[နှင်းထူထူ]
"ဘာအတွက် တောင်းပန်တာလဲ?"
ရိချန်းလျန်က ပဟေဠိဖြစ်သွား၏။
"အမ်း၊ မင်း ပြန်လာတာကို မစောင့်ဘဲနဲ့ ခုံနေရာချတဲ့ဆီကို ငါပြောင်းသွားလို့။ မင်းကို စကားတစ်ခွန်းမှ မပြောခဲ့မိဘူး"
ယွင်ဖန်းက သူ့ခေါင်းပေါ်မှာ နှင်းများကို ကူပြီး ခါပေးလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ငါ့စိတ်တွေ အရမ်း ရှုပ်ဖြစ်နေခဲ့လို့ပါ။"
"ငါ့စိတ်လည်း....အရမ်းရှုပ်နေခဲ့တာပဲ"
ရိချန်းလျန်က မျက်မှောင်ကြုတ်လိုက်သည်။
"နောက်ဆုံးတစ်ခေါက်က ငါလေးလေးနက်နက် ဝန်ခံလိုက်တဲ့အချိန်မှာ ချက်ချင်းကို အငြင်းခံလိုက်ရတာလေ"
ယွင်ဖန်း:"......"
သူ အန္တရာယ်ရှိသည့်ခေါင်းစဉ်ကို ကျော်လိုက်ရန် ရွေးချယ်လိုက်တော့သည်။
****
ရိချန်းလျန်က သူ့အိမ်ကို သပ်ရပ်နေအောင် သန့်ရှင်းထားပေမဲ့ ဂရိဘောဂကနည်းလွန်းလှကာ အိမ်ကို ဗလာဖြစ်နေသည့် ပုံပေါ်စေ၏။
ထိုဆိုဖာကိုမြင်တော့ ယွင်ဖန်းက လွန်ခဲ့သည့် လဝက်က ကိုးရိုးကားယားနိုင်သည့် မတော်တဆအကြောင်းကို မထိန်းနိုင်စွာပင်
ပြန်တွေးမိသွားကာ အမြန်ပင် အကြည့်လွှဲလိုက်ရသည်။
သီအိုရီအရ လူနာနှစ်၏ နှစ်သစ်ကူးအကြိုတွင် ဖက်ထုပ်စားသင့်တာဖြစ်ပေမဲ့ ရိချန်းလျန်၏ မီးဖိုချောင်ကတော့ တကယ်ကို ပစ္စည်းပစ္စယများ ပြတ်လပ်နေသည်ပင်။ အပြင်ဘက်တွင် နှင်းက သည်းသထက် သည်းလာတာကြောင့် တစ်ယောက်ကမှ လိုအပ်သည့် ပစ္စည်းများ ထွက်မဝယ်ချင်ကြပါချေ။
"မင်း ဒီည အိမ်မှာ ညစာပြန်မစားဘူးလား?"
ရိချန်းလျန်က အဝတ်အစားလဲကာ ပေါ့ပေါ့ပါးပါးဖိနပ်စီး၍ မီးဖိုချောင်ထဲ ဝင်သွားသည်။
"ငါ့အဖေက အလုပ်ခရီးထွက်သွားတယ်။ အမေက အဖွားနေမကောင်းလို့ အိမ်ကိုသွားကြည့်တယ်။ ဒီည အိမ်မှာ ဘယ်သူမှမရှိဘူး”
ယွင်ဖန်းက ခေါင်းလှည့်လာကာ သူဝတ်ထားသည်ကိုမြင်တော့ မျက်မှောင်ကြုတ်သွား၏။
"မင်း မအေးဘူးလား?"
ရိချန်းလျန်က မီးခိုးရောင် ရှပ်အပါးတစ်ထည်နှင့် ညအိပ်ဘောင်းဘီပွပွတစ်ထည် ဝတ်ထားကာ ခြေဗလာဖြင့် စလစ်ပါသာစီးထား၏။ နွေဦးနှင့် နွေရာသီမှာ နေထိုင်နေသကဲ့သို့ပါပင်။
"အပူပေးစက်ရှိတယ်လေ၊ အများကြီးဝတ်ထားရင် ပူလိမ့်မယ်။"
ရိချန်းလျန်က အကျင့်ဖြစ်စွာ အိပ်ကပ်ထဲလက်နှိုက်လို့ စီးကရက်ရှာလိုက်သည်။ သို့ပေမဲ့ လမ်းတစ်ဝက်မှာပင် ယွင်ဖန်းနှင့်အကြည့်ချင်းဆုံသွားရာ အိတ်ထဲက ထွက်လာသည့် ထန်ကွား(ခဲအောင်ကျိုပြီး ပုံဖော်ထားသည့်သကြားချောင်း) ကို ထုတ်၍ စဥ့်နှီတုံးပေါ်တင်ပြီး လက်သီးဖြင့် ထုခြေပစ်လိုက်သည်။
ရိချန်းလျန်က အပိုင်းတစ်ခုကိုကောက်က တခွပ်ခွပ်မြည်အောင် ဝါးစားလိုက်ရင်း ယွင်ဖန်းကို မေးလိုက်သည်။
"စားဦးမလား?"
"စားမယ်"
ယွင်ဖန်းက အသီးအရွက် ရေဆေးနေတာကြောင့် လက်က ရေစိုနေသည်ပင်။ သူက အလိုအလျောက်ပင် ပါးစပ်ဟပေးကာ အထဲကို ပစ်ပေးဖို့ အမူအရာပြလိုက်သည်။
ရိချန်းလျန်က အပိုင်းကြီးကြီးတစ်ခုကိုရွေးကာ သူ့ပါးစပ်ထဲ ပစ်ပေးလိုက်၏။ သူ့လက်က နှမ်းများဖြင့် စေးကပ်နေတာကြောင့် လျှက်လိုက်လေရာ ယွင်ဖန်းခမျာ မျက်ခုံးတွေ လှုပ်သွားရသည်။
"မင်း ဘာကိုလျှက်နေတာလဲ? ရေဆေးလိုက်!"
