လင်ယောင်နှင့် အစေခံအိုကြီးတို့က ဟင်းလျာများကို စားပွဲအပြည့်ပြင်ဆင်ခဲ့ကြသည်။
၎င်းက ယွဲ့အိမ်တော်မှာလို လက်ရာမမြောက်ဘဲ အိမ်ချက်ပုံစံများပင်။
လင်ယောင်က သူ(မ)၏လက်တို့ကိုသုတ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။
"မင်းတို့ကြိုက်လောက်မဲ့ဟင်းတွေဝယ်ဖို့ အချိန်မရတာနဲ့ ငါနဲ့ အန်တီဟုန်နဲ့ အမြန်ချက်လိုက်ကြတာ၊ ကျေးဇူးပြုပြီး နားလည်ပေးပါဦး!"
ယွဲ့တင့်ထန်က တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ "ကျဲ၊ ဒီလောက်ဟင်းတွေအများကြီးကို 'အမြန်' လုပ်ထားတာလို့ ခေါ်တာလား။ ကျွန်တော် အိမ်မှာတောင် ဒီလောက်ထိမစားရဘူး။"
လင်ယောင်က ရယ်မောလိုက်၏။ "မတူဘူးလေ။ မင်းက ငါတို့ရဲ့ဧည့်သည်ဆိုတော့ မင်းကို ကြိုဆိုပေးရမှာပေါ့။ လာ၊ ထိုင်၊ ယဥ်ကျေးနေစရာမလိုပါဘူး။ မင်း ဒီနေ့ အများကြီးစားမသွားရင် ပြန်ခွင့်ပေးမှာ မဟုတ်ဘူးနော်!"
ယွဲ့တင့်ထန်သည် မူလက ညစာစားချိန်ထိနေရန် အစီအစဥ်မရှိသော်လည်း လင်ယောင်က ခေါင်းမာနေပြီး လင်ရှူးကလည်း တုယွင်းနင်၏အမှုကိစ္စနှင့်ပတ်သက်ပြီး နောက်ဆုံးအဖြေမပေးသေးရာ သူက သဘောတူလိုက်ပြီး သူ၏အနွေးထည်နှင့် လည်စီးပဝါကို ချွတ်လိုက်လေသည်။
ချမ်းသာကြွယ်ဝသောမိသားစုများအတွက် အစေခံများက ယခုလို အနုစိတ်ပြီး အကြည့်စူးရှသည်မှာ ရှားပါးပေ၏။ အာရုံစိုက်သည့်ပုဂ္ဂိုလ်ဆို ထိုအသေးစိတ်အချက်အလက်များမှတစ်ဆင့် လင်မိသားစု၏ ထွန်းလင်းခဲ့သောကျက်သရေတော်ကို အလွယ်တကူမြင်တွေ့နိုင်ပေသည်။
အစေခံအိုကြီးက သူ၏အနွေးထည်ကို ခုံမှာထားပေးနေစဥ် ယွဲ့တင့်ထန်၏မျက်လုံးများက ထမင်းစားပွဲပေါ် ကျရောက်သွားခဲ့သည်။ ထို့နောက် စားပွဲထောင့်က ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး စားပွဲခြေတစ်ချောင်းကို စာရွက်အပိုင်းလေးဖြင့်ခုထားသည်။
လင်ယောင်က အချက်အပြုတ်ကောင်းသူတစ်ဦးဖြစ်ပြီး ထမင်းဟင်းများကို သူ(မ)ဘာသာ ချက်ပြုတ်ခဲ့သည်။ မေ့လျော့နေသော ရင်းနှီးသည့်အရသာနှင့် လင်ယောင်၏စိတ်အားထက်သန်မှုတို့ ပေါင်းစပ်လိုက်သောအခါ လင်ရှူး၏လျစ်လျူရှုမှုတို့ကို ဖယ်ရှားဖို့ လုံလောက်ပေ၏။
"တင့်ထန်၊ မင်း အခု ဘယ်မှာအလုပ်လုပ်နေတာလဲ။"
လင်ယောင်က သူ့အတွက် ကြက်သားစွပ်ပြုတ်တစ်ပန်းကန် ထည့်ပေးကာ ပေါ့ပေါ့ပါးပါးမေးလာ၏။
ယွဲ့တင့်ထန်: "ကျွန်တော် တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို သင်ပေးနေတာပါ။ အဓိကအားဖြင့်တော့ အနောက်တိုင်းတရားဥပဒေစနစ်ရဲ့ သမိုင်းကြောင်းပေါ့။"
လင်ယောင်၏မျက်လုံးများက တောက်ပလာ၏။ "အဲ့ဒါက အေးအေးဆေးဆေးနဲ့ တည်ငြိမ်ပြီး ကောင်းမွန်တဲ့အလုပ်ပဲ။ ကျောင်းမှာ သိကျွမ်းတဲ့ ဆရာမလေးတွေရော အများကြီးပဲလား။"
ယွဲ့တင့်ထန်: "သိပ်အများကြီးတော့မဟုတ်ပါဘူး၊ နည်းနည်းလောက်ပါပဲ။"
လင်ရှူးက စိတ်မသက်အသာဖြစ်လာ၏။ "တစ်ယောက်ယောက် တံခါးခေါက်နေသလိုပဲ။ သွားကြည့်လိုက်ဦးမယ်နော်။"
"ပြန်ထိုင်စမ်း!"
