[ရှက်ရွံ့ခြင်း]
"ဖြည်းဖြည်း …သီးကုန်ဦးမယ်”
ယွင်ဖန်းက လက်ကိုင်ပုဝါကိုချလိုက်ကာ ထိုင်ခုံကျောကို မှီလိုက်သည်။
"မင်းကို ဘယ်သူပြောတာလဲ?"
ရိချန်းလျန်က နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ထားကာ သူ့မျက်ခုံးက တင်းတင်းကြပ်ကြပ် တွန့်သွားခဲ့၏။
“ငါ့ ဝမ်းကွဲက ငါ့ကို ခြိမ်းခြောက်ပြီး လီခိုင်အတွက် ငွေစာရင်းအတု လုပ်ခိုင်းတုန်းက မတော်တဆ ကြားခဲ့တာ။"
ယွင်ဖန်းက အတော်လေး တည်ငြိမ်နေဟန်ပင်။
"ဘဲကင်ဆိုင်မှာတုန်းက လီခိုင်လည်း အဲ့ဒီမှာ ရှိနေခဲ့တယ်"
ရိချန်းလျန်၏ မျက်ခုံးက ပိုပြီး ကြုတ်သွားလေသည်။
"လီခိုင်က လူကောင်းမဟုတ်ဘူး။သူနဲ့ဝေးဝေးနေ။ ပြီးတော့ မင်းရဲ့ ဝမ်းကွဲက…"
ရိချန်းလျန်အတော်လေး ပဟေဠိ ဖြစ်နေဟန်ဖြင့်
"သူက မင်းကို ဘာနဲ့ ခြိမ်းခြောက်တာလဲ?"
"သူပြောတာက ငါက သဘောမတူဘူးဆိုရင် ငါက ယောက်ျားလေးတွေကို ကြိုက်တဲ့အကြောင်း ငါ့မိဘတွေကို ပြောပြလိုက်မယ်တဲ့"
ယွင်ဖန်းက ခဏလောက် တွေးလိုက်ပြီး ထပ်ပေါင်းပြောလိုက်၏။
"ပြီးတော့ ကျောင်းကလူတိုင်းသိအောင် သတင်းဖြန့်ပြီး ငါ့ဂုဏ်သတင်းကျဆင်းအောင် လုပ်ပစ်မယ်တဲ့"
“ငါ့လူး!”
ရိချန်းလျန်က ရုတ်ချည်းထရပ်လိုက်ကာ
"အဲ့ဒီ ငတုံးကောင် အခု ဘယ်မှာလဲ!”
ယွင်ဖန်းက အပြစ်ကင်းသည့် ပုံစံလေးဖြင့် ပါးပြင်ကို လက်ဖြင့်ထောက်လျက်
"မင်းက ငါ့အစား သူ့ကို သွားဆုံးမပေးမလို့လား?"
ရိချန်းလျန်က သူ့အား စိတ်ပျက်ဟန် စိုက်ကြည့်လာသည်။
"မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေအကုန် ဘယ်ရောက်ကုန်တာလဲ? သူတို့ကို ဒီအတိုင်း မင်းကို ခြိမ်းခြောက်ခွင့်ပေးထားတယ်ပေါ့?"
ယွင်ဖန်းက မျက်လွှာချကာ သက်ပြင်း ခပ်လေးလေးချလိုက်၏။
"ငါက ဘာလုပ်နိုင်မှာမို့လဲလေ?"
"သူ့ပါးစပ်ပေါက် ပိတ်သွားတဲ့အထိ ရိုက်ပစ်ရမှာပေါ့!"