ယွင်ဖန်းက အကြည့်လွှဲရင်း ဓါးကိုင်လို့ အသီးအရွက်ကို စဉ့်နှီတုံးပေါ် တင်လှီးလိုက်သည်။ မသိပါက တစ်ယောက်ယောက်၏ လက်ချောင်းများကို လှီးဖြတ်နေသကဲ့သို့မြင်ရလေသည်။
ရိချန်းလျန်က သူ့ထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လာ၏။
"မင်း သွေးဆုံးကိုင်နေတာလား?"
"...."
ယွင်ဖန်းက ဓါးကို စဉ့်နှီတုံးပေါ် ဒုန်းခနဲ ပစ်ချလိုက်ကာ ခေါင်းလှည့်လို့ ခပ်တင်းတင်း ကြည့်လိုက်သည်။
"လာခဲ့၊ ထပ်ပြောစမ်းပါဦး"
"....."
ရိချန်းလျန်က ထန်ကွားအပိုင်းအစတွေကို ကောက်ကိုင်ကာ ထွက်ပြေးသွားလေတော့သည်။
မီးဖိုချောင်တွင် အသီးအရွက်က အကန့်အသတ်နှင့်သာ ရှိ၏။ ယွင်ဖန်းကတော့ သူ့ရှိသမျှ ဟင်းချက်စွမ်းရည်အားလုံးကို ထုတ်သုံးပြီး ကျောက်ဖရုံသီးစွပ်ပြုတ်နှင့် ငရုတ်ပွစိမ်းကြက်ဥကြော်တစ်ခွက် ချက်လိုက်သည်။ ဟင်းပန်းကန်များနှင့်အတူ သူထွက်လာချိန်တွင် ရိချန်းလျန်က ဆိုဖာပေါ် အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။
ပါးလှပ်လှပ်ဝတ်ထားသည့် သူ့ကိုကြည့်ကာ ယွင်ဖန်းမှာ အေးစိမ့်လာရသည်။ သူက ထိုသူ့တင်ပါးကိုရိုက်လိုက်၏။
"စားပြီးမှ အိပ်"
ရိချန်းလျန် လန့်ဖြန့်သွားကာ ဆိုဖာပေါ်မှ ကုန်းထလိုက်တော့ သူ့ခေါင်းက ယွင်ဖန်း၏ မေးစေ့နှင့် တိုက်မိသွားကာ အား ခနဲ အာဗြဲကြီးနှင့်အော်တော့သည်။
ယွင်ဖန်းခမျာတော့ သူ့မေးစေ့ကို အုပ်ထားကာ နာလွန်း၍ ချွေးများပင်ပြန်လာရ၏။
"အဲ့လောက်ထိ လိုလို့လား?"
ရိချန်းလျန်က ခေါင်းကိုကိုင်ထားရင်း အသက်ပြင်းပြင်းရှုနေသည်။ ယွင်ဖန်းသည် ထိုသူ့ခေါင်းမှဒဏ်ရာကို ထပ်ထိမိသွားမည်စိုရိမ်တာကြောင့် ဆံပင်ကိုဖြဲကြည့်လိုက်၏။
"ယောင်သွားတယ်"
အနာသက်သာလာချိန်မှာ ရိချန်းလျန်က ယွင်ဖန်းကို မျက်နှာချင်းဆိုင်မော့ကြည့်လိုက်သည်။ ယွင်ဖန်း၏ လက်က သူ့ခေါင်းပေါ်တွင် ရှိနေဆဲပါပင်။
"ရပါတယ်"
ရိချန်းလျန်က သူ့လက်ကို ရိုက်ထုတ်ရင်း လည်ချောင်းရှင်းလိုက်၏။
"စားရအောင်"
ယွင်ဖန်း၏ အချက်အပြုတ်စွမ်းရည်က သာမာန်မျှသာဖြစ်ပြီး သူလုပ်ပေးသည့် စားစရာများမှာလည်း အရသာအတိအကျကို မရှိပေမဲ့ အနည်းဆုံးတော့ စား၍ရနိုင်သေးသည်ပင်။ ရိချန်းလျန်က ကျောက်ဖရုံသီးဟင်းရည်ကို ခွက်တစ်ဝက်နီးပါးသောက်လိုက်ပြီးငရုပ်ပွစိမ်းကြားမှ ကြက်ဥနှစ်ဖက်ကို ရွေးလိုက်ပေမဲ့ ငရုပ်ပွစိမ်းပါ တူထဲကိုပါလာ၏။ ကြက်ဥလေးက ပါးစပ်ထဲရောက်သွားပေမဲ့ ငရုပ်ပွစိမ်းလေးခမျာ ပန်းကန်ထဲမှာသာ ကျန်ခဲ့ရရှာလေသည်။
"မင်း ငရုပ်ပွစိမ်းမစားတာ ငါမေ့သွားတယ်။”
ယွင်ဖန်းက ငရုပ်ပွစိမ်းကို ယူကာ သူ့ပန်းကန်ထဲ ပြောင်းထည့်လိုက်သည်။
"မင်း ဘာလို့အဲ့ဒါကို ဝယ်ထားတာလဲ?"
"အာလူးမွကြော်ကို ကြည့်ကောင်းအောင်လုပ်ဖို့"
ရိချန်းလျန်သည် ယွင်ဖန်းက မျက်နှာတစ်ချက်မပြောင်းဘဲ ငရုပ်ပွစိမ်းစားနေသည်ကို ကြည့်နေလေ၏။
"မင်း အဲ့ဒါကိုစားနိုင်တာလား?"
"ဗိုက်ဆာနေတဲ့အချိန်မှာ ငါ ဘာမဆို စားနိုင်တယ်"
ယွင်ဖန်းက ရယ်လိုက်သည်။
"လူငယ်ထိန်းသိမ်းရေးစခန်းမှာလား"
ရိချန်းလျန်က သူပြောခဲ့ဖူးသည်ကို သတိရသွားကာ မျက်မှောင်ကြုတ်သွား၏။
"ဝမ်းယိုဝေကြောင့် ဖြစ်ရတာလား?"
"လူငယ်ထိန်းသိမ်းရေးစခန်းနဲ့ အများကြီး မဆိုင်ပါဘူး"
ယွင်ဖန်းက ခဏစကားရပ်ပြီးမှ
"ဒါပေမဲ့ ဝမ်းယိုဝေကို မတော်တဆသတ်လိုက်မိပြီးတော့ ငါ လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်သွားခဲ့တာတော့ အမှန်ပဲ”
ရိချန်းလျန်က တူကိုချလိုက်သည်။
"မင်းကို ဘယ်နှနှစ် အမိန့်ချလိုက်တာလဲ?"
"အသက် ဆယ့်ခြောက်နှစ်အောက်ဖြစ်နေတာရယ် ပြီးတော့ မရည်ရွယ်ဘဲ သတ်မိတာရယ်ကြောင့် ငါးနှစ်အထိပါပဲ"
ယွင်ဖန်းက ခေါင်းငုံကာ စားသောက်လိုက်သည်။
"မင်းဘာလို့ ငါ့ကို ဒီအကြောင်းမေးတာလဲ?"
ရိချန်းလျန်မှာ လျှာအရင်းမှနေ ခါးသက်သက် ခံစားလိုက်ရသည်။
"မင်းကြောင့်သာမဟုတ်ရင်၊ ငါအဲ့ဒီကိုရောက်နေလောက်ပြီ။"
ယွင်ဖန်းက ရယ်၏။
"အဲ့ဒါကြောင့်ပဲ မင်းဆီမှာ ငါရှိနေတာလေ"
သူမည်သို့ ခံစားနေရသည်ကို ရိချန်းလျန် ပြောမပြတတ်ပေ။ လွန်ခဲ့သည့် လအနည်းငယ်က လမ်းကြားထဲဖြစ်သွားခဲ့သည့် ဖရိုဖရဲမြင်ကွင်းက သူ့မျက်စိထဲ တစ်ခုပြီးတစ်ခု ပေါ်လာကာ နောက်ဆုံးမှာ ဓါးကို တင်းတင်းကိုင်ထားသည့် လက်ပေါ်တွင် တန့်သွားလေသည်။
ကျေးဇူးတင်ရမည်လား ဝမ်းနည်းရမည်လား သူမသိတော့ပါချေ။
သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ထိုလူက စကားကို ပေါ့ပေါ့ပါးပါးပြောနေခဲ့ပေမဲ့ ထိုသူ့ကမ္ဘာထဲမှာတော့ သူ့အစား ထိုဓါးကို အသက်စွန့်တားပေးသူ တစ်ယောက်သော်မျှ မရှ်ိခဲ့ပါချေ။
သူ ထိုအချိန်တုန်းက အလွန် ကြောက်နေခဲ့မိသည်။ ထို့ပြင် သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ထိုလူလည်း ကြောက်နေခဲ့မှာပင်။
"ငါတောင်းပန်ပါတယ်။"
ရိချန်းလျန်က သူ့ကိုကြည့်ကာ သူ့နှလုံးသားက ခပ်တင်းတင်း ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ ပြင်းထန်သည့်နာကျင်မှု ခံစားလိုက်ရလေသည်။
"မင်းက ဘာလို့ ရုတ်တရက်ကြီး တောင်းပန်နေတာလဲ?"
ယွင်ဖန်းက သူ့အား ရွှင်မြူးစွာကြည့်ကာ
"မင်းအမှားမှ မဟုတ်ဘဲနဲ့"
“ငါသာ အချိန်နောက်ပြန်သွားနိုင်မယ်ဆိုရင် ကောင်းမှာပဲ"
ရိချန်းလျန်က နှုတ်ခမ်းတင်းတင်းစေ့ကာ။
"ငါ မင်းကို ကယ်မှာ"
ယွင်ဖန်း ကြက်သေသေသွားရင်း သူ့နှလုံးသားက စူးရှကျိန်းစပ်လာရကာ ခဏကြာမှ ဖျစ်ညှစ်ပြုံးလိုက်လျက်
“ငါ့အတွက်တော့ အဲ့ဒါတွေက ကြာခဲ့ပါပြီ”
ပထမဆုံးအကြိမ်အနေဖြင့် ရိချန်းလျန်သည် အနှီအပြုံးက အလွန်အမင်း တလက်လက်တောက်ပနေသလို ခံစားလိုက်ရသည်။ တောက်လွန်းသည်မှာ လူအား အကြောင်းပြချက် မရှိ ဝမ်းနည်းစေသည့်အထိပင်။
သူ့ရှေ့ရှိ အရွယ်ရောက်ပြီး ရိချန်းလျန်ဟာ အသက် သုံးဆယ့်ငါးနှစ်ထိသာ ရှင်သန်ခဲ့ရကာ သေဆုံးခဲ့ရ၏။ သူ့ဆီရောက်မလာခင်မှာ နာကျင်မှုတွေ၊
ခက်ခဲမှုတွေကို ဘယ်လိုများ သည်းခံထားရလဲ၊ သူ့ထက် ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲဆိုတာ မပြောတတ်တော့ပါချေ။
ထို့ကြောင့်ပင် ရိချန်းလျန်သည် လက်လှမ်းကာ သူ့ဆံပင်ကို ဖွလိုက်ပြီး လေးနက်စွာကြည့်၍ပြောလိုက်၏။
"ကိစ္စမရှိဘူး။ အခုကစပြီး ငါက မင်းကို ကာကွယ်ပေးမယ်"
သူ့၏ ရုတ်တရက် ထိုအထိတွေ့ကြောင့် ယွင်ဖန်းမှာ ကြောင်အမ်းသွားပြီးမှ ရယ်မောလာ၏။
" တစ်ယောက်ယောက်က ငါ့ကို ကာကွယ်ပေးမယ်လို့ပြောတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ပြောတဲ့လူကလဲ ကလေးတစ်ယောက်တဲ့နော်"
"တစ်ယောက်ယောက် မဟုတ်ဘူး၊ ရိချန်းလျန်က ကာကွယ်ပေးမှာ"
ရိချန်းလျန်က လေးနက်စွာဖြင့် အမှားပြင်ပေးလာပြီးနောက် သူ့အား အဓိပ္ပါယ်ပါပါ ကြည့်လာကာ
"ပြီးတော့ အခုက မင်းလည်း ကလေးပဲလေ"
ယွင်ဖန်း:"...စားစရာရှိတာသာစားတော့!"
ညစာစားပြီးနောက် အပြင်ဘက်ရှိကောင်းကင်က လုံးဝ မှောင်သွားခဲ့ပြီဖြစ်ပေမဲ့ နှင်းကတော့ ပိုပိုပြီး သည်းလာဆဲပင်။
ယွင်ဖန်းက ဧည့်ခန်းထဲတွင် ထန်ရိနှင့် ဖုန်းပြောနေ၏။ ရိချန်းလျန်ကတော့ မီးဖိုချောင်ထဲ ပန်းကန်ဆေးနေခဲ့ကာ ဆေးပြီးချိန် အပြင်ထွက်လာတော့ ယွင်ဖန်းက ဖုန်းပြော၍ မပြီးသေးတာကြောင့် သူက အိပ်ခန်းထဲ ဝင်သွားလိုက်သည်။
ယွင်ဖန်းက ထန်ရိဘက်မှ အခြေအနေကို မေးနေကာ သူဘက်မှလည်း ယနေ့ညစာဘာစားခဲ့ကြောင်း ပြန်ရှင်းပြနေခဲ့၏။ ထို့နောက် ဖုန်းမချခင်မှာ ထန်ရိညွှန်ကြားသည့် သူလုပ်ရမည့်တို့ကို နားထောင်လိုက်ရသေးသည်။
သူ အိပ်ခန်းတံခါးဝဆီ လျှောက်သွားလိုက်တော့ ရိချန်းလျန်၏ ကိုယ်တစ်ဝက်လောက်က အဝတ်ဗီရိုထဲရောက်နေသည်ကို မြင်လိုက်ရသည်။ သူလည်းပဲ ခေါင်းတိုးဝင်ကာ မေးလိုက်၏။
"မင်းဘာတွေ ရှာနေတာလဲ?"
ရိချန်းလျန်က အဝတ်ဗီရိုအောက်ခြေမှနေ သိုးမွှေးညအိပ်ဝတ်စုံကို ဆွဲထုတ်လာကာ သူ့ကိုကမ်းပေးလာသည်။
"မင်းအတွက် ဝတ်စရာ အဝတ်အစား ရှာနေတာ"
ညအိပ်ရန် မရည်ရွယ်ခဲ့သည့် ယွင်ဖန်း:"အိုး"
သူတို့က လမ်းတစ်ဖက်စီတွင် နေထိုင်ကြတာဖြစ်သည်မို့ အိမ်ပြန်ဖို့ရန်အတွက် ငါးမိနစ်လောက်တောင် လမ်းမလျှောက်ရပါချေ။
သို့ပေမဲ့ အခု ရိချန်းလျန်က သူ့လက်ထဲ ညအိပ်ဝတ်စုံထည့်ပေးလာပြီဖြစ်တာကြောင့် ပြန်မည့်အကြောင်းပြောရန်က သိပ်ပြီး မသင့်တော်တော့။
ငှားထားသည့် အိမ်တွင်မူ ငါးမီတာခွဲကျယ်သည့် နှစ်ယောက်အိပ်မွှေ့ယာတစ်ခုသာ ပါကာ တစ်ခြားအိပ်ခန်းတစ်ခုထဲတွင်တော့ ဘာမှ မရှိပေ။ ရိချန်လျန်ကလည်း ဆိုဖာ သို့မဟုတ် ကြမ်းပြင်တွင် အိပ်ဖို့ရန် ရည်ရွယ်ချက် မရှိသည်ကလည်း သိသာလှသည်။ စောင်နှစ်ထည်ကိုလည်း အတော်လေး သိသာသည့်အရိပ်အမြွတ်အဖြစ် ပုခုံးချင်းယှဉ် လက်ချင်းယှဉ်၍ ဖြန့်ထားသည်သေးသည်ပင်။
အိပ်ရာ မျှအိပ်ရုံလေးပဲလေ။
ယွင်ဖန်းက လက်တွေ့ကျကျတွေးလိုက်၏။ အခုဆို ရိချန်းလျန်က သူ့အပေါ် ခုန်အုပ်မည့် အတွေးဆိုးလည်း မရှိနိုင်လောက်တော့။ထို့ပြင် သူသည်လည်း ရိချန်းလျန်နှင့် တစ်ကုတင်တည်း မအိပ်ဖူးတာ မဟုတ်ပါချေ။
ထို့ကြောင့်ပင် ယွင်ဖန်းက စိတ်အေးလက်အေး နေလိုက်တော့သည်။
ရိချန်းလျန်တွင် ဖုန်းမရှိပေ။ ထို့ပြင် ငှားထားသည့်အိမ်တွင်လည်း တီဗွီမပါရာ ညစာစားပြီးချိန်မှာ အပန်းဖြေစရာ တစ်ခုမှကိုမရှိချေ။ ယွင်ဖန်းသည်လည်းပဲ ဖုန်းဖြင့်အချိန်ဖြုန်းရန် စိတ်မဝင်စားတာကြောင့် နှစ်ယောက်သားက ပြတင်းပေါက်တွင်ရပ်ကာ နှင်းများကိုကြည့်နေလိုက်ကြသည်။
"အခု ပိုက်ဆံဘယ်လောက်ကျန်သေးလဲ?"
ယွင်ဖန်းကမေးသည်။
"ခြောက်ရာ"
ရိချန်းလျန်က သူ့ကို မဖုံးကွယ်ထားပေ။
မူလက ရိချန်းလျန်မှာ ဤလများအတွင်း နောက်နှစ်ကျောင်းလခအတွက် ပိုက်ဆံလုံလောက်စွာ စုမိလုနီးပါးပါပင်။ သူက ကြားထဲ၌ ယွင်ဖန်းအား နေ့စဉ်အသုံးအဆောင်နှင့် အဝတ်အထည်များအတွက် တစ်ထောင်ပေးခဲ့ကာ ဆေးကုသစရိတ်အတွက် နှစ်ထောင်သုံးခဲ့ပြီး အိမ်ငှားခအတွက်လည်း အများကြီး သုံးခဲ့သေး၏ ။တရားစွဲသည့်အတွက် ကုန်ကျငွေကိုတောင် ယွင်ဖန်းအား ပြန်မပေးရသေးပါချေ။ မူလက လုံလောက်နေသော ငွေကြေးမှာ အခုတော့ ကြပ်တည်းနေပြီဖြစ်သည်။
"ငါ တကယ်တော့ -"
ယွင်ဖန်း စကားစပြောရုံ ရှိသေး ကြားဖြတ်ခံလိုက်ရသည်။
"မင်းပိုက်ဆံကို မင်းအတွက်သာ သုံးစမ်းပါ။"
ရိချန်းလျန်က သူ့ကို ပြတ်သားစွာ ငြင်းဆန်လာသည်။
"ငါ့ဘာသာငါ ဖြေရှင်းနိုင်ပါတယ်။"
"ဟင်း၊ ငါသိပါတယ်"
ယွင်ဖန်း ပြုံးလိုက်သည်။
"မင်းပေးတဲ့ ပိုက်ဆံမှန်သမျှ ငါပြန်ယူမှာပါ”
ရိချန်းလျန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"ငါ မနက်ဖြန် အလုပ်သွားရမယ်"
" မင်း ဘယ်လို အလုပ်မျိုး ရထားတာလဲ?"
ယွင်ဖန်းက မေးလိုက်သည်။
"စူပါမားကပ်မှာ နှစ်သစ်ကူးအတွက် ပစ္စည်းတွေ ရွှေ့ဖို့ လူလိုနေတာ"
ရိချန်းလျန်က ခြင်လုံဇကာ ပြတင်းပေါက်ကို ဖွင့်လိုက်လျက်
"ညဘက်မှာ စားသောက်ဆိုင်ကိုသွားမယ်။ နှစ်သစ်ကူးကာလထဲမှာ နည်းနည်းလောက်တော့ပိုပြီး ရှာနိုင်မှာပဲ"
"မင်းရဲ့ ဒဏ်ရာက ခုထိ ကောင်းကောင်း မပျောက်သေးဘူး"
ယွင်ဖန်းက လက်လှမ်းကာ သူ့နံရိုးကို ထိလိုက်သည်။
"အလုပ်ကြမ်းတွေလုပ်တာက အခုဆို ရောဂါအမြစ်တွယ်ဖို့ လွယ်သွားနိုင်တယ်"
"ကျစ်--မထိနဲ့"
ရိချန်းလျန်က သူ့လက်ကို ရိုက်ထုတ်လိုက်ကာ အရယ်တစ်ဝက် အတည်တစ်ဝက်ဖြင့် ပြောလာ၏။
"မင်းက ခုထိ ငါ့ရဲ့ အချစ်ဒုက္ခလေးဖြစ်နေတုန်းပဲ"
"...."
ယွင်ဖန်းခမျာ ချောင်းခြောက်တစ်ချက် ဆိုးမိသွားရတော့သည်။
"တကယ်ဆို၊ ငါပြောချင်တာက မင်းသာ စိတ်မရှိရင် မင်း ငါ့ကို လာကူပေးလို့ရတယ်လို့၊ ငါမင်းကို လစာပေးမယ်လေ"
"ဟမ်?"
ရိချန်းလျန်က ပဟေဠိဖြစ်သွားဟန်အထင်းသား။
"ငါ ဆိုင်သေးသေးလေးတစ်ခု ဖွင့်ထားတယ်။"
ယွင်ဖန်းက ဆက်ပြောသည်။
"နှစ်သစ်ကူးအတွက် လူလည်း လိုနေတယ်။ ဒါပေမဲ့ အလုပ်က မပင်ပန်းဘဲ လစာကမြင့်တယ်။မင်းကို မနက်ဖြန်ကျရင် ကြည့်ဖို့ ခေါ်သွားပေးမယ်"
ရိချန်းလျန်က အတော်ကြာအောင် သူ့ကို ကြည့်နေပြီးမှ ခေါင်းညိတ်ပြလာသည်။
"အိုခေလေ"
"အဲ့ဒါက ဘယ်လို အမူအယာကြီးလဲ?"
ယွင်ဖန်းက မေးလိုက်၏။
"မင်းက အမြဲ စာပဲလုပ်နေတာကို ဘယ်အချိန်မှာ ဆိုင်တစ်ဆိုင်ဖွင်ဖို့ အချိန်ရသွားတာလဲ ဆိုတဲ့ အကြည့်ပဲ"
ရိချန်းလျန်ကဖြေသည်။
"ငါ့ မိတ်ဆွေတစ်ယောက်ကို စီမံပေးဖို့ အကူအညီတောင်းထားတာလေ"
ယွင်ဖန်းက သူ့နှာခေါင်းသူ ကုပ်လျက်
"ငါ အဲ့ကို သိပ်မသွားဖြစ်ဘူး"
မူလ ယွင်ဖန်း၏ကတ်ထဲ၌ အတော်များများ စုဆောင်းထားသည်များရှိပြီး ထန်ရိနှင့် ယွင်ဟဲယွီတို့ကလည်း လတိုင်း ပုံမှန် မုန့်ဖိုးပမာဏတစ်ခု ပေးတတ်ကြလေရာ ပေါင်းလိုက်လျှင် မနည်းသည့် ပမာဏတစ်ခုပါပင်။ သူက ထိုငွေများကို ခဏလောက် ချေးထားတာသာဖြစ်ကာ သူအမြတ်ရလာချိန် ဒီလထဲမှာပဲ သူ့ထိုကတ်ထဲ ပြန်ထည့်ထားလိုက်ရုံပင်ဖြစ်သည်။
သူက မူလပိုင်ရှင်နှင့် ထန်ရိ၊ ယွင်ဟဲယွီတို့၏ ငွေများကို ထိရန် မတွေးထားပေ။ ကတ်ထဲမှာသာစုထားပြီး နောက်ပိုင်း ဆင်ခြေရှာတွေ့ချိန်၌ ထိုငွေများအား ထန်ရိနှင့် ယွင်ဟဲယွီတို့ဆီ ပြန်ပေးမှာ ဖြစ်၏။
မည်သို့ဆိုစေ သူဟာ တကယ့် ယွင်ဖန်အစစ်မဟုတ်သည်မို့ ဤငွေများကိုလည်း စိတ်အေးလက်အေး မသုံးလိုက်နိုင်ပါချေ။
ဆိုင်မှရသည့် ဝင်ငွေက သူနှင့် ရိချန်းလျန်တို့ကို ထောက်ပံ့ရန်မူ လုံလောက်ပေသည်။
အိပ်ချိန်ရောက်တော့ ယွင်ဖန်းက ရိချန်းလျန်၏ ဒူးခေါင်းမှ ဒဏ်ရာကို ကြည့်ရန် အကြံပြုလာသည်။
ရိချန်းလျန်က သူ့ဘောင်းဘီရှည်ကို လိပ်တင်လိုက်၏။
"အမာရွတ်တွေက ပျောက်ခါနီးနေပြီ။"
ယွင်ဖန်းက လှမ်းထိလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။
"အဲ့ဒီနေ့က ငါ အစောကြီး ထွက်သွားမိလိုက်တာ"
"ဒါက မင်းနဲ့ မဆိုင်ပါဘူး။ သူတို့က ငါ့ကို ပြန်ရဖို့ ဆုံးဖြတ်ချက် ချထားပြီပဲ၊ အနှေးနဲ့အမြန်ကို သူတို့ အခွင့်အရေးရသွားကြမှာပဲလေ"
ယွင်ဖန်း၏ အထိအတွေ့ကြောင့် သူ့ဒူးခေါင်းက ယားကျိကျိဖြစ်လာတော့ ရိချန်းလျန်က လိပ်ထားသည့်ဘောင်းဘီကို ဆွဲချလိုက်သည်။
"အခု အဆင်ပြေသွားပြီပဲ"
"နှစ်သစ်ကူးပြီးရင် မင်း ဆယ့်ခြောက်နှစ်ပြည့်ပြီ။ အဲ့ဒီအခါကျရင် တရားစွဲဖို့ အခွင့်ကောင်းရောက်လာလိမ့်မယ်"
ယွင်ဖန်းက သူ့ဘောင်းဘီကို ပေါ့ပေါ့ပါးပါး ဆွဲချပေးလိုက်သည်။
ရိချန်းလျန်က ခေါင်းညိတ်လိုက်လျက်။
"ငါ့ကိုကယ်ဖို့ မင်း ရွံ့အိမ်ထဲကို ဝင်လာတုန်းက ငါဘယ်မှာရှိလဲဆိုတာ မင်းဘယ်လို သိပါလိမ့်ဆိုပြီး အံ့ဩခဲ့သေးတယ်။ ဒါပေမဲ့ ထင်မထားတာက……”
သူက ရှေ့မှာရှိသည့် ယွင်ဖန်းကို ကြည့်လိုက်သည်။ ထိုအကြောင်းကို သူ တွေးမိလေ ပိုပြီး မယုံနိုင်စရာကောင်းပုံပေါ်လာလေပါပင်။
"ထင်မထားတာက မင်းက ငါ့ရဲ့ ရိချန်းလျန်အကြီးစားဗားရှင်း ဖြစ်နေမယ်ဆိုတာပဲ”
ရိချန်းလျန်အကြီးစား ဗားရှင်းက သူ့စကားကြောင့် ရွှင်မြူးသွားကာ သူ့စကားကို အတုခိုးလိုက်လျက်
"အာ….အဲ့တုန်းက ရိချန်းလျန်အသေးစားလေးကို ရှာမတွေ့တော့ ရိချန်းလျန်အကြီးစားခမျာလည်း တကယ့်ကို ပူပန်ခဲ့ရတယ်လေ”
ရိချန်းလျန်က သူ့ကို မေးလာ၏။
"မင်းကလေးဘဝကအကြောင်းတွေကို မှတ်မိနေတုန်းပဲလား?"
" ငါ အများစုကို မှတ်မိသေးတယ်"
ယွင်ဖန်းက ဂရုတစိုက် တွေးလိုက်ကာ
"ငါငယ်ငယ်တုန်းက ဝူအာ့ကျုးနဲ့ ညောင်ပင်အောက်မှာ ရန်ဖြစ်ပြီး လဲကျမလိုဖြစ်ပြီး ခြေသလုံးမှာ ပြတ်ရှရာအကြီးကြီးရသွားတာကို မှတ်မိသေးတယ်”
ရိချန်းလျန်က သူ့ဘောင်းဘီရှည်ကို လိပ်တင်လိုက်ပြန်ကာ သူ့ကို ညွှန်ပြလာ၏။
"ဒါက အဲ့ဒီဟာလေ၊ အဲ့ဒီတုန်းက နာလို့ ငိုလိုက်ရတာ"
"အိမ်ပြန်ရောက်ပြီးတော့ ဘယ်သူ့ကိုမှ မပြောရဲဘူး။ စောင်အောက်မှာပုန်းပြီးတော့ အနာဂတ်မှာ ဝူအာ့ကျူးကို ပိုပြီး ခပ်ပြင်းပြင်းလေး ရိုက်ဦးမှာလို့ ကျိန်ဆဲရင်း တိတ်တိတ်လေးပဲ ငိုခဲ့ရတာ။"
ယွင်ဖန်း မထိန်းနိုင်စွာ ရယ်လိုက်၏။
"မျက်နှာမှာ နှပ်ချေးပူပေါင်းအပြည့်နဲ့ ငိုခဲ့တာလေ"
"အာ ဟုတ်တယ်!"
ရိချန်းလျန်လည်း သူနှင့်အတူ လိုက်ရယ်လာသည်။
"တကယ်ကို တုံးတာပဲ"
“မင်း အသက်ကိုးနှစ်တုန်းက နောက်ဖေးခြံထဲက စပျစ်စင်အောက်မှာ မြှပ်ထားခဲ့တဲ့ သစ်သားတူကို မင်း မှတ်မိသေးလား?"
"သေချာပေါက် မှတ်မိတာပေါ့။ အဲ့ဒါက အရမ်းလှတယ်လို့ ထင်ပြီး နာမည်တောင် ပေးခဲ့သေးတယ်...."
"ဒါပေမဲ့ အဲ့ဒါကို ဝူသာ့ကျူးကခိုးသွားတယ်"
"မင်းလည်း ဝူသာ့ကျူး ခိုးတာလို့ ထင်တာလား?"
"သူခိုးသွားတာပဲ ဖြစ်ရမယ်။ ငါက ဝူအာ့ကျူးကိုရိုက်လိုက်တော့ သူ့ညီလေးအတွက် လက်စားချေတာလေ"
"ဟားဟားဟား...."
လူအများက ကြည်နူးဖွယ်ရာများကိုသာ မှတ်မိတတ်ကြတာကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် အကြမ်းဖက်မှုနှင့် အကြောက်တရားများ ပြည့်နှက်နေသည့် ထို မှောင်မဲသည့် ကလေးဘဝ၏ မရှင်းမလင်း မှတ်ဉာဏ်များအား ပူပန်မစရာမလိုဘဲ မျှဝေနိုင်သည့် တစ်ယောက်ယောက် ရှိလာတာကြောင့်လည်း ဖြစ်နိုင်သည်။ ယင်းမှတ်ဥာဏ်များက မှော်ဆန်စွာပင် တောက်ပရွှင်မြူးစရာအဖြစ် ပြောင်းသွားပြီး လူကို တကယ်ပဲ ရွှင်လန်းချမ်းမြေ့စွာ နေခဲ့ရလေသယောင် ထင်မှတ်မှားသွားစေရသည်။
မသိလျှင် ထိုမှောင်မိုက်သည့်အချိန်တစ်လျှောက်အား တစ်ယောက်တည်း လျှောက်ခဲ့ရသူမှာ သူတစ်ယောက်တည်း မဟုတ်ဘဲ သူနှင့်အတူ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများအား အတူမျှဝေနိုင်သည့် ဝိညာဥ်လေးတစ်ခုရှိနေသည့်အလားပင်။
ပြောရသော လျို့ဝှက်ချက်များကိုရော၊ ပြောမရသည့် လျို့ဝှက်ချက်များကိုပါ စိတ်လွတ်ကိုယ်လွတ် ဖွင့်ချနိုင်သလို
ထူးဆန်းသည့်အကြည့်များကိုလည်း ကြောက်စရာမလိုဘဲ သူ့ကိုယ်တိုင်၏ ဆိုးရွားမှုများနှင့် ဟန်ဆောင်ထားခြင်းများကိုလည်း ဖုံးကွယ်ထားရန် မလိုတော့ပါချေ။
အချိန်နှင့်နှစ်များအလိုက် ဖုံးကွယ်ထားခဲ့သော မရေမတွက်နိုင်သော ဒဏ်ရာများသည် အချင်းချင်း ပေါ့ပေါ့ပါးပါး ထိတွေ့မိချိန်မှာ အံ့ဖွယ်နည်းဖြင့် ပျောက်ကင်းသွားကြပြီပင်ဖြစ်သည်။
ယခုချိန်မှစ၍ထို ကုသရန်ခက်ခဲသည့် နာတာရှည်ရောဂါများနှင့် လက်လွှတ်ရမည်ဟု ထင်ခဲ့သည့်အရာများအတွက် ထပ်ပြီး စိတ်ပူဖို့ မလိုတော့ပါချေ။
ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်တခွင်၌ နှင်းများကျဆင်းနေကာ နှင်းကျနေသည့် တရှဲရှဲအသံများကိုသာကြားရ၏။
အခန်းထဲတွင်မူ ခပ်မှိန်မှိန် မီးရောင်တစ်ခုတည်းသာရှိနေသည်။ နွေးထွေးသည့် လေထု၌ အထီးကျန်နေသော ဝိညာဉ်နှစ်ခုဟာ ဖြတ်ကျော်၍မရနိုင်သော အချိန်များကို ဖြတ်ကျော်ကာ တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်နှင့် ထိတွေ့လိုက်ကြသည်။
တစ်ယောက်က အတိတ်ကို မြင်ခဲ့ပြီး တစ်ယောက်က အနာဂတ်ကို မြင်ရလေသည်။
****
ညနက်လာပြီပင်။ ရိချန်းလျန်က ခြေချိတ်ကာ အိပ်ရာထက် လှဲနေပြီး စိတ်လှုပ်ရှားကာ အိပ်မပျော်ပါချေ။
"သုံးနာရီထိုးနေပြီ။ မင်း အိပ်သင့်နေပြီနော်"
ယွင်ဖန်းက သန်းလိုက်လျက်
"မနက်ဖြန်ကျ ငါတို့ ဘာကိုဖြစ်ဖြစ် ပြောလို့ရသေးတယ်လေ"
ရိချန်းလျန်က သူ့ဘက်ကို လှည့်လာကာ မျက်လုံးတောက်တောက်ဖြင့် သူ့ကို ကြည့်လာ၏။
"ငါ အိပ်လို့မရဘူး"
ယွင်ဖန်းက သူ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
"ဒီနေ့က တော်တော်လေး နောက်ကျနေပြီလေ"
"ဒါပေမဲ့ ငါ အိပ်မပျော်ဘူး"
ရိချန်းလျန်က သူ့ဘက်ကို တိုးလာ၏။
"ငါ မင်းနဲ့ တစ်ညလုံး စကားပြောနေနိုင်တယ်"
"မနက်ဖြန်ကျရင် ငါတို့ လုပ်စရာရှိတယ်လေ"
ယွင်ဖန်းက စောင်ကို မကာ သူ့ကို စောင်နှင့်အတူထုတ်လိုက်၏။
"မင်း အိပ်ပျော်အောင် ငါ ချော့သိပ်မယ်။"
ရိချန်းလျန်က စောင်ထဲမှာ တိုးထွက်ကာ သူ့စောင်ထံ တန်းတိုးဝင်လာကာ သူ့စောင်ကိုတော့ ကန်ထုတ်လိုက်ကာ ဖြောင့်မတ်ပုံဖြင့် ပြောလာ၏။
"စောင်နှစ်ထည်နဲ့ဆို အရမ်းပူတယ်"
ယွင်ဖန်း ခပ်တိုးတိုး ရယ်လိုက်မိတော့သည်။
"အင်း၊ အိပ်တော့"
ရိချန်းလျန်၏ ခေါင်းတစ်ဝက်က စောင်ထဲရောက်နေကာ ခဏအကြာတွင် သူက ခေါင်းမော့လို့ သူ့အား မေးလာ၏။
"မင်း ဒီကိုရောက်လာပြီးနောက်ပိုင်း မင်းနာမည်ကို ဘယ်သူမှ မခေါ်ကြဘူးလား?"
ယွင်ဖန်းက မျက်လုံးမှတ်ထားကာဖြေသည်။
"မင်းတစ်ယောက်ရှိနေပြီးပြီလေ"
ရိချန်းလျန်က သူ့ခေါင်းအုံးတစ်ဝက်ကို သိမ်းပိုက်ထားကာ အသံကမူ လူငယ်တစ်ယောက်၏ တက်ကြွ ပျော်ရွှင်ခြင်းများ ပြည့်နေလျက်သား။
"ရိချန်းလျန်ရေ"
ပိတ်ထားသည့် ယွင်ဖန်း၏ မျက်လုံးတို့က ဆတ်ခနဲ ပွင့်သွားကာ သူနှင့် နီးနီးကပ်ကပ်တွင် ရှိနေသူကို ကြည့်မိသွားသည်။
"ရိချန်းလျန်ရေ"
ထိုသူက ပျော်ရွှင်စွာပင် ထပ်ပြီးခေါ်လာသည်။
"အင်း"
ယွင်ဖန်းက မျက်လုံးမှိတ်ထားကာ ထပ်ပြီး မကြည့်ရဲတော့ပါချေ။ သို့ပေမဲ့ လက်လှမ်းကာ ထိုသူကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်ကာ ဖြေကြားလိုက်လေသည်။
"ငါ ရှိတယ်”