လင်ယောင်က အော်လိုက်ပြီး လင်ရှူးအား အသံတိတ်ဆဲရေးပြီးနောက် ယွဲ့တင့်ထန်ကို ပြုံးပြလိုက်၏။
"ဘယ်လိုမိန်းကလေးမျိုးတွေလဲ။ လက်မထပ်ရသေးတဲ့သူရော ရှိလား။ မင်းနဲ့ လင်ရှူးက အတန်းဖော်ဟောင်းတွေပဲလေ။ ငါ့မှာ သူ့အပေါ် တခြားတောင်းဆိုစရာမရှိပါဘူး၊ သူ မကြာခင်လက်ထပ်ဖို့ပဲ မျှော်လင့်တာပါ။ မိန်းကလေးဘက်က ချမ်းသာစရာလည်းမလိုပါဘူး။ အကျင့်စာရိတ္တကောင်းမွန်ပြီး မိသားစုနောက်ခံက သန့်ရှင်းနေရင်ရပြီ။"
"လင်ရှူးက မင်းနဲ့မတူဘူး။ သူက ရဲစခန်းမှာ အမြဲတမ်းအလုပ်ရှုပ်နေတာ။ သူ့လုပ်ဖော်ကိုင်ဖက်တွေကလည်း အားလုံး ယောက်ျားလေးတွေချည်းပဲ။ သူနဲ့တွေ့တဲ့မိန်းကလေးဆိုလို့ သံသယရှိတဲ့သူနဲ့ တရားခံတွေချည်းပဲ။ သူကိုယ်တိုင် တစ်စုံတစ်ယောက်ကိုရှာတွေ့ဖို့ဆိုတာ မျှော်လင့်လို့မရပါဘူး။ သူ အသက်သုံးဆယ်ပြည့်တဲ့အထိစောင့်နေမယ်ဆို လူပျိုသိုးကြီးဖြစ်တော့မယ်!"
လင်ရှူးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ "ကျဲ၊ ဧည့်သည်ကို ထမင်းဖြောင့်အောင်စားပါစေဦး၊ သူ့ကို ခြောက်မလွှတ်ပါနဲ့!"