ရိချန်းလျန်က သိသာစွာပင် ဒေါသထွက်နေခဲ့ရာ လူတချို့ကတောင် သူ့ဘက် ခေါင်းလှည့်ကြည့်လာသည့် အထိပင်။
ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်တိုနေသည့်သူ့အား ခေါက်ဆွဲဆိုင်အပြင်ဘက်ကို ဆွဲခေါ်လာခဲ့လိုက်ကာ အားတက်စွာဖြင့် ပြောလိုက်၏။
"သတ်မယ် ပုတ်မယ်ဆိုတဲ့ အကြောင်းတွေ အမြဲတမ်း လျှောက်အော်မနေနဲ့လေ။ ဒီညအတွက် မင်းဘာလုပ်မလဲဆိုတာလည်း စဉ်းစားဦး"
ရိချန်းလျန်က ဒေါသထွက်နေဆဲ ဖြစ်ပေမဲ့ နှာခေါင်းစည်းကို ပြန်တပ်ဖို့တော့ မမေ့ခဲ့ပေ။
"ဘာလုပ်ရမှာလဲ။သေချာပေါက် ပုန်းနေပြီး ရှာမတွေ့အောင်နေရမှာပေါ့"
ယွင်ဖန်းက ခေါင်းလှည့်လာကာ အံ့ဩဟန်ဆောင်လိုက်၍ ပြောလိုက်၏။
"ငါက မင်း သူတို့ဆီ သွားပြီး တိုက်ခိုက်တော့မယ်လို့ ထင်လိုက်တာ"
" လူတွေအများကြီးက ငါ့ကိုရိုက်မှာကို သွားအသေခံဖို့ အလျင်လိုနေတဲ့အထိ ငါက ငတုံးမဟုတ်ဘူး"
ရိချန်းလျန်က ယွင်ဖန်းအား အရူးတစ်ယောက်ကို ကြည့်သည့်မျက်လုံးမျိုးဖြင့် ကြည့်ကာ ပြောလာသည်။
အလျင်စလိုသွားအရိုက်ခံသည်အထိ မတုံးအသေးသော ထိုကလေးကိုကြည့်ပြီး ယွင်ဖန်းမှာ အနည်းငယ် စိတ်သက်သာရာရသွားရလေ၏။
"မင်းက လုံးဝကို တုံးအနေတာမဟုတ်ဘူးပဲ"
"မင်းကသာ ငတုံး!"
ရိချန်းလျန်သည် သူဟာ ထိုလူ့နောက်ကနေ တောက်လျောက် ဆွဲခေါ်ခံနေရတာကိုမြင်တော့ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"မင်းရဲ့ အဲ့ဒီသောက်ကျိုးနည်း ဝမ်းကွဲရဲ့ နာမည်ကဘာလဲ? အမှတ်တစ် အထက်တန်းကျောင်းက ကျောင်းသားပဲလား?"
ယွင်ဖန်းသည် သူ့အား ဤကိစ္စထဲ ဝင်ပါလာမည်ကို မလိုလားပါပေ။ သို့သော်လည်း သူ့အား စိုးရိမ်ပူပန်စိတ်ကို မြင်ရတော့ အတော်လေး စိတ်ခံစားချက်ကောင်းစေတာကြောင့် မထိန်းနိုင်စွာပင် စလိုက်မိသည်။ သူက ခေါင်းလှည့်ကာ သူ့ထံ မျက်ခုံးပင့်ပြလိုက်လျက်
"ဆိုတော့ သူ့ကို သွားပြီးဆုံးမတဲ့အခါမှာ ဘယ်လိုခေါင်းစဉ်မျိုးကို သုံးမှာလဲ? ယွင်ဖန်းရဲ့ ချစ်သူကောင်လေးဆိုပြီးတော့လား?"
"မင်း…"
ရိချန်းလျန်က ပြန်ခံပြောတော့မည့်အချိန်၌ အမျိုးသမီး အသံတစ်သံက ကြားဖြတ်လာလေသည်။
"ထန်ထန် !?"
ယွင်ဖန်း တုံ့ခနဲ ဖြစ်သွားရင်း လမ်းမဘေးရှိ ဆိုင်တစ်ဆိုင်၏အဝင်ဝမှ ထန်ရိထံ အနည်းငယ် တောင့်တင်းစွာ ကြည့်လိုက်မိသည်။
ယွင်ဖန်း ခြေလှမ်းရပ်သွားချိန်၌ ရိချန်းလျန်သည်လည်း သူနှင့်အတူ ရပ်သွားရသည်။ ယွင်ဖန်း၏ အကြည့်လားရာကိုလိုက်ကာ ကြည့်တော့ လမ်းမဘေးရှိ အဝတ်အထည်ဆိုင်တစ်ခု၏ ရှေ့တွင် ရပ်နေသော အနည်းငယ် ရင်းနှီးသော မျက်နှာနှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
ထန်ရိ၏ အကြည့်က ယွင်ဖန်းနှင့် ရိချန်းလျန်တို့ထံ အပြန်အလှန်ကူးသွားခဲ့ကာ နောက်ဆုံးမှာ ရိချန်းလျန်၏ လက်ကောက်ဝတ်ကို ကိုင်ထားသည့် ယွင်ဖန်း၏ လက်တွင် ရပ်သွား၏။ သူမ၏ အမူအယာက ရှုပ်ထွေးနေကာ ထိတ်လန့်သွားသလို နားလည်သွားပုံလည်း ရသည်။
"ဒါက သားရဲ့…."
"အမေ!"
ယွင်ဖန်း၏ ထိတ်လန့်မှုကလည်း သူမထက် မလျော့ပါချေ။
"အမေဒီမှာ ဘာလုပ်နေတာလဲ?"
ရိချန်းလျန်က ဤ "အမေ"ခေါ်သံကြောင့် ထိတ်လန့်သွားကာ လူတစ်ကိုယ်လုံးက တောင့်တင်းသွားရသည်။ သူမ၏ မျက်နှာက ရင်းနှီးနေသည်မှာ မထူးဆန်းပါချေ။ ယွင်ဖန်းနှင့် သူမ၏ မျက်ခုံးများက အလွန်ဆင်တူလှချေသည်။
ထန်ရိက သူ့အား တည့်တည့်စိုက်ကြည့်နေရာ ရိချန်းလျန်မှာ ခဏတွင်းမှာ စိတ်လှုပ်ရှားလာခဲ့ပြီး သူမကို နှုတ်ဆက်စကားပြောရန် နောက်ကျမှ အသိဝင်သွားလေသည်။
"မင်္ဂလာပါ အန်တီ"
"အာ…မင်္ဂလာပါ၊ မင်္ဂလာပါ"
ထန်ရိက အနည်းငယ် မိန်းမောနေပုံရပြီး ထို့နောက်မှာ ယွင်ဖန်းဘက်ကို လှည့်လိုက်၏။
"ဒီကလေးကတော့လေ။အမေ့ရဲ့ဆိုင်က ဒီမှာလေ"
ယွင်ဖန်းက လုံးဝကို ရင်းနှီးမနေပါသော အဝတ်အထည်ဆိုင်ကို ကြည့်လိုက်သည်။
"....."
သူ သတိလွတ်သွားခဲ့တာပင်။
"အပြင်မှာ အရမ်းပူနေတာ. သားနဲ့ သားရဲ့ ချစ်…အတန်းဖော်တို့ ဝင်လာပြီး အအေးခံကြဦးလေ"
မူလက လေကောင်းလေသန့်ရှုရန် အပြင်ထွက်လာခဲ့သည့် မိခင်ဖြစ်သူခမျာ မြင်ကွင်းကြီးကြီးမားမားနှင့် မတော်တဆ ဝင်တိုးမိကာ သူမကိုယ်သူမ လက်တွေ့ကို လက်ခံရန် အတင်း ဖိအားပေးလိုက်ရသည်။
"မြန်မြန်ဝင်လာခဲ့ကြ"
ရိချန်းလျန်မှာ ထိုသို့ဖြင့် ထန်ရိထံမှ ဆိုင်ထဲဝင်ရန် 'စိတ်အားထက်သန်စွာ' ဖိတ်ကြားခံလိုက်ရလေသည်။
ထန်ရိ၏ ဆိုင်က သိပ်မကြီးပေ။ ငွေရှင်းကောင်တာရှေ့တွင် ဧည့်သည်များ ခြေဆန့်အနားယူနိုင်သည့်နှစ်ယောက်ထိုင် ဆိုဖာတစ်လုံးရှိကာ ထိုရှေ့တွင် ဖန်သား ကော်ဖီ စားပွဲအသေးတစ်လုံးရှိလေပြီး ထိုအပေါ်၌ ပန်းသီးနှစ်လုံးရှိနေသည်။
"ဒီမှာ ပန်းသီးစားပါဦးကွယ်"
ထန်ရိက ရိချန်းလျန်ကို အပြုံးလေးနှင့် ပန်းသီးပေးလာ၏။
"မြန်မြန်ထိုင်လေ"
ရိချန်းလျန်က ပန်းသီးကို ယူလိုက်ကာ ဆိုဖာတွင် ကိုးရိုးကားယားနိုင်စွာ ထိုင်ချလိုက်ပြီး အနည်းငယ် မကျွမ်းကျင်စွာဖြင့် ကျေးဇူးတင်လိုက်၏။
"ကျေးဇူးတင်ပါတယ် အန်တီ"
"ရပါတယ်ကွယ်"
သူက အတော်လေး သာမာန်ဖြစ်သည်ကိုကြည့်ကာ ထန်ရိက စိတ်မလှုပ်ရှားတော့ပေ။ သူမက ခွေးခြေပုလေးယူကာ သူ့ရှေ့တွင် ထိုင်လိုက်၏။
"သားနဲ့ ယွင်ဖန်းတို့က လျှောက်လည်ဖို့ ထွက်လာကြတာလား? နေလည်စာရော စားပြီးကြပြီလား?"
"အာ၊ ဟုတ်ကဲ့။ကျွန်တော်တို့ စားပြီးကြပြီ"
ရိချန်းလျန်မှာ သူ့လက်ထဲက ပန်းသီးက အနည်းငယ် ပူလာသည်ဟု ခံစားလာရလေကာ ယွင်ဖန်းအား ကူညီပေးပါရန် လှည့်ကြည့်လိုက်၏။
ယွင်ဖန်းက အစပိုင်းမှာသာ ထိတ်လန့်သွားတာ ဖြစ်သည်။ သို့ပေမဲ့ ယခုတော့ ဆိုဖာတွင်ထိုင်ကာ အတော်လေးတည်ငြိမ်စွာဖြင့် သူကိုယ်တိုင်အား ရှုစားနေခဲ့လေသည်။ သူ့ကိုယ်သူ ကြည့်နေရင်း ရှင်းပြဖို့လိုပြီဟု ခံစားလိုက်ရတာကြောင့် လည်ချောင်းရှင်းလိုက်ကာ
"အမေ..သူက ကျွန်တော့်ရဲ့ ထိုင်ခုံဖော်လေ၊ ကျွန်တော်တို့က သာမာန်သူငယ်ချင်းတွေပါ"
ထန်ရိ၏ အကြည့်က သူ့ထံတွင် လုံးဝရှိမနေခဲ့ဘဲ သူပြောလာတာကို ကြားတော့ ဝတ်ကျေတမ်းကြေ ခေါင်းညိတ်လိုက်ပေမဲ့ ရိချန်းလျန်ကိုသာ အတော်လေး လေးနက်စွာ မေးလိုက်၏။
"ဒီက အတန်းဖော်လေးရဲ့ နာမည်က ဘာများလဲ?"
သူမ၏ အကြည့်အောက်ရောက်နေရှာသည့် ရိချန်းလျန်မှာ အမှတ်တမဲ့ ကျောကိုဖြောင့်လိုက်မိကာ ကိုးရိုးကားယားနိုင်စွာ ပြုံးလို့ စိတ်လှုပ်ရှားမှုကြောင့် စကားတောင် ထစ်သွားခဲ့လျက်သား။
“ကျွန်…ကျွန်တော့်နာမည်က ရိချန်းလျန်ပါ အန်တီ..”
"ဒါဆိုလည်း ဟုတ်ပြီလေ။ သားကို ရှောင်လျန်လို့ခေါ်မယ်နော်"
ထန်ရိက ကြင်နာစွာပြုံးလျက် ပြောလာ၏။
"ထန်ထန်က ငယ်ငယ်လေးကတည်းက တိတ်ဆိတ်ပြီး စကားသိပ်မပြောတတ်ဘူး။ ပြီးတော့ ဒါက သူ တစ်ယောက်ယောက်နဲ့ အပြင်ထွက်တာကို အန်တီမြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ"
ရိချန်းလျန်က ပန်းသီးကိုကိုင်ထားဆဲဖြစ်သည်မို့ ခေါင်းညိတ်ပြလိုက်သည်။
"ဒီလောက်ပူတဲ့ ရာသီမှာ ဘာလို့ နှာခေါင်းစည်းကြီးကို ခုထိ တက်ထားတာလဲကွယ်။ အမြန်ချွတ်ပြီး ပန်းသီးစားလိုက်ပါဦး"
ထန်ရိက သူ့ကို အပြုံးလေးနှင့် ပြောလာပြန်သည်။
"သူ လတ်တလောကမှ အအေးမိထားတာ"
ယွင်ဖန်းက သူ့လက်ထဲမှ ပန်းသီးကို ယူလိုက်သည်။
"သူ့လက်ကိုလည်း မတော်တဆ ထိခိုက်မိထားသေးတယ်။ အမေ ကျွန်တော် သူ့ကို အိမ်အရင် ပြန်ပို့ပေးလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် သူက ချောင်းနှစ်ချက်လောက် ဆိုးပြကာ ပူးပေါင်းပေးလာသော ရိချန်းလျန်ကို ဆွဲထူလိုက်သည်။
"တောင်းပန်ပါတယ် အန်တီ"
"အာ၊ မလိုပါဘူးကွယ်။ မြန်မြန်ပြန်ပြီး နားလိုက်တော့။ ယွင်ဖန်းရောပဲ.. ဒီလောက်ပူနေတာကို သူ့ကို အပြင် ခေါ်ထုတ်လာရတယ်လို့"
ထန်ရိကလည်း ထရပ်လိုက်သည်။
"သူ့ကို အရမ်း အလိုမလိုက်နဲ့နော် သား"
ဤဝါကျနှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု ရိချန်းလျန် ခံစားလိုက်ရပေမဲ့ သူအများကြီး မတွေးနိုင်ခင်မှာပင် ယွင်ဖန်းဆွဲခေါ်ရာသို့ ကိုးယို့ကားယား ပါသွားရင်း အဝတ်ထည်ဆိုင်အပြင်သို့ ရောက်သွားရတော့သည်။
လူအုပ်ထဲ ရောနှောလိုက်ပြီးနောက်မှ ရိချန်းလျန်မှာ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းတစ်ချက် မှုတ်ထုတ်လာသည်မို့ ယွင်ဖန်းမှာ မနေနိုင်စွာ ရယ်မိသွားရ၏။
" မင်းက ဘာလို့ သူ့ကိုကြောက်နေရတာလဲ?"
"သူ့ကို ကြောက်တာမဟုတ်ဘူး"
ရိချန်းလျန်က ခဏရပ်ပြီးမှ။
"မင်းအမေ အထင်လွဲသွားမှာကိုပဲ ကြောက်တာ"
ချွေးတွေ မနည်းမနောထွက်နေသည့် သူ့ကို ကြည့်ရင်း ယွင်ဖန်း၏ မျက်လုံးများက ရွှင်မြူးစိတ်ဖြင့် လက်သွားလေသည်။
"ဒါဆိုလည်း သူ့ကို အထင်လွဲနေပါလေ့စေပေါ့"
ထန်ရိ၏ အမူအယာကို အကဲဖြတ်ရလျှင် သူမက အထင်လွဲနှင့်ပြီးနေပြီပင်။
"အဲ့လို မဟုတ်ဘူး"
ရိချန်းလျန်က မျက်မှောင်ကြုတ်သွား၏။
"မင်းအမေက မင်း ငါ့လို စာကောင်းကောင်း မလုပ်တဲ့ လူတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေတယ်ဆိုတာကို သိသွားရင် သူက မင်းအိမ်ပြန်ရောက်တဲ့အခါ သေချာပေါက်ကို ဆူမှာပဲ"
"မင်းနဲ့ တွဲသွားတွဲလာလုပ်တယ်....?"
ယွင်ဖန်းမှာ သိသာစွာကို ကြက်သေသေသွားလေသည်။
"ငါ့လို စာသေချာမလုပ်တဲ့ လူတစ်ယောက်နဲ့ တွဲသွား တွဲလာ လုပ်တာက မင်းကို လမ်းကြောင်းမှားစေလိမ့်မယ်”
ရိချန်းလျန်က သူ့လက်ရှိ ပတ်တီးကိုပြကာ မျက်လွှာချ၍ ပြောသည်။
"ဆိုးသွမ်းနေတဲ့ ကောင်လေးအဖြစ်ပေါ့"
ဆိုတော့၊ သူက တစ်ချိန်လုံး ဒါကြောင့် စိတ်လှုပ်ရှားနေခဲ့တာကိုး။
ယွင်ဖန်း မထိန်းနိုင်စွာ ရယ်လိုက်မိလေသည်။
"ငါထင်တာတော့ မင်းက အတော်ကောင်းပါတယ်။ မင်းက ငါ့အတွက် ခုလေးတင် ရပ်တည်ပေးခဲ့တာပဲလေ"
ရိချန်းလျန်က သူ့အား ရုတ်တရက် ကြည့်လာ၏။
"မင်း ဘာပြောလိုက်တာလဲ?"
"ငါပြောတာက မင်းက အရမ်းကောင်းတယ်လို့။ မင်းက ငါ့အတွက် ခုလေးတင် ရပ်တည်ပေးလိုက်တယ်။"
ယွင်ဖန်းက တိတိကျကျကို ထပ်ပြောပေးသည်။
ထို့နောက်မှာတော့ ရိချန်းလျန်၏ နားရွက်များက သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည့်အရှိန်ဖြင့် နီရဲတက်လာသည်ကို မြင်လိုက်ရလေသည်။
ယွင်ဖန်းမှာ မသိစိတ်ဖြင့် နှုတ်ခမ်းသတ်လိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
"မင်း.....ရှက်နေတာလား?"
ရိချန်းလျန်၏ အကြည့်က တဖြည်းဖြည်း ပိုခက်ထန်လာပေမဲ့ သူ့အသံက ပိုခိုင်ကျဉ်လာကာ
"မင်းက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ"
သူလှည့်ကာလျှောက်ထွက်သွားသည်ကိုမြင်တော့ ယွင်ဖန်းမှာ အမြန်ပင် လိုက်မှီအောင် ကြိုးစားလိုက်ရသည်။
“မင်းက ရှက်တာကနေ စိတ်ဆိုးသွားပြန်ပြီလား”
“ထွက်သွားစမ်း”