[ပေါက်တတ်ကရများ]
နှစ်သစ်ကူးပိတ်ရက်က အလျင်အမြန် ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျောင်းကပြန်ဖွင့်ချေလေပြီ။
ထူထဲထဲလည်စည်းပုဝါစည်းထားသည့် ယွင်ဖန်းတစ်ယောက် ကျောင်းခန်းထဲဝင်လိုက်သည်နှင့် သူ့မျက်မှန်က ခဏတွင်းမှာ ရေငွေ့ရိုက်သွားရသည်။
ရိချန်းလျန်ကတော့ မရောက်သေးပေ။
"ယွင်ဖန်း… လောင်ဟဲက မင်းကို အဖြေလွှာစာရွက်ယူဖို့ ရုံးခန်းကိုလာခိုင်းတယ်!"
တစ်ယောက်ယောက်က သူ့ကိုအော်ပြောလာသည်။
လပတ်စာမေးပွဲရလဒ်များကို ဒီနေ့မှာကြောငြာမှာဖြစ်တာကြောင့် ယွင်ဖန်းကတော့ မအံ့ဩပါချေ။ သူက ကျောင်းလွယ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး ရုံးခန်းကိုထွက်သွားလိုက်၏။
ကျောင်းတာဝန်ခံဖြစ်ပေမဲ့လည်း လောင်ဟဲဟာ ရုံးခန်းကျယ်ကြီးထဲတွင် ဆရာများအားလုံးနှင့်အတူနေရသည်ကို နှစ်သက်နေဆဲဖြစ်၏။ ယွင်ဖန်းက တံခါးခေါက်ပြီး ဝင်သွားလိုက်သည်။ ရုံးခန်းထဲ ဆရာအချို့ရောက်နှင့်ပြီးဖြစ်ကာ ကျောင်းသားအချို့ကလည်း စာမေးပွဲအဖြေလွှာများ ကူပြီး ဖြန့်ပေးရန် ရောက်နေကြလေသည်။
"အမှတ်စုစုပေါင်းက ခြောက်ရာနဲ့နှစ်မှတ်"
လောင်ဟဲက သူ့ရီပို့ဒ်ကဒ်ကိုကြည့်လျှက် မျက်လုံးထဲ စိတ်ရှုပ်ထွေးခြင်းများအပြည့်ပင်။
"မင်း.....က တချို့ဘာသာရပ်တွေကို တမင် အကျခံထားတာလား?"
ယွင်ဖန်း:"......"
"ဒီတစ်ခေါက်တော့ ရူပဗေဒကိုကောင်းကောင်းဖြေထားတယ်။ ကိုးဆယ့်ငါးမှတ်ဆိုတော့ ပုံမှန်အထိ ခက်ခက်ခဲခဲ ပြန်ရောက်သွားတာပဲ"
လောင်ဟဲကသူ့အဖြေလွှာကို ကြည့်လိုက်၏။
"နောက်ကျရင် ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်မှာ ပြိုင်ပွဲအတန်းအတွက် ဓာတ်ခွဲခန်းအဆောက်အဦးကိုသွားလိုက်"
ယွင်ဖန်း၏မျက်နှာက ခါးသက်သက်ဖြစ်သွားရကာ လောင်ဟဲ ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။
"မင်းရဲ့ တရုတ်စာဆရာကို ဒေါသမထွက်စေချင်ရင် အနည်းဆုံးတော့ တရုတ်စာအမှတ်ကို နည်းနည်းလောက် မြင့်အောင်လုပ်ပေးလိုက်၊ အရမ်းသိသာနေတာမျိုးက မကောင်းဘူးလေ။"
ယွင်ဖန်း ခေါင်းညိတ်ပြလိုက်သည်။
လောင်ဟဲက လပတ်စာမေးပွဲရလဒ်နှင့်ပတ်သတ်၍ ဆက်ပြောနေခဲ့သည်မှာ မနက်ပိုင်းစာဖတ်ချိန်ကျော်သွားပြီး တာတောင်မှ သူက ပြောလို့မပြီးသေးပါပေ။ ရုံးခန်းက အနည်းငယ် ပူအိုက်လာတာကြောင့် ယွင်ဖန်းက ချွတ်ချိန်မရခဲ့သည့် လည်စည်းပုဝါကို ဆွဲဖြုတ်လိုက်သည်။
"ရိချန်းလျန်ရဲ့ အဖေ၊ ရိချန်းလျန်ရဲ့ လက်တလောလုပ်ဆောင်ချက်တွေက အများကြီး တိုးတက်လာပါတယ်ဗျ။ ဒီ လပတ်စာမေးပွဲအမှတ်က ခြောက်ရာတောင်ရတယ်။ အခုဆိုသူက အထက်တန်းပထမနှစ်မှာပဲရှိသေးတာ၊ ဒီအတိုင်းသာ ဆက်ထိန်းသွားနိုင်ရင် ပထမအဆင့် ဒါမှမဟုတ် အဓိကတက္ကသိုလ်တွေကိုတောင် ဝင်နိုင်တဲ့ ဖြစ်နိုင်ချေတွေ များတယ်...."
မနီးမဝေးရှိ လောင်ဖုန်း၏ ဖုန်းပြောသံက ထွက်ပေါ်လာသည်။
ယွင်ဖန်းက ရိချန်းလျန်၏ အမည်ကိုကြားတော့ လောင်ဖုန်းရှိရာဆီ နားစွင့်လိုက်မိ၏။
"မဟုတ်ဘူး၊ အရင်ဆုံး စိတ်မလှုပ်ရှားပါနဲ့၊ ခင်ဗျားပြောတာ ကျွန်တော်နားလည်တယ်။ မိသားစုအခြေအနေက တကယ်ကိုလက်တွေ့ပါပဲ၊ နိုင်ငံတော်မှာ ဆင်းရဲနွမ်းပါးမှု ထောက်ပံ့ရေးမူဝါဒ ရှိတယ်လေ၊ ကျွန်တော်တို့ ရိချန်းလျန်ကို ထောက်ပံ့ဖို့ကူညီ...."
လောင်ဖုန်းက ပြောနေရင်းမှ အတော်လေး သဘောမကျစွာ မျက်မှောင်ကြုတ်သွားသည်။
"ကျောင်းထုတ်တယ်ဆိုတာက အရမ်းကို အရေးကြီးတဲ့ကိစ္စပါ။ ခင်ဗျား ရိချန်းလျန်နဲ့ ဆွေးနွေးသင့်တယ်"
ဖုန်း၏တစ်ဖက်မှ ဘာပြောလိုက်သည်မသိပေမဲ့ လောင်ဖုန်း၏ မျက်နှာကတော့ တဖြည်းဖြည်း မဲမှောင်လာလေသည်။
ဖုန်းချပြီးနောက်မှာ လောင်ဖုန်းက စိတ်ဆိုးစွာဖြင့် စားပွဲကိုရိုက်လိုက်၏။
"ဘယ်လို လူစားမျိုးလဲဟ!"
"ဘာဖြစ်လို့လဲ?"
လောင်ဟဲက မေးသည်။
"မင်းအတန်းထဲက ရိချန်းလျန်ရဲ့ မိဘတွေလား?"
"ရုတ်တရက်ကြီး ဖုန်းခေါ်လာပြီး ရိချန်းလျန်ကို ကျောင်းထုတ်ချင်တယ်တဲ့လေ၊ ငိုလိုက်အော်လိုက်နဲ့"
လောင်ဖုန်းက မျက်မှောင်ကြုတ်နေ၏။
"သူတို့ရဲ့ ကလေးကိုတောင် ကျိန်ဆဲလိုက်သေးတယ်၊ တကယ်ကို ကျိုးကြောင်းမညီတဲ့ဟာတွေပဲ!"
"ရိချန်းလျန်က လိမ္မာတဲ့ကလေးပါ"
လောင်ဟဲကပြောသည်။
"ဒီတစ်ခေါက်စာမေးပွဲမှာ သူအရမ်းတိုးတက်လာတယ်"
"သူက သူတို့ရဲ့ သွေးရင်းကလေးလားဆိုတာတောင် ကျုပ် သံသယဝင်မိတယ်"
လောင်ဖုန်းက ဒေါသတကြီး ငြီးတွားလိုက်လေသည်။
အတန်းထဲသို့ ယွင်ဖန်းပြန်ရောက်တော့ ရိချန်းလျန်၏ ခုံက အလွတ်ဖြစ်နေဆဲပါပင်။
ယခင်တစ်ခေါက်ခုံတွေပြန်လည်နေရာချကတည်းက ကျိရှုမော့က သူတို့ရှေ့တန်းကို ရောက်လာတာ ဖြစ်သည်။ ယွင်ဖန်းပြန်လာသည်ကိုမြင်တော့ သူက ခေါင်းလှည့်ကာ မေးလာသည်။
"စာနတ်ဘုရား၊ အစ်ကိုကြီးရိက ဘာလို့ မလာသေးတာလဲ?"
ယွင်ဖန်းက သူ့အိတ်ထဲမှ စာအုပ်များကို ထုတ်လိုက်ပြီး စားပွဲထက် ရေခွက်ကို ပစ်တင်လိုက်ကာ
"နောက်အတန်းစရင်၊ ငါ့အတွက် မှတ်စုကူပြီး ကူးထားပေးနိုင်မလား?"
သူ့ မျက်နှာမကောင်းတာကိုမြင်တော့ ကျိရှူမော့က ပြောသည်။
"ကောင်းပြီလေ မင်း နေမကောင်းဘူးလား?"
"ကျေးဇူး"
ယွင်ဖန်းက ပြောရင်း ခေါင်းညိတ်လိုက်လျက်။
"ငါဆေးရုံသွားမလို့ ခွင့်ယူမှာမို့လေ"
ခွင့်စာရွက်ယူသည်က ယွင်ဖန်းအတွက် လွယ်ကူလှ၏။ သူက ကျောင်းဂိတ်ပေါက်နားရှိ ဆိုင်မှ ပေါင်မုန့်အချို့နှင့် ရေနှစ်ဘူးဝယ်ကာ တက္ကစီ တားလိုက်သည်။
"ဘယ်ကိုလဲ?"
ဒရိုင်ဘာကမေးသည်။
"ဖဥ်းရှန်မြို့၊ ရှောင်ဝူရွာ"
ယွင်ဖန်းက နေရာကိုပြောလိုက်သည်။
"ဘယ်ကို?"
ဒရိုင်ဘာတန့်သွားလေ၏။
"ဖဥ်းရှန်မြို့ကို ငါသိပါတယ်။ ဒါပေမဲ့ အဲ့လိုရွာမျိုးက ရှိလို့လား?"
"ရှိပါတယ်၊ သွားမှာသာသွားပါ၊ ကျွန်တော် လမ်းညွှန်ပေးမယ်"
ယွင်ဖန်းကပြောလိုက်သည်။
"ကောင်းပြီလေ"
ဒရိုင်ဘာက လီဗာကို ဖိနင်းလိုက်လေသည်။
လွန်ခဲ့သည့်နှစ်ရက်ကမှ ယွင်ဖန်းဟာ ရိချန်းလျန်အိမ်မှ ထွက်လာခဲ့တာဖြစ်သည်။ ဒီနေ့မှာ ရိချန်းလျန်က ကျောင်းမလာဘဲ ရိမင်ကျစ်က လောင်ဖုန်းထံ ရိချန်းလျန်အား ကျောင်းထုတ်မည့်အကြောင်း ဖုန်းဆက်ပြောလာသည်။
ထိုနေရာတွင် ရိမင်ကျစ်နှင့် စုန့်လိလိတို့သာရှိနေပါက ရိချန်းလျန်အား သေချာပေါက် အဝေးပို့ရန် တတ်နိုင်မှာမဟုတ်ပေ။ သေချာပေါက်ကို ထိုနေရာတွင် သူတို့အပြင် တခြားသူများပါရှိနေလိမ့်မည်။
ရှောင်ဝူရွာက မြို့တော်နှင့် အတော်လေးဝေး၏။ အသွားတစ်ကြောင်းတည်းတင် နှစ်နာရီကြာမှာဖြစ်သည်။ ယွင်ဖန်းက ဒရိုင်ဘာအား ရွာအဝင်တွင်ရပ်ခိုင်းလိုက်သည်။
"ဆရာကြီး၊ ဒီတစ်နေ့လုံးစာ ကားအပြတ်ငှားမယ်ဆိုရင် ဘယ်လောက်ကျမလဲ?"
ဒရိုင်ဘာက လက်နှစ်ချောင်းထောင်ပြ၏။
"ယွမ်နှစ်ရာ"
ယွင်ဖန်းက သူ့အား ယွမ်သုံးရာ ထုတ်ပေးလိုက်ကာ ပြောလိုက်သည်။
"ဒီမှာပဲစောင့်နေပေးပါဦး၊ ကျွန်တော် တစ်ယောက်ယောက်ကို သွားခေါ်မလို့'
ဒရိုင်ဘာက ငွေကိုယူလိုက်ပြီး ဖြေလာ၏။
"အများကြီးပေးတာပဲ လူငယ်လေး"
"ခဏလောက်တော့ကြာလိမ့်မယ်"
ယွင်ဖန်းက တံခါးဖွင့်ကာ ကားထဲမှ ထွက်လိုက်ပြီး ထောင့်ချိုးကာ ရွာထဲဝင်သွားလိုက်သည်။
ယခုချိန်ရာသီဥတုက အေးစိမ့်လှသည်။ လူအများစုက အိမ်ထဲမှာပဲ အောင်းနေကြတာမို့ လမ်းထက်တွင် ရှင်းလင်းနေကာ လူအများကြီး မရှိပေ။ ယွင်ဖန်းက ထိုနှစ်က လမ်းကြားကိုဝေဝါးဝါးသာမှတ်မိနေသည်။ အချိန်အတော်ကြာပြီးမှ နောက်ဆုံးတော့ သူ့မှတ်ဉာဏ်ထဲမှ ခြံဝန်းကို ရှာတွေ့သွားတော့သည်။
ရိမိသားစု ယာတောအိမ်က အတော်လေးကျယ်ကာ ရှေ့နောက် ခြံဝင်းနှစ်ခုရှိသည်ပင်။ ရိချန်းကျယ် မမွေးခင်က ရိမိသားစုမှာအတော်လေး အခြေအနေကောင်းခဲ့၏။
နောက်ဖေးခြံတံတိုင်းက ရွံ့နံရံသာဖြစ်ကာ သိပ်ပြီးမမြင့်ပေ။ ယွင်ဖန်းက ကျောင်းလွယ်အိတ် လွယ်လျှက်ပင် ခြံတံတိုင်းအား ခြေနှစ်လှမ်းတည်းဖြင့် ကျော်ချလိုက်သည်။
နောက်ဖေးအိမ်က ရှေးတုန်းကလိုပင် မြေကြီးအိမ်ဖြစ်ကာ နေထိုင်သူမရှိပေ။ ထိုနေရာအား ရိမင်ကျစ်က လယ်ယာသုံးကိရိယာများနှင့် ထင်းများသိုလှောင်ရန် အသုံးပြုသည်။
ရိမင်ကျစ်တို့ မိသားစုသုံးယောက်စလုံးက အရှေ့ဘက်တိုက်အိမ်တွင်နေထိုင်ကြတာ ဖြစ်သည်။ မီးခိုးတွေကတော့ မီးခိုးခေါင်းတိုင်ထဲက ထွက်နေဆဲပင်။
နောက်ဖေးခြံဝန်းထဲသို့သွားသည့် နောက်ဖေးတံခါးကိုတော့ ကန်လန့်ကာဖြင့် ကာထား၏။ သို့ပေမဲ့ ကလေးတစ်ယောက်၏ ငိုသံကိုတော့ ခပ်ပါးပါး ကြားနိုင်သေးသည်ပင်။
ယွင်ဖန်းက နောက်ဖေးတံခါးဆီ လျှောက်သွားကာ ကန့်လန့်ကာ၏အစွန်းကို မတင်လိုက်၏။ ထိုစဥ် တံခါးနှင့် ပြတင်းပေါက်များမှတဆင့် ရိမင်ကျစ်နှင့် စုန့်လိလိတို့၏ အသံများက ထွက်လာခဲ့လေသည်။
".....ငါ သူတို့ကို ရက်နည်းနည်းလောက် စောင့်ခိုင်းထားလိုက်မယ်။ အခုချိန် သတ်မှတ်နေရာဆီ သူ့ကိုပို့လိုက်ရင် သူထွက်ပြေးသွားမှာ"
ရိမင်ကျစ်၏အသံပင်။
"သူ့ကို မိုင်းတွင်းထဲသာပို့လိုက်စမ်းပါ။ သူ အဲ့ဒီမှာ ဘယ်သူနဲ့မှ မသိဘူး၊ ဘယ်ကိုသွားပြေးနိုင်မလဲ!"
စုန့်လိလိက ရိချန်းကျယ်ကို ချော့နေရင်းပြောလာ၏။
"သူ့ကို နောက်ထပ် နည်းနည်းပိုပြီး အငတ်ခံခိုင်းဖို့ပြောထားတယ်လေ! သူလက်ခံတဲ့အထိ ရိုက်ပစ်လိုက်!"
"တတိယအစ်ကိုနဲ့ တခြားသူတွေက လက်ပေါ့တဲ့သူတွေ မဟုတ်ဘူး။ သူတို့က သူ့ကို မသန်စွမ်းဖြစ်သွားတဲ့အထိ ရိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ?"
ရိမင်ကျစ်က သဘောမတူပေ။
"သူ မသန်စွမ်းဖြစ်သွားရင် မိုင်းတွင်းက လက်ခံမှာ မဟုတ်ဘူး"
"ကျေးဇူးကန်းတဲ့ လူယုတ်မာ! တွေးလိုက်ရုံနဲ့တင် ဒေါသထွက်တယ်!"
စုန့်လိလိက အံ့ကြိတ်ကာ
"အကြာကြီးတောင် ထွက်ပြေးရဲလိုက်သေးတယ်၊ လူ့နှလုံးသားကိုလုံးဝမရှိဘူး၊ အလကားကောင်!"
"ငါ အနောက်ထဲသွားပြီး သူ့ကိုရေနည်းနည်းသွားပေးလိုက်ဦးမယ်"
ရိမင်ကျစ်က ပြောသည်။
"နှစ်ရက်လောက် အငတ်ထားတာက လုံလောက်ပြီလေ"
"မရဘူး၊ မနေ့ညက ရေတိုက်ပြီးပြီ”
စုန့်လိလိက သူ့ကို တားလိုက်၏။
"နောက်တစ်ရက်လောက် အငတ်ထားလိုက်ဦး၊ သူ သည်းခံနိုင်မယ်ဆိုတာ ကျွန်မမယုံဘူး။ သူ ဒူးထောက်ပြီး ကျွန်မကိုတောင်းပန်လာစေရမယ်!".
"ကောင်းပြီ၊ မင်းအသံကိုတိုးဦး၊ မဟုတ်ရင်ချန်းချန်းကို ထပ်နှိုးမိသွားဦးမယ်...."
နှစ်ယောက်၏ စကားထဲမှ ရိချန်းလျန်ဟာ အနောက်ဘက်ရှိ မြေကြီးအိမ်ထဲမှာ အပိတ်ခံထားရလောက်မှန်း ယွင်ဖန်းသိလိုက်သည်။ သူက လျှောက်သွားကာကြည့်လိုက်တော့ တကယ်ကြီး အပြင်ဘက်တွင် သော့အကြီးကြီးဖြင့် ခတ်ထားသည်ကို တွေ့လိုက်ရ၏။
ပြတင်းပေါက်များကိုတောင်မှ တင်းတင်းကြပ်ကြပ်ပိတ်ထားခဲ့ရာ အတွင်းထဲရှိ အခြေအနေကို လုံးဝ မမြင်နိုင်ပါပေ။
ယွင်ဖန်းက ပြတင်းပေါက်ဘောင်တွင် ရိမင်ကျစ်တစ်ယောက်ကြက်သွန်ဖြူချည်ရန် သုံးသည့် သံဝါယာပါးလေးကို ရိပ်ခနဲမြင်လိုက်ရာ နှစ်ကြိုးဆွဲယူလိုက်ပြီး သော့ပေါက်ထဲထည့်လှည့်လိုက်ပြီးနောက် လေးလံလှသည့် သော့ခလောက်ကြီးကို မြေပေါ်လွှင့်ပစ်လိုက်သည်။
မြေကြီးအိမ်အတွင်းထဲတွင် ပျံ့ကြဲနေသည့် ထင်းနှင့် ကြက်သွန်ဖြူများ အပုံလိုက်တွေ့ရသည်။ ရိချန်းလျန်၏ ခုခံမှုကို ကြောက်ရွံ့သောကြောင့် လယ်ယာသုံးကိရိယာများနှင့် အခြားအရာများကိုတော့ အပြင်ထုတ်ထားခဲ့ဟန် ရှိသည်။
ယွင်ဖန်းက တံခါးကို ပြန်ပိတ်လိုက်ကာ ဝေ့ဝဲကြည့်လိုက်တော့ ထောင့်နားမှာ ကွေးကွေးလေး လဲနေသည့် ရိချန်းလျန်ကို မြင်လိုက်ရလေသည်။
တံခါးဖွင့်လိုက်သည့်အသံအပေါ် ရိချန်းလျန်က မည်သည့် တုန့်ပြန်မှုမှ မပြလာပေ။ သူက မျက်လုံးကိုသာ တင်းတင်းမှိတ်ထားခဲ့၏။ သူ့ဘယ်ဘက်မျက်လုံးနှင့် နဖူးတွင်တော့ အညိုရောင် သွေးစွန်းကွက်ကြီးဖုံးလွှမ်းနေလျက်ရှိသည်။ ညာဘက်မျက်လုံးကတော့ အညိုအမဲရာများဖြင့် ဖူးယောင်နေခဲ့ကာ နှုတ်ခမ်းက ကွဲအက်ဖြူဖျော့နေလေပြီး ထွက်ထားသောသွေးများက ခြောက်သွေ့နေပြီဖြစ်သည်။
သူ့ညာဘက်လက်မောင်းက တွဲလောင်းကျလျှက် ဖုန်သဲများဖြင့် ပေလူးနေကာ ဂျင်းဘောင်းဘီ ဒူးနားက သိသိသာသာပင် ပြဲနေခဲ့လေပြီး အညိုနက်ရောင်စက်ဝိုင်းကြီးက သွေးအစွန်းကွက်ပင်ဖြစ်လေ၏။
သူက ထောင့်နားလေးတွင် လှုပ်ရှားမှုမဲ့စွာ ကွေးကွေးလေး ဖြစ်နေသည်။ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ကြောင့်သာ မဟုတ်ပါက သေသွားပြီဟုပင် ထင်ရသည်။
သို့ပေမဲ့ လွန်ခဲ့သည့်နှစ်ရက်ကပင် ထိုသူက အသက်ဝင်နေခဲ့သေးသည်ပင်။ ရန်တောင်ဖြစ်ခဲ့ပြီး ယွင်ဖန်းနှင့်အတူ မီးပန်းလည်းကြည့်ခဲ့သေးကာ သူ့အား ကိုးရိုးကားယားနိုင်စွာဖြင့် ရှုပ်ထွေးအောင်လုပ်ခဲ့သေးသည့်အပြင် ထိုသူအား သူ့လက်မောင်းထဲ တစ်ညတာ ပွေ့ဖက်ထားခဲ့သေးသည်ပင်။
ရိချန်းလျန်ဟာ ဆိုးဆိုးဝါးဝါး အရိုက်ခံထားရလိမ့်မည်ဖြစ်ကြောင်း ယွင်ဖန်းသိထားသည်။ သူ့အနေဖြင့် မရေတွက်နိုင်သည့် သွေးထွက်သံယိုမြင်ကွင်းများစွာ ကြုံတွေ့ခဲ့ရပြီး ဖြစ်တာကြောင့် ရိချန်းလျန်ရှေ့တွင်မူ တည်ငြိမ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိ၏။
သို့ပေမဲ့ သူတကယ်မြင်လိုက်ရချိန် တစ်ခဏမှာတော့ ရိမင်ကျစ်နှင့် စုန့်လိလိတို့ထံ အပြေးသွားကာ လည်ချိုးသတ်ချင်စိတ်ပင် ပေါက်လာမိသည်။
ရိချန်းလျန်က အနည်းငယ် လှုပ်သွား၏။ ယွက်ဖန်းက အမြန် လျှောက်သွားလိုက်ကာ သူ့ဂျာကင်အနွေးထည်ကို ချွတ်လိုက်ပြီး သူ၏ညာဘက်လက်ကို ဂရုတစိုက်ရှောင်ကွင်း၍ ပတ်ပေးလိုက်ကာ ညင်သာစွာ ခေါ်လိုက်သည်။
"ရိချန်းလျန်?"
ရိချန်းလျန် လှုပ်သွားကာ မျက်လုံးဖွင့်လာ၏။ ချက်ချင်းပင် သူ့ကြွက်သားများ တောင့်တင်းသွားကာ မသိစိတ်ဖြင့် ရုန်းကန်တော့သည်။
ယွင်ဖန်းက သူ့ကိုအမြန် ထိန်းလိုက်ရသည်။
"ငါပါ!"
ရင်းနှီးသည့်အသံကိုကြားတော့ ရိချန်းလျန်၏ ဗလာဖြစ်နေသည့်အကြည့်က နောက်ဆုံးမှာ အာရုံစူးစိုက်သွားသည်။ သူက သူ့ထံ တည်ငြိမ်စွာကြည့်လာကာ အက်ကွဲနေသည့်နှုတ်ခမ်းက လှုပ်လာ၏။ သူ့လည်ချောင်းက အတော်လေးအက်ကွဲနေသည်မို့ အသံမထွက်နိုင်ပါချေ။
".....ယွင်ဖန်း?"
တခဏလောက်တော့ သူအိပ်မက်မက်နေသည်ဟု ထင်လိုက်မိသည်ပင်။
"ရေနည်းနည်းသောက်လိုက်"
ယွင်ဖန်းက အိတ်ထဲမှ ရေဘူးထုတ်ကာ သူ့နှုတ်ခမ်းဆီ ဂရုတစိုက် တေ့ပေးလိုက်သည်။
ရိချန်းလျန်က တကယ်ကို ရေဆာနေတာဖြစ်သည်မို့ အငမ်းမရ သောက်ချလိုက်တော့ ရေများက သူ့နှုတ်ခမ်းထောင့်မှတဆင့် လည်ပင်းဆီစီးသွားခဲ့ပေမဲ့ သူက ဂရုမစိုက်ပေ။ ရေသန့်ဘူးအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်မှာ လွှတ်ကိုမပေးတော့။
"ဖြည်းဖြည်းသောက်"
ယွင်ဖန်းက သူ့အင်္ကျီလက်ဖြင့် လည်ပင်းမှရေကိုသုတ်ပေးလိုက်သည်။
"လိမ္မာနော်၊ ဖြည်းဖြည်းသောက်"
ရိချန်းလျန်မှာ သတိပြန်မဝင်ခင်ထိ ရေဘူးတစ်ဝက်လောက် သောက်လိုက်ပြီး အားနည်းချိနဲ့စွာ မျက်လုံးမှိတ်၍ အသက်ရှုသံခပ်လေးလေးကို လွှတ်ထုတ်လိုက်လေသည်။
ယွင်ဖန်းက လက်လှမ်းကာ သူ့နဖူးကိုထိလိုက်၏။
ပူကျစ်နေသည်ပင်။
ဖျားနေချေလေပြီ။
"ရိချန်းလျန်… မင်းအိပ်လို့မရဘူး"
ယွင်ဖန်းက လက်ဆန့်ကာ သူ့မျက်နှာကို ဖွဖွပုတ်လိုက်သည်။ သူမျက်လုံးဖွင့်လာသည်ကိုမြင်တော့မှ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ရိချန်းလျန်က နှုတ်ခမ်းထောင့်ကိုကွေးကာ အနည်းငယ် ပြုံးလာသည်။
“သောက်ကျိုးနည်း...အိပ်မက်မဟုတ်ဘူးလား?"
"အိပ်မက်မဟုတ်ဘူး"
ယွင်ဖန်းက သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"ငါမင်းကို ထွက်သွားဖို့ လာခေါ်တာ"
ရိချန်းလျန်ကလည်း လက်မြှောက်ကာ သူ့ကို ပြန်ပွေ့ဖက်လာသည်။ ယွင်ဖန်းက သူ့ကိုထူတော့မလို့ပြင်လိုက်တာဖြစ်ပေမဲ့ မမျှော်လင့်စွာပင် လည်ပင်းကနေ ထိန်းကိုင်တာကိုခံလိုက်ရကာ
ခြောက်သွေ့ပူလောင်နေသည့် အထိတွေ့တစ်ခုက နှုတ်ခမ်းဆီမှနေ အာရုံကြောများတစ်လျှောက် ပျံ့သွားခဲ့လေသည်။ ယွင်ဖန်းမှာ ရှော့ခ်ရသွားရင်း လှုပ်ရှားရန်ပင် ခဏလောက် မေ့သွားတော့သည်။
ရိချန်းလျန်က ခပ်တိုးတိုးရယ်လိုက်ကာ အက်ရှစွာပြောလာ၏။
"ဒီနှစ်ရက်အတွင်း ငါသေတော့မယ်လို့ ခံစားမိချိန်တိုင်း မင်းကိုပဲတွေးမိတယ်။"
"....ငါ-ိုး"
ယွင်ဖန်းမှာ သူ့အား နှစ်စက္ကန့်လောက် စိုက်ကြည့်နေခဲ့ပြီးနောက် လွှတ်ခနဲ ဆဲမိသွားတော့သည်။
ရိချန်းလျန်က မသဲမကွဲအသံဖြင့် ရယ်လာပြန်၏။
"ငါ အဲ့ဒီကိစ္စအကြောင်းလည်း တွေးမိသေးတယ်"
ယွင်ဖန်း၏ မျက်နှာက စိမ်းဖန့်သွားလေသည်။ သူက ရိချန်းလျန်က လက်ကိုတွဲလို့ ထူပေးလိုက်ပြီး မေးလိုက်သည်။
"မင်းလမ်းလျှောက်နိုင်သေးလား?"
ရိချန်းလျန်က အလုပ်နှင့် ပြန်ဖြေလာလေသည်။
ရွှံ့နံရံက သိပ်မမြင့်ပေ။ ယွင်ဖန်း၏ အကူအညီဖြင့် ရိချန်းလျန်မှာ ခက်ခက်ခဲခဲခဲ တက်နိုင်သွားကာ ယွင်ဖန်းကလည်း သူနှင့် အနီးကပ် ခုန်ချလိုက်ချိန် ရိချန်းလျန်မှာ မြေပြင်ပေါ် လဲကျနေသည်ကို တွေ့လိုက်ရလေသည်။
ဘယ်လိုတောင်ကောင်းလိုက်တဲ့ ရိုသေသမှုလဲ။
ယွင်ဖန်းက သူ့ကို ဆွဲထူကာ ကျောပေါ်သယ်လိုက်ပြီး ရွာအဝင်ဝဆီ ဦးတည်လိုက်သည်။
ရိချန်းလျန်က သူ့ကျောထက်လှဲလျှက် လက်တစ်ဖက်က သူ့လည်ပင်းကို ဖက်ထားကာ မိန်းမောစွာပြောလာ၏။
"မင်းကအရမ်း သန်မာတာပဲ"
ယွင်ဖန်းက သူ့ကိုပင့်တင်လိုက်လျက်
"တောက်လောင်နေပြီး လူရမ်းကားလုပ်ဖို့အချိန်ရှိနေသေးတဲ့ မင်းနဲ့တော့ ဘယ်တူမလဲ"
ရိချန်းလျန်ကခေါင်းကို သူ့လည်ပင်းထက် အပ်လာရာ ယင်းက ယွင်ဖန်းအား ယားယံလာစေရသည်။
သူတို့ရွာအဝင်ဝဆီရောက်ချိန်တွင် တက္ကဆီဒရိုင်ဘာက ထိုနေရာမှာ စောင့်နေဆဲဖြစ်ကာ ယွင်ဖန်းလာတာကိုမြင်တော့ သူက ဟွန်းတီးလိုက်သေး၏။
ယွင်ဖန်းက ရိချန်းလျန်အား နောက်ခုံထဲ ထည့်လိုက်ကာ သူပါဝင်၍ တံခါးပိတ်လိုက်ချိန် ဒရိုင်ဘာက လန့်သွားတော့သည်။
"သူက ဘာဖြစ်တာလဲ?"
ယွင်ဖန်းက စကားမပြောပေ၊ ရိချန်းလျန်အား သူ့ဂျာကင်အင်္ကျီဖြင့် ပတ်ထားကာ
'ဆရာကြီး၊ အပူပေးစက်လေး နည်းနည်းလောက်ဖွင့်ပေးပါ"
"အာ၊ အိုခေ"
ဒရိုင်ဘာက ကားစက်နှိုးလိုက်သည်။
"ဘယ်ဆေးရုံလဲ?"
"မြို့တော်၊ ဗဟိုဆေးရုံ"
ယွင်ဖန်းက ပခုံးကနေ သိုင်းဖက်ကာ ရင်ခွင်ထဲထည့်လျက် ခေါင်းကို သူ့လက်ဖဝါးဖြင့် ထိန်းကိုင်ထားလိုက်သည်။
"ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးမောင်းပေးပါ၊ သူ့ခေါင်းမှာ ဒဏ်ရာရထားလို့"
ဒရိုင်ဘာက ခပ်မြန်မြန်ခေါင်းညိတ်လာသည်။
"ရိချန်းလျန်၊ နောက်မှအိပ်"
ယွင်ဖန်းက ခေါင်းငုံ့ကာ သူ့ကိုခေါ်လိုက်သည်။
ရိချန်းလျန် မျက်မှောင်ကြုတ်လျက်
"ခေါင်းကနာတယ်"
"အဲ့ဒါက အက်သွားတာ၊ မနာဘူးဆိုမှ ပြဿနာရှိမှာ"
ယွင်ဖန်း၏အသံက စိတ်အေးလက်အေးရှိနေပေမဲ့မျက်နှာကတော့ မဲမှောင်နေသည်ပင်။ ဒရိုင်ဘာမှာ နောက်ကြည့်မှန်မှ သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အမြန် အကြည့်လွှဲလိုက်မိတော့သည်။
"ငါ့လူး....လူခုနှစ်ယောက် ရှစ်ယောက်လောက်က ငါ့ကိုဝိုင်းရိုက်ကြတာ...."
ရိချန်းလျန်က ထိုအကြောင်းပြောနေရင်း ဒေါသထွက်နေဆဲပင်။
“ငါ့ကိုသေအောင် သတ်မိလုနီးပါးပဲ...."
လယ်ကွင်းထဲနေတိုင်းအလုပ်လုပ်ကြသည့် သန်သန်မာမာလုပ်သားခုနှစ်ယောက် ရှစ်ယောက်က အထက်တန်းကျောင်းသားအား ဝိုင်းရိုက်ကြသည်။ တော်တော်အရှက်မဲ့ကြသည်ပင်။
ယွင်ဖန်းက သူ့ကို မလှုပ်စေရန် ကိုင်ထားကာ
"မင်းကိုရိုက်တဲ့သူတွေကို သိလား?"
"ငါပြောရင်တောင် မင်းသိမှာမဟုတ်ပါဘူး"
ရိချန်းလျန်က အနည်းငယ် ရှက်နေပုံရကာ နည်းနည်းလောက် ညည်းညူလာ၏။
"ရပါတယ်၊ ငါ့ကိုပြော"
ယွင်ဖန်း၏အသံက ညင်သာနေသည်။
သို့ပေမဲ့ မျက်နှာမှာတော့ အမူအယာမဲ့နေသည်ပင်။
"ရိမင်ကျစ်ရဲ့ ဝမ်းကွဲတွေ... "
ရိချန်းလျန်က တကယ်ကို ကယောင်ကတမ်းဖြစ်နေ၍ ဖြစ်နိုင်၏။ သူက ယွင်ဖန်း၏တောင်းဆိုချက်မှာ ဘယ်လောက် လွန်ကြူးနေသလဲပင် ဂရုမစိုက်ဘဲ လူခုနှစ်ယောက်၏ နာမည်အား တကယ်ကိုရွတ်ပြလာတော့သည်။
နားထောင်ပြီးနောက် ယွင်ဖန်းက ဘာမှ မပြောပေ။ သူက အိတ်ထဲမှ ရေဘူးထုတ်ကာ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
"ရေနည်းနည်း ထပ်သောက်ပါဦး"
ဤတစ်ကြိမ်တွင် ရိချန်းလျန်က ရေနှစ်ငုံသာသောက်ကာ ထပ်မသောက်တော့ပေ။ သူက အတော်လေးအေးနေတာကြောင့် ကိုယ်က အနည်းငယ် တုန်ယင်နေ၏။ ယွင်ဖန်းက သူ့ကို တင်းတင်းဖက်ထားပေးလိုက်သည်။
"အဆင်ပြေပါတယ်၊ ငါတို့ခဏနေ ဆေးရုံရောက်တော့မှာ"
••••••••
ယွင်ဖန်းက ဒဏ်ရာအကဲဖြတ်အစီရင်ခံစာ၊ မှတ်တမ်းနှင့် လက်ထဲရှ်ိ ဓာတ်ပုံများကို စားပွဲပေါ် တင်လိုက်သည်။
စားပွဲတစ်ဖက်ရှိ လူငယ်က နှစ်ဆယ်ကျော်အစောပိုင်းတွင်သာရှိကာ ခေါက်ဆွဲပန်းကန်လုံးကို ကိုင်ထားပြီး သူ့ကို အထိတ်တလန့်ကြည့်လာ၏။
“မင်းကဘယ်သူလဲ ကောင်လေး?"
ယွင်ဖန်းက စားပွဲကိုခေါက်လိုက်ကာ၊
"ခင်ဗျား ဒီအမှုကို လက်ခံမှာလား လက်မခံဘူးလားပဲပြောပါ"
"အဓိကက ငါ့ရဲ့ ဥပဒေရုံးက ခုထိ မဖွင့်ရသေးဘူး..."
လူငယ်က တုန့်ဆိုင်းနေလျှက်
"ငါက အခုမှ စာမေးပွဲအောင်ထားတာလေ"
"ရတယ်၊ ကျွန်တော် ခင်ဗျားကိုယုံတယ်"
ယွင်ဖန်းက ပစ္စည်းများအား သူ့ထံထိုးပေးကာ
"ဒီလောက်ပြီးပြည့်စုံတဲ့ သက်သေနဲ့တောင် ခင်ဗျား မနိုင်နိုင်ဘူးဆိုရင်တော့ နှုတ်ထွက်လိုက်တာက ပိုကောင်းမယ်"
သူ့စကားကြောင့် လူငယ်မှာ နင်သွားကာ ဒေါသတကြီးဖြင့် ခေါက်ဆွဲပန်းကန်အား စားပွဲပေါ်ဆောင့်ချလိုက်၏။
"ငါ့ရဲ့ကျွမ်းကျင်မှုအဆင့်ကို မင်းက မေးခွန်းထုတ်ရဲတာလား?"
ယွင်ဖန်းက သူ့ဘက်ကို မေးစေ့ထိုးပြကာ
"အချက်အလက်တွေကို အရင်ကြည့်လိုက်ပါဦး"
"ကျစ်"
စားပွဲတစ်ဖက်ရှိလူငယ်က အချက်အလက်များကို လှန်ကြည့်လိုက်၏။
"မွေးစားပြီး စွန့်ပစ်တယ်၊ အသက်မပြည့်သေးတဲ့ကလေးကို အိမ်တွင်းအကြမ်းဖက်တယ်....ဒီလောက်ကတော့ အမှုနိုင်တယ်။ ဒါပေမဲ့ မင်းလည်းသိတာပဲ ဒီလိုကိစ္စမျိုးက ကလေးဘက်က အသာစီးမရနိုင်ဘူး၊ အများဆုံး ပညာပေးခံရပြီး ဒီအတိုင်းပြီးသွားလိမ့်မယ်”
"ဒါကြောင့်မို့ ကျွန်တော်ခင်ဗျားကိုလာရှာတာပေါ့"
ယွင်ဖန်းက သူ့ကိုစိုက်ကြည့်လိုက်သည်။
"သူ့ရဲ့ အုပ်ထိန်းခွင့်ကို ရုတ်သိမ်းစေချင်တယ်"
လမ်းထောင့်နားလေးက ငှားထားသောအိမ်လေးမှာနေထိုင်သည့် ဘွဲ့ရပြီးလေးနှစ်အတွင်း မည်သို့သော အောင်မြင်မှုမှ မရသေးသည့် အနိမ့်စားရှေ့နေလူငယ်လေး ဟွမ်ချူးက သူ့မျက်နှာကို သံသယဖြင့် ကြည့်လာသည်။
"မင်း တကယ်ပဲ ငါ့ကိုရှာဖို့ရည်ရွယ်ခဲ့တာလား?"
ယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
သူ့ယခင်ဘဝတုန်းက ဝမ်းယိုဝေကို မတော်တဆ သတ်လိုက်မိခဲ့စဥ်က တရားရေးမှ စီစဉ်ပေးသော ရှေ့နေကိုသုံးခဲ့ရသည်။ ဤ ကံမကောင်းသော ဟွမ်ချူးက သူ့အတွက် ခုခံချေပပေးရန် အပို့ခံလိုက်ရကာ ထိုသူက အတော်လေး တာဝန်သိတတ်ပြီး သူ့ကိုအများကြီး ကူညီပေးခဲ့ဖူးသည်ပင်။
သူစခန်းမှ လွတ်တော့ ထိုဟွမ်ချူးအကြောင်းကို ဘယ်တော့မှ ထပ်မကြားရတော့။နောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာ၌မူ ထိုသူကို တီဗွီစခရင်ထက်မှာ ပေါ်လာတာကို မြင်ခဲ့ရလေသည်။
ထိုအချိန်က ဟွမ်ချူးမှာ နာမည်ကြီး စီနီယာရှေ့နေ့ဖြစ်နေခဲ့ပြီဖြစ်ကာ ဆံပင်များပါးသွားသည်မှလွဲ၍ အခြေခံအားဖြင့် ပြောင်းလဲမှု မရှိခဲ့ပေ။
ဟွမ်ချူးက သက်သေများကို အကြာကြီးဂရုတစိုက် ကြည့်နေခဲ့ပြီး အသင့်စားခေါက်ဆွဲခွက်ကို ဘေးကိုဖယ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆိုလည်း ငါကြိုးစားကြည့်ပါမယ်၊ ကောင်လေးကတော်တော်သနားစရာကောင်းတယ်။"
"နောက်တစ်ခုရှိသေးတယ်...."