ယွဲ့တင့်ထန်က ပြောလာ၏။ "အဆင်ပြေပါတယ်။ ကျောင်းမှာ သင့်တော်တဲ့မိန်းကလေးမရှိပေမဲ့ ကျွန်တော့်ရဲ့တတိယအစ်မက လူတော်တော်များများကိုသိတယ်။ ကျွန်တော်တို့အတွက် သူ(မ)ကို ရှာခိုင်းလိုက်ပါ့မယ်။"
လင်ယောင်က ပြုံးလိုက်ပြီး သူ(မ)၏မျက်လုံးများနှင့် မျက်ခုံးနှစ်ဖက်လုံးက မြှောက်တက်သွားကာ သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။
"တင့်ထန်၊ မင်းက အရမ်းထူးချွန်တာပဲ။ မင်း လက်ထပ်ပြီးလောက်ရောပေါ့၊ ဟုတ်တယ်မလား။ ငါတို့ရဲ့ ပူပူနွေးနွေးဇနီးမောင်နှံနဲ့ ဘယ်အချိန်လောက် ထမင်းလက်စုံစားကြမလဲ။ တခြားတော့မပြောနိုင်ပေမဲ့ ကျဲရဲ့ဟင်းချက်လက်ရာကတော့ ကောင်းနေတုန်းပဲနော်။"
ယွဲ့တင့်ထန်က ရယ်လေ၏။ "ကျွန်တော် လက်မထပ်ရသေးပါဘူး။ ကျွန်တော့်ရဲ့မိသားစုက အလျင်မလိုဘူးရယ်။"
လင်ရှူးက အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်၏။ "ကျဲ၊ တွေ့လား။ သူတောင် လက်မထပ်ရသေးတာကို ဘာလို့ သူ့ကို အကူအညီသွားတောင်းနေတာလဲ။ ဒါက မျက်ကန်းတစ်ယောက်ကို မီးအိမ်ထွန်းပေးဖို့ တောင်းဆိုနေသလိုပဲ!"
လင်ယောင်က သက်ပြင်းချလိုက်သည်။ "မင်းက ဒီလောက်ထူးချွန်တာကို မင်းကိုသဘောကျနေတဲ့သူတွေကတော့ ရှိမှာပဲ။ သူတို့တွေ မြို့တံတိုင်းအပြင်ကနေ စူးမြစ်ရဲ့မြောက်ဘက်ထိ တန်းစီနေလောက်တယ်။ လင်ရှူးကတော့ လမ်းမတွေပေါ် လိုက်အော်ရင်တောင် သူ့ကို ယူမဲ့သူမရှိမှာကို ငါ စိုးရိမ်မိတယ်။"
လင်ရှူး: ...
မီးစထပ်ဖြည့်ချင်နေသော ယွဲ့တင့်ထန်က သူ့ကို ချောက်တွန်းလိုက်သည်။ "လင်ရှူးက အပြင်မှာ ကောင်မလေးရှိပြီး ကျဲကိုမပြောတာနေမှာပေါ့။ ကျဲ၊ စိတ်မပူပါနဲ့၊ ဒီကိစ္စတွေကို သူတို့ဘာသာသူတို့ ကိုင်တွယ်ပါလိမ့်မယ်။"
လင်ယောင်က မျက်လုံးလှန်လိုက်သည်။ "သူလား။ တစ်နေ့နေ့မှာ သူ အကသမားတစ်ယောက်ကို အိမ်ခေါ်လာပြီး လက်ထပ်ဖို့မပြောသရွေ့ ငါ ကောင်းကင်ဘုံကို ကျေးဇူးတင်နေပြီ!"
လင်ရှူးက မှတ်ချက်ပေးလာ၏။ "အရင်တစ်ခေါက်တုန်းကကျ ကျွန်တော် လက်ထပ်ဖို့ဆန္ဒရှိသရွေ့ အကသမားဆိုရင်တောင် လက်ခံနိုင်တယ်လို့ပြောပြီးတော့။"
လင်ယောင်က သူ့အား စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
ထိုစကားဝိုင်းက အဆုံးသတ်သွားပြီး အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွား၏။
"တင့်ထန်၊ မင်း နိုင်ငံခြားမှာ နှစ်အနည်းငယ်လောက်နေခဲ့တာနော်။ အဲ့ကတည်းက မင်းဆီက သတင်းအစအနကို မကြားရတော့တာပဲ။"
"ကျွန်တော် ပြင်သစ်မှာ သုံးနှစ်နေခဲ့ပြီးတော့ ဥရောပဘက်က နိုင်ငံတချို့မှာ နှစ်နှစ်လောက် ခရီးလှည့်ထွက်နေခဲ့တာကြောင့်ပါ။"
"ဒါဆို ဥရောပရဲ့ဘာသာစကားတွေအားလုံးကို ပြောတတ်မှာပေါ့?"
