ့ သူ့အကြည့်ကတော့ ရိချန်းလျန်ထံတွင် ကပ်ညိနေခဲ့လေသည်။

ရိချန်းလျန်မှာ သူ့အကြည့်ကြောင့် နေမထိ ထိုင်မသာခံစားလိုက်ရကာ အနည်းငယ် ခပ်တောင့်တောင့်ဖြင့် အကြည့်ရွှေ့လိုက်ပြီး စာလုံးများကို ညွှန်ပြကာ ပြော၏။

“ဒီ loneliness ကို ငါ နားမလည်ဘူး”

“အဲ့ဒါရဲ့ အဓိပ္ပါယ်က ‘အထီးကျန်ခြင်း’တဲ့”

ယွင်ဖန်းက စာလုံးသေးကို ငုံ့ကြည့်ကာ

“Loneliness ဆိုတာက နာမ်၊ lonely ဆိုတာက သူ့ရဲ့ နာမဝိသေသန၊ အဓိပ္ပါယ်ကတော့ ‘အထီးကျန်သော’ တဲ့’”

“အိုး”

ရိချန်းလျန်က ထိုအပေါ်တွင် တရုတ်အဓိပ္ပါယ်ကို ဘောပင်ဖြင့်မှတ်လိုက်ပြီး တန့်သွားကာ ပြောလာသည်။

“ဒီဝါကျက တော်တော် စိတ်ဝင်စားစရာပဲ”

“အင်း”

ယွင်ဖန်းက စာရွက်ကိုဆွဲယူ၍ နာမဝိသေသနကိုပါ ပေါင်းထည့်ပေးလိုက်သည်။

“ဆက်ရေး”

ရိချန်းလျန်းက ဘေးတွင် adj. lonely ဟု ရေးလိုက်ပြီမထိန်းနိုင်စွာဖြင့် ဘောပင်ကို ဖိညှစ်လိုက်မိကာ ရုတ်တရက် ယွင်ဖန်းနှင့် စကားပြောဖို့ ဟန်ပြင်လိုက်သည်။

“မင်းရဲ့ နာမည်ပြောင်က ဘာလို့ ထန်ထန်(သကြားလေး) ဖြစ်နေရတာလဲ?”

ယွင်ဖန်း:”......ပါးစပ်ပိတ်ထား”

“မင်း သကြားလုံးစားရတာကြိုက်တာလား?”

ရိချန်းလျန်က သူမကျေမနပ်ဖြစ်နေကို ရှားရှားပါးပါး မြင်ရလေရာ စိတ်ဝင်တစားဖြင့် ဘောပင်ကို ချလိုက်ကာဖြင့်

“ဘယ်လို သကြားလုံးမျိုးကို ကြိုက်တာလဲ မင်းက?”

ယွင်ဖန်းသည် သူ့၏ မျက်လုံးတောက်တောက်အား အေးစက်စက် လျစ်လျူရှုလိုက်ကာ မေးစေ့မှကိုင်၍ ခေါင်းကို ပြန်လှည့်ပေးလိုက်၏။

“မင်းရဲ့ ပုစ္ဆာတွေကိုသာ လုပ်စမ်းပါ”

“ငါ နားမလည်ဘူး”

ရိချန်းလျန်က အကြောက်အလန့်မဲ့စွာဖြင့်

“အတန်းဖော် ထန်ထန်”

“ရိချန်းလျန်”

ယွင်ဖန်းက အသံနှိမ့်ချလိုက်သည်။

“မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား?”

ရိချန်းလျန်က ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို အရယူလိုက်ပြီးသူ့လက်ကို ဆွဲဖွင့်ကာ စလိုက်သည်။

“ဘာဖြစ်လို့လဲ ထန်ထန်ရဲ့။ မင်းက အရမ်းချိုလို့-ဟေး ဟေး ၊ ငါ့ဒဏ်ရာကို မထိုးနဲ့လို့!”

“မင်းက အရိုက်ခံချင်နေတာလို့ ငါထင်လို့လေ!”

ယွင်ဖန်းက သူ့လည်ပင်းပေါ်သို့ လက်တစ်ဖက်ဖြင့်ဖိကာ စားပွဲထက်မှာ ဖိထားလိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“အစ်ကိုကြီးလို့ခေါ်”

ရိချန်းလျန်မှာ အကြိမ်ကြိမ်ရုန်းကန်ပေမဲ့ မလွတ်မြောက်နိုင်ချေ။ သူ ခက်ခက်ခဲခဲ ရယ်လိုက်ရင်း အသက်ရှုမဝတောင် ဖြစ်သွားရသည်။

“ထန်ထန်… ရှက်တာနဲ့ပဲ ဘယ်လိုလုပ် ဒေါသက ထွက်လာရပြန်တာလဲ?”

ယွင်ဖန်းမှာ ဒေါသလည်း ထွက်သလို ရယ်လည်း ရယ်ချင်နေ၏။

“လစ်စမ်း”

“ပြောင်ကော?”

အံ့အားသင့်သည့် အသံတစ်ခုက သူတို့နှစ်ယောက် အနောက်ဘက်ဆီမှ ရုတ်တရက် ထွက်လာသည်။

“မင်းတို့ဘာလုပ်နေတာလဲ?”

နှစ်ယောက်သားက အပျော်လွန်နေတာကြောင့် တစ်ယောက်ယောက်ဝင်လာသည်ကို မသိခဲ့လေရာ နှစ်ယောက်လုံး လန့်သွားကြလေသည်။

ယွင်ဖန်းက ရိချန်းလျန်ကို လွှတ်ပေးလိုက်ပြီး မတ်မတ်ထရပ်လိုက်သည်။ ရိချန်းလျန်ကတော့ စားပွဲမှ ခုန်ထမိလုနီးပါးပင်။

“သောက်ကျိုးနဲ့၊ ဘယ်သူစကားလာပြောနေတာလဲ!”

စွင်းယွမ်က တံခါးဝတွင် ရပ်နေကာ ယွင်ဖန်းကို ပြုံးလျက် ကြည့်နေရင်းဖြင့်

“စားနေရင်းတစ်ဝက်မှာ မင်း ဘာလို့များ ထွက်ပြေးသွားတာလဲလို့ အံ့ဩမိနေတာ။ ဆိုတော့ ဒါက ဒါကြောင့်ကိုး”

ယွင်ဖန်းက အနည်းငယ် ရှုပ်ပွနေသည့် သူ့အင်္ကျီကော်လာကို ပြန်ပြင်လိုက်ပြီး အေးဆေးသက်သာစွာ ပြောလိုက်သည်။

“တစ်ယောက်ယောက်ရဲ့ အခန်းထဲကို ဝင်တဲ့အချိန် တံခါးခေါက်တာက အခြေခံ ကျင့်ဝတ်လို့ ငါတော့ ထင်တာပဲ”

စွင်းယွမ်မှာ နင်သွားခဲ့ပေမဲ့ ဒေါသထွက်ရမည့်အစားရယ်လာကာ သူ့အကြည့်တို့က ရိချန်းလျန်ဆီ ရောက်ရှိလာသည်။

“ပြောင်ကော.. မင်းက စုန့်ချွင်ကိုကြိုက်တာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး......”

သူက စကားကို တစ်ဝက်သာပြောပြီး ရိချန်းလျန်ထံ အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။

“ မင်းရဲ့ အကြိုက် ပြောင်းသွားတာလား?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment