[နှိမ့်ချခြင်း]
နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် ဖြာကျလာကာ ယွင်ဖန်းမျက်နှာကို နွေးသွားစေသည်။သူ မျက်လုံးဖွင့်လိုက်တော့ ရင်ခွင်ထဲမှ လူက လှုပ်သွား၏။
သူခေါင်းငုံ့ကြည့်လိုက်တော့ ရိချန်းလျန်က သူ့ခါးကို တင်းတင်းဖက်ကာ ရင်ခွင်ထဲ အတင်းတိုးဝင်နေတာကို တွေ့လိုက်ရသည်။ နွေးသည်ဟု ထင်သောကြောင့် ဖြစ်နိုင်၏။ ခြေဖဝါးတွေကိုတောင် သူ့ပေါင်ကြားမှာ လာထိုးထည့်ထားလိုက်သေးသည်။
ယွင်ဖန်းက သူ့ဖုန်းကို လှမ်းယူကြည့်လိုက်တော့ ဆယ်နာရီ နှစ်ဆယ့်ခြောက်မိနစ် ရှိနေပြီဖြစ်သည်။
ရိချန်းလျန်က မျက်လုံးဖွင့်ကာ သူ့ကိုကြည့်ပြီး သန်းလိုက်၏။ ထို့နောက် ပြန်အိပ်ဖို့ ဟန်ပြင်သည်။
"အခုဆယ်နာရီခွဲနေပြီ"
ယွင်ဖန်းက ပြောကာ သူ့မျက်နှာကို ပုတ်လိုက်၏။
ရိချန်းလျန်မှာ အတော်လေး အိပ်ချင်နေသေးတာကြောင့် မျက်လုံး မဖွင့်နိုင်ပါချေ။ သူက ယွင်ဖန်း၏ ခါးကိုဖက်ထားကာ မျက်နှာတစ်ဝက်နီးပါးက ယွင်ဖန်းလည်တိုင်ကြားမှာ အပ်လို့ထားသည်။
အတန်ငယ်အေးစက်နေသော နှာသီးဖျားက နွေးထွေးနေသော အရေပြားနှင့် ပွတ်တိုက်မိသွားချိန်၌ ယွင်ဖန်းမှာ အနည်းငယ်ပင် ယားယံသွားရသည်။ သိပ်ပြီး သဟာဇာတမဖြစ်လှသော ပုံရိပ်များကို သတိရသွားချိန်မှာတော့ သူဟာ ရိချန်းလျန်နဖူးကို လက်နှင့် အုပ်လိုက်ပြီး အသာတွန်းထုတ်လိုက်တော့သည်။
ရိချန်းလျန်က အိပ်ချင်မူးတူးဖြင့် သူ့အားခဏလောက်ကြည့်နေခဲ့ပြီးမှ ရူးနှမ်းစွာဖြင့် စတင် ရယ်မောလာလေသည်။
"မင်းဘာတွေ ရယ်နေတာလဲ?"
ယွင်ဖန်းက သူ့ဆံပင်ကိုဖွလိုက်ပြီး မျက်လုံးမှေးကြည့်လိုက်ကာ မျက်မှန် လှမ်းယူလိုက်၏။
ယခုတိုင် အပြည့်အဝ မနိုးသေးပုံရသည့် ရိချန်းလျန်မှာ သူ့လက်ကို တမင်ကိုင်ထားကာ သူ့အား မျက်မှန်ယူမရအောင် တာဆီးနေလေသည်။
"ငါ အိမ်မက်ထဲမှာ အိမ်မက်တစ်ခုမက်ခဲ့တယ်။ နိုးလာတော့ မင်းကို ဘယ်မှာမှ ရှာမတွေ့တော့ဘူးတဲ့။ အဲ့ဒါက ငါ့ကို ကြောက်သွားစေလို့။"
ယွင်ဖန်းက မေးလိုက်သည်။
"ရှာမတွေ့နိုင်တာလေးနဲ့ မင်းကို အရမ်းကြောက်သွားစေလောက်အောင် မင်းက ဘာတွေ အိမ်မက်မက်ခဲ့လို့လဲ?"
"ဟင်း...."