ယွဲ့တင့်ထန်က တည်ငြိမ်စွာ ပြောလာခဲ့သည်။ "မဟုတ်ပါဘူးဗျာ။ ကျွန်တော် အင်္ဂလိပ်နဲ့ ပြင်သစ်ကိုပဲ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာပါ။ ရုရှားနဲ့ စပိန်ကတော့ ထမင်းစားရေသောက်လောက်ပါပဲ။ ဒါပေမဲ့ ပြန်ရောက်လာတော့ ဘာသာစကားတူတဲ့ပတ်ဝန်းကျင်မဟုတ်တာကြောင့် မေ့သလောက်နီးပါးဖြစ်နေပါပြီ။"
လင်ယောင်: "မိုက်လိုက်တာ။ တက္ကသိုလ်မှာ စာပြပေးနိုင်တာ အံ့သြစရာမရှိတော့ပါဘူး။ ငါတို့လင်ရှူးဆို အခုထိ တိုင်းတစ်ပါးဘာသာစကားလေးနည်းနည်းတောင် ဖြောင့်အောင်မပြောနိုင်ဘူး။"
လင်ရှူး: ...
နောက်ဆုံးတော့ ယွဲ့တင့်ထန်သည် 'ဘေးအိမ်က ထူးချွန်တဲ့ကလေး'* ဖြစ်ကြောင်း လင်ရှူး သဘောပေါက်သွား၏။ သူရှိနေသရွေ့ ညစာကို အေးအေးချမ်းချမ်းစားရမှာမဟုတ်ပေ။
(TN/ ငယ်ငယ်ကဆို အမေတွေဆူရင် ဟိုဘက်အိမ်ကကလေးဆို ဘယ်လိုတော်တာဘာညာနဲ့ နှိုင်းပြောတတ်လို့ပါ။)
"ကျဲ၊ အဲ့လိုတော့ပြောလို့မရဘူး ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက တရုတ်စကားပဲပြောလာတော့ ရုတ်တရက် နိုင်ငံခြားသွားရရင် သက်သောင့်သက်သာဘယ်ရှိမလဲ။ နိုင်ငံခြားမှာ နှစ်တွေအတော်ကြာနေပြီး နိုင်ငံခြားဘာသာစကားမပြောနိုင်ဘဲ နိုင်ငံခြားသားနဲ့တွေ့ရင် လက်ဟန်ခြေဟန်နဲ့ပဲ စကားပြောနေသေးတဲ့သူတွေကို ကျွန်တော်မြင်ဖူးပါတယ်။
ယွဲ့တင့်ထန်က အခြေအနေကို အချိန်မီဖျန်ဖြေပေးလာ၏။
"ဟုတ်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်ကိုပဲ နှိုင်းယှဥ်သင့်ပြီး မကောင်းတာတွေကိုတော့ မယူသင့်ဘူး။ လင်ရှူးသာ မင်းတစ်ဝက်လောက်ပဲ အရည်အချင်းရှိရင် ငါ ဒီလောက်ထိစိုးရိမ်နေရမှာမဟုတ်ဘူး။"
လင်ယောင်က သူ့ကိုကြည့်လိုက်၏။ သူ(မ) သူ့ကိုကြည့်လိုက်တိုင်း မျက်နှာလေးက ဝင်းပလာပြီး သူ(မ)၏အသံက ပျော့ပျောင်းလာ၏။ ဆန့်ကျင်ဘက်အနေဖြင့် သူ(မ)မောင်လေးဘက်သို့ မျက်နှာမူလိုက်တိုင်း ကြမ်းကြုတ်သွားလေသည်။
"လင်ရှူးက စာလေ့လာတာနဲ့ပတ်သက်ရင် အရမ်းထူးချွန်တဲ့သူပါ။ အခု လူတိုင်းရဲ့ ဘွဲ့လွန်အတွေ့အကြုံတွေနဲ့ ဦးတည်ချက်တွေက မတူကြဘူးလေ။ လင်ရှူးရဲ့အရည်အချင်းနဲ့ဆို မကြာခင် တောက်ပတဲ့အနာဂတ်ရှိလာမှာ သေချာပါတယ်။"
ယွဲ့တင့်ထန်က နှစ်သိမ့်ပေးလိုက်ပြီး စိတ်ပျက်နေသောမျက်နှာဖြစ်နေသည့် လင်ရှူးကိုကြည့်ကာ စိတ်ခံစားချက်က တော်တော်လေးကောင်းမွန်နေတော့သည်။
*****
Aurora Novel Translation Team