****
ရိချန်းလျန်၏ ခေါင်းတွင် ပြတ်ရှရာနှစ်ခုရှိလေကာ ဆယ့်ခုနှစ်ချက်တောင် ချုပ်လိုက်ရပြီး ညာလက် အဆစ်လွဲသွားကာ နံရိုးနှစ်ချောင်းကျိုးသွားခဲ့၏။
ဒူးနှစ်ဖက်စလုံးတွင် အရေပြားကောင်းကောင်းမကျန်တော့သည်အထိ ပြဲစုတ်သွားခဲ့ကာ ခန္ဓာကိုယ်၏တစ်ခြားနေရာများမှ ဒဏ်ရာအကြီးအသေးများကိုတော့ ထည့်မတွက်ရသေးပါချေ။
အဖျားကျဆေး ထိုးပေးပြီး ဆေးချိတ်ပြီးသည့်နောက်ဆုံးမှာတော့ သူက လုံးဝ အိပ်ပျော်သွားခဲ့၏။ ဆေးရုံကုတင်ထက် ဖြူဖျော့ဖျော့မျက်နှာနှင့် လဲလျှောင်းနေသည်မှာ သွေးရောင်တောင် မမြင်ရလုနီးပါးပါပင်။
ယွင်ဖန်းက ကုတင်ဘေးမှာထိုင်ကာ လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ရိမင်ကျစ်နှင့် စုန့်လိလိအပေါ် သူ့အမြင်က သိပ်ပြီးမရှိချေ။ လူငယ်ထိန်းသိမ်းရေးစခန်းမှ ထွက်လာပြီးနောက်ပိုင်းမှာ ထိုသူတို့နှင့် ထပ်မတွေ့ရတော့။ သူ့အမြင်မှာတော့ ထိုနှစ်ယောက်က တုံးအသည့် လူယုတ်မာနှစ်ယောက်သာဖြစ်ကာ သတ္တိလည်းကြောင်တတ်ကြသေး၏။ သို့ပေမဲ့ သူမမျှော်လင့်ခဲ့မိသည်က ရိချန်းလျန်အား ဤမျှလောက်အထိ ရိုက်နှက်ရန် တစ်ယောက်ယောက်ကို ငှားရဲသော သတ္တိရှိကြလိမ့်မည်ဆိုတာပင်။
ယခုရိချန်းလျန်က လူတစ်ယောက်မှ မသတ်ခဲ့သလိုလူငယ်ထိန်းသိမ်းရေးစခန်းဆီလည်း မသွားခဲ့ရတာကြောင့် သူတို့အတွက်ကတော့ ငွေတွင်းကြီးသာ ဖြစ်၏။
ရိချန်းကျယ်က ကုသမှုပြုလုပ်ရန် စောင့်ဆိုင်းနေရသည်ဖြစ်ရာ ရိချန်းလျန်က သူတို့သားအဖြစ်နာမည်ရှိနေသမျှကာလပတ်လုံး သူတို့က ရိချန်းလျန်အား အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ဘယ်လောက်ပဲ ရက်စက်ရပါစေ သူတို့က သူ့အား ခြောက်ကပ်သွားသည်အထိ သွေးစုပ်ကြလိမ့်မှာပင်။
ပေါ့ဆမိခဲ့သူက သူသာ ဖြစ်သည်။
ဝမ်းယိုဝေအား ထိုးသွင်းမည့် ရိချန်းလျန်၏ ဓားချက်ကို သူတားဆီးလိုက်စဉ်ကတည်းက တည်ရှိနေသည့်လမ်းကြောင်းမှ အရာအားလုံးက လမ်းလွဲသွားခဲ့ပြီဖြစ်တာပေမဲ့ သူသဘောပေါက်နှေးခဲ့မိသည်။
ယွင်ဖန်းက ရိချန်းလျန်၏နဖူးကိုထိလိုက်၏။ သူ့မျက်လုံးထဲရှိ ခံစားချက်များကတော့ မရှင်းလင်းလှပါချေ။
"ငါတောင်းပန်ပါတယ်"
ရိချန်းလျန်က မသိလိုက်စွာဖြင့် သူ့လက်ဖဝါးထဲ တိုးဝှေ့လာသည်။
အချိန်နှောင်းမှသာ မြေကြီးအိမ်ထဲမှ တောက်လောင်စေသည့်အနမ်း နှင့် ထို့ထက်မတိုင်ခင်က မရေရာသည့် ရှင်းနန်လမ်းကြားထဲမှ အခြေအနေ တို့ကို ယွင်ဖန်း သတိရသွားခဲ့ကာ ဓာတ်လိုက်သလိုဖြစ်သွားသည့် သူ့လက်အား ချက်ချင်းဆိုသလိုရုတ်လိုက်မိလေသည်။
[အဲ့ဒီနှစ်ရက်အတွင်း ငါသေတော့မယ်လို့ ခံစားမိခဲ့တဲ့အချိန်တိုင်း မင်းကိုပဲတွေးမိတယ်....]
ရိချန်းလျန်၏ အက်ရှရှအသံက သူ့စိတ်ထဲ အချိန်ကောင်းမှာပင် ပဲ့ထင်ထပ်လာ၏။
ယွင်ဖန်း မျက်ခုံး တွန့်လိုက်ကာ သူ့မျက်လုံးထဲ ဒေါသအရိပ်အယောင် ထွက်ပေါ်လာခဲ့၏။ သူကရုတ်တရတ် ထရပ်ကာ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသည့် လူနာအား ဆူပူလေတော့သည်။
“ပေါက်ကရတွေ တော်တော့!”
ရဲပတောင်းခတ်လာမှုက သူ့နားရွက်ဖျားမှနေ လည်တိုင်ဆီ ပျံ့နှံ့သွားကာ ဖြူစင်သောအသားအရည်ထက် အထူးသဖြင့်ကို သိသာသွားစေလေသည်။