ရိချန်းလျန်၏ နှာခေါင်းက အနည်းငယ်ယားယံလာတာကြောင့် လက်မြှောက်လို့ ပွတ်လိုက်၏။
"ငါတို့ ကျောင်းအတူတူသွားနေရုံလေးပါ"
ယွင်ဖန်းက ထိုသူ့ကျောအောက်မှ သူ့လက်ကို ဆွဲထုတ်လိုက်လျက် မျက်မှန်တပ်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်ကာ ဆေးကြောသန့်စင်ရန် သွားလိုက်သည်။ ရိချန်းလျန်ကမူ အိပ်ရာပေါ် လှဲနေလျက် သူ့ခြေထောက်နှင့် လက်မောင်းကို ဆန့်လိုက်ကာ ခပ်ကျယ်ကျယ် သန်းနေလေသည်။
ယွင်ဖန်းက သန့်စင်ခန်းတံခါးဆီ လျှောက်သွားရင်းမှ ရုတ်တရတ် ရပ်လိုက်ကာ ခေါင်းလှည့်လို့ သူ့ကို ပြောလိုက်၏။
"ငါ လိမ်တဲ့အခါမျိုးဆိုရင် နှာခေါင်းကယားလာတတ်ပြီး မထိန်းနိုင်ဘဲ အဲ့နှာခေါင်းကို သွားထိမိတတ်တယ်"
ပြောပြီးနောက် သူက နေရာက ထွက်သွားကာ သမ်းနေရင်းတန်းလန်းဖြင့် အိပ်ရာပေါ်မှာ တောင့်တောင့်ကြီးဖြစ်လျက် ရှက်ရမ်း ရမ်းသွားသော ရိချန်းလျန်အား ထားခဲ့လိုက်တော့သည်။
********
နှစ်ယောက်သား အိမ်မှ မထွက်ခင်အထိ ရိချန်းလျန်မှာ ယွင်ဖန်းနှင့် မျက်နှာချင်းဆိုင်ရတိုင်း ထူးဆန်းသည့် လိပ်ပြာမလုံစိတ်အနည်းငယ် ကို ခံစားနေရသည်။
ဘတ်စ်ကား၏ နောက်ဆုံးခုံမှာ သွားထိုင်ကြပြီးနောက်မှာတော့ ယွင်ဖန်းက သူ့အား မျက်ရည်ထွက်သည်အထိ ရယ်မောရင်းကြည့်လာ၏။
“စိတ်မပူပါနဲ့၊ ငါက အိမ်မက်တိုင်းကို မမှတ်မိပါဘူးကွ"
ရိချန်းလျန်က သူ့အား မယုံကြည်နိုင်သည့်ပုံဖြင့် ကြည့်လာ၏။
“ဒါဆို မင်းရဲ့ ပထမဆုံးနွေဦးအိမ်မက်ကိုကျတော့ မှတ်မိနေသေးတယ်ပေါ့?"
ယွင်ဖန်းမှာ ထိုအချက်ကြောင့် တံတွေးသီးသွားကာ အနည်းငယ် အနေခက်သွားရလျက်။
"မင်းငါ့ကို ယုံအောင်လို့ ငါပြောခဲ့တာပါ"
"ဒါပေမဲ့ အဲ့ဒါကို မင်း မှတ်မိနေတုန်းပဲဆိုတဲ့ အချက်ကို မငြင်းနိုင်ဘူးလေ"
ရိချန်းလျန်မှာ သူ့လည်ပင်းထက်မှာပေါ်လာသည့် ခပ်ဖျော့ဖျော့ ရှက်သွေးဖြာသည့် အရောင်ကို အံ့အားတသင့် ကြည့်မိသွားသည်။ သူ့နှလုံးသားလေးခမျာ ကြောင်ငယ်လေးက လက်ဖဝါးလေးဖြင် ကုတ်ခြစ်သွားည့်အလား ခံစားလိုက်ရ၏။ သူက ထိုသူ့အား ကလေးဆန်စွာ စနောက်လိုက်သည်။
"မင်း နှစ်နှစ်ဆယ်အတွင်း ရည်းစားမရခဲ့ဘူးမလား၊ ဟုတ်တယ်မလား?"
ယွင်ဖန်းက သူ့အား ခပ်တည်တည် ကြည့်လာသည်။
ဘာကြောင့်ရယ်မသိ။ ရိချန်းလျန်၏ နှလုံးသားထက်ရှိ ကြောင်ပေါက်လေးက လက်ဖဝါးလေးဖြင့် ပိုပိုပြီး ကုတ်ခြစ်လာခဲ့သလိုပင်။
"ရည်းစားကောင်လေးလည်း မရှိခဲ့ဘူးလား?"
"ပါးစပ်ပိတ်ထား"
ယွင်ဖန်းက ခေါင်းကို ပြတင်းပေါက်ဘက်ကို လှည့်ကာ အပြင်ကို ကြည့်လိုက်သည်။မသိလျှင် အပြင်ဘက်ရှိ အရွက်မဲ့ သစ်ကိုင်းများထက်မှာ အထူးစိတ်ဝင်စားဖွယ်ရာများ ရှိနေသည့်နှယ်။
"ဒါဆို အရင်က ငါမင်းကို နမ်းခဲ့တုန်းက အဲ့ဒါက-"
ရိချန်းလျန်မှာ ကြောင်ပေါက်လေး၏ လက်ဖဝါးကြောင့် မိန်းမောနေမိတာကြောင့် ဖြစ်ဟန်တူသည်။ သူက အတွေးမဲ့စွာ လွှတ်ခနဲ ပြောထွက်သွားလေ၏။
"မင်းရဲ့ ပထမဆုံး အနမ်းလား"
လေသွဲ့သွဲ့က ကားပြတင်းပေါက်ကို သုတ်ခနဲ ဖြတ်ဝင်လာသည်နှင့် ချိန်သားကိုက်စွာပင် ကားနောက်ခန်းရှိ နေရာငယ်လေးက ရုတ်တရက် အလွန် တိတ်ဆိတ်သွားလေသည်။
ရိချန်းလျန်က ယွင်ဖန်း၏ လည်တိုင်မှ ရှက်သွေးဖြာခြင်းက ပျောက်မသွားသည့်အပြင် နားရွက်အထိပါတိုးသွားသည်ကို မြင်လိုက်ရသည် ။ ယင်းကြောင့် သူ့ပါးပြင်တွေပါ ပူလောင်လာရ၏။ သူက အကြံတစ်ခုအမြန်တွေးလိုက်ကာ အရဲစွန့်ပြီး အကောင်အထည်ဖော်လိုက်သည်။
"အဆင်ပြေပါတယ်၊ ဒါကငါရဲ့ ပထမဆုံးအကြိမ်လည်း ဟုတ်နေတာမို့လေ"
ယွင်ဖန်း:"....."
ရိချန်းလျန်:"....."
"ပါးစပ် ပိတ်လိုက်တော့ ဘိုးဘေးရေ"
ယွင်ဖန်းက ပြတင်းပေါက်ဘက်ကိုခေါင်းလှည့်သွားပြန်ကာ အပြင်ဘက်ရှိ နှင်းလွှမ်းနေသည့် ရှူခင်းကို ကြည့်လိုက်ပြန်သည်။သို့ငြား ရိချန်းလျန်က သူ့ကို နမ်းခဲ့သည့်မြင်ကွင်းများက သူအလိုမရှိပါဘဲနှင့် စတင် ပေါ်လာသည်မို့ မသိလိုက်စွာဖြင့် လက်ချောင်းများ ကိုကွေးမိသွားလေသည်။
နှစ်ဦးနှစ်ဘက်စလုံးမှ ထုတ်မပြောဖို့ တိတ်တဆိတ်သဘောတူထားသည့်အချက်များက ပေါ်လာပြီ ဖြစ်ကာ ထို့အပြင်ကိုမှ ရှက်ရွံ့စရာကောင်းလှစွာပင် ဖော်ပြရန် မစွမ်းသာသည့်အချို့သော ခံစားချက်များပါ စတင် ပျံနံ့လာသေးသည်။
ရိချန်းလျန်ကမူ နာခံစွာဖြင့် ပါးစပ်ပိတ်သွားပြီး အိမ်မက်နှင့်တူသော အိမ်မက်အား ပြန်လည် စဉ်းစားလိုက်မိကာ နောင်တအနည်းငယ်နှင့်အတူ သက်ပြင်းချလိုက်၏။
အိမ်မက်ထဲမှ အိမ်မက်တစ်ခုအား မှတ်မိရန်မှာ ခက်ခဲလှ၏။ ယွင်ဖန်းက အာတာပူစီတွေထဲမှာ ပိတ်မိနေသည်မို့ သူက ထိုသူ့အား အလျင်စလိုသွားကယ်တာကိုသာ မှတ်မိတော့သည်။
အာတာပူစီက နှင်းများကဲ့သို့ ဆွတ်ဆွတ်ဖြူကာ ယွင်ဖန်း၏ မျက်ခုံး မျက်လုံးများကမူ မှင်ကဲ့သို့ မဲနက်နေ၏။ မသိလျှင် ပန်းချီကားထဲက လူတစ်ယောက်က နှင်းတောထဲမှာ လမ်းပျောက်နေသည့်အလား။သူ့ဆံပင်တိုတိုက လေထဲမှာ လွင့်နေကာ သူ့ဘက်မှပင် စတင်၍ သူ့(ရိချန်းလျန်)အား လည်တိုင်ကိုသိုင်းဖက်လျက် နမ်းရှိုက်လာလေသည်။ နောက်ဆက်တွဲတွေ အိမ်မက်ကတော့ တစ်စစီပျံ့ကြဲကာ ပူလောင်လာ၏။
ဆန့်ထွက်လာသော သကြားပိုးမျှင်တို့ကမူ ပင့်ကူမျှင်များအလား ယွင်ဖန်း၏ ခန္ဓာကိုယ်နှင့် လက်ကောက်ဝတ်ထက်သို့ ရစ်ပတ်ဖုံးအုပ်သွားလျက်......ယွင်ဖန်း၏ ပေါင်အတွင်းသားတွင်လည်း သူနှင့်တထေရာတည်းတူသည့် မှဲ့တစ်လုံးရှိနေခဲ့လေသည်.....။
နှင်းကဲ့သို့သော အာတာပူစီများမှာ အရည်ပျော်ကျသွားပြီး မှုန်ဝါးသွားလျက် ယွင်ဖန်း၏ ကိုယ်ထက်ဝယ် မရှင်းလင်းစွာ ကပ်ညိနေခဲ့၏။ ယွင်ဖန်းမှာ သူ့အောက်၌ အေးမြကာ ချိုမြလှပေမဲ့ သူ့အသက်ရှုနှုန်းကတော့ မြန်ဆန်ကာ ပူလောင်နေလျက်သား။
....အိစက်စက် သကြားမျှင်များကမူ ယွင်ဖန်း၏ မျက်လုံးကို ဖုံးအုပ်ထားကာ သူ့မှာ မထိန်းနိုင်ဘဲ ၎င်းကို သွားထိမိလေ၏။ သို့ငြား အရည်ပျော်သွားလေကာ ယွင်ဖန်း၏ အမြဲလို အေးစက်ကာ အကန့်ခြားထားတတ်သည့် မျက်လုံးများက ထွက်ပေါ်လာပေမဲ့ မမျှော်လင့်ထားစွာပင် စာဖွဲ့မရနိုင်သည့် ရမ္မက်ဆန္ဒများလည်း စွန်းထင်းလျက် ရှိလေသည်။
“ရိချန်းလျန်—--”
"ရိချန်းလျန်၊ ငါတို့ရောက်ပြီ"
ယွင်ဖန်းက နေ့ခင်းကြောင်တောင်စိတ်ကူးယဉ်နေသူကို ပုတ်လိုက်၏။
ရိချန်းလျန်မှာ ရုတ်တရက်ပင် သူ့ခုံမှနေ ခုန်ထမိလိုက်ရာ ခေါင်းက အပေါ်ဘက်ရှိ လက်တန်းအား 'ဘန်းကနဲ' အသံနှင့်အတူ ရိုက်မိသွားလေပြီး ယွင်ဖန်းခမျာ အသံဖြင့်ပင် သွားများကျိန်းသွားရသည်။
ရိချန်းလျန်က နာနေသည့်ခေါင်းကို ကိုင်ကာ ညည်းလိုက်၏။
ယွင်ဖန်းက သူ့ကိုဆွဲကာ ဘတ်စ်ကားပေါ်မှဆင်းလိုက်ပြီး သစ်ပင်ဘေးမှာရပ်၍ သူ့ခေါင်းကို ကြည့်လိုက်ကာ ဆိုဆုံးမတော့သည်။
"တစ်နေ့မှာ တစ်ခါလောက် တစ်ခုခုနဲ့ တိုက်မိရမှ မင်းခေါင်းက ပျော်နေတတ်တာလား? အဲ့လောက်အထိ အရမ်းအာရုံဝင်စားနေရအောင် မင်းအခု ဘာတွေ တွေးနေခဲ့တာလဲ?"
ရိချန်းလျန်က အပြစ်ရှိစိတ်ဖြင့် မျက်လွှာချကာ မုသားတစ်ဝက် အမှန်တစ်ဝက်ဖြင့် ပြောလိုက်သည်။
“အာတာပူစီစားနေတာကို”
ယွင်ဖန်းမှာ အသံထွက်အောင် ရယ်မိသွားရင်း ဒီကောင်လေးက တကယ်တော့ ကလေးပဲ ရှိသေးပါလားဟု တွေးမိသွားရသည်။ သူက လမ်းတစ်လျှောက်ကို ကြည့်လိုက်ကာ အာတာပူစီရောင်းသည့် ဆိုင်ကိုတွေ့လိုက်ချိန်၌ ထိုနေရာဆီ တန်းလျှောက်သွားရင်း ထိုသူ့အတွက် တစ်ခု ဝယ်လိုက်တော့သည်။
ရိချန်းလျန် အသိစိတ်မဝင်သေးခင်မှာပင် သူ့လက်ထဲသို့ အိစက်စက် အာတာပူစီတစ်ခုက ရောက်နေခဲ့ပြီဖြစ်သည်။ သူ ယွင်ဖန်းအား ကြောင်အမ်းစွာ စိုက်ကြည့်မိသွားတော့သည်။
ယွင်ဖန်းက ကလေးကိုချော့သလို သူ့ကိုပြောလိုက်၏။
"မြန်မြန်စားလိုက်ပါဦး သူငယ်ချင်းလေး ရိချန်းလျန်ရေ"
ပထမဆုံးအကြိမ်အဖြစ် ရိချန်းလျန်မှာ ဤပေါ့ပါးကာ အိစက်သည့် အာတာပူစီက ပေါင်တစ်ထောင်လောက် လေးလံလာသလို ခံစားလိုက်ရသည်။ တိုက်မိခဲ့ခြင်းကြောင့် သူ့ခေါင်းက မူးဝေနေဆဲဖြစ်သည်မို့ သူက အာတာပူစီအား ယွင်ဖန်းပါးစပ်ထဲ ထည့်လိုက်တော့သည်။
"မင်းပဲစား"
သိတတ်လာပြီပဲဟု ယွင်ဖန်းက တွေးလိုက်၏။ ကလေးဖြစ်သူဟာ မစားခင် သူ့ကိုအရင်ကျွေးလာတတ်ချေလေပြီ။ သူက စိတ်ကျေနပ်သွားသော အဖေအိုကြီးတစ်ယောက်လို တစ်ကိုက်,ကိုက်လိုက်လေသည်။
တစ်ကိုက်က အနည်းငယ်များသွားသည်မို့ သကြားပိုးမျှင်များက သူ့ပါးပေါ်ကပ်သွား၏။ သူက လက်လှမ်းကာ အာတာပူစီအစအနများကို ဖယ်လိုက်ပြီး နှုတ်ခမ်းထောင့်ကို လျှက်လိုက်ချိန်၌ ရိချန်းလျန်က အာတာပူစီကို ကိုင်ထားရင်း သူ့အား မှင်သက်စွာစိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
"ရိချန်းလျန်?"
ယွင်ဖန်းက ထိုသူ့မျက်လုံးရှေ့ လက်ယမ်းလိုက်၏။
"မင်း နေလို့မကောင်းဘူးလား?"
ရိချန်းလျန် အသိပြန်ဝင်သွားရင်း ယွင်ဖန်းကို ထပ်မကြည့်ရဲတော့ပါချေ။ အသာပင် လှည့်ထွက်သွားလိုက်တော့သည်။ သူ့အသံက မသိလိုက်စွာ မြင့်နေခဲ့လျက် သန်မာကာ စွမ်းအားပြည့်ဝသည့်အသံဖြင့် ပြောလာလေ၏။
"ငါ ဘာမှ မဖြစ်ပါဘူး၊ အိပ်ချင်နေရုံပဲ"
ယွင်ဖန်းက သူ့အင်္ကျီကော်လာအနောက်ကို ဆွဲကာ သူ့ကို ပြန်ဆွဲခေါ်လိုက်ရသည်။
"မင်း ဘယ်သွားမလို့လဲ ၊ ဒီဘက်ကိုသွားရမှာ"
ရိချန်းလျန်က တမင်တကာပင် ယွင်ဖန်း၏အနောက်တွင် ကျန်နေခဲ့ကာ အာတာပူစီကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် ယွင်ဖန်းကို ကြည့်လိုက်၏။ နောက် တစ်ကိုက် ထပ်ကိုက်ပြန်ကာ ထိုသူ့ကို ထပ်ကြည့်ပြန်သည်။ ဤ အာတာပူစီက သူ့အိမ်မက်ထဲကတစ်ခုလောက် မချိုဟု သူခံစားနေရ၏။ အိမ်မက်ထဲက အာတာပူစီဟာ နှင်းကဲ့သို့ အေးစက်ကာ အနည်းငယ် ချိုမြိန်သည်။ယွင်ဖန်းသည်လည်း နှင်းကဲ့သို့ပင်။ မသိပါက သူထိလိုက်သည်နှင့် အရည်ပျော်သွားတော့မည့်အလား။
ခေါင်းထဲရှိ ညစ်ပတ်ကာ ဆိုးဝါးလှသည့် အတွေးများကို သူလုံးဝ မထိန်းချုပ်နိုင်တော့သည်မို့ ဒေါသတကြီးဖြင့်ပင် အာတာပူစီ၏ ဝါးတုတ်ချောင်းကို ခပ်ပြင်းပြင်းကိုက်ကာ အသံတိုးတိုးဖြင့် ရေရွတ်မိလိုက်တော့သည်။
"ရိချန်းလျန်၊ မင်းက သားရဲကောင်ပဲ။ မဟုတ်ဘူး။ မင်းက သားရဲကောင်ထက်ကို ပိုဆိုးတယ်!"
“ဆဲနေတာရပ်တော့”
ယွင်ဖန်း၏ အကြားအာရုံက အတော်လေးကောင်းလှကာ ရိချန်းလျန်၏ စကားသံများကို ကောင်းကောင်းကြားနိုင်လေ၏။ သူက ရိချန်းလျန် သူ့ကို နမ်းလာသည့် မြင်ကွင်းကို မထိန်းနိုင်စွာဖြင့် မြင်ယောင်မိသွားပြန်ကာ တကယ်ကို သားရဲကောင်ထက်ပင် ဆိုးနေပြီဟု ခံစားလိုက်ရသည်။ သူက ရှုပ်ထွေးနေသော အမူအရာနှင့်အတူ တစ်ဖက်လှည့်ကာ ရိချန်းလျန်ကိုကြည့်လိုက်သည်။
"ဆဲနေတာကို တော်လိုက်တော့"
ရိချန်းလျန်သည် သူ၏ ပစ်မှတ်ဖြစ်ခံနေရသူအား ကြည့်လိုက်ကာ ငိုချင်ပေမဲ့ ငိုမရသလို ခံစားလိုက်ရသည်။
"ငါ မင်းကိုဆဲနေတာ မဟုတ်ပါဘူး"
ယွင်ဖန်းက သူ့အား ပြောစရာမဲ့စွာ ကြည့်လိုက်သည်။
"ငါသိတယ်။ ဒါပေမဲ့ မင်း အဲ့လိုဝါးစားရလောက်အောင် အာတာပူစီက ဘာအမှားတွေများ လုပ်မိထားလို့လဲ?"
ရိချန်းလျန်က ခွေးကိုက်ခံထားရသလို ဖြစ်နေသော သူ့လက်ထဲရှိ အာတာပူစီကို ငုံ့ကြည့်လိုက်ကာ ဗလုံးဗထွေးသံဖြင့် ပြောလိုက်၏။
“အရမ်းကို ကြီးလေးတဲ့ ရာဇဝတ်မှု လုပ်ထားလို့!”
ယွင်ဖန်း:"....."
သူနှင့် ရိချန်းလျန်ကြားမှာ အသက်အရွယ်ကွာဟချက်တစ်ခု အမှန်ကို ရှိနေသည်ပင်။